Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 4 June 2012

လက်စားဆိုတာ အချေမတတ်ရင်

  •  ၁၉၈၄ ခုနှစ်....အိန္ဒိယမှာ အင်ဒီရာ ဂန္ဒီ လက်ထက်က ကြယ်ပြာစစ်ဆင်ရေး Operation Blue Star ဆိုတာ ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေထဲက တစ်ခုကတော့ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီကိုယ်တိုင် အသတ်ခံခဲ့ရတာပါဘဲ ။ သူအသတ်ခံရပြီးနောက် သုံးရက်အတွင်းမှာ ဆစ်ခ် Sikh လူမျိုးတွေနဲ့ ဟိန္ဒူတွေအကြား ဗျင်းကြတာ အနည်းဆုံးလူ ၃ ထောင်လောက်သေတယ်။ သုံးရက်အတွင်းမှာ လူ ၃ ထောင်ဆိုတာ စဉ်းစားကြည့်ပါ။ ဒါအနည်းဆုံး ခန့်မှန်းချက်ကို ပြောတာ။ တစ်ချို့ကလည်း ငါးထောင်လောက် သေတယ်လို့ ဆိုတယ်။ အဖြစ်ရဲ့ အတိုချုံးက ဒီလို ။
  • Indira Gandhi ရဲ့ပုံ (စကားမစပ် အင်ဒီရာ ဂန္ဒီနဲ့ မဟတ္တမ ဂန္ဒီ ဘာမှ မတော်ပါ။ အင်ဒီရာရဲ့အဖေ ဂျဝါဟလာနေရူး Jawaharlal Nehru က အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ အင်ဒီရာဟာ Feroze Gandhi ဆိုတဲ့ သူနဲ့ အိမ်ထောင်ကျလို့ အင်ဒီရာ ဂန္ဒီ ဆိုတဲ့နာမည်ရလာတာပါ။ သူ့ယောက်ျားကလည်း မဟတ္တမ ဂန္ဒီနဲ့ ဘာမှမတော်ပါ။ မျိုးရိုးနာမည် တူတာသာဖြစ်ပါသည်။)
  • ပန်ဂျပ်ပြည်နယ် ( အနီရောင် )
  •                အိန္ဒိယမြောက်ပိုင်းမှာ (ပါကစ္စတန်နားကပ်လျက်) ဆစ်ခ် Sikh လူမျိုးတွေ အများစုနေတဲ့ ပန်ဂျပ် Punjab ဆိုတဲ့ ပြည်နယ်ရှိပါတယ်။ အင်္ဂလိပ်လက်ထက်မှာ ပန်ဂျပ်ပြည်နယ်ကြီးကို ၂ ပိုင်းခွဲလိုက်တယ်။ ဆစ်ခ်လူမျိုးတွေအများစုနေတဲ့အရှေ့ပန်ဂျပ်က အိန္ဒိယထဲမှာ ကျန်ခဲ့တယ် ။ မွတ်ဆလင်တွေများတဲ့ အနောက်ပန်ဂျပ်က ပါကစ္စတန်ထဲရောက်သွားတယ်။ အဲဒီ ပန်ဂျပ်ဒေသကြီးတစ်ခုလုံးဟာ ၁၈ နဲ့ ၁၉ ရာစုမှာ ပေါ်ပေါက်ခဲ့တဲ့ ဆစ်ခ် အင်ပါယာကြီးရဲ့ ဘူမိနက်သန် နေရာလည်း ဖြစ်ပါသတဲ့ ။ ဒီတော့ အရှေ့ပန်ဂျပ်မှာ ကျန်ခဲ့တဲ့ ဆစ်ခ်တွေဟာ သူတို့ပြည်နယ်ကို အိန္ဒိယကနေ ခွဲထွက်ပြီး သူ့တို့အခေါ် ကာလီစတန် Khalistan အမည်ရတဲ့ ဆစ်ခ် နိုင်ငံ ထူထောင်ချင်ကြတယ်။ အဲဒီလိုနဲ့ ဆစ်ခ်နိုင်ငံထူထောင်းရေးကို လုံးပမ်းတဲ့  Khalistan movement ဆိုတာ ပေါ်လာပါတော့တယ်။ အဲဒီ ကြိုးပမ်းမှုဟာ ၁၉၇၀ နဲ့ ၈၀ ကြားမှာ အားကောင်းလာတယ်။ ဆစ်ခ် ခေါင်းဆောင်တစ်ချို့ဟာ နိုင်ငံခြားတိုင်းပြည်တွေကို သွားပြီး ထောက်ခံမှုရှာကြသလို  တိုင်းပြည်ထဲမှာလည်း လက်နက်ကိုင်တဲ့ အထိဖြစ်လာတယ်။ ဒီတော့ အိန္ဒိယအစိုးရစစ်တပ်နဲ့ ထိပ်တိုက်တွေ့တော့တာပေါ့ ။ ဒီလိုနဲ့တစ်ဖက်နဲ့ တစ်ဖက် '' ပြသာနာတွေတက်၊ ပြသာနာတွေတက် ''  ဖြစ်ကြတာ နောက်ဆုံးတော့ အဲဒီ ကြယ်ပြာစစ်ဆင်ရေးမှာ အထွတ်အထိပ်ကို ရောက်သွားပါတော့တယ်။
ပါကစ္စတန်ထဲက ပန်ဂျပ်နဲ့ အိန္ဒိယထဲက ပန်ဂျပ်
  •               ကြယ်ပြာစစ်ဆင်ရေး ဖြစ်ရတဲ့ အကြောင်းကတော့ ဆစ်ခ် အစွန်းရောက် ခွဲထွက်ရေးသမားတွေဟာ ပန်ဂျပ်ပြည်နယ် Amritsar မြို့က ရွှေဘုရားကျောင်း Golden Temple ထဲမှာ လက်နက်တွေစုဆောင်းထားတယ် ၊ အဲဒီလက်နက်တွေနဲ့ အစိုးရကို ပုန်ကန်ဖို့ ကြံနေကြတယ်လို့ အိန္ဒိယအစိုးရကသတင်းရတာက စတာပါဘဲ ။ ရွှေဘုရားကျောင်းဟာ ဆစ်ခ်ဘာသာရေး အထွတ်အမြတ်နေရာတစ်ခုဖြစ်ပြီး ယနေ့ ခေတ်မှာတော့ အိန္ဒိယမြောက်ပိုင်းကို ရောက်တဲ့ တိုးရစ်စ်တိုင်း သွားကြည့်ရတဲ့ နေရာတစ်ခုပါ ။ ဆက်ပြောရရင် အိန္ဒိယအစိုးရက ဆစ်ခ် ခွဲထွက်ရေးသမားတွေကို  လက်နက်ချဖို့၊ ဘုရားကျောင်းထဲက အေးအေးဆေးဆေး ထွက်လာဖို့  ညှိနှိုင်းတယ်။ ဆစ်ခ်အကြမ်းဖက်သမားတွေကို ခေါင်းဆောင်သူက Janail Singh Bhindranwale ဆိုသူ။
ဆစ်ခ် လူမျိုး ခွဲထွက်ရေးသမားများကို ဦးဆောင်သူ Janail Singh Bhindranwale
  •               သူက ကာလီစတန်နိုင်ငံထူထောင်ရေးကို အသည်းအသန် အားပေးနေတာ မဟုတ်ပေမယ့် ထူထောင်ခွင့်ရခဲ့ရင်လည်း လိုလိုလားလား ထူထောင်မယ် လို့ အင်တာဗျူးတွေမှာ ဆိုခဲ့ဖူးတယ် ။ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီနဲ့ သူက အရင်တုန်းက နည်းနည်း သင့်သင့်မြတ်မြတ် ရှိခဲ့တယ်။ အရင်က အင်န္ဒီရာ ဂန္ဒီရဲ့ ကွန်ဂရက်စ်ပါတီ Congress Party အတွက် တက်တက်ကြွကြွမဲဆွယ်ပေးခဲ့သူလည်း ဖြစ်တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အကြမ်းဖက်လူသတ်မှုတစ်ချို့ကို ကြိုးကိုင်သူဆိုပြီးတော့ နာမည်ထွက်လာတဲ့ အတွက် သူနဲ့ ကွန်းဂရက်စ်ပါတီကြားမှာ ဆက်ဆံရေးတင်းမာလာခဲ့တယ်။ ဘုရားကျောင်းကိစ္စမှာ လက်နက်ချခိုင်းတော့ သူ့လက်အောက်ငယ်သားတွေထဲမှာ အစွန်းရောက်တွေရှိတာကြောင့် အကြိမ်ကြိမ်ညှိနှိုင်းပေမယ့် ဘယ်လိုမှ အဆင်ပြေတဲ့ အဆင့်ကိုမရောက်ခဲ့။
ယခု Golden Temple Complex
  •               ဒီလိုနဲ့ ၀န်ကြီးချုပ် အင်ဒီရာ ဂန္ဒီက စစ်တပ်ကို ဘုရားကျောင်းထဲ ၀င်စီးဖို့ အမိန့်ပေးတယ်။ ကာကွယ်ရေး ဦးစီးချုပ်က ''ဆစ်ခ်တွေ အင်မတန်အထွတ်အမြတ်ထားတဲ့ ရွှေဘုရားကျောင်းကို စစ်တပ်နဲ့ ၀င်တိုက်ရင် ဘာသာရေးနဲ့ အကြီးအကျယ်ငြိလိမ့်မယ်၊ ဒါကြောင့် တခြားနည်းစဉ်းစားပါ'' လို့ အကြံပေးမိတဲ့အတွက် ကာချုပ်ခမျာ အလုပ်က ပြုတ်သွားရတယ်။ ကာချုပ်သစ်က ၀န်ကြီးချုပ်အမိန့်အတိုင်း Operation Blue Star ဆိုတဲ့ နောက်ဆက်တွဲ လူထောင်ပေါင်းများစွာသေမယ့်၊ အိန္ဒိယရဲ့ သမိုင်းကြောင်းကို ပြောင်းမယ့် စစ်ဆင်ရေးကို စီစဉ်ပါတော့တယ်။ ၁၉၈၄ ဂျွန်လ ၃ ရက် ( တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပါလား ) မှာ အိန္ဒိယအစိုးရက ပန်ဂျပ်ပြည်နယ်ထဲမှာ ၃၆ နာရီကြာ နေ၀င်မီးငြိမ်းအမိန့် curfew ထုတ်တယ်။ မီးကိုဖြတ်ထားလို့ တလောကလုံး မှောင်နဲ့မည်းမည်း ။ ဘယ်မီဒီယာကိုမှ မ၀င်ရ ။ ရောက်နေပြီးသား မီဒီယာသမားတွေကို ချက်ခြင်းမောင်းထုတ်ပြီး ပြင်ပ ကမ္ဘာနဲ့ ပန်ဂျပ်ကို အဆက်ဖြတ်ထည့်လိုက်ပါတယ်။ ပြီးတော့ အိန္ဒိယတပ်က ဘုရားကျောင်းရှေ့ကနေ လက်နက်ချဖို့ မိုက်နဲ့ အော်ပါသတဲ့ ။ ဒါပေမယ့် အထဲက ဆစ်ခ်တွေကလည်း တုတ်တုတ်မှ မလှုပ်တဲ့အဆုံး စစ်တပ်က ၀င်စီးပြီး အပစ်အခတ်တွေ ဖြစ်ပါတယ်။
လက်ရှိ Golden Temple ပုံ

