Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 20 February 2013

ဆိုင်ကယ်ပျောက်လို့ရဲကိုတိုင် ရှာပေးဖမ်းပေးရမယ့် ဒုက္ခ

    ငါးယှန်ကျေးရွာဆိုတာ ချောင်းဦးမြို့ တောင်ဖက်မှာရှိပြီး  မန္တလေး-မုံရွာ လမ်းမကြီးပေါ်က အေးအေး ချမ်းချမ်း ရှိလှတဲ့ရွာလေးပါ။ ၁၃-၂-၁၃ ရက်နေ့ညက  ရွာလယ်မှာရှိတဲ့ ဒေါ်မြဌေး တို့မိသားစုမှာလည်း စိတ်အေးလက်အေး အိပ်ပျော် နေကြတာပါ။ မနက်လင်းတဲ့အခါ နေအိမ်ဝင်းအတွင်း အိမ်အောက်မှာ သော့ခပ်ထောင်ထားတဲ့ ဒေါ်မြဌေးသား မောင်အောင်ကိုဦး ရဲ့ ဆိုင်ကယ် မရှိတော့ပါဘူး။  ဆိုင်ကယ် ထောင်တဲ့အနားမှာ ထားတဲ့ ပဲအိတ်တစ်အိတ်လည်း မရှိတော့ပါဘူး။ သူခိုးကဆိုင်ကယ်ကို ခိုးရုံနဲ့အားမရလို့ ပဲတစ်အိတ်ပါ ဆိုင်ကယ်ပေါ် တင်ပြီး လစ်သွားပုံရပါတယ်။ အဖြစ်အပျက်ကို ကျေးရွာအုပ်ချုပ်ရေးမှူးကို ပထမဆုံး သတင်းပို့ပါ တယ်။ သူခိုးအခိုးခံရတယ်ဆိုတော့ ပြန်ရရ မရရ ရဲစခန်းကို အကြောင်းကြား တိုင်တန်းဖို့တာဝန် ရှိတယ် လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း က ပြောပါတယ်။ ရဲစခန်းကိုလည်း လွှဲစာရေးသားပေးလို့ ချောင်းဦး ရဲစခန်းကို ၁၄-၂-၁၃ နေ့လည်ပိုင်းမှာဘဲ အမှုဖွင့်တိုင်တန်းခဲ့ပါတယ်။ ချောင်းဦးရဲစခန်းမှူးက စုံစမ်းကြပါဦး ပြန်တွေ့မှ လာပြောပါ။ အဲသည်တော့မှအမှုဖွင့်ပေးပြီး တရားခံ ထောင်များများ ကျအောင်လုပ်ပေး ပါ့မယ် လို့ပြောလွှတ်ပါတယ်။ အခြားဘာမှလုပ်မပေးပါဘူး။

          ဆိုင်ကယ်ပိုင်ရှင် မောင်အောင်ကိုဦး(၅/ခဥတ (နိုင်) ၀၅၉၄၂၅) မကျေမနပ်နဲ့ ပြောတာတွေကို နားထောင်ကြည့်ပါ-

          ကျွန်တော်တို့ရွာက လမ်းမကြီးပေါ်ကရွာဆိုတော့ သူခိုးက ရွာကလူ ဟုတ်ချင်မှ ဟုတ်မှာဗျ။ လူတွေအိပ်နေတဲ့ အနားက ဆိုင်ကယ်သော့ကို အသံမမည်အောင် ဖွင့်သွားနိုင်တာ၊ ဆိုင်ကယ်နဲ့တင် အားမရလို့ ပဲအိတ်ကိုပါ တင်သွားနိုင်တဲ့သူဆိုတော့ နှယ်နှယ်ရရသူခိုးတော့ ဟုတ်ပုံမရဘူး။ အမှန်တော့ မြို့နယ်အတွင်း လူဆိုးစာရင်း၊ ခိုးလေ့ ခိုးထရှိသူ တွေက ဘယ်သူတွေ၊ ထောင်ထွက်သူခိုးတွေက ဘယ်သူတွေဆိုတာ ကျွန်တော်တို့ တောသူတောင်သားတွေ ဘယ်သိပါ့မလဲဗျာ။ ခိုးရာပါပစ္စည်း ရောင်းဝယ်တဲ့ နေရာတွေကိုလည်း ကျွန်တော်တို့က မသိဘူး။ သိလည်း သွားမေးလို့ ဘယ်ရမလဲဗျ။ ရိုက်လွှတ်တာခံရမှာပေါ့။ 

          ကျွန်တော် တို့အနေနဲ့ ဘယ်လိုလုပ် စုံစမ်းလို့ရမှာလည်းဗျာ။ စုံစမ်း ထောက်လှမ်းတယ် ဆိုတာက ရဲတွေရဲ့အလုပ် မဟုတ်ဘူးလား။ ပစ္စည်းအခိုးခံရတဲ့သူက တရားခံတွေ့အောင်ရှာပြီးမှ အမှုဖွင့် ပေးပါ့မယ် ဆိုတာတော့ ချောင်းဦးရဲတွေတာဝန်မဲ့လွန်းတယ်ဗျာ။ ဒီအတိုင်းဆို ရဲတွေက ပြည်သူလူထု အသက်အိုးအိမ် ပစ္စည်းဥစ္စာ တွေကို ဘယ်လိုဘယ်ပုံ အကာအကွယ် ပေးမှာလညှ်းလို့ တွေးမိတယ်ဗျာ။ တောသူတောင်သား တစ်ယောက်အနေနဲ့ နိုင်ငံတော်ကို ရိုးရိုးသားသား တောင်းဆိုပါရစေ။ ကျွန်တော်တို့ ပြည်သူတွေ ကျူးလွန်ခံရတဲ့ ရာဇ၀တ်မှုတွေအတွက် အားကိုးအားထားပြုနိုင်မယ့် ဌာနတစ်ခုလောက်များ မြန်မာပြည်မှာ ရှိမယ်ဆိုရင် လူဖြစ်ရကျိုးနပ်ပါပြီ။ သေပျော်ပါပြီဗျာ။

          အမှန်တော့ ချောင်းဦးရဲမှ မဟုတ်ပါဘူး။ မြန်မာတစ်ပြည်လုံးမှာ ရှိတဲ့ရဲအားလုံး စုံစမ်းထောက်လှမ်း ဖော်ထုတ်ရတဲ့ ပင်ပင်ပန်းပန်းအလုပ်ကို မလုပ်ကြပါဘူး။ အမှုကြီးတွေအတွက်ကလည်း စီအိုင်ဒီ ရှိတယ် တို့မလိုဘူး လို့သဘောထား နေကြတာပါ။ ယခုခေတ်ရဲများဟာ အမှုတောင်မှ ဖြောင့်အောင်စစ်တတ်ကြတာ မဟုတ်ပါဘူး။ မြန်မာတစ်ပြည်လုံးဖြစ်နေတဲ့ ဒီလိုပြဿနာတွေကို တာဝန်ရှိသူများအနေနဲ့ အလေးထား ဖြေရှင်းဆောင်ရွက်နိုင်ဖို့  တင်ပြ လိုက်ရ ပါတယ်။

မင်းခေါင် - ချောင်းဦး


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့