Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Showing posts with label အထူးသတင်းများ. Show all posts
Showing posts with label အထူးသတင်းများ. Show all posts

Tuesday, 7 August 2012

တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ လုပ်ငန်းများနှင့် အဖွဲ့ ဝင်များ


"ပြည်သူ့လွှတ်တော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး
 ကော်မတီသစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာ"
နေပြည်တော်၊ သြဂုတ်-၇
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသစ်ကို
ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ ဇ အရ ယနေ့ဖွဲ့စည်းလိုက်ရာ
 ကော့မှူးမဲဆန္ဒနယ်မှလွှတ်တော်ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး၊
ပုသိမ်မဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စား
လှယ် ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း
သတင်းရ ရှိသည်။

  ပြည်ထောင်စုအဆင့်ရှိ ယခုအဖွဲ့အစည်းသစ်ကို သက်တမ်းတစ်နှစ်သတ်မှတ်
ထားပြီး  ကော်မတီအနေဖြင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
 ပြည်သူ့အစိုးရတရားရေး အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ သတင်း
မီဒီယာနှင့် သက်ဆိုင်သူအားလုံးကို တရားဥပဒေနှင့် အညီ နေထိုင်ပြုမူ လိုက်နာဆောင်ရွက်နိုင်ရေးအတွက်နှိုးဆော်တိုက်တွန်း ထိန်းညှိကူညီခြင်း၊ အရေးယူဆောင်ရွက်ရန်ရှိပါက ပြည်သူ့လွတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်
 တော်သို့တင်ပြခြင်း၊ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေသော
 အကြောင်းကိစ္စများ ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက
 သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်းများကို ကူညီစောင့်ကြည့် ထိန်းညှိပေးခြင်း၊ တရားဥပဒေစိုးမိုးမှုနှင့်တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှု အောင်မြင်နိုင်ရေးအတွက် လေ့လာသုံးသပ်ဆောင်
ရွက်ခြင်း၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံး
လျက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်၊ ပြင်ဆင်၊ အသစ်ပြဌာန်းရန်
များတွေ့ရှိက လွှတ်တော်သို့တင်ပြခြင်း၊သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ
အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ စည်းမျဉ်း စည်းကမ်း
အမိန့်ကြော်ငြာစာ အမိန့်ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများသည်
တည်ဆဲဥပဒေများ၊  ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းလိုက်သည့် ဥပဒေများနှင့်ညီညွတ်ဆီလျော်အောင်ဆောင်ရွက်ခြင်းညီညွတ်ဆီလျော်မှု
ရှိပါက လိုက်နာ ဆောင်ရွက် မှုကို စောင့်ကြည့် ထိန်းညှိကူညီခြင်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကော်မတီသည်လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့် အဖွဲ့
အစည်းများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးခွင့်ရှိသည်
ဟုဆိုသည်။

    ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ
အဖွဲ့ဝင်များအဖြစ် ပန်းတနော်မဲဆန္ဒနယ်မှဦးမန်းမောင်မောင်ဥာဏ်၊ဒိုက်ဦး
မဲဆန္ဒနယ်မှ ဦးမင်းဆွေ၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှဒေါ်ဒွဲဘူ၊ မိုင်းပြင်းမဲဆန္ဒနယ်မှ
ဦးစိုင်းထွန်းစိန်၊ မတူပီမဲဆန္ဒနယ်မှ ဒေါက်တာရိုအုပ်၊ ဇီးကုန်းမဲဆန္ဒနယ်မှ
ဦးခင်မောင်မြင့်၊ကျိုက်မရောမဲဆန္ဒနယ်မှဒေါ်မိယဉ်ချမ်း၊ တာမွေမဲဆန္ဒနယ်မှ
 ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒီမောဆိုးမဲဆန္ဒနယ်မှ ဦးစိုးရယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှဒေါ်ခင်စောဝေ၊ကျောက်မဲမဲဆန္ဒနယ်မှဦးနယ်ဆင်ခေါ်
ဦးဆောင်စီ၊သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ်မှဦးသိန်းညွန့်တို့ ပါဝင်ကြောင်းသိ
ရသည်။

Wednesday, 25 July 2012

ဒေါ်အောင်ဆန်းစုကြည် ၏ ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှု (အပြည့်အစုံ)

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။
ဓာတ်ပုံ- ပြည်သူ့လွှတ်တော်ဖေ့ဘွတ်
ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆိုကို ဆွေးနွေးမှု ဖြစ်ပါတယ်။ -----------------------------------------------------------

ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။ 
ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။


  ပြည်သူ့လွှတ်တော်

Saturday, 23 June 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်

Saturday, 16 June 2012

နော်ဝေး လူထုနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)

ဥရောပ သြစတေးလျ အမေရိကား မှာ ရှိနေတဲ့ မြန်မာလူမျိုးတွေသာမက နော်ဝေး နိုင်ငံသားတွေနဲ့ လူပင်လယ်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကို လာရောက်နားထောင်ခဲ့ပါတယ်။






















ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း သေဆုံးသူ ၅၀ အထိရှိလာ

ရခိုင်ပြည်နယ်မှာ မေ ၂၈ ရက်က ဇွန် ၁၄ ရက်အတွင်းဖြစ်ပွားသွားတဲ့ ပဋိပက္ခအတွင်း လူ ၅၀ သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ အစိုးရ သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။ 
RFA
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ပျက်စီးနေသည့် အိုးအိမ်များကိုတွေ့ရပုံ။
အကြီးတန်း တာဝန်ရှိသူတစ်ဦး ကတော့ မူဆလင် ၁၆ ဦးနဲ့ ဗုဒ္ဒဘာသာဝင် ၁၃ ဦး သေဆုံးတယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဝေးလံတဲ့နေရာက ဒေသခံတွေကတော့ ဒီအရေအတွက်ထက် ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တော်က ကယ်ဆယ်ရေး စခန်းတွေမှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားနေပြီး အကူအညီတွေ လိုအပ်နေတုန်းပဲလို့  RNDP  ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည် စခန်း ၃၇ ခုဖွင့်လှစ်ထားရှိပြီး  လူ ၃၁၀၀၀ ကျော် ခိုလှုံနေပါတယ်။ စစ်တွေမြို့မှာ ဒုက္ခသည်စခန်း ၁၇ ခု၊ ရသေ့တောင်မှာ ၁၄ ခု၊ ပုဏ္ဍားကျွန်းမှာ ၄ ခု၊ ပေါက်တောမှာ ၂ ခု ဖွင့်လှစ် ထားရှိပါတယ်။

နယ်စပ်ရေးရာ ပြည်ထောင်စု ၀န်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်တဲ့ အဖွဲ့ ဟာ မောင်တောမြို့နယ် တောင်ဘက်ခြမ်းက ဖျက်ဆီးခံရတဲ့ တိုင်းရင်းသား  ၇ ရွာနဲ့  ဒီ ရွာတွေနားက ဘင်္ဂါလီ ကျေးရွာတွေကို သွားရောက်ခဲ့တဲ့ကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ပါရှိပါတယ်။

နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြင့်ပွဲ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်း ပြောကြား


AFP

နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမတွင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ကျင်းပသော နိုဘဲလ်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်က ရရှိခဲ့သော နိုဘဲလ်ဆုအတွက် မိန့်ခွန်းပြောဆိုနေစဉ်


ကမ္ဘာ့နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံလိုက်ရတယ်လို့ ကြားသိခဲ့ရတဲ့အချိန်မှာ မိမိခံစားလိုက်ရတာက အချုပ်နှောင်ခံထားရတဲ့ မိမိဘ၀ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု က တခြားလူသားတွေရဲ့ ကမ္ဘာနဲ့ ပြန်လည်ချိတ်ဆက်ပေး လိုက်တာပဲလို့ ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဘယ်လ်ဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ ထည့်သွင်းပြောခဲ့ပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့ မြို့တော်ခန်းမမှာ ဒီကနေ့ နော်ဝေစံတော်ချိန် နေ့လည် ၁နာရီမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်တဲ့အခမ်းအနားမှာ ပြောခဲ့တာပါ။

“ငြိမ်းချမ်းမှု ဆိုတဲ့ အဓိပ္ပါယ်ဟာ အတူတကွ လက်တွဲနေထိုင်နိုင်မှု ဘ၀တွေကို ပျက်စီးစေတဲ့ အရာအားလုံး ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ဘ၀လို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ခံယူကြောင်း၊ ငြိမ်းချမ်းဆိုတဲ့ မြန်မာစကားရဲ့ အဓိပ္ပါယ်ကိုကလည်း အပူမီးတွေ ချုပ်ငြိမ်းပြီး အေးချမ်းမှုကို ရရှိတဲ့ အဓိပ္ပါယ်ဆောင်ပါတယ်။ လူသားတွေရဲ့ ခံစားမှုတွေဟာ ဒီကနေ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အပူမီးလို တောက်လောင်နေပါတယ်။ ကျမရဲ့ တိုင်းပြည် မြန်မာပြည် မြောက်ပိုင်းမှာဆိုရင်လည်း ပဋိပက္ခတွေ မချုပ်ငြိမ်းသေးသလို ကျမ ဒီခရီးစဉ် မထွက်လာသေးခင် ရက်ပိုင်းအတွင်းကပဲ မြန်မာပြည် အနောက်ပိုင်းမှာ အကြမ်းဖက် ပဋိပက္ခတွေကြောင့် မီးလောင်တာ သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ အလားတူပါပဲ တခြားဒေသတွေမှာလည်း အငတ်ဘေး၊ အလုပ်လက်မဲ့ ၊ ဆင်းရဲမွဲတေမှု စတဲ့ စတဲ့ အရာအားလုံးဟာ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေ ဖြစ်ပါတယ်။”

ငြိမ်းချမ်းရေး နိုဘဲလ်ဆုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူအခွင့်အရေး လှုပ်ရှားမှု အခန်းကဏ္ဍကို မှတ်တမ်းတင် ဂုဏ်ပြုပေးလိုက်တာလို့ ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တနည်းအားဖြင့် မြန်မာ့ လူ့အဖွဲ့အစည်း လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကို တကမ္ဘာလုံးက မမေ့ဘူးဆိုတာကို သက်သေပြလိုက်တာပါပဲလို့ ပြောကြားခဲ့ပါတယ်။

Friday, 8 June 2012

ကိုးတန်းကျောင်းသူတစ်ဦး အဆိပ်သောက် သတ်သေခဲ့မှု

ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ ။
မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ
ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့်
မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်
ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ
အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။
သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့် အတွက် ၂၀၁၂-ခု
မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော
ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့်
လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့်
ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း (ယခင် ရယက ဥက္ကဋ္ဌဟောင်း)
ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို
အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ
၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား
ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့်
အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား
အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍
နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။
နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ်
ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။
အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင်
အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု
လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍
ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း
တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို
ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု
ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင်
အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှ
အရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက်
သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကို
သေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ်
ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း
လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်က
မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့်
တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့်
အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို
ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃

မတရားညှင်းပန်းနှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့
ကိုးတန်းကျောင်းသူလေး မအိရွှေ
အမှုမှန် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးကြပါရန်...

