Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 16 September 2013

မန္တလေးတိုင်းအတွင်း ကျန်းမာရေးဌာနများသို့ သူနာပြုနှင့် သားဖွား ၁၄၀ ဦး စေလွှတ်မည်


မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့ပေါ်နှင့် ကျေးလက်ဒေသများရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲများ၏ လစ်လပ်နေရာများသို့ ၂၀၁၄ ခုနှစ်အတွက် သူနာပြုနှင့် သားဖွားဆရာမ ၁၄၀ ဦး စေလွှတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

“၂၀၁၄ အတွက် ခန့်အပ် တာဝန်ပေးတာပါ။ ဝန်ကြီးဌာန ခန့်လိုက်တာက သူနာပြု ၁၀၂ ယောက်၊ ဌာနကို လာဆက်သွယ်တာက ၈၉ ယောက် ရှိတယ်။ သားဖွား ဆရာမက ၄၅ ယောက်၊ ဌာနကို ဆက်သွယ်လာတာက ၄၂ ယောက် ရှိတယ်။ ဌာနကို ဆက်သွယ်လာတဲ့ လူတွေကို လုပ်ငန်းခွင် အကြိုမွမ်းမံ သင်တန်းပို့ချနေပါတယ်။ တာဝန်ထမ်းဆောင်ဖို့ အတွက် ခန့်အပ်ထားတဲ့ နေရာဒေသကို စက်တင်ဘာ ၁၅ ရက်နေ့ အရောက်သွားရမှာပါ” ဟု အဆိုပါ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန သူနာပြုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဝန်ထမ်းများကို ကျောက်ဆည်၊ စဥ့်ကိုင်၊ တံတားဦး၊ တောင်ပြုံး၊ ပြင်ဦးလွင်၊ စဥ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ ကျောက်ပန်းတောင်း၊ ငါန်းဇွန်၊ တောင်သာ၊ နွားထိုးကြီး၊ ရမည်းသင်း၊ ဝမ်းတွင်း၊ သာစည်၊ ညောင်ဦးစသော မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ သူနာပြု ၈၉ ဦး၊ သားဖွားဆရာမ ၄၃ ဦးတို့ကို စက်တင်ဘာလ ၁၅ ရက်နေ့ အရောက် တာဝန်ထမ်းဆောင်ရန် စေလွှတ်မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဝန်ထမ်းများကို တာဝန်ပေးသောအခါ သူနာပြုများကို မြို့ပေါ်ဆေးရုံ၊ တိုက်နယ်ဆေးရုံတို့ရှိ အင်အားလိုအပ်သော နေရာများတွင် အဓိကဦးစားပေး ခန့်ထားပြီး သားဖွားဆရာမများကို ကျန်းမာရေးဝန်ကြီးဌာန စီမံချက်ဝင်သော ဒေသရှိ ကျေးလက် ကျန်းမာရေးဌာနများ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများတွင် အဓိကထား ခန့်အပ်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံရှင်းပြသည်။

လုပ်ငန်းခွင်သို့ သွားရောက် တာဝန်ထမ်းဆောင်ရမည့် သူနာပြုနှင့် သားဖွား ဆရာမများကို ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအဆင့်ဆေးရုံမှ ဆရာဝန်ကြီးများ၊ တိုင်းကျန်းမာရေးမှ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီးများ၊ တီဘီရောဂါ တိုက်ဖျက်ရေး (အထက်မြန်မာပြည်) မှ ဆရာဝန်ကြီးများ၊ ကူးစက်ရောဂါဌာနမှ ဆရာဝန်ကြီးများ၊ အမျိုးသမီးဆေးရုံမှ ဆရာဝန်ကြီးများ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးမှ ဆရာဝန်ကြီးများ ပူးပေါင်း၍ စက်တင်ဘာ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၁၀ ရက်ကြာ လုပ်ငန်းခွင် အကြိုမွမ်းမံ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးပြီး ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

အဆိုပါ သူနာပြု ဆရာမများ၏ လစာ ၇၃,၀၀၀ကျပ်၊ နှစ်တိုး ၁၀၀၀ နှင့် လစာ စကေး ၇၈,၀၀၀ တွင် ဆုံးပြီး စားစရိတ် ၃၀၊ ဝတ်စုံစရိတ် ၅ ကျပ်ပါ ပူးတွဲခံစားရမည် ဖြစ်ပြီး၊ သားဖွား ဆရာမများ အနေနှင့် လစာ ၆၇,၀၀၀ ကျပ်၊ နှစ်တိုး ၁၀၀၀၊ လစာစကေး ၇၂,၀၀၀ တွင်ဆုံးပြီး စားစရိတ် ၃၀ ကျပ်၊ ဝတ်စုံစရိတ် ငါးကျပ် ပူးတွဲခံစားရမည် ဖြစ်ကြောင်း ယင်းဌာနမှ ထပ်မံသိရသည်။
မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ သူနာပြုနှင့် သားဖွား ဆရာမပေါင်း ၁၆၇၇ ဦး ခန့်အပ်ပြီး ဖြစ်ကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့