  •             တကယ်ကတော့ စစ်တပ်ရဲ့ ရည်ရွယ်ချက်က ဘုရားကျောင်းကို သိမ်းပိုက်ထားတဲ့ ဆစ်ခ်ခေါင်းဆောင်နဲ့ သူ့လူတွေကို တိုက်တာပါ။ ဒါပေမယ့် ဘယ်လိုကနေဘယ်လိုကြောင့် နေ့အရွေး Timing က မှားရသလဲ မသိ ။ ၀င်တိုက်တဲ့နေ့ဟာ ဆစ်ခ်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ ဘာသာရေးပွဲတစ်ခု ကျင်းပချိန်မို့ ဘုရားကျောင်းထဲမှာ ဘုရားဖူးတွေ အများကြီးရောက်နေချိန်ဖြစ်နေတယ်။ တိုက်ပွဲအပြီးမှာ အသေအပျောက်စာရင်းကို ကြေငြာတော့ထုံးစံအတိုင်း တစ်ဖက်နဲ့ တစ်ဖက် စာရင်းက မတူပါ ။ စစ်တပ်က တရားဝင်ထုတ်ပြန်ချက်ကတော့ စစ်ဖက်က အကျအဆုံး ၈၃ ယောက် ၊ အပြစ်မရှိတဲ့ ဘုရားဖူးတွေ အကျအဆုံး ၄၉၂ ယောက်  ၊ ဆစ်ခ် စစ်သွေးကြွတွေ အကျအဆုံး ၄၃၃ ယောက်ပါတဲ့ ။ တစ်ချို့စာရေးဆရာတွေရေးတာကတော့ အားလုံးအကျအဆုံးက ငါးထောင်လောက်။ တစ်ချို့သော မျက်မြင်သက်သေတွေ အပြောက ရှစ်ထောင်။
အရေးအခင်းကာလမှ ရွှေဘုရားကျောင်းပုံ
  •              အဖြစ်က ဒီမှာတင် ပြီးသွားတယ် ထင်ပါသလား ။ အဲဒီ ကြယ်ပြာစစ်ဆင်ရေးအပြီးမှာ စစ်တပ်ထဲက  ဆစ်ခ် လူမျိုး စစ်သားတွေဟာ ဒေါသဖြစ်ပြီး နှုတ်ထွက်ကုန်ကြတယ်။ အိန္ဒိယတစ်လွှားက ဆစ်ခ်လူမျိုးတွေ ဟိုနေရာထကြွ ၊ဒီနေရာပုန်ကန်နဲ့ဖြစ်လာတာကြောင့် အစိုးရစစ်တပ်က တစ်ခါ အလုပ်ရှုပ်ပြန်တယ်။ ဒီကြားထဲမှာ ၀န်ကြီးချုပ် အင်ဒီရာဂန္ဒီကို နီးစပ်သူတွေက အကြံပေးကြတယ်။
မင်းရဲ့ ဆစ်ခ်လူမျိုး ကိုယ်ရံတော် Satwant Singh ကို အလုပ်ဖြုတ်ပစ်လိုက်ပါ။ မင်းအသက်ကို အန္တရာယ်ပြုနိုင်တယ်။
  •             ဒါပေမယ့် အင်ဒီရာ ဂန္ဒီက ဆစ်ခ်တွေနဲ့ ဖြစ်နေတဲ့ ရန်ကြွေးကို ကြေရာကြေကြောင်း ရည်ရွယ်ပြီး မဖြုတ်ခဲ့ဘူး။ သူ့ကိုယ်ရံတော်ဟာ သူ့ဘေးမှာ နှစ်ပေါင်းများစွာ နေခဲ့သူတစ်ယောက် ၊ နိုင်ငံခြားခရီးတွေကိုပါ လိုက်ပါခဲ့တဲ့ လူရင်းတစ်ယောက်မို့ ဘယ်သူတွေက ဘာပြောပြော သူကတော့ ယုံကြည်အားထားကြောင်းပြခဲ့တယ်။ ဒါပေမယ့်  ကြယ်ပြာစစ်ဆင်ရေးအပြီး လေးလအကြာ ၁၉၈၄ အောက်တိုဘာ ၃၁ မှာ အဲဒီလူယုံသတ်လို့ဘဲ အင်ဒီရာ ဂန္ဒီ သေပါတယ်။ အင်တာဗျူးတစ်ခုအတွက် အိမ်နဲ့ကပ်နေတဲ့ ရုံးခန်းကို အသွား ခြံထဲဖြတ်လျှောက်လာတဲ့သူ့ကို သူ့လူယုံ Satwant Singh နဲ့ နောက် ဆစ်ခ် ဘော်ဒီကပ်တစ်ယောက်က ပစ်ထည့်လိုက်တာပါ။ ချက်ချင်းဆိုသလို အနားမှာ ရှိတဲ့ ကျန်တဲ့လုံခြုံရေးတွေက သူတို့ နှစ်ယောက်ကို ပြန်ပစ်တဲ့အတွက် Satwant Singh က နေရာတင် ပွဲချင်းပြီးသေပြီး သူနဲ့ ပူးတွဲလုပ်ကြံသူကိုတော့ အရှင်ဖမ်းမိ၊ နောက်ပိုင်းမှာ ကြိုးမိန့်ပေးလိုက်ကြပါတယ်။
                အင်ဒီရာ ဂန္ဒီကတော့ ၃၁ ချက်အပစ်ခံရတာမှာ အချက် ၃၀ ထိသွားတယ်။ အဲဒီထဲက ၂၃ ချက်က ခန္ဒာကိုယ်ကို ဖောက်ထွက်သွားပြီး ကျည် ၇ တောင့် ကတော့ ခန္ဒာကိုယ်ထဲမှာ ကျန်ခဲ့ပါတယ်။ လူယုံသတ်လို့ သေတယ်ဆိုတာ ဒါမှ အစစ်။

အင်ဒီရာ ဂန္ဒီရဲ့ နောက်ဆုံးခရီး ( မျက်မှန်နဲ့ အမျိုးသမီးက အင်ဒီရာရဲ့ ချွေးမ မူလက အီတလီသူ၊ ယခုလက်ရှိ ကွန်ဂရက်စ်ပါတီရဲ့ ဥက္ကဌ ဆိုနီယာ ဂန္ဒီ၊ သူ့ဘေးကတော့ အင်ဒီရာရဲ့ သား ရာဂျစ် ဂန္ဒီ ...သူလည်း အမေသေပြီး နောက်ငါးနှစ်အကြာ ၁၉၈၉ မှာ လုပ်ကြံခံရ )


