Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 12 September 2013

အရည်အသွေးနိမ့် ကုန်ပစ္စည်းဝင်ရောက်မှု ထိန်းချုပ်ရန် တရုတ်နှင့် ဆွေးနွေးမည်


တရုတ်နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ တရားမဝင် တင်သွင်း ဝင်ရောက်လျက်ရှိသော ကျန်းမာရေး ထောက်ခံချက် မရှိသည့် စားသုံးရန်မသင့်သော အရည်အသွေးနိမ့် ကုန်ပစ္စည်း ဝင်ရောက်မှု ထိန်းချုပ်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ကုန်သွယ်မှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်၏ တာဝန်ရှိသူများအကြား နှစ်လတစ်ကြိမ် တွေ့ဆုံလေ့ရှိရာ ယခုလာမည့် နိုဝင်ဘာလခန့်တွင် ကျင်းပမည့် တွေ့ဆုံပွဲ၌ အရည်အသွေးနိမ့် ကုန်စည် ဝင်ရောက်မှု ထိန်းချုပ်ရန် ထည့်သွင်းဆွေးနွေး သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်တွင်းဈေးကွက်သို့ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် စားသုံးရန် မသင့်သည့် စားသောက်ကုန်များ ဝင်ရောက်လျက်ရှိပြီး ယင်းနိုင်ငံများတွင် စားသုံးခြင်း မရှိသည့် ကုန်ပစ္စည်းများလည်း တရားမဝင် စီးဝင်လျက်ရှိသည်ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

အမျိုးသား အစားအသာက် ဥပဒေကို အတည်ပြုရန် လွှတ်တော်သို့ တင်သွင်းထားရာ ယင်းဥပဒေ ပေါ်ထွက်လာပါက ပြည်တွင်းဈေးကွက် အတွင်းရှိ စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိနှင့် စားသုံးသူ နစ်နာချက်များကို ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်မည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းဈေးကွက်အတွင်းရှိ စားသုံးသူများအကြား တရုတ်စာတန်းပါသည့် စားသောက်ကုန်များကို မစားကြရန် စားသုံးသူ အချင်းချင်းကြား သတိပေးမှုများ ရှိလာကြောင်း မန္တလေးမြို့တော်ရှိ ဒေသခံ များက ပြောကြားသည်။

မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိသော တရုတ်နိုင်ငံထုတ် စားသောက်ကုန်များတွင် လိုအပ်သည့် ကုန်ပစ္စည်း အညွှန်းများကို နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် ရေးသားရန် ၂၀၁၃ ခုနှစ် ဆန်းပိုင်းက ကျင်းပသည့် တရုတ်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်က ပြောကြားသည်။

တရုတ်နယ်စပ်မှတစ်ဆင့် တင်သွင်းခွင့် ပိတ်ထားသည့် အေးခဲဘဲသား၊ ကြက်သား၊ အသားတု၊ ကြက်အူချောင်း၊ ကြက်အသည်းအမြစ်၊ ဟိုတယ်သုံး စားသောက်ကုန်များ၊ ချောကလက်၊ ချိုချဉ်၊ ပိုးသတ်ဆေးရည်၊ ခြင်နိုင်ဆေးခွေ၊ ပီကေ၊ ခေါက်ဆွဲခြောက်၊ စီးကရက်ဘူးများ တင်သွင်းလျက်ရှိရာ ယင်းတင်သွင်းခွင့် ပိတ်ထားသည့် ကုန်စည်များကို Mobile Team စစ်ဆေးစဉ် တွေ့ရှိရပါက ဖျက်ဆီးပစ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မူဆယ်-မန္တလေး လမ်းကြောင်းမှ ရှမ်းပြည်နယ်သို့ တရားမဝင် တင်သွင်းသည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ၂၀၁၂ ခုနှစ် နိုဝင်ဘာမှ ၂၀၁၃ ခုနှစ် ဇွန်လပိုင်းထိ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်ဖိုး ဖမ်းဆီးရရှိခဲ့ပြီး စားသောက်ကုန် ဖျက်ဆီးမှု ပမာဏမှာ ကျပ်သန်းနှစ်ရာနီးပါး ရှိကြောင်း အဆိုပါ စာရင်းများအရ သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့