ကိုဇော (မုံရွာ) မှ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။

Thursday, 7 June 2012

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော



မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်”ဟု Venus News Weekly၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။



ရန်ကုန်က သမိုင်းဝင် အဆောက်အဦများ ထိန်းသိမ်းရန် သြစတြေးလျကူညီမည်

အဖွဲ့ချုပ်ဥက္ကဌ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်
၂၀၁၂ခု၊ဇွန်လ(၆)ရက်နေ့ညနေ(၄)နာရီခွဲကသြစတြေလျနိုင်ငံခြားရေး
ဝန်ကြီးတို့တွေ့ဆုံဆွေးနွေးခဲ့သည်။ (ဓါတ်ပုံ-National League for Democracy)

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားလ်ဟာ ရန်ကုန်မြို့ရဲ့ ကိုလိုနီခေတ် သမိုင်းဝင် အမွေအနှစ် အဆောက်အဦတွေကို ကာကွယ်ဖို့အတွက် ငွေကြေးနဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

မစ္စတာ ဘော့ကားဟာ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ဇွန် ၅ ရက်နေ့ က နေပြည်တော် ကို ရောက်ရှိ လာပြီးနောက် ဒီနေ့မနက်မှာတော့ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးနဲ့အတူ ရန်ကုန်မြို့က သမိုင်းအမွေအနှစ် အဆောက်အဦတွေကို လိုက်လံကြည့်ရှုခဲ့ တယ်လို့ သြစတြေးလျ အေဘီစီ သတင်း မှာ ဖော်ပြပါတယ်။

ရန်ကုန်က အမွေအနှစ်အဖြစ် ထိန်းသိမ်းမယ့် အဆောက်အဦတွေထဲမှာ ကိုလိုနီခေတ်ကတည်း က ဆောက်ထားတဲ့ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗလီတွေနဲ့ အိုးအိမ်တိုက်တာ အဆောက်အဦတွေ ပါဝင်ပါတယ်။ ဒီအဆောက်အဦတွေကို ထိန်းသိမ်းစောင့်ရှောက် နိုင်ဖို့ သြစတြေးလျနိုင်ငံ အနေနဲ့ ငွေပမာဏ ဘယ်လောက် ကူညီမယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။
သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဟာ သူ့ရဲ့ ခရီးစဉ်အတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ အပြင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ ဒါ့ပြင် ကြာသပတေးနေ့ မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

Saturday, 26 May 2012

စက်ရုံ ၂ ရုံက အလုပ်သမားတွေ တောင်းဆိုချက်ရပြီ

အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတဲ့ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံက အထည်ချုပ် စက်ရုံ ၂ ရုံမှာ အလုပ်ရှင်က လိုက်လျောတဲ့အတွက် ဒီနေ့ ပြေလည်မှုရသွားပြီလို့ သတင်းရရှိပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ အလုပ်သမများ မေလ ၁၆ ရက်နေ့က ဆန္ဒပြနေစဉ်။
အဲဒီလို ပြဿနာပြေလည်သွားတဲ့ စက်ရုံတွေက တရုတ်အမျိုးသားပိုင် ပုလဲနဲ့ စပယ်ပွင့် အထည်ချုပ် စက်ရုံတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မမာမာဦးက ပြောပါတယ်။
"ပုလဲအထည်ချုပ်စက်ရုံရယ်၊ စပယ်ပွင့် အထည်ချုပ်စက်ရုံရယ် အဲဒီ စက်ရုံ နှစ်ရုံကို ပိုင်တာက တရုတ် သူဌေးမတယောက်ထဲပဲ။ သူပိုင်တဲ့ စက်ရုံ ၂ ရုံစလုံးကို အရင်ရက်က ကလေးမလေးတွေက ပိုက်ဆံတိုးပေးဖို့ တောင်းဆိုချက်ကို သူက ပြေလည်အောင်ညှိနှိုင်းပေးလိုက်ပြီ။ အခြေခံလစာက မတူဘူး။ အနိမ့်ဆုံးက ၈ ထောင်။ အများဆုံးက တသောင်း နှစ်ထောင်။ အခု ၂သောင်းစီပေါ့နော်။ ၈ ထောင်သမားကိုလည်း တိုးပေးတယ်။ တသောင်း၂ ထောင်သမားကိုလည်း တိုးပေးလိုက်တယ်။"
ပုလဲနဲ့စပယ်ပွင့်အထည်ချုပ်စက်ရုံအလုပ်သမားတွေက ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ စလို့ တောင်းဆိုနေ ခဲ့ပြီး အခုပြေလည်သွားတာပါ။ ဒါပေမယ့် အခြားစက်ရုံတွေမှာတော့ ဒီနေ့အထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။
ဒါကြောင့် နေမင်းအောင်စက်ရုံ အလုပ်သမားတွေ အတွက်ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအောင်သူက စက်ရုံတာဝန်ရှိသူတွေနဲ့ ဒီနေ့ သွားရောက် ညှိနှိုင်းနေတယ်လို့ မမာမာဦးက ပြောပါတယ်။
အလုပ်သမား ၂၅ ဦး အစာငတ်ခံ ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာက Crown သံမဏိစက်ရုံမှာ ပြေလည်မှု မရသေးဘူးလို့ ကြားရတဲ့အပြင် အဲဒီစက်ရုံကို သွားရာလမ်းက ဆိုက်ကယ်ကယ်ရီတွေ၊ အငှားယဉ်တွေကို ကန့်သတ်ထားလိုက်တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။