  •            အင်ဒီရာ သေတဲ့နေ့ကစပြီး နောက်သုံးရက်တိတိဟာ ဆစ်ခ်လူမျိုးတွေအတွက် ကမ္ဘာပျက်တဲ့နေ့တွေဘဲ။ ကာလီစတန်တည်ထောင်မယ်တို့ ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့၊ စစ်သွေးကြွတွေ ရွှေဘုရားကျောင်းထဲမှာ လက်နက်စုဆောင်းပြီး အစိုးရကို ပုန်ကန်မယ်တို့ဆိုတာ သာမန်ဆစ်ခ်တွေတော်တော်များများနဲ့ ပတ်လည်းမပတ်သက်။ ကိုယ်တိုင်ပါဝင် ထောက်ခံကြတာလည်း မဟုတ် ။ ဒါပေမယ့် ခေါင်းဆောင်လုပ်ကြံခံလိုက်ရတဲ့ ဟိန္ဒူတွေဟာ သူတို့ရဲ့ ဒေါသတွေကို နီးစပ်ရာ ဆစ်ခ်တွေဆီမှာ ပေါက်ကွဲကြပါတယ်။  ဒီလိုနဲ့ အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရပြီး သုံးလေးရက်အတွင်းမှာ အိန္ဒိယမြောက်ပိုင်း၊ အထူးသဖြင့် ဒေလီမြို့တော်ကြီး တ၀ိုက်မှာ ဆစ်ခ်လူသတ်ပွဲကြီး ဖြစ်ပါတော့တယ်။အရင်က အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင် နေခဲ့ကြတဲ့ အိမ်နီးချင်းတွေ အချင်းချင်း ရက်ရက်စက်စက် ထသတ်ကုန်ကြပါတယ်။ ဟိန္ဒူတွေဟာ ဆစ်ခ်လူမျိုးပိုင် အိုးအိမ်ပစ္စည်းတွေကို ဖျက်ဆီးကြတယ်။ မီးရှို့ကြတယ်။ ဒီလိုအချိန်ဆိုရင် သိတယ်မဟုတ်လား.....ပစ္စည်းလုယူသူ တောကြောင်တွေကလည်း အကြိုက်တွေ့ လက်ခမောင်း ခတ်ကြပါတယ်။ ဆစ်ခ် အမျိုးသမီးတွေ မုဒိန်းကျင့်ခံရပြီး အသတ်ပါခံရတယ်။

                   အာဏာရ ကွန်ဂရက်စ်ပါတီကလည်း အစကတည်းကမှ ကျောင်းတော်က ရန်စတွေရှိထားသေး၊ အခုတစ်ခါ သူတို့ခေါင်းဆောင်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရလို့ ဒေါသဖြစ်နေသူတွေပီပီ မျက်စိရှေ့က လူသတ်ပွဲကို ( ပထမရက်တွေမှာ ) မဟန့်တား မဖြန်ဖြေတဲ့အပြင်  သတ်တဲ့လူတွေက ဆစ်ခ်လူမျိုးတွေကို ခွဲသိနိုင်ဖို့( ရှာရလွယ်အောင် ) အိမ်ထောင်စုစာရင်းတွေကိုပါ ထုတ်ပေးခဲ့တယ် လို့ သတင်းထွက်လာပါတယ်။ အဲဒီလူသတ်ပွဲမှာ ဘုမသိဘမသိနဲ့ ဆစ်ခ်လူမျိုး အနည်းဆုံး ၃၀၀၀ ထောင်လောက် သေပြီး ( တစ်ချို့ကလည်း ၄၀၀၀၊ တစ်ချို့က ၅၀၀၀ လို့ ဆိုတယ် ) ဆစ်ခ် နှစ်သောင်းကျော် ဒေလီက ထွက်ပြေးရတယ်။ အိန္ဒိယ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တစ်ခုကတော့ အိုးမဲအိမ်မဲ့ ဖြစ်သွားသူ ဆစ်ခ် ငါးသောင်းလောက်ရှိတယ်လို့ ဆိုပါတယ်။
၁၉၈၄ ဆစ်ခ် သတ်ဖြတ်ပွဲကြီး 1984 Anti-Sikh Riots မှာ ပုံရိပ်များ
  •            အင်ဒီရာ ဂန္ဒီ သေတဲ့နာရီပိုင်းအတွင်းမှာဘဲ သားဖြစ်သူ ရာဂျစ်ဂန္ဒီ Rajiv Gandhi က ၀န်ကြီးချုပ်အဖြစ် ကြမ်းကျိန်ပါတယ်။ ဒါပေမယ့် အမေကို ဆုံးရှုံးလိုက်ရတဲ့ ၀န်ကြီးချုပ်အသစ်စက်စက်ဟာ လူသတ်ပွဲကို ဟန့်တားဖို့နေနေသာသာ သူကိုယ်တိုင်တောင် ဆောက်တည်ရာ ရပုံမပေါ် ။ ရက်အတော်ကြာပြီးနောက် အင်တာဗျူးတစ်ခုမှာပြောတဲ့ '' သစ်ပင်ကြီးတစ်ပင်အလဲမှာ အောက်က မြေသားလှုပ်ခါသွားတာ သဘာဝပါဘဲ When a giant tree falls, the earth below shakes . ဆိုတဲ့ စကားအတွက်လည်း ရာဂျစ်ဂန္ဒီဟာ အတော်လေး ဝေဖန်ခံလိုက်ရပါတယ်။ ဆစ်ခ်တွေ သေကြေတာကို ပေါ့ပေါ့ပျက်ပျက် ပုံစံနဲ့ ပြောတယ် ဆိုပြီးတော့ပါ။

လုပ်ကြံခံရစဉ်က ၀တ်ထားတဲ့ (သွေးစွန်းနေတဲ့) ဆာရီနဲ့ အသုံးအဆောင်များ ( နယူးဒေလီမြို့က အင်ဒီရာ ဂန္ဒီအောက်မေ့ဖွယ် ပြတိုက်မှာ ပြထား )
  •            အဲဒီ ၁၉၈၄ က ဆစ်ခ် လူသတ်ပွဲကြီးမှာ ပါတဲ့လူတွေကို ဖော်ထုတ်ဖို့ဆိုပြီး အစိုးရက ကော်မရှင်ဖွဲ့ စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် တကယ့် လက်သည် တော်တော်များများကတော့ ပေါ်မလာပါ။ စစ်ဆေးမှုတွေကို မကျေနပ်လို့ ထပ် ထပ်ပြီး ဖွဲ့တဲ့ ကော်မရှင်တွေဟာ ဒီနေ့အထိဆို ၁၀ ခုထက်မနည်း ။ ဒီနေ့ထိလည်း တန်းလန်းအမှုတစ်ချို့ကျန်နေဆဲ ။ အိန္ဒိယအစိုးရဌာနတွေရဲ့ ခြစားမှု လာဘ်ပေးလာဘ်ယူဆိုတာကလည်း ကမ္ဘာမှာ နာမည်ကြီးမဟုတ်လား။ ဆစ်ခ်နဲ့ ဟိန္ဒူတွေကြားက ခါးသီးတဲ့ ခံစားချက်တွေကလည်း ယနေ့ထိ တောက်လောင်ဆဲ ..............။
  •            အခုလောက်ထိ အတိုချုံးရေးထားတာကို ဖတ်ကြည့်ရင် နိုင်ငံရေးအရ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို ခဏထားဦး ၊ အနည်းဆုံးတော့ အမုန်းကို အမုန်းနဲ့ တုန့်ပြန်တာ၊ အကြမ်းဖက်ပြီး ဒေါသကို ထွက်ပေါက်ပေးတာဟာ ပြသာနာကို ဖြေရှင်းတာ မဟုတ်ဘူးဆိုတဲ့ လိုရင်းကို မြင်မယ်လို့ ထင်မိပါတယ် ။
  •                အခုတလော Facebook မှာ မြင်လိုက်ရတဲ့ ရွှံနွံ့တွေကြား လွှင့်ပစ်ထားခြင်းခံခဲ့ရတဲ့ မိန်းကလေးရဲ့ ပုံဟာ မျက်စိထဲကမထွက်တာ အမှန် ။ သူ့ကို မသတ်ခင် ဘယ်လို လုပ်ခဲ့ကြတယ်ဆိုတဲ့ ခန္ဒာပေါ်က ဒဏ်ရာဒဏ်ချက်တွေအကြောင်းရေးထားတဲ့ သတင်းဟာလည်း ဦးနှောက်ထဲက မထွက် ။ ခံရသူရဲ့ အဖြစ်ကို ကိုယ်ဆိုရင် ဘယ်လို လုပ်မလဲ ၊ ကိုယ့်မိသားစုထဲက တစ်ယောက်ယောက်သာ အဲဒီလို ခံလိုက်ရရင် ဘယ်လို ခံစားရမလဲ လို့ တွေးမိပြီး အတွေးနဲ့တောင် တုန်လှုပ်မိတယ်။ ခံရသူရဲ့ မိဘဆွေမျိုးတွေ သောကဟာ ကိုယ့်ကို ကူးစက်လာသလို ခံစားရတယ်။ ပုထုဇဉ်ဆိုတာ စကားတစ်ခွန်းနဲ့ အကြောခံရတယ်ထင်ရင်တောင် တနုံ့နုံဖြစ်နေတတ်ကြတာ မဟုတ်လား ။ ဒီလောက် လူမဆန်အောင် ရက်စက်မှုကို ဘယ်သူက ဘာကြီးမို့လို့ အေးအေးသက်သာ ခံစားနေနိုင်မှာတဲ့လဲ ။
  •                  ဒါပေမယ့်လည်း အဆုံးထိ တွေးကြည့်ရင်တော့ လက်စားဆိုတာ အချေမတတ်ရင် ဖြစ်ပြီးသား ကြေကွဲစရာထက် ပိုကြေကွဲစရာတွေ ဖြစ်တတ်တယ် ဆိုတာ ငြင်းလို့မရပါဘူး ။ မဟတ္တမ ဂန္ဒီရဲ့ အကြမ်းမဖက်ရေး ၀ါဒဟာ ဒီနေ့ထိ ရှင်သန်နေတာ အကြောင်းမဲ့မဟုတ်ပါ ။ ဘယ်ဘာသာကမှ ( စစ်မှန်တဲ့ ဟောကြားချက်တွေကို ကြည့်ရင် ) ရန်ကို ရန်နဲ့ တုန့်ပြန်ဖို့ အားမပေး ။ မေတ္တာတရားကို မဟောတဲ့ ဘုရားလည်း မရှိပါဘူး။
                   ဆရာကြီးစတိုင်နဲ့ ဘေးက လေထွားရတာ လွယ်တာပေါ့၊ ဒါဆိုရင် တစ်ခုခုဖြစ်ရင် ငြိမ်ခံနေရမလားဟဲ့၊ ငါတို့ကို လာစော်ကားတာကို ဝေသန္တရာလုပ်နေရမှာလား လို့ မေးရင်တော့ အဲဒီလို ငြိမ်နေဖို့ ပြောတာ လုံးဝ မဟုတ် ။ မှန်ကန်တဲ့ တရားဥပဒေနဲ့ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အပြစ်ပေးရမှာပါ။ အဲဒီလို ပေးနိုင်ဖို့အတွက် တိုင်းပြည်မှာ '' စစ်မှန်ထိရောက်တဲ့'' တရားဥပဒေစိုးမိုးရေးရှိဖို့ လိုပါတယ်။ မရှိသေးရင် ရှိအောင်ကို လုပ်ရပါမယ်။ ဒီကြားထဲမှာတော့ ကိုယ့်ရဲ့ သောကကို မသမာတဲ့ တောကြောင်တွေက အသုံးချဖို့ ချောင်းရင် ချောင်းနေမယ်ဆိုတာကိုလည်း မမေ့လိုက်ပါနဲ့။
  •              ကိုယ့်ဒေါသကို မဆုံးနိုင်တဲ့ အမုန်းတွေ ထပ်ပွားပြီး  ဘုမသိဘမသိတဲ့ လူတွေရဲ့ အသက်တွေ ပျက်စီးဖို့ လမ်းမှာ ပေါက်ကွဲလိုက်ရတာထက် နိုင်ငံတစ်ဝှမ်းမှာ မတရားမှုတွေကို ရေရှည်ထိန်းချုပ်ထားနိုင်မယ့်၊ အပြစ်ရှိသူကို ထိုက်တန်တဲ့ အပြစ်ပေးနိုင်တဲ့  (အကျင့်ပျက်ခြစားနေတဲ့ လူတွေ မပါတဲ့) တရားဥပဒေစိုးမိုးရေးတစ်ခုရှိလာအောင် ကြိုးစားဖန်တီးရင်း ဖြေလျှော့လိုက်ရတာက အားလုံးအတွက် ကောင်းတဲ့ လက်စားချေနည်း မဟုတ်ပါလား ............။ 
                                     **********************************
P.s
အင်တာဗျူးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေထားတာတစ်ခုကို ( အရမ်းကြီး မဆိုင်ဘူးလို့ ထင်ချင် ထင်လို့ရပေမယ့် ) သတိရလို့ ထည့်ပေးလိုက်ပါတယ်။ အနှစ်သာရအားဖြင့်တော့ အတူတူပါဘဲ ။ အဲဒီအင်တာဗျူးကို တရုတ်ဘာသာကနေ မြန်မာပြန်ပေးထားတဲ့ သူကို ကျေးဇူးတင်ပါတယ်။

