Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 29 August 2013

၆ နှစ်သားမျက်လုံး အရှင်လတ်လတ် ဖောက်ခိုး

တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။

Shanxi ပြည်နယ် ကျေးလက်ဒေသမှာ ခြံသမားမိဘတွေက အလုပ်လုပ်နေချိန် စနေနေ့မှာတုန်းက လယ်ကွင်းထဲမှာ သွားနေတဲ့ ကလေးငယ်ကို ဘယ်သူဘယ်ဝါမှန်း မသိတဲ့ အမျိုးသမီးတဦးက တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကလေးငယ်ရဲ့ မျက်လုံးကိုတော့ နောက်ပိုင်း အနီးအနားမှာ ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းလည်း ဒေသခံရဲတွေက ပြောခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့ပေမဲ့ မျက်စေ့ကွယ်တာကိုတော့ ဆရာဝန်တွေက ကုသမပေးနိုင်ခဲ့ပါဘူး။ အစိုးရပိုင် သတင်းကတော့ ကလေးငယ်ရဲ့ မျက်လုံးက မျက်ကြည်လွှာကို ယူသွားတာ တွေ့ရပြီး၊ မှောင်ခိုဈေး ကွက်မှာ ပြန်ရောင်းဖို့ ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း ရဲတွေကတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတိအကျ မသိရဘူးဆိုပြီး သတင်းတွေကို လက်မခံခဲ့ကြပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းပေးနိုင်သူကို ဒေါ်လာ ၁၆၀၀၀ ပေးဖို့လည်း ရဲတပ်ဖွဲ့က ဆုငွေထုတ်ထားပါတယ်။
ဒီသတင်းကြောင့် တရုတ် အင်တာနက် လူမှုကွန်ရက်တွေမှာတော့ မကျေမနပ်သံတွေနဲ့အတူ တရားမျှတမှုရအောင် ဖော်ထုတ်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့တာပါ။ တရုတ်နိုင်ငံဟာဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းသူတွေ နည်းပါးတဲ့အတွက် မျက်ကြည်လွှာနဲ့ တခြားအစားထိုးနိုင်တဲ့ ကိုယ်တွင်းအင်္ဂါတွေ မလုံလောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

သြဂုတ်လ (၃၁)ရက်နေ့ ထုတ် Net Guide Journal Vol 2 Issue 99

Net Guide Journal Vol. 2_ No. 99

ဆီးရီးယား အရေး လုံခြုံရေးကောင်စီ တင်ပြီ

ဆီးရီးယား အရေး ဖြေရှင်းဖို့ အဓိက တွန်းအားပေးသူ ၂ ဦး ဆီးရီးယားနိုင်ငံမှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ခွင့်ပြုရေး ဆုံးဖြတ်ချက် မူကြမ်း တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဗြိတိန်က ဦးဆောင်ပြီး ဒီကနေ့ တင်ပြတော့မှာ ဖြစ်ပါတယ်။

ပြီခဲ့တဲ့အပတ်က ဆီးရီးယားနိုင်ငံ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံး အပိုင်းမှာ ဓာတုလက် နက်တွေနဲ့ တိုက်ခိုက်ခဲ့တာတွေဟာ ဆီးရီးယား အစိုးရရဲ့ လက်ချက်ဖြစ်တယ်လို့လည်း အပစ်တင်ထားတဲ့ သဘောထားလည်း အဲဒီ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ ပါရှိပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ဆီးရီးယား အရေးနဲ့ပတ်သက်ပြီး တာဝန်ယူ ဆောင်ရွက်မှုတွေ ပြုလုပ်စေချင် တယ်လို့ ပြောကြားလိုက်ပါသေးတယ်။

ဆီးရီးယားရဲ့ အဓိက မဟာမိတ်နိုင်ငံ တစ်ခုဖြစ်တဲ့ ရုရှားကတော့ လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ်ချက်မူကြမ်းအတွက် မဆွေးနွေးခင် ဆီးရီးယားမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လက်နက် စစ်ဆေးသူတွေရဲ့ အစီရင်ခံစာကို အရင် အပြီးသတ်အောင် လုပ်ဆောင် ရမယ်လို့ ပြောပါတယ်။

ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း လုံခြုံရေး ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ အတူတကွ လုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့နှောင်းပိုင်းမှာတော့ ဆီးရီးယားကို စစ်ရေး တိုက်ခိုက်မှုတွေ ဘာကြောင့် လုပ်ဖို့လိုတယ်ဆိုတာကို အထောက်အအကူပေးမယ့် ဆီးရီးယားက ဓာတုလက်နက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အစီရင်ခံစာကို အမေရိကန်ဘက်က ထုတ်ပြန်ဖို့ ရှိနေပါတယ်။

နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ

“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း...”
အနန္တသူရိယ

ပုသိမ်မြို့၏အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့် ဧည့်သည်အချို့ ယခုနှစ်သြဂုတ်လအတွင်းက ရောက်ချလာသည်။

သူတို့လက်ထဲတွင်တော့ သစ်သားဘောင်ကွပ်ထားသည့် အဖြူရောင်စာရွက်တစ်ခု ပါလာသည်။ အိမ်ထဲရှိ စိတ်ဝေဒနာခံစားနေရသည့် အမေအိုသည် အိမ်မကြီးနှင့် အိမ်ရှေ့အဖီအကြား အမိုးနှစ်ခုဆီမှ ထိုးကျနေသော အလင်းရောင်ကိုအားပြုလျက် စာရွက်ပေါ်မှ စာသားများကို အားစိုက်ဖတ်လိုက်သည်။

ဧည့်သည်ယူလာသည့်စာရွက်ကတော့ လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကတည်းက ပညာသင်ကြားရန် အိမ်ကထွက်ခွာသွားသည့် သူ၏သားဖြစ်သူတစ်ယောက် ဒီမိုကရေစီနှင့် အမှန်တရားအတွက် အသက်စွန့်သွားခဲ့ခြင်းကို ဂုဏ်ယူဝမ်းနည်းကြောင်း စာနာသူအချို့ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းဖြစ်သည်။

သူ၏သားဖြစ်သူသည် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် ကြို့ကုန်းစက်မှုတက္ကသိုလ် ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကိုစိုးနိုင်ဖြစ်သည်။ ထိုအရေးအခင်းသည် ကိုဖုန်းမော်အရေးအခင်းဟု လူသိများခဲ့သည်။

ကိုစိုးနိုင် ဆုံးပါးသွားခြင်းကြောင့် စိတ်ဝေဒနာခံစားခဲ့ရသည့် အမေအိုနှင့် သူတို့မိသားစုအဖို့တော့ ထိုဂုဏ်ပြုမှတ်တမ်းက လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခုဆီကို ပြန်လည်အသက်ဝင်ရောက်ရှိလာစေခဲ့သည်။

ပညာတော်ပြီး မိသားစုအပေါ် ရည်ရည်မွန်မွန်ဆက်ဆံတတ်သည့် ကိုစိုးနိုင်သည် ရန်ကုန်ကြို့ကုန်းစက်မှုတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် RIT ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည်လည်း အခြားကျောင်းနေဖက်သူငယ်ချင်းများလို ရည်မှန်းချက်အပြည့်ဖြင့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနေသူတစ်ယောက်ဖြစ်သည်။

အစ်မတစ်ယောက်၊ ညီငယ်နှစ်ယောက် အပါအ၀င် မိသားစုခြောက်ဦးရှိသည့် သူတို့မိသားစု၏အနာဂတ်သည် ကိုစိုးနိုင်ဖြစ်ခဲ့သည်။ သူ၏ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကစစ်ဗိုလ်၊ နောက်တစ်ယောက်က ဆရာဝန်အဖြစ် မိသားစုက ရည်မှန်းထားသည်။ ရည်မှန်းချက်ကြီးမားသော်လည်း အတန်ငယ်မပြည့်မစုံဖြင့် ရုန်းကန်နေရသည့် သူတို့မိသားစုအတွက်တော့ ကိုစိုးနိုင်တစ်ယောက် အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးပြီး ပြန်လည်ထောက်ပံ့ရေးက သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။

