Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 19 September 2013

မြန်မာနိုင်ငံတွင် စစ်တပ်၏အခန်းကဏ္ဍ လျှော့ချနေပြီဟု ကာချုပ်ပြောကြား

မြန်မာနိုင်ငံသည် ယခင်က စစ်တပ်အုပ်ချုပ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီစနစ်ဆီ ဦးတည်သွားနေပြီး စစ်တပ်၏အခန်းကဏ္ဍကိုလည်း လျှော့ချနေပြီဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ နောက်ပြန်သွားခြင်းမရှိစေရန် တပ်မတော်အနေဖြင့် တာဝန်ယူကြောင်းလည်း ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်တင်ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်န ၀ပ်နှင့် ထိုင်းအစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တိုင်းပြည်တိုးတက်ရေးအတွက် နိုင်ငံအတွင်းတည်ငြိမ်မှုရှိရန် လိုအပ်ပါကြောင်း ကာကွယ်ရေးဦးစီးချုပ်ကပြောသည်။ ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းဝန်ကြီးချုပ်တွေ့ဆုံစဉ် ကြန့်ကြာမှုများရှိနေသော ထိုင်း-မြန်မာနယ်စပ် နယ်နိမိတ်မျဉ်းရေးဆွဲသတ်မှတ်ရေး၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်ရေးနှင့် မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်နေသည့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ထိုင်းအစိုးရအိမ်တော်၌ စက်တင်ဘာ ၁၇ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော မြန်မာပြည်တွင်းရှိ ထားဝယ်ရေနက်စီမံကိန်းမှာ နှစ်နိုင်ငံလုံးအတွက်အရေးပါပြီး ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် အဆိုပါစီမံကိန်း၌ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံလာအောင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံသည် နိုင်ငံရေးအရ တည်ငြိမ်နေပြီဖြစ်ကြောင်းကို ၄င်းအနေဖြင့် အာမခံနိုင်ပြီး နိုင်ငံရေးတွင် စစ်တပ်၏ပါဝင်မှုအခန်းကဏ္ဍလည်း လျော့ကျလာပြီဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသတွင် တရားမ၀င် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ခြင်း၊ တရားမ၀င်ရွှေ့ပြောင်းလုပ်သားများသွားရောက်ခြင်း၊ လူကုန်ကူးခြင်း စသည့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ဖြစ်ပေါ်နေသည်။
ထို့အပြင်ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားဟု ပြောဆိုနေသည့် ဘင်္ဂါလီဒုက္ခသည်များအရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရတာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ကြိုးစားနေပြီး တရားမ၀င် ရွှေ့ပြောင်းလုပ်သားပြဿနာကြောင့် နှစ်နိုင်ငံ ဗီဇာမလိုဘဲသွားလာခွင့်ကို ထိုင်းအစိုးရက ငြင်းဆိုထားသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့