  • မေးသူ။    ။ ကျနော်ကြားဖူးတယ်၊ အန်တီက လစ်ဗျားလို အဖြစ်မျိုး မြန်မာပြည်မှာ မဖြစ်စေချင်ဘူးဆို၊ ဟုတ်လား။
ဒေါ်အောင်ဆန်းစုကြည်။   ။ ဘယ်အခြေအနေမျိုးမှာမဆို အကြမ်းမဖက်တဲ့ တိုက်ပွဲကို အန်တီအားပေးတယ်။ အန်တီတို့ အကြမ်းမဖက်တဲ့ လမ်းစဉ်ကနေ လုံးဝ သွေဖယ်မသွားတဲ့အကြောင်းကတော့ အကြမ်းမဖက်တဲ့ တိုက်ပွဲဟာ ရေရှည်မှာ ပိုကောင်းလို့ပဲ။ ဒီလမ်းစဉ်က အချိန်ပိုကုန်ချင်ကုန်မယ်၊ ဒါပေမယ့် သူ့နဲ့အတူ တွဲပါလာမယ့် ဒဏ်ရာတွေလည်း ပိုနည်းလိမ့်မယ်။ လစ်ဗျားရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို အချိန်အများကြီးပေးပြီး ကုစားရမှာ၊ အပေါ်ယံကြည့်လိုက်ရင် အရာရာ အနည်ထိုင်သွားပြီဆိုပေမယ့် မကျေနပ်ချက်တွေ၊ အမုန်းတရားတွေ၊ ရန်လိုမှုတွေက မမြင်ရတဲ့နေရာတွေမှာ ပလုံစီနေလိမ့်မယ်၊ အပြန်အလှန် သတ်ကြ ဖြတ်ကြပြီး လူတွေအများကြီး သေသွားကြပြီ၊ ဒါတွေ (နာကျင်မှုတွေ) က ချက်ချင်း ပျောက်သွားနိုင်တာမှ မဟုတ်ပဲ။。

“ချစ်ခြင်းသက်သေ လွမ်းသက်သေ”

“ချစ်ခြင်းသက်သေ လွမ်းသက်သေ” 
တောင်စွယ်တစ်ဖက်ကမ်း  နေတစ်ခြမ်းနှင့်
တိမ်ပန်းတစ်ခင်း  ရောင်စုံကျင်း၍
ရေခင်းသာယာ   လေညှင်းလာချိန်
သစ္စာပန်းခိုင်  အတူကိုင်၍
တိုင်တည်ခဲ့ဖူး    စေတီဦးမှာ
ဆုထူးပန်ဆင်  ပုံရိပ်သွင်းတို့
ရင်ထဲခုထိ   မြင်ယောင်မိဆဲ။
တောင်းဆုနေ့နေ့  ကောင်းမှုဖွေလည်း
မောင့်မှာတစ်မြေ   မေ့မှာတစ်ရွာ
ခြားခဲ့ပေမို့..............။
ထုံးဖြူဝင်းဝင်း    စေတီရင်းမှာ
လွမ်းချီမပီ  သီတော့မည်.......
ညနေချိန်တိုင်း  အာကာလှိုင်းဝယ်
ခိုငှက်မောင်နှံ  ၀ဲကာပျံလျှက်
တောင်ပံတွဲယှက်  အိပ်တန်းတက်သော်
သည်ငှက်တွေလို  ချစ်ကျွန်းညိုဝယ်
ကွန်ခိုတူယှဉ်   ထာဝစဉ်သာ
“နေချင်လိုက်တာ.......နော်........မောင်ရာ” တဲ့
သီတာခွန်းချို  ချစ်သူ့ဆိုစကား
နေညိုချိန်တိုင်း  ရမ်းရော်ကြားမိ။
ခုလိုအချိန်  နေမှိန်မှိန်ဝယ်
တိမ်လေအကြား ကျေးငှက်များကို
သက်ထားမျှော်ကြည့် ရင်မချိစွာ
သတိတရ  ရှိပေစွဟု
လွမ်းမျှော်စေတီ  ရင်ပြင်ဆီ၌
မျက်ရေဝေ့သီ  လွမ်းရော့မည်။
ကမ်းပါးတစ်ဖက်..............
ရန်ကင်းစေတီ  လှမ်းမျှော်ရည်၍
တူညီလက်စုံ  ဖူးခဲ့ပုံအား
အာရုံထဲတွင်  ထပ်ဟပ်ကြည်ရင်း
လေညှင်းနော့သွေး     ရင်မှာမအေးဆဲ
တွေးလျှက်ပူဆာ  တောင်းဆုဖြာလျှက်
အောက်မေ့ကာပင်  တရားမင်းလည်း
မရွှင်မလန်း  နေထိပန်းသို့
နွမ်းနေရော့မည်  တမ်းရော့မည်။
သြော်....  နေခြည်ဖြိုးဖျ  ချိန်ကာလတိုင်း
ရန်ကင်းစေတီ  ရင်ပြင်ဆီမှ
မျက်ရည်စမ်းစမ်း  ချစ်သူတမ်း၍
“မလွမ်းသူက  နေစိမ့်လှ”  ဟု
စိတ်ကမှတ်မည်  နိုးမိသည် “မ”
ရာသီသစ်သစ်  ကြာပြီဖြစ်လည်း
ချစ်ခြင်းသက်သေ  မပျက်လေကြောင်း
အနေဝေးကွာ  “ မ”  ဖြေသာဖို့
ကဗျာတစ်ပုဒ်  ရင်မှထုတ်လာ
သရုပ်ဖော်၍  ပို့လိုက်၏   *******

