Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 14 September 2013

ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး နာရေးသတင်း အင်တာနက်ပျံ့နှံ့

ကုလသမဂ္ဂမှ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်တို့နှင့်အတူ တွေ့ရစဉ်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး ကွယ်လွန်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့၌ အင်တာနက်နှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။ ထိုကဲ့သို့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နာရေးသတင်း ထွက်ပေါ်မှုကြောင့် ယခင်အစိုးရ လက်ထက်တွင် ဦးမောင်အေးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ နေခဲ့ကြရသည့် တပ်အရာရှိကြီး/ငယ်များ၊ ဦးမောင်အေးနှင့် အဆင်မပြေသော စီးပွားရေး ခရိုနီများ အတွင်း စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် အလျင်အမြန် ပျံ့နှံ့ ပြောကြားခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေး၏ မိသားစုဝင် တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ““ရန်ကုန်မြို့မှာ ရှိပါတယ်၊ ကျန်းမာရေးက စင်ကာပူက ပြန်လာတဲ့ အတိုင်းပါပဲ။ အဘအေး ဆုံးပြီဆိုလို့ ဖုန်းဆက်မေးကြတာ အများအပြား ရှိပါတယ်။ မဟုတ်ပါဘူး။ လူကြီးက အသက်အရွယ်နဲ့ ကျန်းမာရေး မကောင်းတော့ … ဒီလိုပဲ ထင်တတ် ကြပါတယ်””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကလည်း ရောဂါသည်း၍ ဦးမောင်အေးအား စင်ကာပူသို့ ဆေးကုရန် ပို့ဆောင်လိုက်ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ရာ “အဘအေးသွားတာ မဟုတ်ပါဘူး၊ အန်တီ ဒေါ်မြမြစန်း (ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ဇနီး) သွားတာပါ၊ အခု ရန်ကုန် ပြန်ရောက်နေပါတယ်”ဟု ဦးမောင်အေး၏ မိသားစုဝင်က မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးသည် စစ်အစိုးရ သက်တမ်းတစ်လျှောက် တပ်မတော် အရာရှိများအားလုံး ကြောက်ရွံ့ ခဲ့ကြရပြီး၊ DSA အပတ်စဉ် (၁) ဆင်းဖြစ်၍ DSA ဆင်း အရာရှိများကို ရာထူးတိုးမြှင့်ခြင်း၊ နေရာ ကောင်းများပေးခြင်း၊ ၎င်းတို့အပေါ် သည်းခံ ခွင့်လွှတ်တတ်ခြင်းများရှိ ၍ DSA ဆင်း အရာရှိကြီးများ အားလုံးလိုလို ကြောက်ရွံ့ ရိုသေခြင်း ခံခဲ့ရကြောင်း တပ်မတော် အငြိမ်းစား ဗိုလ်ချုပ်တစ်ဦးက မြန်မာသံတော် ဆင့်သို့ပြောသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေးနှင့် နိုင်ငံရေးအရ အဆင်မပြေဟု သတင်း ထွက်ပေါ်နေသော ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖမ်းဆီး ထိန်းသိမ်းခံရပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သြဇာ ပိုမိုကြီးမားလာကာ ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူ၍ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ခေါင်းဆောင် နေရာယူရန် သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ဦးမောင်အေးသည် ယခင် လမ်းစဉ်ပါတီအစိုးရ ဒုတိယ ခေါင်းဆောင် (သမ္မတ-ငြိမ်း) ဗိုလ်ချုပ်ကြီး စန်းယုက လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်းကို သြဇာခံ၍ နောက်ဆုံး အတူတူ နုတ်ထွက်သည်အထိ တာဝန်ထမ်း ဆောင်သကဲ့သို့ နေထိုင်သွားခဲ့သည်။ နယကအစိုးရမှ အစိုးရသစ်နှင့် ပြည်ထောင်စုလွှတ်တော်သို့ အာဏာ လွှဲပြောင်းပြီးနောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ တာဝန်များမှ အငြိမ်းစားယူခဲ့သည်။

ယခုအခါ ဒုတိယ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးသည် ၇၅ နှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေသည် ၈၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ၎င်းတို့နှင့် ရင်းနှီးသူ တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့