အဆိုပါ အကြံပေးကောင်စီရဲ့လျာထားစာရင်းမှာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ဦးမော်သန်းက နာယက အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌ အဖြစ် ဦးတင်ထွဋ်ဦး၊ ဒု-ဥက္ကဋ္ဌ အဖြစ် ဒေါ်ခင်စမ်းရီ၊ အတွင်းရေးမှူးအဖြစ် သမ္မတရဲ့ စီးပွားရေးအကြံပေး ဦးဆက်အောင်၊ တွဲဘက်အတွင်းရေးမှုး အဖြစ် ပောာင်ကောင် စီးတီးယူနီဗာစတီမှ ဒေါက်တာကျော်ရင်လှိုင်တို့အားလည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် MyanmarEgress မှ ဥက္ကဋ္ဌ ဦးတင်မောင်သန်း၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ကုန်သည်/စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၊ ထိုင်းနိုင်ငံအခြေစိုက် ဗဟု ဖွံဖြိုးရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦး၊ ဥပဒေပညာရှင် ဦးသီဟန်မျိုးဥာဏ်၊ ဒိုင်းမွန်းစတား ကုမ္မဏီ ပိုင်ရှင် ဦးကိုကိုကြီး၊ KMD ဦးသောင်းတင်၊ဦးမိုးကျော် (MMRD)၊ ဒေါက်တာသန့်မြင့်ဦး၊ ဦးသန်းလွင်(ကမ္ဘောဇဘဏ် -ဒုတိယဥက္ကဋ္ဌ)၊ ဦးခင်မောင်အေး (CB Bank) နဲ့ ပါမောက္ခ ဦးအောင်ထွန်းသက်တို့ ပါဝင်ကြောင်း သိရပါတယ်။

အကြံပေးကောင်စီ ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက တရားဝင် ထုတ်ပြန်ကြေငြာခြင်း မပြုရသေး ပေမယ့် နိုင်ငံတော် သမ္မတနဲ့ အကြံပေးအဖွဲ့ဝင်တို့ နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးသည့် အပြင်၊ အကြံပေး အဖွဲ့ဝင် တစ်ချို့ဟာလည်း အကြံပေးကောင်စီနဲ့ သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အကြံပေးကောင်စီကို တရားဝင် ဖွဲ့စည်းကြောင်း အမိန့်စာ ထုတ်ပြန်တဲ့ အခါမှာတော့ လက်ရှိ လျာထား စာရင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်ဦးရေဟာ လျော့သွားနိုင်တာ ရှိသလို၊ တိုးလာနိုင်တာလည်း ရှိကြောင်း ယင်းအကြံပေး အဖွဲ့လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

လွတ်တော်အမတ်တချို့နဲ့ စကားပြောခြင်း


လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလ အတွေ့အကြုံအရဆိုရင် ဒီလို မေလ ၂၇-၀န်းကျင်မှာရေးတဲ့ ဆောင်းပါးတွေဟာ ၁၉၉၀- မေလ ၂၇-ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနှစ်ပါတ်လည်နဲ့ အဲဒီရွေးကောက်ပွဲ မှာအနိုင်ရခဲ့တဲ့ လွတ်တော်အမတ်တွေအကြောင်းဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတခါ မေ ၂၇-မှာ ကျနော် ရေးမဲ့ဆောင်းပါးက ၉၀-ရွေးကောက်ခံအမတ်တွေအကြောင်းမဟုတ်ဘဲ ၂၀၁၀-နိုဝင်ဘာရွေးကောက်ပွဲ နဲ့ ၂၀၁၂-ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကနေတက်လာတဲ့ အမတ်တချို့နဲ့တွေ့ဆုံမှုအကြောင်းဖြစ် ပါတယ်။

တခါ ဒီအမတ်တွေကို ကျနော်တွေ့ဆုံခွင့်ရတဲ့နေရာဟာ အမတ်တွေရုံးထိုင်တဲ့ နေပြည်တော်မှာ မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်လုံးလုံး ၉၀-ရွေးကောက်ပွဲကနေတက်လာတဲ့ ပြည်ပရောက်အမတ် တွေ။ အမျိုးသားညွန့်ပေါင်းအစိုးရ၀န်ကြီးတွေကို ထောက်ခံလာခဲ့တဲ့ နော်ဝေးနိုင်ငံ အော်စလိုမြိုမှာဖြစ် နေပြန်ပါတယ်။

ညွန်ပေါင်းအစိုးရ၀န်ကြီးတွေ။ ပြည်ပရောက်လွတ်တော်အမတ်တွေနဲ့အတူ လွန်ခဲ့တဲ့နှစ်တွေ က ကျနော်တို့တက်ရောက်ဆင်နွဲခဲ့ဖူးတဲ့ မေလ ၁၇- နော်ဝေးနိုင်ငံအမျိုးသားနေ့အခန်းနားမှာလဲ အခု တော့ ပြည်ပရောက်အမတ်တွေအစား နေပြည်တော်က ပါလီမန်ဥက္ကဌ သူရဦးရွေမန်းနဲ့ လွတ်တော် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆင်နွဲနေတာကို မြင်လိုက်ရတဲ့အတွက် ဒီနှစ် အော်စလိုမြင်ကွင်းဟာ အတော့်ကို ထူးထူးခြားခြားဖြစ်နေပါတယ်။

အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မြင်ကွင်းတွေနဲ့ လူတွေကတော့ အယင်နဲ့မတူ တမူပြောင်းလဲနေတာ အထင်အရှားပါဘဲ့။ ဒါပေမဲ့ အပေါ်ယံမြင်ကွင်းအပြင် အနှစ်သာရအရကော တကယ်ပြောင်းလဲနေတာ ဟုတ်ပါရဲ့လား။ ဧည့်ခံပွဲတခုမှာ ခဏတာတွေ့ဆုံခွင့်ရခဲ့တဲ့ လွတ်တော်ကိုယ်စားလှယ် ၉-ကို ဒီမေးခွန်း တွေအတွက် ကျနော် စကားပြောကြည့်ခဲ့ပါတယ်။