ဒီလိုမလုပ်လို့မရဘူးလေ

ရိုဟင်ဂျာသည် မြန်မာ တိုင်းရင်းသား မဟုတ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ပွဲတရပ်ကို ဇွန်လ ၁ ရက်နေ့က မြန်မာ နိုင်ငံသားများစုစည်းပြီး  ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  ဗြိတိသျှ ၀န်ကြီးချုပ် နေအိမ် တည်ရှိရာ အမှတ် ၁၀၊ ဒေါင်းနင်းလမ်းရှေ့တွင် ပြုလုပ်ခဲ့ကြသည်။
 “ လန်ဒန်မှာရှိတဲ့ ဗြိတိသျှ ၀န်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ အားလုံးစုပြီးတော့ တညီတညွတ်တည်းနဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေဟာ သမိုင်းတွေကို လိမ်ပြီးတော့ သူတို့တွေဟာ ဗမာနိုင်ငံမှာ မူလ တိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ် ဆိုပီး အရေးဆိုနေတဲ့ကိစ္စကို သူတို့တွေဟာ လိမ်နေတာ ဖြစ်ပါတယ်။ မြန်မာ တိုင်းရင်းသား လူမျိုးစု အမှန်အကန် မဟုတ်ပါဘူး ဆိုတာကို မြန်မာ တိုင်းရင်းသားတွေ အကုန်လုံးက တညီတညွတ်တည်းနဲ့  လာရောက်ပြီးတော့  ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ တကွ MP တွေ၊ ကမ္ဘာတ၀ှမ်းက လူတွေ သိရှိအောင်လို့ ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ပြောခွင့်ရ အမျိုးသမီး ဒေါ်မေသက်မွန်က ပြောသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြားသား တချို့သည်  ရိုဟင်ဂျာများဘက်မှ ထောက်ခံပေးနေခြင်း အပေါ် အခြေအနေမှန်ကို သိစေလို၍လည်း ယခုလို  ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။
“ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင် ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိသျှ ၀န်ကြီးချုပ်အပါအ၀င် ဗြိတိသျှ အမတ်တွေနဲ့ တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ ခုလို လုပ်ရတာ ဖြစ်ပါတယ်။”
၎င်းပြင် တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှ ပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်း စုကြည်အား ဖိအားပေးပြိး ရိုဟင်ဂျာကို တိုင်းရင်း လူမျိုး တစ်မျိုး အဖြစ် အသိအမှတ်ပြုအောင် စီစဉ်နေသည်ဟု ဆိုသည်။
“ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီး သူတို့တွေဟာ မြန်မာ နိုင်ငံရဲ့ လူမျိုးစု တခု ဖြစ်တယ်။ ဗမာ အစိုးရကသော်၎င်း၊ ဗမာလူမျိုးတွေကသော်၎င်း၊ ရခိုင်လူမျိုးတွေက သော် ၎င်း၊ သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့  တစာစာအော်ပြီးတော့ ဗြိတိသျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် လက်ခံအောင် ပြောမယ့် ကိစ္စတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည် သဘောပေါက်လာအောင် ကျွန်မတို့က အသိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဒီရိုဟင်ဂျာ အရေး ကိစ္စဟာ မြန်မာနိုင်ငံ အတွက် ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့ မေးမြန်းရာ သူမက ယခုလို ပြောသည်။
 “ ဒီကိစ္စဟာ ဘာသာရေးကိစ္စလည်းမဟုတ်ပါ။ လူ့အခွင့်အရေးကိစ္စလည်း မဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ ဒီပြဿနာဟာ အထူး အရေးကြီးတဲ့ အဆင့်ကို ရောက်လာတယ်။ ဘယ်လောက်ထိ အရေးကြီးလဲဆိုရင်  နိုင်ငံရဲ့ နယ်နိမိတ်၊ နိုင်ငံရဲ့ အချုပ် အခြာ အာဏာ၊ မိမိနိုင်ငံရဲ့ အမျိုးသားရေးကိုထိ ထိခိုက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ကို ဗြိတိသျှ ကိုလိုနီခေတ်ကတည်းကပင် သူတို့တွေဟာ လယ်ယာမြေ လုပ်သားတွေအဖြစ် ၀င်ရောက်နေထိုင်တယ်။ ရခိုင်တွေကလည်း သူတို့ကို ဧည့်သည်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်းနဲ့ လောဘကြီးလာပြီး ရခိုင်ပြည်ကို သူတို့ပြည်၊ သူတို့ဟာ ရခိုင်တွေထက် ဒီမြေမှာ အယင်ကတည်းကပင် ရောက်နေတဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ လိမ်လည်တဲ့ သတင်းတွေကို ထုတ်လွင့်တယ်။ လူတွေကို အယုံသွင်းတယ်။ ဒါကြောင့်မို့လို့ တချို့ မြန်မာ့သမိုင်းကို နား မလည်တဲ့သူတွေက သူတို့ပြောတာကို ဟုတ်လေသယောင်၊ နားယောင်ကြပါတယ်။ သူတို့ဟာ ဧည့်သည်ကို အိမ်ရှင်က စော်ကားတာထက် ပိုဆိုးနေပါတယ်။ အဲဒီလို အခြေအနေကြောင့်မို့  ဒီကိစ္စဟာ ရခိုင်တမျိုးသားလုံးအတွက် အရေးသာမဟုတ်၊ မြန်မာ တစ်နိုင်လုံး အတွက်ပါ အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွား မြန်မာ လူမျိုးများ ရှိကြောင်း၊ သူတို့ အနေဖြင့်  မြန်မာနိုင်ငံသား အဖြစ်ဖြင့် ပျော်ရွင်စွာ  နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်း သူတို့ကဲ့သို့  နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအဖြစ် ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများ  အနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်း ကန့်ကွက်စရာ မရှိပါကြောင်း၊ သို့သော်သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကို သူတို့ ပြည်နယ် ဖြစ်ကြောင်း မဟုတ်မတရား သမိုင်းလိမ်များဖြင့် ကမ္ဘာတွင် လိမ်လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ အပါ အ၀င် မြန်မာနိုင်ငံ ပြည်ထောင်စု တိုင်းရင်းသားများ ၁၃၀ ကျော်ခန့်  တက်ရောက်ခဲ့ကြသည်။
၎င်းအပြင် ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူအားလုံးက အချက် ၉ ချက်ပါ လန်ဒန်ကြေငြာစာတမ်း London Declaration 2012 ကို တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဗြိတိသျှ ၀န်ကြီးချုပ်ထံ ပေးပို့ ခဲ့ကြသည်ဟု သိရသည်။

ဆရာမျိုးဟန်ကို - 2012, June လ အတွက် ဗေဒင် ဟောစတမ်း

http://kophyo.nazuka.net/baydin.gif
ဆရာမျိုးဟန်ကို - 2012, June လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း သင့်ရဲ့ရည်မှန်းချက်တွေ လိုအင်ဆန္ဒတွေ ပြည့်မှာမဟုတ် သေးပါဘူး။ စိတ်အလို မကျတာတွေ စိတ်တိုင်း မကျတာ တွေနဲ့ဖြစ်နေမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှုမရှိသော်လည်း စကားပြောဆိုမှုများနှင့် ပက်သက်၍ စိတ်ညစ်နေရမည်။

ဒီလအတွင်းမှာ သူတစ်ပါးအတွက်နဲ့စိတ်ညစ်နေရမည်။ ယခုလအတွင်း ငွေကြေးများ ရသလောက် ကုန်ကျမှုများနေမည်။ မစုမိသော အချိန်ဖြစ်ပါ သည်။ ဝင်သလောက် ကုန်ကျမှုများ ရှိနေပါသည်။

ခရီးယာယီကိစ္စများ သွားနေရမည်အဆင်ပြေမည်။ ပညာရေးမှာ တိုးတက် သော လမ်းစပေါ်လာမည်။ အချစ်ရေးမှာ ချစ်သူရှိသူများ စကားပြောဆို ဆင်ခြင်ပါ။ ချစ်သူနှင့်ခွဲရကိန်းရှိပါသည်။ အိမ်ထောင်ရေးမှာ စကားသာ များနေ ပေမဲ့ အခုလအတွင်း အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်း ၊ အကြောတက် ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် အမွှေးတိုင် ၅ တိုင်ကို တနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်းလိုက်ပါ။
ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 6 5 8 5

၂။ တနင်္လာ သားသမီးများ အတွက်

ယခုလအတွင်း ကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ မိမိရည်ရွယ်နေသာ စိတ်ကူးများ အဆင်ပြေလာမည်။ စနစ်တကျနဲ့ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စီးပွားရေး လုပ်ငန်းများ တိုးတက်အောင်မြင်မှု ရှိလာမည်။

စမ်တူကိစ္စများ အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် ငြိုငြင်မှုခံရမည်။ သတိထားပါ။ ငွေကြေးကိစ္စများ အဆင်ပြေနေသာအချိန်လေးပါ။ ရအောင်သာ စုပေ တော့ ကူညီသူ ပေါ်မည်။

မိသားစု အိမ်တွင်းရေး ကိစ္စများ ကောင်းသော အပြောင်းအလဲ တစ်ခုခု ဖြစ်ပေါ်မည်။ ပညာရေး မှာ ကြိုးစားအားထုပ်မှု နည်းနေသော အချိန်လေး ဖြစ်ပါသည်။

