Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 16 September 2013

မန္တလေး မြစ်ရေကြီးခြင်း



 မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ လျှံသောကြောင့် ကျေးရွာတချို့ ရေလွတ်ရာသို့ ပြောင်းရွှေ့နေကြကြောင်းသိရသည်။ ထိုသို့ပြောင်းရွှေ့နေသော ရေဘေးကြုံနေရသူများသည် ကျန်းမာရေးနှင့် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်လျှက်ရှိ ကြောင်းသိရသည်။ 

ရွှေ့ပြောင်းလာကြသူများသည် ရေလွတ်ရာ တာရိုးဘောင်တလျှောက် ကြုံသလို တဲထိုး၍ နေထိုင်နေရ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် လူမှုရေးအဖွဲ့အစည်းအချို့မှ ရေသန့်ဗူးများနှင့် ထမင်းထုတ်များ လာရောက်ကူညီနေကြ သလို မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်း လိုအပ်သည်များကူညီပံ့ပိုးလျှက်ရှိကြောင်းသိရသည်။
“ရေတက်တာတော့ ဖြစ်ရိုးဖြစ်စဉ်ပါ။ ခုတက်လာတာ ဗြုန်းစားကြီးတက်လာတော့ အကုန်လုံး စိုးရိမ်နေကြတာပါ၊ အဓိက ကတော့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါပဲ၊ ရွာမှာက အိမ်ခြေ ၂၅၀လောက်ရှိတယ်။ ခု အိမ်ခြေ၂၀၀လောက် က တာရိုးပေါ် ကြုံသလို တဲထိုး နေနေကြရတယ်၊ ရွာအစောင့်တွေနဲ့ အိမ်ခြေငါးဆယ်လောက်ကတော့ ကျန်ရစ်နေသေးတယ်၊ ကျေးရွာမူလတန်းကျောင်းလည်း ပိတ်ထားရတယ်၊ အဓိကလိုအပ်တာကတော့ သောက်သုံးရေပါပဲ” ဟု ကြံခင်းကျေးရွာမှ ဦးစိုး မောင်က ပြောသည်။

မြောက်စရိတ်ကျေးရွာမှ သနပ္ပင်ကျောင်းဆရာတော် ဦးဥတ္တမမှလည်း “အခုတော့ ရေက တရိပ်ရိပ်တက်နေတယ်၊ ပြောင်းဖို့ရွှေ့ဖို့တော့ ဘာမှ မစီစဉ်ရသေးဘူး၊ ရွာသူရွာသားတွေကိုတော့ ပြောင်းရွှေ့ဖို့ လုပ်ခိုင်းထားရတယ်၊ ဟိုဖက်ကမ်း မှာလည်း ပြောင်းရွှေ့ဖို့ အစီအစဉ်တကျမရှိသေးဘူးဆိုတော့ နီးစပ်ရာဘုန်းကြီးကျောင်းတွေကို အကူအညီတောင်း ထားရတယ်၊ ဘုန်းကြီးအနေနဲ့ကတော့ ဖြစ်မှကူညီတာထက်စာရင် မဖြစ်ခင်လာရောက်ကူညီတာက ပိုပြီးတန်ဖိုးရှိတယ်၊ ခုက ဖြစ်မှကူညီမယ် ဆိုတဲ့စိတ်တွေဖြစ်ကုန်ပြီ”ဟု မိန့်သည်။

မန္တလေးတွင် ယခုလို ရေကြီးရေလျှံခြင်းသည် နှစ်ကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရသည်။ ၂၀၀၃-၂၀၀၄ပတ်ဝန်း ကျင်က ယခုလို ရေကြီးခြင်းမျိုး ကြုံတွေ့ခဲ့ရကြောင်းလည်း ဒေသခံများက ဆိုသည်။ ထိုစဉ်ကလည်း ကူညီမှုများအားနည်းပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့်သာ နေထိုင်ခဲ့ရကြောင်းသိရသည်။
“အမေ့အသက် ၈၀ရှိပြီ၊ တော်ရုံတန်ရုံရေကြီးရုံနဲ့ကတော့ အမေတို့က ရွာကမခွာဘူး၊ အခုဟာက သဘာဝကို တွက်လို့ မရဘူးဖြစ်နေတယ်၊ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တယ်၊ အခု ဒီမှာပြောင်းပြီးရေတော့လည်း မလုံမခြုံနဲ့၊ စားဝတ်နေရေးက အစ အခက်အခဲတွေရှိလာတယ်၊ ကလေးတွေလည်း အခုဖျားနေတယ်၊ ကျန်းမာရေးစောင့်ရှောက်မယ့်သူတွေလာလိမ့်မယ်လို့ အမေမျှော်လင့်တယ်” ဟု သရက်တစ်ပင်ကျေးရွာမှ ဒေါ်ဌေးဝင်းကပြောသည်။

ပြောင်းရွှေ့လာကြသူများသည် အိမ်မွေးတိရစ္ဆာန်များကို မြေလွတ်ရှိရာများတွင် ထားနေရပြီး ပျောက်ဆုံးမှာကိုလည်း စိုးရိမ်နေကြရသည်။ ခုအချိန်ထိတော့ သက်ဆိုင်ရာမှ လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း ဒေါ်မြိုင်မှ ဆိုသည်။

အောင်မြေသာစံမြို့နယ် အုပ်ချုပ်ရေးမှူးမှလည်း “ကျွန်တော်တို့ လိုအပ်တာတွေ ကူညီဆောင်ရွက်နေပါတယ်၊ တချို့ အန္တရာယ်ရှိတဲ့ရွာတွေကိုလည်း ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်၊ ခုလည်း ရေတက်လာမယ့်အခြေအနေကို စောင့်ကြည့်နေ ကြတယ်၊ လက်ရှိတော့ ရေက တန့်နေပါတယ်၊ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောသည်။

ယခုအခါတွင် ခြောက်လမ်းသွားပေါ်၌ မြေသားများပြိုကျနိုင်သောကြောင့် ကားကြီးများ မ၀င်ရောက်ရန် တားမြစ်ထား သည်။ ထိုသို့ မြေသားများပြိုကျမှုမရှိစေရန်အတွက် တာရိုးတလျှောက် သဲအိတ်များချကာ လုပ်ဆောင်နေကြောင်းလည်း သိရ သည်။ အိုးဘို NLDလူငယ်အဖွဲ့မှလည်း ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်နိုင်ရန်အတွက် ယာယီဆေးပေးခန်းတစ်ခု ဖွင့်လှစ်ရန် စီစဉ်နေကြောင်း NLDအဖွဲ့ဝင် ဦးခင်မောင်တင့်ထံမှ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့