Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 1 January 2013

» ကြံခင်း မသနောစက်ရုံရှိ မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်း ဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကြံခင်း မသနောစက်ရုံ၏ ပေ ၄၀ ခန့် ပတ်လည် ဆီသိုလှောင်ခန်း အတွင်းဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့် အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ "စက်ရုံမှာရှိတဲ့ သီးသန့် ဆီသိုလှောင်ထားတဲ့ တိုက်ခန်းမှာ မီးလောင်တာပါ။ နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစလောင်ပါတယ်။ ----





ဦးနှောက်ယိုစီးမှုနှင့် ပညာရေး မိုးခေါင်မှု


ကျွန်တော် ဉာဏ်မီသလောက် ပြောရမယ် ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဦးနှောက် ယိုစီးမှု ပြဿနာနဲ့ ပညာရေး မိုးခေါင်မှု ပြဿနာကို ရင်ဆိုင်နေရတာ ဒီနေ့အထိတိုင်ပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူသား အရင်းအမြစ် ပြဿနာ၊ အထူးသဖြင့် ပညာတတ် ရှားပါးမှု ပြဿနာဟာ ယခုကျွန်တော်တို့ တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အတွက် တကယ့်ကို ခေါင်းခဲစရာ ပါပဲ။

အားလုံး သိကြတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ နိုင်ငံတော် သမ္မတကြီးက ပြည်ပရောက်နေကြတဲ့ မြန်မာနိုင်ငံသား ပညာရှင်တွေကို ပြန်လည်ဖိတ်ခေါ်၊ ပြည်ဝင်ခွင့် ပေးတာတွေကို လုပ်ဆောင်နေပါတယ်။ ဒါဟာ ပြည်တွင်း မှာ ကျွမ်းကျင်ပညာရှင်တွေ ရှားပါးနေတာကို ပြောနေတဲ့ သဘောဆောင်ပါတယ်။ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားကို ထွက်ခွာ ပညာသင်ကြတဲ့ မြန်မာနိုင်ငံသား ပညာရှင် အလောင်းအလျာ တော်တော်များများဟာ ပညာစုံတဲ့ တစ်နေ့ကျတော့ ပြည်တော်ပြန်ဖို့ မစဉ်းစားတော့ဘဲ (ဒါမှမဟုတ်) အကြောင်း အမျိုးမျိုးကြောင့် ထိုထိုနိုင်ငံတွေမှာပဲ နိုင်ငံသား အဖြစ်ခံယူကြပါတော့တယ်။

ဒီနေရာမှာ ကျွန်တော်တစ်ခု စဉ်းစားမိတာ နိုင်ငံခြားကို ပညာ တော်သင် သွားရခြင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ မရနိုင်တဲ့ ပညာမျိုး လား (ဒါမှမဟုတ်) ကျွန်တော်တို့ဆီက သင်ယူရတဲ့ ပညာရပ်တွေက Up to date မဖြစ်လို့လားပေါ့။ တခြားရှုထောင့်က ဆိုရင် နိုင်ငံခြား ကနေ ကျွန်တော်တို့ နိုင်ငံကို ပညာလာသင်တာဆိုလို့ ကမ္ဘာ့ဗုဒ္ဓဘာသာ တက္ကသိုလ်ကိုတက်ရောက်နေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များ လောက်ပဲရှိမယ်ထင်ပါတယ်။ ခြွှင်းချက် အနေနဲ့ တခြားအနည်းအပါးလည်း ရှိမယ် ထင်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ASEAN Free Trade Area (AFTA) အစီအစဉ် အရ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ဂလိုဘယ်လိုက်ဇေးရှင်း ကစားကွင်းထဲကို ဝင်ပြိုင်ပါတော့မယ်။ အဲဒီလို ဝင်ပြိုင်ဖို့အတွက် ဘောလုံး အားကစားရှုထောင့်က ပြောရရင် ကစားသမားကောင်းတွေ အများကြီး လိုပါတယ်။ အခု ၂၀၁၂ ခုနှစ် ကုန်ခါနီးပါပြီ။ သုံးနှစ်လောက်ပဲ လိုတော့တဲ့ အချိန်အတွင်းမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ကျွန်တော်တို့ အဆင်သင့် ဖြစ်ပြီလားပေါ့။ ဒီမေးခွန်းကို AFTA ဆိုတဲ့ ကစားကွင်းထဲ ဝင်ပြိုင်မယ့် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေကပဲ ဖြေကြပါလိမ့်မယ်။ ကျွန်တော့်အမြင် ကတော့ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာနဲ့ အထိအတွေ့ နည်းပါးမှုနဲ့ နယ်ပယ်တိုင်းမှာ ပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု အတွေ့အကြုံ ကွာခြားမှုတွေကြောင့် ယှဉ်ပြိုင်ရင်ဆိုင် အနိုင်ရဖို့အတွက် တော်တော့်ကို ခက်ခဲပါလိမ့်မယ်။
ဆိုလိုတာကတော့ ကျွန်တော်တို့ နိုင်ငံဟာ ပညာရေး မိုးခေါင်မှု ကိုကြုံတွေ့နေရတယ် လို့ထင်ပါတယ်။