ခရီးသွားမည့် ကိစ္စများ အဆင်မပြေသေးပါ။ အချစ်ရေးမှာ အဆင်ပြေနေသော ဘဝလေးသို့ ပြသာနာများ ဝင်ရောက် လာမည်။ ဒီလအတွင်း အိမ်ထောင်ရေးမှာ မိသားစု ပျော်ရွှင်နေမဲ့ အချိန်လေးပါပဲ။ ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်မည်။

ယတြာ = တနင်္လာနေ့ နံနက်ပိုင်းတွင် သရက်သီး ၃ လုံးကို မိမိနေအိမ်ရှိ ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန်အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 2 2 7

၃။ အင်္ဂါသားသမီးများ အတွက်

ဒီလအတွင်း လိုရာ ဆန္ဒတွေဟာ နောက်ကျပြီး အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်လို့ ပုံမှန်လေး အဆင်ပြေနေမည်။ ရုတ်တစ်ရက် ဆိုသလို အလုပ်ကိစ္စနဲ့ စကားအနည်းငယ်များရမည်။ ဒီလအတွင်းမှာ အလုပ်အကိုင် ကိစ္စများ အနည်းငယ် စိတ်ညစ်နေရမည်။ သူတစ်ပါးကိစ္စများကို ကူညီဆောင်ရွှက်ပေးနေရမည်။

စီးပွားရေး ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ အဆင်ပြေနေမည်။ ငွေကြေးကိစ္စများနှင့် စိတ်ပျော်ရမည်။ သူတစ်ပါးအတွက်နဲ့ ရုတ်တစ်ရက် ငွေကုန်ကျမှုများ ရှိပါသည်။

ခရီးကိစ္စများ အဆင်ပြေနေမည်။ အချစ်ရေးမှာ ချစ်သူအသစ် အချစ်အသစ်ကို တွေ့ရမည်။ အိမ်ထောင်ရေး ကတော့ အဆင်ပြေပြီး စကားများနေမည်။ ယခုလကျန်းမာရေးမှာ ဗိုက်နာ ၊ ဗိုက်အောင့် ၊ ခါးနာဖြစ်မည်။

ယတြာ = အင်္ဂါနေ့ နံနက်ပိုင်းတွင် နေအိမ်ဘုရားတွင် မိမိနှစ်သက်သော အဖြုရောင်ပန်း ၉ ပွင့်ကို တင်လှူ၍ ကံကောင်းလာ စေရန်အတွက် ဆုတောင်းပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 7 4 8

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပုံမှန်အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ စီးပွားမတက်သလို စီးပွားမကျသေးပါ။ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အောင်မြင်ဖို့အတွက် လမ်းစပေါ်လာမည်။ ယခုလအတွင်း အလုပ်ကိစ္စများ အတွက်နဲ့ စိတ်တိုင်းမကျသော်လည်း အနည်းငယ် အဆင်ပြေလာမည်။ စမ်တူကိစ္စများ အဆင်မပြေသေးပါ။

ငွေကြေး ကိစ္စများ အတွက်နဲ့ စိတ်ပူပင်နေရမည်။ ရသမျှကုန်နေမည်။ မစုမိသေးပါ။ ငွေဝင်နေမည်။ မိသားအတွင်းမှ ကူညီသူပေါ်မည်။ ရုတ်တစ်ရက် ငွေဝင်ပြီး ရုတ်တစ်ရက် ကုန်နေမည်။ ကြွေးတင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်မဖြစ်တတ်ပါသည်။ အိမ်မက်ကောင်း မက်လာမည်။ ထီကံစမ်းပါ။

ယခုလအတွင်း ပညာရေးကိစ္စများ ကြိုးစားနေရသော အချိန်လေးပါ။ ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ အဆင်မပြေပဲဖြစ်နေမည်။ စကားများနေရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်
မိမိအိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။ ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် ဇီးသီး ၈ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 9 1 0 5

၅။ ကြာသပတေး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ အတိုက်အခံများကို အောင်မြင်လာမည်။ အလုပ်အတွင်း ကောင်းသောကိစ္စများ တိုးတက်ပြောင်းလဲ လာမည်။ အဆင်ပြေလာမည်။ အလုပ်များ အဆင်ပြေလာသော်လည်း စိတ်တိုင်းမကျသေးပဲ ဖြစ်နေမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ချေးဌားခြင်း ခဏရှောင်ပါ။ စိတ်ညစ်ရတတ်ပါသည်။ လူမှုရေး ကိစ္စများတွင် ကူညီပေးနေရမည်။ ဘာသာရေး ကိစ္စများ အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ ရွှေဝင်မည်။ မိသားစု အတွင်းလူဝင်လာမည်။ စနေနံကိစ္စများ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်မပြေ ဖြစ်တတ်ပါသည်။ အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေလာမည်။ ဝေးကွာ နေရသော ချစ်သူများ ပြန်လည် ဆုံဆည်းခွင့် ရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း သူတစ်ပါးအတွက်နဲ့ စကားများ နေရမည်။

အခုလအတွင်း ကျန်းမာရေးမှာ စက်ပစ္စည်း ထိမိခိုက်မိ ဖြစ်မည်။ ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် သောက်တော်ရေ ၄ ခွက် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 8 2 0 7

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ယခုလအတွင်း ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်မည်။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ မိသားစု အတွင်း ကျန်းမာရေးညံ့မည်။ အထက်လူကြီးနဲ့ တိုင်ပင်၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။

စီးပွားရေးကိစ္စတွေမှာ ကူညီသူများ ရှိနေသော်လည်း စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ စုမိအောင် ကြိုးစားပါ။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေပါသည်။ ပညာရေး တိုးတက်လာမည်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ရမည်။ အချစ်ရေးမှာ ဒုတိယ ချစ်သူနဲ့ အဆင် မပြေပါ။ စကားများနေရမည်။

အိမ်ထောင်ရေးမှာ စကားများနေပေမဲ့ အဆင်ပြေ ပါသည်။ အခုလအတွင်း ကျန်းမာရေးမှာ ထိမိခိုက်မိခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။ ယတြာ = မိမိနေအိမ်ဘုရားတွင် မိမိနှစ်သက်သော မုန့် ၃ မျိုးကို စနေနေ့ သောကြာနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။ ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 3 0 4 6

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း ရည်မှန်းချက် ရည်ရွှယ်ချက်များကို ကြိုးစား လုပ်ဆောင်သင့်သော အချိန်လေးပါ။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်လို့ အဆင်ပြေနေသော အချိန်လေးပါ။ အထက်လူကြီးနဲ့ လုပ်ကိုင်ရာတွင် ဂရုစိုက်၍ ဆောင်ရွှက်လိုက်ပါ။ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများကတော့ အဆင်ပြေပါသည်။ စမ်တူကိစ္စများ အဆင်ပြေနေမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ ငွေးကြေးများ စုမိသော အချိန်လေးပါ။ ခရီးကိစ္စများ သွားလာမှု အဆင်ပြေနေမည်။ မိသားစုအတွင်း အလှူအတန်းများ ဘာသာရေးကိစ္စများ ပြုလုပ်ဆောင်ရွှက် ရမည်။ အချစ်ရေးမှာ အဆင်မပြေသေးပါ။

အိမ်ထောင်ရေးမှာ ပျော်ရွှင်သော နေ့ရက်လေးတွေကို ပိုင်ဆိုင်ခွင့်ရရှိနေမည်။ ယခုလ ကျန်းမာရေးမှာ သွေးအားနည်းခြင်း ၊ စိတ်ပန်းခြင်း ဖြစ်မည်။ ယတြာ = နေအိမ်ဘုရားတွင် နို့ ၅ ခွက်ကို စနေနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် တင်လှူ၍ ကံကောင်းလာစေရန်အတွက် ဆုတောင်းပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 8 7 0

