Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီ အစည်းအဝေး ပြီးဆုံး

ထိုင်းမြန်မာ ၂ နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်တွေ ဦးဆောင်ဆွေးနွေးတဲ့ ပထမဆုံးအကြိမ် ထိုင်း-မြန်မာအဆင့်မြင့် ကော်မတီအစည်းအဝေး  ဒီကနေ့ ပြီးဆုံးသွားပြီဖြစ်ပြီး ၂ နိုင်ငံနယ်စပ် ရေပိုင်နက်၊ မြေပိုင်နက်၊ လုံခြုံရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုတင်သွင်းမှု၊ တရားမ၀င် ၀င်ရောက်လုပ်ကိုင်မှု ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူ အမည်မဖော်လိုသူ ထိုင်းအရာရှိတဦးက ပြောပါတယ်။

အစည်းအဝေးကို စက်တင်ဘာလ ၁၆ ရက်နေ့ကစပြီး ဘန်ကောက်မြို့ ဒူစစ်ဌာနီဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဘက်က စစ်ဘက်ဆိုင်ရာအရာရှိပေါင်း ၂၀ ကျော်နဲ့ ထိုင်းဘက်က ၄၀ ကျော် တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဒီဗွီဘီက သိရပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာဘက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ထိုင်းဘက်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး  ထနဆတ်ခ်ပတိမား ပရကွဏ်းက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲမှာတော့ အကြောင်းအရာ ထူးထူးထွေထွေမရှိဘဲ  နောက်တကြိမ် ကျင်းပမယ့် အဆင့်မြင့်ကော်မတီ အစည်းအဝေးမှာ  ဆွေးနွေးမယ့်ခေါင်းစဉ်၊ အကြောင်းအရာ၊ ၂ ဘက်ကော်မတီဝင်တွေရဲ့ တာဝန်နဲ့ ၀တ္တရား၊ ဦးဆောင်ပါဝင်မယ့်သူ၊ ကော်မတီဖွဲ့စည်းပုံ စတာတွေနဲ့ ပတ်သက်ပြီး ဘောင်တခု သတ်မှတ်တဲ့အနေနဲ့ ဆွေးနွေးခဲ့တာလို့ အရာရှိက ပြောပါတယ်။

ဒုတိယအကြိမ် ဆွေးနွေးပွဲကို လာမယ့်နှစ်မှာ မြန်မာဘက်က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။

ထိုင်းမြန်မာ နှစ်ဘက်စစ်တပ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့တွမှာ ယခင်က နယ်စပ်မြို့နယ်အဆင့်၊ ဒေသတွင်းအဆင့်၊  ဆက်သွယ်ဆောင်ရွက်ရေးကော်မတီ အဆင့် ၃ ဆင့်သာရှိခဲ့ပြီး အခုအဆင့်မြင့်ဆိုင်ရာကော်မတီကိုတော့ လွန်ခဲ့တဲ့ ၆ လကမှ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မနေ့ကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ ဘန်ကောက်မြို့က အစိုးရရုံးမှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့