အဲဒီတော့ ရေများတဲ့ အရပ် မိုးရွာ ဆိုသလို ပညာရေး မိုးကောင်းကောင်း ရွာတဲ့ဆီမှာ မိုးရေ သွားခံတာဟာ ထိုထို Scholar တွေရဲ့ အပြစ်မဟုတ်ပါဘူး။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်ထဲမှာလည်း ”အသက်တစ်ရာ နေရပြီး ပညာမရှိသူသည် အချည်းနှီးတည်း။ ပညာဖြင့် အသက် တစ်ရက်မျှ နေရသူကမြတ်၏” ဆိုတဲ့ တရားတော် အတိုင်းပါပဲ။ နောက် HR ဘာသာရပ် စကားနဲ့ ပြောရရင် Life Long Learning လုပ်တာဖြစ်တဲ့ အတွက် အင်မတန် ကောင်းမွန်ပါတယ်။ ကျွန်တော် လည်း သဘောကျသလို အားလည်း ကျပါတယ်။

အဲဒီတော့ သူတို့ကို မသွားပါနဲ့လို့လည်း တားလို့ မရသလို ပြန်လာပါလို့လည်း အတင်းဇွတ်ခေါ်ဖို့ ခက်ပါတယ်။ “သူငယ်တန်း ကစလို့ တက္ကသိုလ် ဝင်တန်းထိ (တချို့ဆို ဘွဲ့ရထိ) ကျွန်တော်တို့ နိုင်ငံကနေ ကျောင်းတက်သွားပြီးတော့ နိုင်ငံခြားထွက် ကျောင်းဆက် တက်၊ ပြန်မလာ” အဲဒီလို သမင်မွေးရင်း ကျားစားရင်းနဲ့ပဲ ဦးနှောက် ယိုစီးမှု ပြဿနာကို မဖာထေးနိုင်သေးတာဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် တအားကို နစ်နာပါတယ်။ အဲဒီလို ဦးနှောက် ယိုစီးသွားတာ များလာတာနဲ့အမျှ ပညာတတ်၊ ပညာရှင်တွေ ရှားပါးလာမှုဟာ ပညာ ရေးမိုးခေါင်မှုကို ဆက်လက် ဖြစ်ပွားစေပါတယ်။

နောက်ပြီးတော့ တံငါရွာလို နိုင်ငံ တစ်ခုကနေ အာရှရဲ့ ကျားတစ်ကောင်အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုခံရတဲ့ စင်ကာပူလို နိုင်ငံမျိုး အကြောင်း စဉ်းစားရင်းနဲ့ ကျွန်တော်တို့ နိုင်ငံအတွက် စိတ်မကောင်းဖြစ်ရတယ်။