ရယ်ရွှင်မြူးမယ့်ကျေးလက်ရွာ > ဟိုးအတိတ်က မြန်မာ

အဖိုး - ငါ့မြေး.. ဒီနေ့ဘယ်မှမသွားဘူးလား..
မြေး - အဖိုး ဒီနေ့တနင်္ဂနွေနေ့ကျောင်းပိတ်တယ်။ အပြင်လည်းထွက်မဆော့ချင်ဘူး။ အိမ်မှာရှိတဲ့ MPS 9 (Myanmar Play Station 9) ကလည်း ဆော့ရတာပျင်းလာပြီ။ အဲဒါဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ..
အဖိုး - ဒီမှာထိုင်ကွယ့်.. အဖိုးတို့ငယ်ငယ်တုန်းက ဘယ်လိုနေခဲ့ရတယ်ဆိုတာပြောပြမယ်..
မြေး - ဘယ်လိုမျိုးလဲ???
အဖိုး - ဒီလိုကွယ်.. အဖိုးတို့ငယ်ငယ်တုန်းကဆို တယ်လီဖုန်းဆိုတာ သိပ်ရှားတာကွဲ့.. ဟမ်းဖုန်း တစ်လုံးကို ရွှေ ၅ကျပ်သားလောက်တောင် ပေးဝယ်ခဲ့ရတာတွေရှိဖူးတယ်။
မြေး - ဟာ.. ဟုတ်ပါ့မလား။ ကျနော်ဖြင့်နေ့တိုင်းကျောင်းသွားတိုင်း ကျောင်းထိပ်မှာ မေရီချက်မင်း ဖုန်းကုမ္ပဏီကနေ့တိုင်းဖုန်းကဒ် အတင်းလိုက်ပေးနေတာ မယူချင်မှအဆုံးပဲ။ အထဲမှာ ၁လစာ ဖုန်း၊ 7G အင်တာနက် အကြိုက်သုံးဖို့ ပါပြီးသား။ နံပါတ်ပြောင်းမှာစိုးလို့ မယူတာလေ.. ဟဲ..ဟဲ.. လာပေးတဲ့ကောင်မလေးကချောရင်တော့ အားနာပါးနာယူထားလိုက်တယ်။ ဘဲတွေဆိုရင်တော့ ဆောရီးပဲ..
အဖိုး - ဟုတ်ပါ့ကွယ်.. အဲဒီတုန်းက အခုသုံးတဲ့ "ချောင်" ငွေမဟုတ်သေးဘူး။ ကျပ် ငွေ။ နောက်ပိုင်းမှ ပိုက်ဆံက နာမည်ကစီးပြီး တိုင်းပြည်စီးပွားရေးကျပ်နေတယ်ဆိုပြီး သမ္မတ ကုဋေစိန် လက်ထက်မှပြင်သုံးတာ။ အဲဒီတုန်းက ဖုန်းတစ်ကဒ်ကို ကျပ်ငွေ ၁၅ သိန်း၊ သိန်း ၂၀ လောက်ပေါက်တာ။
မြေး - သိန်းဂဏန်းဆို ငွေက များလှချည်လား။ ဟိုကျွန်းလေး နာမည်ဘာတဲ့.. သိပြီ... အင်္ဂလန်ဆိုတာ အဲဒီမှာသုံးတဲ့ ပိုက်ဆံအတိုင်းပဲ။ အဲဒီကပိုက်ဆံ မြန်မာငွေ ၁ ချောင်ဆိုရင် သူတို့ပိုက်ဆံ ၂၀၀၀ ကျော်တယ်ဆိုပဲ။ သူငယ်ချင်းတစ်ယောက်ပြောတာ။ သမိုင်းထဲမှာတော့ အဲဒီက ကျွန်းက အရင်တုန်းက တစ်ကမ္ဘာလုံးကို လူစွာလုပ်ခဲ့တာဆိုပဲ..
အဖိုး - အဖိုးရဲ့အဖိုးတွေ လက်ထက်တုန်းကနေ အဖိုးတို့လက်ထက်အထိ အဲဒီ အင်္ဂလန်ဆိုတာ ကမ္ဘာမှာနာမည်ကြီးပဲ။ နောက်တော့ ဥရောပမှာ စီးပွားပျက်ကပ်ကြီးဖြစ်ပြီး ဘုန်းဘုန်းလဲတော့ မြေသယံဇာတ၊ သဘာဝသယံဇာတ သိပ်မပြည့်စုံတော့ အခုထိ ဆင်းရဲတွင်းကမတက်နိုင်ဘူး။ ဟိုအမေရိကန်ကတော့ ဆင်းရဲတယ်ဆိုပေမယ့် သူ့ထက်တော့ လူမွေးပြောင်သေးတယ်။ အဖိုးတို့ငယ်ငယ်တုန်းကဆို မြန်မာနိုင်ငံကဆရာဝန်တွေ အားလုံးနီးနီးက အင်္ဂလန်မှာပဲဘွဲ့လွန်ပညာသွားသင်ကြတာ။ အခုတော့...
မြေး - အရင်တုန်းကတော့ မသိဘူး။ အခုတော့ အင်္ဂလန်က ဘွဲ့ရ MRCP ဆိုတာတွေ ဒီမှာ အရေးပေါ်ဆရာဝန်လာလုပ်တာ အဆင်မပြေပါဘူးဗျာ။ ဟိုတစ်နေ့က သူငယ်ချင်းတစ်ယောက် စကိတ်စီးရင်းချော်လဲတာ ဆေးရုံသွားတာ အရေးပေါ် လက်ထောက်ဆရာဝန်က အင်္ဂလန်ကဖြစ်နေတယ်။ မြန်မာလိုလဲ တစ်လုံးစ နှစ်လုံးစ၊ မတောက်တခေါက်နဲ့.. ဘယ်လိုမေးမြန်းနေလဲမသိဘူး။ ဘေးနားက မြန်မာလို နည်းနည်းတတ်တဲ့ အမေရိကန်သူနာပြုမလေးက ဝင်ကူလို့ နောက်ပြီး ခဏနေတော့ အရေးပေါ်အဖွဲ့ခေါင်းဆောင် M.B.,B.S မြန်မာဆရာဝန်တစ်ယောက် ရောက်လာမှ အဆင်ပြေသွားတာ။ အစိုးရအနေနဲ့ မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် လိပ်ပတ်လည်အောင် မပြောတတ်တဲ့ သူတွေကို တခြားနေရာတွေမှာခန့်တာ မပြောလိုပါဘူး။ ဒီလို လူနာနဲ့ဆက်ဆံပြီးစကားပြောရတဲ့နေရာတွေမှာ IMLTS (International Myanmar Language Testing System) အမှတ်ကောင်းတဲ့သူတွေပဲခန့်သင့်တယ်။ လုပ်အားခ ဈေးပေါတယ်ဆိုပြီး ခိုင်းကောင်းတိုင်း ခန့်နေတယ်။
အဖိုး - အော်.. တခြားမကြည့်နဲ့လေ.. မင့်အစ်ကို ဆရာဝန်ကိုလည်း ကြည့်ပါဦး။ ပုသိမ်လောက်သွားခိုင်းရင်တောင်မသွားချင်ဘူး။ ဟိုနိုင်ငံခြားက ဆရာဝန်တွေကတော့ ဟိုး.. ပူတာအို၊ ဖလမ်း၊ တီးတိန် တို့လည်းသွားတာပဲ..။ အဲဒီတော့ အစိုးရ နဲ့ NGO တွေလည်း နိုင်ငံခြားက ဆရာဝန်တွေ သွင်းရတာပေါ့..
မြေး - ဒါနဲ့ သူနာပြုမလေးဆိုမှ သတိရတယ်။ အမေရိကန်ကျတော့ နိုင်ငံကြီးပြီး သယံဇာတလည်း ထိုက်သင့်သလောက်ရှိပေမယ့် ဆင်းရဲတယ်နော်..
အဖိုး - အင်း..သူလဲ တစ်ချိန်က ကမ္ဘာ့ နံပါတ် ၁ ပဲ။ နောက်တော့ အကြွေးတွေတင်ရတဲ့ကြားထဲ စီးပွားပျက်ကပ်နဲ့ကြုံ၊ အကြမ်းဖက်ဗုံးခွဲတာတွေဆက်တိုက်ဖြစ်၊ နိုင်ငံရေး မတည်ငြိမ်တော့ ဆင်းရဲသွားတာ။ အခုထိလည်း မတည်ငြိမ်သေးတော့ လိမ်ဖယ်လိမ်ဖယ်ပဲပေါ့..
မြေး - ဒါနဲ့သူတို့ဆီမှာ အရင်တုန်းက အခု တစ်ကမ္ဘာလုံးသုံးနေတဲ့ "စပ်စုစိန်" Search Engine လိုမျိုးရှိတယ်ဆို.. နောက် "ရပ်ကွက်" လိုဆိုဒ်မျိုးလဲရှိသေးတယ်ဆို..
အဖိုး - အဖိုးတို့ငယ်ငယ်တုန်းက Search Engine ဆိုရင် Google, Social Network ဆိုရင် Facebook အားလုံးက အမေရိကန်ကထုတ်တာချည်းပဲ။ နောက်တော့ ဒီက ဘုန်းကြီးကျောင်းသားကုမ္ပဏီက စပ်စုစိန် ဆိုပြီးထောင်လိုက်တ။ နောက် ရပ်ကွက်ထဲမှာ သတင်းတွေ၊ အတင်းတွေတုပ်ကြတာကို နမူနာယူပြီး "ရပ်ကွက်" ဆိုတာပေါ်လာပြီး facebook ကို စီးပွားပျက်ကပ်နဲ့ရောပြီး ကန်ချလိုက်တာ ပြန်တက်မလာတော့ဘူး။
မြေး - အဲဒါတွေက စပ်စုစိန်တို့ ရပ်ကွက်တို့လောက် ကောင်းလို့လား???