ကျနော်တွေ့ဆုံ နှုတ်ဆက်ခွင့်ရခဲ့တဲ့ လွတ်တော်အမတ်စာရင်းကို အယင်ဆုံးတင်ပြရမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါက်တာမျိုးအောင်နဲ့ ဦးသိန်းဆွေ။ အမျိုးသားဒီမိုကရေစီ အင်အားစု NDF မှ ဦးခင်မောင်ရည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ဦးညဏ်ဆွေ ၀င်း။ ဖလုံစဝေါပါတီမှ စောသိန်းအောင်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီမှ ဒေါ်ခင်စောဝေ။ ရှမ်း အမျိုးသားများဒီမိုကရက်တစ်ပါတီမှ နန်းဝါနု။ မွန်ဒေသလုံးဆိုင်ရာပါတီမှ မိမြင့်သန်းနဲ့ ကချင်ပါတီမှ ဒေါ်ဒွဲဘူတို့ဖြစ်ပါတယ်။

လွတ်တော်ဥက္ကဌ ဦးရွေမန်းအပါဝင် ကြံ့ခိုင်ရေးပါတီက အမတ်တွေ။ ၀န်ကြီးတွေကတော့ DVB ရုံးမှာလုပ်တဲ့ အဲဒီ ဧည့်ခံပွဲကို မလာသလို နော်ဝေရှိ မြန်မာတွေနဲ့လဲ တွေဆုံခြင်းမရှိတဲ့အတွက် ကျနော်တွေ့ခွင့်မရ လိုက်ပါဘူး။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပါလီမန်တခုလုံး။ ပါလီမန်အမတ် တွေအားလုံး ဒီမိုကရေစီရေးအတွက် လက်တွဲအလုပ်လုပ်နေကြပါတယ်လို့ဆိုပေမဲ့ အခုချိန်ထိတော့ နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ သမိုင်းကြောင်းတွေ။ သူဘက်။ ကိုယ့်ဘက်ဆိုတဲ့ အမြင်တွေရှိနေဆဲလို့ ယူ ဆရပါတယ်။

ကျနော်စကားပြောကြည့်သလောက်ကတော့ လက်ရှိအပြောင်းလဲကို တကယ့်အပြောင်းလဲအ ဖြစ်ဒီလွတ်တော်အမတ်တွေက ယုံကြည်နေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အခုအပြောင်းအလဲဟာ "စလုံးရေးစ" အဆင့်ဘဲ့ရှိသေးတဲ့အတွက် ရှေ့လျောက်အများကြီးကျိုးစားဖို့လိုနေသေးတယ်လို့ သူတို့ က ဆိုပါတယ်။ စစ်သားအမတ် ၂၅-ရာခိုင်နှုံးနဲ့ ကြံ့ခိုင်ရေးပါတီက ၇၀-ရာခိုင်နှုံးကျော်ရှိနေဆဲဖြစ်တဲ့ လက်ရှိလွတ်တော်ကနေ အပြောင်းလဲတွေတကယ်လုပ်နိုင်ပါ့မလား။ လူကြိးမင်းတို့ရဲ့အဆိုတွေကို လွတ်လပ်စွာတင်ပြခွင့်ရပါရဲ့လားဆိုပြီး မေးကြည့်တဲ့အခါမှာတော့ "အစောပိုင်းတုန်းကတော့ နဲနဲရှိန်နေ လို့ သိပ်မတင်ပြရဲဘူးပေါ့ဗျာ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားအကြောင်း။ ထောင်တွင်းအ တွေအကြုံတွေကိုပါ ထည့်ပြောနိုင်တဲ့အထိ ပါလီမန်ကလွတ်လပ်လာပါတယ်" လို့ ၈၈-အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူ ဦးခင်မောင်ရည်ကပြောပါတယ်။

တစည အမတ် ဦးညဏ်ဆွေဝင်းကတော့ ကြံခိုင်ရေးနဲ့ စစ်တပ်ကအများစုဖြစ်နေတယ်ဆိုပေမဲ့ တိုင်းပြည်အတွက်အကျိုးရှိမဲ့အဆိုပြုချက်ဆိုရင် အားလုံးကလက်ခံပါတယ်လို့ဆိုပါတယ်။ တပ်မတော် သား ကိုယ်စားလှယ်တဦးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ အပြိုင်အဆိုင်ငြင်းကြတဲ့ အဆိုပြုချက်တခုမှာ တပ် မတော်သားဖက်က နိုင်သွားတဲ့ သာဓကတခုကို သူကထုတ်ပြပါတယ်။ တခါ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း ရေးကိစ္စ။ နိုင်ငံရေးအကျဉ်း သားလွတ်ပေးရေးကိစ္စတွေကိုလဲ သူက ထောက်ပြပါတယ်။ ဒါပေမဲ့ ကချင် ဒေသမှာတိုက်ပွဲဆက်ဖြစ်နေတဲ့ကိစ္စ။ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေဆဲကိစ္စတွေ။ ပြည်ပရောက် နေသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးတဲ့ကိစ္စတွေကိုလဲ ဆက်လုပ် ဖို့လိုနေဆဲဖြစ်ကြောင်း သူ တို့က သဘောတူကြပါတယ်။