ဘာသမိုင်းကြောင်းမှ မရှိတဲ့ နိုင်ငံက ကျွန်တော်တို့လို နှစ်ထောင်ချီပြီဖြစ်တဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံရဲ့ ခေါင်းပေါ်ခြေနဲ့ နင်းပြီး “မင်း ... ငယ်ပါသေးတယ်ကွာ” လို့ အပြောခံရလို့ ခံစားရတယ်။ ရွှေထီးဆောင်းခဲ့တဲ့ အကြောင်းကို မပြောချင်တော့ ပါဘူး။ သမိုင်းစာအုပ်တွေမှာသာ ဖတ်ကြည့်ကြပါ။

ကျွန်တော်တို့ နိုင်ငံဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝ သော်လည်း အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လူ့စွမ်းအား အရင်းအမြစ်တွေ နည်းပါးရခြင်း ကြောင့်ပါပဲ။ ပထဝီအနေအထားအရ ကြည့်ရင်လည်း ကမ္ဘာ့အင်အား ကြီးနဲ့ လူဦးရေအများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံကို တစ်ဖက် တစ်ချက်စီ ရံထားပါတယ်။ ကုန်းတွင်းပိုင်းနဲ့ နှစ်နိုင်ငံလုံးနဲ့ ဆက်သွယ် နိုင်သလို ပင်လယ်ထွက်ပေါက်လည်း ရှိပါတယ်။ တစ်ချိန်တုန်း က ရန်ကုန်ဆိပ်ကမ်း ဆိုတာ အရှေ့တောင်အာရှရဲ့ အဓိကဆိပ်ကမ်း ပေါ့။ ဒါကြောင့်ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားကို မက်မောကြတယ်။ လူဦးရေ သန်း ၂၀၀၀ ကျော် ဈေးကွက်ကြီး ကလည်း ရှိတယ်။ ကမ္ဘာ့ရဲ့ အဓိကကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေပိုင်နက်နဲ့ ဆိပ်ကမ်းတွေလည်း ရှိတယ်။ ပေါလိုက်တဲ့ သယံဇာတတွေကလည်း တော်ကြာနေ ရွှေကြောတွေ့လိုက်၊ ရေနံတွေ့လိုက်၊ သဘာဝဓာတ်ငွေ့ တွေ့လိုက်နဲ့။ ဒါ့အပြင် ကမ္ဘာ့အရည်အသွေးအဆင့် ရှိတဲ့ ကျောက်စိမ်းတွေ၊ ပုလဲတွေ နဲ့ မြေပေါ်သယံဇာတတွေ ဖြစ်တဲ့ ကမ္ဘာကျော် ကျွန်းသစ်၊ ရော်ဘာစတာတွေ အကုန်လုံး ကျွန်တော်တို့ဆီက ထွက်ပါတယ်။ ဒါကြောင့် အင်အားကြီး နိုင်ငံ တော်တော်များများက မြန်မာပြည်ကို လိုချင်ကြတာပေါ့။ ဝမ်းနည်းစရာ ကောင်းတာကတော့ အဲဒီလိုပေါများစွာ ထွက်နေတဲ့ သဘာဝသယံဇာတ တွေကို အတုံးလိုက် အတစ်လိုက် နဲ့ ကုန်ကြမ်းအဆင့်ပဲ ရောင်းနိုင်တာပေါ့။ ဒါဟာ ကျွန်တော်ပြောချင် တဲ့ လူ့စွမ်းအား အရင်းအမြစ် အားနည်းလို့ ကုန်ကြမ်းကို ကုန်ချော အဆင့်ရောက်အောင်မလုပ်နိုင်လို့ပါပဲ။ အဲဒီတော့ ကုန်ကြမ်းဈေးပဲ ရတော့တာပေါ့။

