Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 8 September 2013

တရုတ်- မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ဖြင့် လျှပ်စစ်မီးပေးမည်



တရုတ်- မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီးပေးမည်ဟု ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြောဆိုကြောင်း အဆိုပါဒေသခံများထံမှ သိရှိရသည်။

လျှပ်စစ်မီးပေးမည့်ကိစ္စနှင့် ပတ်သက်၍ ဦးဆောင်ညွှန်ကြားရေးမှူးက ဒေသခံများနှင့် စက်တင်ဘာလ ၂ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့ အသုံးပြုကာ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်စမ်းသပ်၍ လျှပ်စစ်မီးပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျောက်ဖြူမြို့နှင့် ကျေးရွာ ၂၀ ကို ၂၄ နာရီ လျှပ်စစ်မီး ပေးသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး သုံးစွဲခအနေနှင့် နေအိမ်သုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်းသုံးအတွက် ၇၅ ကျပ်နှုန်း ကောက်ခံမည်ဟု ပြောဆို ခဲ့ကြောင်း ကျောက်ဖြူမြို့ ဒေသခံ ဦးထွန်းလွင်က ပြောကြားသည်။

စီးပွားရေး လုပ်ငန်းသုံးတွင် လေးပေမီးချောင်း နှစ်ချောင်းထက် ပိုသုံးသည့် လုပ်ငန်းများပါ အကျုံးဝင်သဖြင့် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံမည့် အစီအစဉ်ကို ဒေသခံများက မကျေနပ်ကြကြောင်း ၎င်းကဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် မီတာအလုံးရေ ၃၈၀၀ ရှိပြီး နောက်ထပ် လျှောက်ထားသူ ၂၅၀၀ အထိ မြင့်တက်လာရာ ယင်းမီတာများကို စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ် မီတာတစ်လုံးကို ၈၅,၅၀၀ ကျပ်ဖြင့် တပ်ဆင်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

ကျောက်ဖြူမြို့တွင် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် တာဘိုင်ကြီးများ တည်ဆောက်ရန် အချိန် ၂ နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယင်းစီမံကိန်း ပြီးစီးပါက အထူးစီးပွားရေးဇုန်များ၊ ရေနက် ဆိပ်ကမ်းများ ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြသည်။

ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာအချို့တွင် လျှပ်စစ်မီး ရရှိမည် ဆိုသော်လည်း သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ထိခိုက်သော ရွာများတွင် မီးမရရှိသောကြောင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီက သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ကျောက်ဖြူ လူမှုကွန်ရက်ထံမှ သိရှိရသည်။

ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်နိုင်ကာ ကနဦးကာလတွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ပို့လွှတ်မည် ဖြစ်ကြောင်း၊ ယင်းကုဗပေသန်း ၅၀၀ အနက် ၄၀၀ကို တရုတ်နိုင်ငံသို့ ပို့မည်ဖြစ်ပြီး ကုဗပေသန်း ၁၀၀ ကို ပြည်တွင်းတွင် အသုံးပြုသွားမည် ဖြစ်သည်။

ပြည်တွင်းအတွက် ရရှိသည့် ကုဗပေ သန်း ၁၀၀ အနက် ရခိုင်ပြည်နယ်အတွက် သန်း ၂၀ ရရှိမည် ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့