ပါလီမန်ထဲမှာ အမတ်တွေအားလုံး တန်းတူဆွေးနွေးခွင့်ရနေပြီဆိုပေမဲ့ ပါလီမန်ခန်းမ အပြင် ဖက်ရောက်တာနဲ့ အမတ်တွေရဲ့အခွင့်ရေးကွာခြားသွားတယ်လို့ သူတို့ကဆိုပါတယ်။  "ဟောဒီဓါတ်ပုံ တွေကိုသာကြည့်။ ကျနော်တို့အမတ်မင်းတွေ နေပြည်တော်မှာ ဘယ်လိုနေရတယ်ဆိုတာ ခင်ဗျားတို့ သဘောပေါက်လိမ့်မယ်" ဆိုပြီး ဦးခင်မောင်ရည်က သူရဲ့လက်ကိုင်ဖုန်းထဲက ဓါတ်ပုံတွေကိုပြပါတယ်။ နေပြည်တော် စည်ပင်သာယာတည်းခိုခန်းမှာ တနေ့ ကျပ် ၂၀၀၀-နဲ့ လွတ်တော်အမတ်တွေတည်းနေ ရတဲ့အဆာင်မှာ မီးမလာတဲ့အတွက် ဖထီးစောသန်းအောင်နဲ့အဖွဲ့ အကျီချွတ်ပြီး အပြင်မှာထွက်အိပ်နေ ရပုံအပါဝင် လွတ်တော်အမတတဦးရဲ့်အဆင့်တန်းအတိုင်း နေထိုင်ခွင့်မရတဲ့ အမတ်သစ်တွေရဲ့ ရုပ်ပုံ တွေကို မြင်ခဲ့ရပါတယ်။

ဒါပေမဲ့ အမတ်အားလုံး ဒီလိုနေရတာမျိုးတော့မဟုတ်ပါ။ နေပြည်တော်မှာ ရုံးခန်းမရှိတဲ့။ ပိုင် ဆိုင်မှုမရှိသေးတဲ့ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုအမတ်တွေသာ ဒီလိုနေရတာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအမတ်တွေကတော့ သူတို့ပါတီဝင်းထဲမှာ အားလုံး အိုကေပြီး အဆင်ပြေနေပါတယ်လို့ ဒီအမတ်တွေကဆိုပါတယ်။

ပြည်ပရောက်နေသူတွေအပေါ် သူတို့ဘယ်လိုမြင်သလဲ

တနိုင်ငံလုံးနဲ့ဆိုင်တဲ့ တိုင်းရေး ပြည်ရေးကိစ္စတွေအပြင် အဲဒီတိုင်းရေး-ပြည်ရေးကိစ္စလုပ်ရင်းနဲ့ ပြည်ပကိုရောက်သွားကြတဲ့အင်အားစုတွေအပေါ် အစိုးရသစ်နဲ့ ပါလီမန်သစ်က ဘယ်လိုသဘောထား သလဲဆို တဲ့အချက်ကိုလဲ ကျနော်အလေးပေးမေးမြန်းဖြစ်ပါတယ်။ ဒါဟာ ကိုယ်နဲ့တိုက်ရိုက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အပြင်  သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်ကလဲ ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်နေ တာ ၂-ကြိမ်ရှိနေပြီဖြစ်ပါတယ်။

"နိုင်ငံရေးအကျဉ်းသားကိစ္စ။ ပြည်တွင်းစစ်ကိစ္စ။ ပြည်ပရောက်နေသူတွေကိစ္စ အားလုံးကို ကျ နော်တို့အဆိုပြုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လို ဥပဒေမျိုး အခုချိန်ထိ မ ထုတ်ပြန်နိုင်သေးတာကတော့ ၀မ်းနဲစရာဘဲ့" လို့ အမတ်တဦးကပြောပါတယ်။ နောက်အမတ်တဦးက တော့ "ငြိမ်းချမ်းရေးဆိုတာ တိုက်ပွဲတွေရပ်လိုက်ယုံနဲ့မပြီးဘူးလေ။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ မှာရောက်နေသူတွေ။ နယ်စပ်မှာရောက်နေသူတွေ မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်ရေးကလဲ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တခုဘဲ့လေ" လို့ဆိုပါတယ်။

"ပြည်ပမှာရောက်နေသူတွေကိစ္စကို ခင်ဗျားတို့အလေးထားတယ်ဆိုရင် အခုခရီးစဉ်မှာ ဘာ ကြောင့် ပြည်ပရောက်မြန်မာတွေနဲ့တွေဖို့အစီစဉ်မပါသလဲ" ဆိုပြီး ကျနော်က မေးမိပါတယ်။ "အမှန် တိုင်းဝန်ခံရရင် နော်ဝေးမှာ မြန်မာတွေဒီလောက်များနေမှန်း။ ကျနော်သူငယ်ချင်းတွေကိုယ်တိုင် ဒီမှာရှိ နေမှန်းကြိုမသိခဲ့ဘူးဗျ" လို့ ဦးခင်မောင်ရည်ကဖြေပါတယ်။ နောက်တခါ အခုခရီးစဉ်ဟာ ပထမ-ဆုံး သော မြန်မာလွတ်တော်အမတ်တွေရဲ့ ပြည်ပခရီးစဉ်။ ဥရောပခရီးစဉ် ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဖိတ် ကြားတဲ့နိုင်ငံရဲ့အစိုးရအဖွဲ့။ ပါလီမန်အဖွဲ့တွေနဲ့ တွေ့ဆုံရေးကသာ အဓိကလွှမ်းမိုးနေခဲ့တာဖြစ်ပုံရတယ် လို့ ယူဆရပါတယ်။

ဒါဆိုရင် ဇွန်လ ၁၅-ရက်နေ့မှာ နော်ဝေးနိုင်ငံဆီရောက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် အတွင်းမှာကော ပြည်ပရောက်မြန်မာတွေနဲ့ အချိန်ပေးတွေဆုံဖို့အစီစဉ်များရှိလာနိုင်မလား။ ကျနော်တို့ ဖက်က ဘာတွေတင်ပြပြီး သူတို့ဖက်က ဘာတွေလုပ်ပေးနိုင်မလဲ။ နိုဗယ်ဆုယူမဲ့အခန်းနားအကြောင်း ကို သတင်းတွေထဲမှာတွေ့နေရပေမဲ့ မြန်မာတွေနဲ့သီးခြားတွေဆုံပွဲအခြေနေ။ ပြည်ပရောက်မြန်မာတွေ အပေါ် NLD ပါတီနဲ့ ပါလီမန်သစ်ရဲ့သဘောထားတွေကိုတော့ မကြားရသေးပါဘူး။