ဥပမာလေးတစ်ခု ဆိုရရင် ကျွန်တော်တို့က ဓာတ်ငွေ့ ရောင်းတယ်။ လူ့စွမ်းအားအရင်းအမြစ် အားကောင်းတဲ့ နိုင်ငံကြီးတစ်ခုက ကျွန်တော်တို့ကို မီးခြစ်ပြန်ရောင်းတယ်။ ကျွန်တော်တို့ဆီက ကုန်ကြမ်းကို သူတို့ဆီမှာ ကုန်ချောလုပ်ပြီး ကျွန်တော်တို့ဆီကို ပြန်ရောင်းစားတယ်။ ဘယ်လောက် ပိုင်လိုက်လဲလို့။

ဒါတွေဟာ ကျွန်တော်တို့ဆီမှာ လုံလောက်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ မရှိတဲ့အတွက် ဖြစ်ရတာပါ။ အကယ်၍သာ ကျွန်တော်တို့ဆီမှာ ပညာရေး မိုးခေါင်မှုကိုလည်း အဆုံးသတ်နိုင်မယ်၊ ဦးနှောက် ယိုစီးမှု ပြဿနာကိုလည်း ”စီးတဲ့ရေ ဆည်တဲ့ ကန်သင်းလိုမျိုး လိမ္မာပါးနပ်စွာ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုရင် ကျွန်တော်တို့ မျိုးဆက်ကနေ စပြီးတော့ နောက်နောင်မျိုးဆက်တွေအထိ မျက်နှာ မငယ်ရတော့ဘဲနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ထည်ထည်ဝါဝါ ရပ်တည်နိုင်မှာ။ မြေကြီးကို လက်နက်ပုတ်ရင် လွဲကောင်းလွဲမယ်၊ ဒီ ကိစ္စကတော့ မလွဲဧကန်ပါပဲ။

အထူးသဖြင့် ကတော့ ပညာရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာကျောင်းသား၊ ကျောင်းသူအများစုဟာ အင်္ဂလိပ်စာကညံ့၊ မြန်မာစာကလည်း မတော်ကြပါဘူး။ Creative thinking တွေ၊ Critical thinking တွေဆို ဝေးမှဝေးပါပဲ။ လက်ခုပ်တီးတယ် ဆိုတာ လက်နှစ်ဖက်လုံးနဲ့ တီးမှ မြည်တာပါ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြောတဲ့ International School တစ်ခုမှာကလေးတွေကို စာသင်ပေးတဲ့ နည်းကို တအံ့တသြနဲ့ နားထောင်ခဲ့ပါတယ်။ ရေကန် အကြောင်းကို သင်ပေးတာ စာသင်ခန်းထဲမှာ မဟုတ်ပါဘူး။

တကယ့် ရေကန်အစစ်ဆီကို ခေါ်သွားပြီး လက်တွေ့သင်ပေးတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ စိတ်ထဲမှာ ရေကန်အကြောင်းကို စာကျက်ပြီး ရတာမျိုး မဟုတ်ဘဲနဲ့ သူတို့ရဲ့ အတွေ့အကြုံကနေ လွယ်လင့်တကူပဲ သင်ယူသွားတယ်၊ ပျော်လည်း ပျော်ကြသလို စာကျက် စရာ မလိုဘဲ သူတို့လေးတွေရဲ့ Mindset ထဲမှာရေကန်အကြောင်း ကောင်းကောင်းသိသွားတယ်လို့ ဆိုပါတယ်။ တစ်ဖက်က ကြည့်ရင် တော့ ကုန်ကျစရိတ် ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး စာသင်ရမယ် ဆိုရင် ကျွန်တော်တောင်ပြန်ငယ်ပြီး သင်ချင်ပါသေးတယ်။ စိတ်ထဲ မှာလည်း ပညာရေး ကွက်ကြားမိုးတော့ ရွာသေးတယ်လို့ ထင်မိပါတယ်။