အဖိုး - အဲဒီတုန်းကတော့အင်တာနက်သုံးတဲ့သူတိုင်း တမ်းတမ်းစွဲသုံးကြတာပဲ..။ နောက်ပြီး အခုတစ်ကမ္ဘာလုံးကို မြန်မာကနေတင်ပို့နေတဲ့ ဖိုးဝရုပ်ဖုန်းတို့၊ နာနတ်သီးဖုန်းတို့၊ ကျွဲကောသီး လက်ပ်တော့တို့မတိုင်ခင်က စက်ရုပ်တို့၊ ပန်းသီးတို့လည်း နာမည်ကြီးခဲ့တာပဲ။
မြေး - ပန်းသီးကွန်ပျူတာတော့မြင်ဖူးတယ်။ ကျောင်းက ခေတ်ဟောင်းကွန်ပျူတာတွေပြခန်းမှာ။ ဒီဇိုင်းက တော်တော်တုံးတာပဲနော်..။ အဲဒါကြောင့်လည်း နောက်ကောက်ကျသွားတာနေမှာ..
အဖိုး - အဲဒီတုန်းကတော့ သူကအကောင်းဆုံးဒီဇိုင်းပဲ။ နောက်တော့ မြန်မာကထုတ်တဲ့ ကျွဲကောသီးကို ဒီဇိုင်းရော၊ ကွာလတီပါမယှဉ်နိုင်တော့ တဖြည်းဖြည်း လုံးပါးပါးသွားတာပဲ..နောက်သူ့ပန်းသီးဖုန်းနေရာကို ဒီကနာနတ်သီးဖုန်းက နေရာလည်းဝင်ယူလိုက်ရော ကုမ္ပဏီလည်း ဒေဝါလီခံရောပဲ..
မြေး - ဒါဆို စက်ရုပ်ဆိုတာကရော..???
အဖိုး - စက်ရုပ်ဆိုတာ အရင်က ဖုန်းတွေမှာအသုံးများတဲ့ စနစ်တစ်ခုပေါ့.. သူက လူသုံးများလာပေမယ့် သူ့မှာသုံးတဲ့ ဂျာဗားဆိုတာ နှေးတယ်လေ.. နောက်ပိုင်း ဒီကထုတ်တဲ့ ရွှေပလောင် programming language လည်း စင်ပေါ်ရောက်လာရော သူလည်းတဖြည်းဖြည်း လူမသုံးတော့သလောက်ဖြစ်သွားတာပဲ.. အဲဒီနောက် ရွှေပလောင်ကိုအခြေခံတဲ့ ဖိုးဝရုပ်က စက်ရုပ်နေရာ ဝင်ယူလိုက်တာပဲ.. လက်ဖက်ရည်က ကော်ဖီခွက်နေရာ အစားဝင်ယူလိုက်တာပေါ့ကွယ်..
မြေး - အဖိုးပြောပုံဆို အဖိုးတို့ငယ်ငယ်တုန်းက မြန်မာက တော်တော်မျက်နှာငယ်မှာပဲနော်..
အဖိုး - မျက်နှာငယ်ရုံတင်ဘယ်ကမလဲကွယ်.. သူများနိုင်ငံတွေမှာအလုပ်သွားလုပ်ကြရတာ.. တရားဝင်ကော.. တရားမဝင်ကော..
မြေး - ဘယ်နိုင်ငံတွေကို အလုပ်သွားလုပ်ရတာလဲ???
အဖိုး - ထိုင်းတို့၊ စင်ကာပူတို့၊ မလေးရှားတို့ပေါ့ကွယ်..
မြေး - စင်ကာပူဆိုတာ.. ဟိုး ကျွန်းသေးသေးလေးမဟုတ်လား?? သူ့နိုင်ငံက ဘာရှိလို့သွားလုပ်ကြတာလဲ?? အခုသူတို့နိုင်ငံမှာတောင် လုပ်စရာအလုပ်မရှိလို့ တစ်နေ့တစ်နေ့ ကော့သောင်းဂိတ်မှာဆိုရင် ခိုးဝင်တဲ့ စင်ကာပူနိုင်ငံသားတွေ နေ့တိုင်း ၁၀၀ လောက်ဖမ်းမိနေတာကို..
အဖိုး - အဲဒီတုန်းကတော့ သူ့နိုင်ငံက ဒီပတ်ဝန်းကျင်မှာ အတိုးတက်ဆုံးပဲ။ ပြဿနာက သူ့စီးပွားရေးက သူများနိုင်ငံတွေပေါ်မှီခိုနေတော့ သူမှီခိုတဲ့နိုင်ငံတွေ လဲတော့ သူလည်းမွဲသွားတာပဲ..
မြေး - ဒါဆို အဲဒါတွေကို ပြောင်းပြန်ကြီးဖြစ်သွားလောက်အောင် ပြောင်းလဲသွားတဲ့အကြောင်းအရာတွေရှိမှာပေါ့နော်..
အဖိုး - အင်းပေါ့ကွယ်.. ရှိတာပေါ့။ အဓိက ကနိုင်ငံပြောင်းလဲတာရယ်... နည်းပညာရယ်.. သဘာဝကပေးတဲ့ ဆုတွေရယ်ပေါ့..
မြေး - ဘယ်လိုမျိုးလဲ???
အဖိုး - အရင်တုန်းက ဆင်းရဲတာက နိုင်ငံအုပ်ချုပ်ခဲ့တဲ့သူတွေစီမံခန့်ခွဲမှုညံ့ဖျင်းခဲ့လို့ပေါ့ကွယ်.. နောက်ပိုင်းနိုင်ငံရေးတွေပြောင်းလဲပြီးတော့ တိုင်းပြည်မှာလည်း စက်ရုံတွေ၊ နည်းပညာတွေတိုးတက်လာတယ်။ အရင်တုန်းက ကွန်ပျူတာတွေက အခုလို ကာဗွန်နဲ့လုပ်တာမဟုတ်ဘူး။ ဆီလီကွန်နဲ့.. နောက်ပိုင်း ကာဗွန်နည်းပညာသုံးချပ်စ်တွေက ဆီလီကွန်ထက် လုပ်ရတာ စရိတ်သက်သာပြီး ပိုမြန်တော့ ကာဗွန်နဲ့လုပ်လာကြတာ။ အဲဒီမှာ ကံကောင်းတာက အဲဒီလိုအတွက်သုံးဖို့ အဆင့်မီ ကာဗွန်က မြန်မာနိုင်ငံမှာပဲရှိတာလေ။ တကယ်လို့သာ နိုင်ငံမှာ စက်ရုံတွေမရှိခဲ့ရင် အဲဒါတွေက အရင်လိုပဲ ကုန်ကြမ်းအတိုင်း ရောင်းစားရမှာ။ ဒါပေမယ့် ကံကောင်းချင်တော့ နည်းပညာပေါ်ချိန်မှာ လိုအပ်တဲ့အခြေခံအဆောက်အဦတွေက နိုင်ငံမှာရှိနေပြီလေ။ ဒါနဲ့ပဲ ကမ္ဘာပေါ်မှာ ကွန်ပျူတာအများဆုံး၊ ဖုန်းအများဆုံး ထုတ်တဲ့တိုင်းပြည်ဖြစ်လာတာပဲ။ 
မြေး - ဒါပေမယ့် သမိုင်းစာအုပ်ထဲမှာရေးထားတာတော့ ရေချိုကအရေးပါတယ်ဆို..???
အဖိုး - အဲဒါကလည်းဟုတ်တယ်။ အရင်က ကမ္ဘာပေါ်မှာစွမ်းအင်ရင်းမြစ်ဆိုတာ ရေနံကိုသုံးရတာ။ သူကနေပြန်ထုတ်တဲ့ဒီဇယ်၊ ဓာတ်ဆီဆိုတာ ကား (၁၀)မိုင်လောက်သွားဖို့ဆိုရင် ၁ ဂါလံလောက်ကုန်တာ။ နောက်ပိုင်း မြန်မာကပညာရှင်တွေက ရေချိုကနေ စွမ်းအင်ထုတ်တဲ့နည်းပညာကို တွေ့ရှိသွားတယ်လေ။ ဒါပေမယ့်အဲဒီလို ရေချိုက မြန်မာနဲ့ထိုင်းမြေပြန့်ဒေသတွေမှာပဲရှိတာ။ ထိုင်းကလောဘတက်ကြီး အရမ်းထုတ်ရောင်းလိုက်တာ မြေမျက်နှာပြင်နှိမ့်ပြီး နိုင်ငံရဲ့မြေပြန့်ဒေသတွေအားလုံးနီးနီး ပင်လယ်ရေအောက်နစ်သွားတယ်။ အဲဒီကစပြီး သူတို့လည်း မြန်မာနိုင်ငံထဲမှာ သန်းနဲ့ချီရွှေ့ပြောင်းပြီး အလုပ်လာလုပ်ကြရတာပဲ..
မြေး - အော်.. ဒါဆိုအရင်ခေတ်က ကားတွေဆိုရင် ဆီတိုင်ကီတွေအကြီးကြီးတွေနေမှာနော်..။ ခုခေတ်ကတော့ နိုင်ငံတစ်ပတ် ခရီးသွားတဲ့ ဟိုင်းဝေးကားတွေတောင် တစ်ခေါက်ကို ရေသန့်တစ်ဗူးမကုန်ဘူး။
အဖိုး - နောက်ပြီးတော့..
မြေး - အာ.. အဖိုးနဲ့ စကားကောင်းနေတာနဲ့ ညနေစောင်းနေပြီ...။ ဘောလုံးပွဲသွားကြည့်ရဦးမယ်..
အဖိုး - ဘယ်သူတွေနဲ့ ကန်မှာလည်းကွဲ့...
မြေး - တနေ့က ဘရာဇီး ယူ-၂၃ နဲ့ ဒဂုံတက္ကသိုလ်အသင်းလေ.. ၁ - ၁ နဲ့သရေကျသွားတယ်..။ ဒီနေ့ ဘရာဇီးနဲ့ ရန်ကုန်တက္ကသိုလ်အသင်းကန်မှာ။ နိုင်ဖို့တော့သေချာသလောက်ပဲ။ ရန်ကုန်က ဒဂုံဆိုရင်အမြဲတမ်းနိုင်နေကျလေ...။ ဘရာဇီ့းလည်း နိုင်ငံကြီးက တက္ကသိုလ်အသင်းတွေနဲ့ကစားချင်မှာပေါ့.. ဒါမှလည်း ခြေတက်မှာကိုး...

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့