အစီစဉ်အတိအကျ ဘာမှမသိရသေးဘူးဆိုပေမဲ့ နော်ဝေးအပြင် ဆွီဒင်။ ဒိန်းမတ်။ နယ်သာ လန်။ ဂျာမနီနဲ့ အခြားဥရောပနိုင်ငံတချို့က ရာနဲ့ချီရှိတဲ့ အဝေးရောက်မြန်မာတွေကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ ဇွန် ၁၅-မှာ နော်ဝေးကိုလာမဲ့အကြောင်း သတင်းပို့ထားကြပါတယ်။ တခါ တခြားနိုင်ငံတွေက အဝေးရောက်မြန်မာတွေကလဲ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလန်ကိုရောက်ချိန်မှာ တွေ့ခွင့်ရဖို့ ကျိုးစားနေကြကြောင်းသိရပါတယ်။

ဒီလိုတွေဆုံတဲ့အခါ ပြည်ပရောက်နေသူတွေက ဘာတွေတင်ပြပြီး ဒေါ်အောင်ဆန်းစုကြည် ဖက်က ဘာတွေလုပ်ပေးနိုင်မလဲ။ နှစ် ၂၀-ကျော်ကာလအတွက် ပထမ-ဆုံး အတွေ့အကြုံဆိုတော့ ဘယ်သူမှကြိုမသိနိုင်သေးပါဘူး။

ဒါပေမဲ့ ကျနော်ကတော့ လွန်ခဲ့တဲ့နှစ် ၂၀-ကာလလွတ်မြောက်ရေး လှုပ်ရှားမှုအတွင်း ဘန်ကောက်မှာတွေ့ခွင့်ရခဲ့တဲ့ အရှေ့တီမောနိုင်ငံသားတွေ အိမ်ပြန်သလိုမျိုး။ ပြည်ပ မှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးတဲ့ ဂျိုဆေးရာမို့ဟိုတာ José Ramos-Horta တို့ ပြည်တော်ပြန်ပြီး တာနဲ့ ချက်ချင်းနိုင်ငံရေးလုပ်ခွင့်ရသလိုမျိုး ကျနော်တို့ အဝေးရောက်မြန်မာတွေ ရန်ကုန်ပြန်ရောက် တာနဲ့ ချက်ချင်းနိုင်ငံရေးလုပ်ခွင့်ရလာနိုင်မလား။ ဦးနုခေတ်က ရှိခဲ့ဖူးတဲ့ ၂-နိုင်ငံသား လက်မှတ်ဆိုတာ တွေကို ပါလီမန်သစ်က စဉ်းစားပေးလာနိုင်မလားဆိုပြီး စိတ်ကူးယဉ်နေမိပါတယ်။

မတူတာလေးတွေ

အရှေ့တီမောသားတွေကိုအားကျပြီး စိတ်ကူးယဉ်နေတဲ့ကျနော်ဟာ နောက်တနေ့မှာတော့ ဒီ စိတ်ကူးတွေအကြောင်း လွတ်တော်အမတ်တွေဆီ အီးမေးလ်ပို့ဦးမှ။ twittter နဲ့ Facebook ကနေ ပွါးဦးမှဆိုပြီး သူတို့ပေးသွားတဲ့ လိပ်စာကဒ်တွေကိုထုတ်။ ကွန်ပြူတာရှေ့မှာထိုင်။ Gmail ကိုဖွင့်ပီး add လုပ်ဖို့ ပြင်ပါတယ်။ အဲဒီတော့မှ အမတ် ၉-ဦးမှာ ၃-ဘဲ့ အီးမေးလ်လိပ်စာပါပြီး ကျန်အမတ်တွေက တယ်လီဖုန်းနဲ့ ရုံးလိပ်စာတွေဘဲ့ပါတာတွေ့ ရပါတယ်။ တခါ အီမေးလ်ပါတဲ့ အမတ် ၃-ဦးရဲ့ လိပ်စာကို အသေချာဖတ်ကြည့်တော့ "ဟ လွတ်တော် အမတ်တွေကလဲ ငါတို့ individual တွေလို gmail ဘဲ့သုံး တာလား။ လွတ်တော်ကလုပ်ပေးထားတဲ့ ၀က်ဆိုက်တွေ။ အီမေးလ်လိပ်စာတွေမရှိဘူးလား" ဆိုပြီး ကျနော် အသံထွက် ငြီး မိပါတယ်။

ပြီးတော့ စိတ်ထဲမှာ နဲနဲသံသယရှိလာလို့ တခြားနိုင်ငံကအမတ်တွေလဲ gmail သုံးရင် သုံးမှာ ပေါ့လေဆိုပြီး ကျနော့်လိပ်စာကဒ် စာအုပ်ထဲက နော်ဝေးလွတ်တော်အမတ်တဦးရဲ့ ကဒ်ကိုထုတ်ပြီး ကြည့်မိပါတယ်။ gmail မသုံးပါဘူး။ ...@stortinget.no လို့ရေးထားတာတွေ့ပါတယ်။ ဒါဆိုရင် ကျနော် တို့မြန်မာနိုင်ငံက လွတ်တော်အမတ်တွေလဲ ...@parliament.mm လို့ ဘာကြောင့်မသုံးနိုင်သေးတာ လဲ။ တနိုင်ငံလုံးကို e-စနစ်ဖြစ်အောင်လုပ်နေတဲ့ အစိုးရသစ်နဲ့ ပါလီမန်အတွက် ၀က်ဆိုက်တခုဖွင့်ရေး။ အီးမေးလ်လိပ်စာလုပ်ရေးက ဘာကြောင့်ဒီလောက်နှောက်နှေးနေရတာလဲ။ ကျနော်တောင် ဒီလိုစဉ်း စားနေရင် သူတို့ရဲ့လိပ်စာကဒ်တွေရထားတဲ့ နော်ဝေးပါလီမန်ကအမတ်တွေ။ နော်ဝေးနိုင်ငံခြားရေးဌာန က ၀န်ကြီးတွေနဲ့အစိုးရ၀န်ထမ်းတွေ ဘယ်လိုစဉ်းစားနေမလဲ။ နည်းပညာရှင်တွေကို မြန်မာနိုင်ငံဆီ အမြန်ပို့ပီး ပါလီမန်အတွက် ၀က်ဆိုက်ဖွင့်ပေးဖို့စဉ်းစားနေကြလေမလား။