အဲဒီတော့ ဒီစာရဲ့ခေါင်းစဉ်ဖြစ်တဲ့ "ဦးနှောက်ယိုစီးမှု နှင့် ပညာရေး မိုးခေါင်မှု” ပြဿနာဟာ ”တစ်ယောက်အားနှင့် မရသော် အများ အားနှင့် ဆောင်” ဆိုတဲ့အတိုင်း အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရ မယ့်၊ ဖြေရှင်းရမယ့် ပြဿနာ တစ်ရပ်ပါပဲ။ အဲဒီတော့ဗျာ ပြည်တွင်း ကရှိတဲ့ ပညာရှင်တွေရော၊ ပြည်ပကရှိတဲ့ မြန်မာပြည်ကိုချစ်မြတ်နိုး ကြသေးတဲ့ ပညာရှင်တွေ အားလုံး မတူတာတွေ ဘေးဖယ်ထားပြီးတော့ တူတာတွေနဲ့အတူ ပူးပေါင်း အဖြေရှာ ရပါမယ်။ ကူ၍ တွန်းရင် ရွေ့နိုင် ပါတယ်ဗျာ။

ရိုးငြိမ်းသူ - The Voice Weekly


မြန်မာအင်ဂျင်နီယာ ကျောင်းသားများ အမိကျောင်း တော်ကြီး၌ ပြန်လည်တွေ့ဆုံ

 အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူဟောင်း ၃၅၀၀၏  နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှုကို  အင်းစိန်ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဆရာကန်တော့ပွဲနှင့်   ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။

၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြားခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ် အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲ   နှင့် တွေ့ဆုံပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ကြီး၊ ပါမောက္ခ ဦးဘတုတ် အပါအဝင် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ နည်းပြ ဆရာ ဆရာမများ စုစုပေါင်း ၃၀၀-ခန့် တက်ရောက် ကန်တော့ခံခဲ့ကြပြီး၊ ပြည်တွင်းပြည်ပမှ  အင်ဂျင်နီယာနှင့် ဗိသုကာကျောင်းသားကျောင်းသူဟောင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ချီးကျူး ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားမှူး အဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက် ခဲ့ပါသည်။

အဆိုပါပွဲ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်စဉ် ဤကျောင်း သို့လာရောက် ကြည့်ရှု၍ ဥပဓိရုပ် ပျက်ပြားနေသော ကျောင်းတော်ကြီးအား ဆရာ ဟောင်းများ၊ မိတ်ဆွေများ၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာလုပ်ငန်းများ အကူအညီဖြင့် ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ဤစက်မှုတက္ကသိုလ်အား ယခင် ကာလများကဲ့သို့ အရည်အချင်း ပြည့်မီသော စက်မှုတက္ကသိုလ်တစ်ခုအဖြစ် အရှေ့ တောင် အာရှတွင် သာမက ကမ္ဘာ့အဆင့် ရောက်ရှိစေရန် နိုင်ငံတော်နှင့်   ကျောင်းသူ   ကျောင်းသားဟောင်းများနှင့်တကွ အားလုံးပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းနှိုးဆော်ခဲ့သည်။

ယခင် အင်ဂျင်နီယာ ပညာရပ်များကို ရန်ကုန် တက္ကသိုလ် လက်အောက် မဟာအင်ဂျင်နီယာဌာနမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အရေးအခင်းပြီးနောက် တက္ကသိုလ်များအား ပိတ်ထားခဲ့ပါသည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် ပညာရေး စနစ်သစ်အရ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ လက်ရှိ စက်မှုတက္ကသိုလ် အဆောက် အဦးအား ဗမာစက်မှု တက္ကသိုလ် ( ဘီအိုင်တီ ) အမည်ဖြင့် ပါမောက္ခချုပ် ဦးရုံးမိုကို ခန့်အပ် တာဝန်ပေး ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ရန်ကုန် စက်မှု တက္ကသိုလ် ( အာအိုင်တီ ၊ ဝိုင်အိုင်တီ ) နှင့် ရန်ကုန် နည်းပညာတက္ကသိုလ် ( ဝိုင်တီယူ ) ဟု အမည် အဆင့်ဆင့် ပြောင်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နှင့် ဦးသန့် ဈာပန အရေးအခင်း များတွင် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူများ နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။

၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်း ရပ်ကွက်အတွင်းမှ လူငယ်များ ပဋိပက္ခဖြစ်ရာ လုံထိန်းရဲများ၏ အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းမှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ပြီး ကျောင်း သား ဆူပူလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ အထွေထွေမကျေနပ်မှုများ ခံစားနေ သော ပြည်သူလူထုများပါဝင်လာရာမှ သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်ခဲ့ပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်များတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်စသည့် တက္ကသိုလ်များ၏ အရေးပါမှုကို လျှော့ချပြီး တက္ကသိုလ်များကို မြို့ပြင်ဝေးလံသည့်   နေရာများတွင် တည်ဆောက် ဖွင့်လှစ်ကာ ကျောင်းဆောင်များ ပူးတွဲထားရှိသည့် စနစ်ကို ဖျက်သိမ်းခဲ့ပါသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် တို့တွင် နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြုစုကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ကျောင်းသူ ၂၅၀ စီ စတင် လက်ခံသင်ကြားလျှက်ရှိကြောင်းသိရပါသည်။

ရန်ကုန် စက်မှုတက္ကသိုလ်အား ပြင်ဆင် အလှခြယ်ထားခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်က အင်ဂျင်နီယာဘွဲ့ရခဲ့သူ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ဆိုသည်။

 " ကျောင်းကြီးစည်စည် ကားကား နဲ့ ပြောင်ပြောင်ရောင်ရောင် မြင်ရတာ အရမ်း ပျော် တာဘဲ၊ အရင်က ဖြတ်သွားတိုင်း ဇရပ်ပျက်ကြီးလို စုတ်ပြတ်နေတာ မြင်ရရင် မျက်ရည် ကျမိတာ အခါခါပါဘဲ " ဟု အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးတစ်ဦးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ နှင့် ကော့မှူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် ရန်ုကုန် တက္ကသိုလ်အား အစိုးရ စီမံခန့်ခွဲနေခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ် ကောင်စီများ မှလွတ်လပ်စွာ စီမံခန့်ခွဲသည့် အဆင့်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရ သည်။

" အင်ဂျင်နီယာဆိုတာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ အမြဲ တွဲလုပ်နေကြ တာဆိုတော့ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်ရင် နာကျင်ခံစားကြရ တယ်။ ပြီးတော့ အင်ဂျင်နီယာရဲ့ သဘာဝကိုက စနစ်တကျ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက် ချင်တယ်၊ အမှားတွေ့ရင် အပျက်တွေ့ရင် ပြုပြင်ချင်တဲ့ စေတနာနဲ့ အကျင့် ရှိတယ်၊ အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းတွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ အလေ့ အကျင့် မရှိရင် အင်ဂျင်နီယာတွေက ပြဿနာကောင်တွေ   ဖြစ်နေတတ်ပါတယ် " ဟု ၁၉၆၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား ကထိက ဆရာ တစ်ဦးက ပြောကြား ခဲ့သည်။

ဆရာပူဇော်ပွဲအား နေ့လည် တစ်နာရီခန့်တွင် ပြီးစီးကာ ကျောင်းသား ကျောင်းသူဟောင်း အနုပညာရှင်များက အဆို အတီး အကများဖြင့် ဆက်လက် ဖြေဖျော်ကြပါသည်။ ညနေပိုင်းတွင်လည်း မြန်မာကွန်ဗင်းရှင်းစင်တာ၌ မိတ်ဆုံညစာ စားပွဲနှင့် ဖြေဖျော်ရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ကြသည်။

ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup


နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့