Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 9 September 2013

ပြည်ပငါးဖမ်းလှေများ မြန်မာ့ရေပိုင်နက်ငါးဖမ်းမှု တားမြစ်ရန် လွှတ်တော်တွင် ဆွေးနွေးမည်

ရန်ကုန်၊ စက်တင်ဘာ ၈

မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်အတွင်း ပြည်ပငါးဖမ်းစက်လှေများ ငါးဖမ်းနေခြင်းကို တားမြစ်ရန် လွှတ်တော်တွင် ဆွေးနွေးပြီး အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက စက်တင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြောကြားသည်။

၂၀၁၄ ခုနှစ် မတ်လတွင် ပင်လယ်ပြင် ငါးဖမ်းခွင့်သက်တမ်း ကုန်ဆုံးမည့် ထိုင်း ငါးဖမ်း စက်လှေတစ်စီး၏ သက်တမ်းတိုးခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံပင်လယ် ငါးဖမ်းလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအောင်သန်းဦး၏ တင်ပြချက်အပေါ် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ယင်းကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တင်ပြချက်တွေကိုကြည့်ရင် တခြားနိုင်ငံတွေကို ပင်လယ်ငါးဖမ်းခွင့် မပေးသင့်ဘူးလို့ပဲ ယူဆပါတယ်။ ဝန်ကြီးဌာနဘက်ကလည်း ဒီလိုပဲ ယူဆတဲ့အတွက် ကောင်းပါတယ်” ဟု ဦးရွှေမန်းက ဆိုသည်။

ပြည်ပငါးဖမ်း စက်လှေများကြောင့် မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတ လိုသည်ထက် ပိုမိုဆုံးရှုံးခြင်းနှင့် ပြည်တွင်း စားသုံးမှုအတွက် မပံ့ပိုးနိုင်ခြင်းများရှိပြီး ပြည်တွင်းလုပ်ငန်းရှင်များ အတွက်လည်း စီးပွားရေး အရ နစ်နာကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးအောင်သန်းဦးက ပြောကြားသည်။

“ဒီလိုဖမ်းခွင့်ပြုတာက နိုင်ငံ့ရေပြင်ကို အခကြေးငွေယူပြီး ရောင်းစားသလို ဖြစ်နေတယ်။ ပြည်ပငါးဖမ်း စက်လှေတွေက ပင်လယ်ပြင်မှာ နာမည်တူ၊ နံပါတ်တူ၊ ဆေးရောင်တူလုပ်ပြီး ငါးဖမ်းကွက်ကျော်ပြီး ဖမ်းနေတယ်” ဟု ဦးအောင်သန်းဦးက ဆိုသည်။

လုပ်ငန်းရှင်များ၏ တင်ပြချက် မှန်ကန်ပြီး ပင်လယ်ငါး အထိအမိမှာ လွန်ခဲ့သော ၁၀ နှစ်ခန့်က တစ်နာရီလျှင် ၁၅၀ ကီလိုဂရမ် ဝန်းကျင် ဖမ်းဆီးရရှိသော်လည်း ယခုအခါ ၈၀ ကီလိုဂရမ်း ဝန်းကျင်သာ ရရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးက ပြောကြားသည်။

“ထိုင်းငါးဖမ်းစက်လှေအတွက် ၂၀၁၄ ဆိုရင် ခွင့်ပြုသက်တမ်း ကုန်ပါပြီ။ ငါးလုပ်ငန်း အဖွဲ့ချုပ်ကိုလည်း မှတ်ချက် တောင်းခဲ့ပါတယ်။ ဒီကိစ္စကို ဆက်ပြီး အထက်ကို တင်ပြမှာပါ” ဟု ဦးခင်မောင်အေးက ဆိုသည်။

ပြည်ပငါးဖမ်း စက်လှေများမှာ GPS စနစ်အသုံးပြု၍ ငါးများ တည်နေရာကို ရှာဖွေခြင်းကဲ့သို့ ခေတ်မီနည်းပညာများ အသုံးပြုခြင်း၊ ငါးဖမ်းဆီးရာတွင်လည်း သတ်မှတ်စံနှုန်းများကို ချိုးဖောက်ကာ ငါးသားပေါက်များပါမကျန် ဖမ်းဆီးမှုများကြောင့် မြန်မာ့ရေပိုင်နက်တွင် ငါးသယံဇာတများ ရှားပါးလာကြောင်း ပင်လယ် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
ပင်လယ်ပြင် ငါးသယံဇာတ ရှားပါးမှုကြောင့် ငါးသားပေါက် မရသည့်အတွက် ပြီးခဲ့သည့် ဆယ်စုနှစ်ခန့်က သဘာဝနည်းဖြင့် ရေငန်ပုစွန် မွေးမြူမှု တစ်ဧကလျှင် ၃၀ ပိဿာခန့် ထွက်သော်လည်း ယခုအခါ ငါးပိဿာခန့်သာ ထွက်ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရေငန်ပုစွန် မွေးမြူရေးဧက ၁၅၀ ခန့် ပိုင်ဆိုင်သူ ဦးကျော်အေးက ဆိုသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့