မြန်မာအမတ်နဲ့ နော်ဝေအမတ်တို့ရဲ့လိပ်စာကဒ်ချင်းယှဉ်ပြီး စဉ်းစားခန်းဖွင့်နေတဲ့ကျနော်ဟာ နည်းပညာကနေတဆင့် အမတ်တဦးချင်းစီရဲ့ လုပ်ရည်ကိုင်ရည်နဲ့ မတူညီတဲ့ပညာရေးစနစ်။ နိုင်ငံရေး စနစ်တွေအကြောင်းကိုပါ တွဲပီးစဉ်းစားမိနေပါတယ်။ ဆိုလိုတာကတော့ မြန်မာအမတ်နဲ့ နော်ဝေးအ မတ်တွေကြားမှာ အီးမေးလ်လိပ်စာကွာယုံတင်မကဘဲ နေရာအတော်များများမှာ ကွာခြားချက်တွေရှိ နေနိုင်ပါတယ်။ ဥပမာအားဖြင့် ကျနော်ကိုလိပ်စာကဒ်ပေးထားတဲ့ နော်ဝေးလွတ်တော်အမတ်ဟာ အ သက် ၂၀-ကျော်ဘဲ့ရှိသေးပြီး နိုင်ငံရေးသိပ္ပံတို့။ အုပ်ချုပ်မှုပညာတို။ ဥပဒေတို့နဲ့ဘွဲရထားသူ။ တနည်း အားဖြင့်ပြောမယ်ဆိုရင် လွတ်တော်အမတ်ဖြစ်ဖို့။ နိုင်ငံရေးသမားအဖြစ် အသက်မွေးဝမ်းကြောင်း လုပ် ဖို့အတွက် ကျောင်းတက်စဉ်ကတည်းက စနစ်တကျလေ့လာသင်ကြားလာတဲ့ professional politician ဖြစ်ပါတယ်။

ဒါပေမဲ့ ကျနော်တို့ မြန်မာအမတ်တွေကတော့ အဲဒီခေတ်ကိုမရောက်သေး။ အဲဒီလိုလေ့လာခွင့် တွေမရသေး။ ကျနော်တို့နိုင်ငံရဲ့ပညာရေးစနစ်မှာ နိုင်ငံရေးသိပ္ပံတွေ။ အုပ်ချုပ်မှုအတတ်ပညာတွေ။ သ တင်းစာပညာတွေ မရှိသေး။ ဒီတော့ အယင်ကရှိပြီးသားပညာရေးစနစ်ကနေတက်လာတဲ့ ဆရာဝန် တွေ။ ရှေ့နေတွေ။ အင်ဂျင်နီယာတွေ။ ကျောင်းဆရာတွေ။ စစ်ဗိုလ်ဟောင်းတွေ။ စီးပွါးရေး လုပ်ငန်း ရှင်တွေကနေ လွတ်တော်အမတ်ဖြစ်လာသူတွေကိုသာ ပါလီမန်ထဲမှာအများစုအဖြစ်မြင်နေရဆဲဖြစ်ပါ တယ်။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အနောက်နိုင်ငံတွေက နိုင်ငံရေးသမားတွေလို professional politician အဖြစ် အတတ်ပညာနဲ့နိုင်ငံရေးလုပ်တဲ့အဆင့်ကိုမရောက်သေးဘဲ လွန်ခဲ့တဲ့ နှစ် ၂၀- ကျနော်တို့ခေတ်ကလိုဘဲ့ စိတ်ဓါတ်နဲ့ လုပ်နေတဲ့ နိုင်ငံရေးအဆင့်မှာဘဲ့ရှိနေသေးတယ်လို့ ကျ နော် ခံစားမိပါတယ်။

ဒီအတွက် ကျနော်တို့ဘာတွေပြင်ဆင်ဖို့လိုမလဲ။ ၂၀၁၂-မှာ မပြင်နိုင်ရင်တောင် ၂၀၁၅-အမှီ တခုခုပြင်ဆင်နိုင်မလား။ လက်ရှိအမတ်တွေကို နိုင်ငံတကာပါလီမန်တွေဆီ လေ့လာရေးလွတ်တဲ့အပြင် နောက်ဖြစ်လာမဲ့အမတ်လောင်းတွေ။ အသက် ၂၀-တန်းလူငယ်တွေအတွက်ပါ စနစ်တကျ ကြိုပြင်ဖို့ လိုမနေဘူးလား။ ကျနော်တို့ရဲ့ နိုင်ငံရေးစနစ်တွေ။ ပညာရေးစနစ်တွေ။ စဉ်းစားပုံတွေကို အမြန်ဆုံး ပြောင်းလဲပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းရမဲ့အချိန်ကိုရောက်နေပြီမဟုတ်လားလို့ လွတ်တော်အမတ် တွေရဲ့ မတူညီတဲ့ လိပ်စာကဒ်တွေကိုကိုင်ရင်း ကျနော်စဉ်းစားနေမိပါတယ်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့