သို့သော်လည်း ပူပြင်းလှသော မတ်လ၏ အပူရှိန်အောက် ကြွေလွင့်ခဲ့သည့် သစ်ရွက်ခြောက်များလို အာဏာရှင်ဦးနေ၀င်းနှင့် သူ၏အပေါင်းအပါများ၏ ရက်စက်သည့် အာဏာစက်အောက်တွင် သူတို့မိသားစု၏ မျှော်လင့်ချက်များ တစ်စစီလွင့်ပါးခဲ့ရသည်။

ဝါဒဖြန့်ချိရေးဇာတ်ကားများတွင် ရည်မွန်သည့်ဟန်ပန်ရှိခဲ့သော်လည်း လက်တွေ့တွင် မာကျောခက်ထန်ပြီး ရက်စက်သည့် မျက်နှာထားများနှင့် လုံထိန်းအချို့သည် ကိုစိုးနိုင် ပညာသင်ကြားရာ အင်းစိန် RIT ၀င်းကို ၀ိုင်းထားလိုက်သည်။ သူတို့သည် ထိုနေ့မတိုင်မီ (၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်)နေ့က လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့်အရပ်သား စကားများရာမှ စတင်သည့်ပြဿနာကိုဖြေရှင်းရန် လာရောက်ကြခြင်းဖြစ်သည်။

အမိန့်နာခံသည်မှလွဲပြီး ဘာမျှလုပ်နိုင်စွမ်းရှိပုံမပေါ်သည့် လုံထိန်းတပ်သားများက သူတို့၏သေနတ်ပြောင်းဝကို ကျောင်းသားများဘက်ဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင်ရှိခဲ့သည့် ကိုမြင့်ဦးက ထိုနေ့ကအခြေအနေကို ပြန်ပြောပြသည်။

“သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက်ပစ်ခဲ့တယ်”

သူတို့ပစ်လိုက်သည့် ကျည်ဆန်များထဲမှ တစ်တောင့်က ကျောင်းသားများထဲ ကိုစိုးနိုင်၏ ဘယ်ဘက်ခါးနောက်ကို ထိမှန်သွားခဲ့ပြီး ကိုစိုးနိုင်တစ်ယောက်သည်လည်း မြေပေါ်လဲပြိုခဲ့ရသည်။လုံထိန်းပစ်လွှတ်လိုက်သော သေနတ်ကျည်ဆန်သည် သူ၏ရှေ့မှ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်ကိုသာမက သူ့အား မျှော်လင့်တကြီးစောင့်မျှော်နေသည့် အခြားမိသားစုဝင်များ၏ဘ၀ကိုပါ လဲပြိုစေသည်ကို လုံထိန်းရဲဘော် သိဟန်မတူ။ ပွဲချင်းပြီးသေဆုံးသွားသော ကိုဖုန်းမော်၊ ဆန္ဒပြကျောင်းသား ကိုစိုးနိုင်နှင့် ကိုမြင့်ဦး အပါအ၀င် ကျောင်းသားခြောက်ဦးထက်မနည်း သေနတ်မှန်ခဲ့ရသည်။

“ကျွန်တော်တို့ ဆေးရုံရောက်ပြီးနောက် ၃ နာရီလောက်ကြာမှ ကိုစိုးနိုင်ရောက်လာတယ်”ဟု အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးကပြောသည်။

ငြိမ်းချမ်းစွာစုဝေးနေကြသည့် ကျောင်းသားများအား လုံထိန်းများက သေနတ်ဖြင့်ပစ်သတ်သည်ဆိုသော သတင်းကိုကြားရပါက ရက်စက်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးကောင်းပေးလိမ့်မည်။ သို့သော်လည်း အာဏာရှင်ဦးနေ၀င်းနှင့် အပေါင်းအပါများက ကိုစိုးနိုင်အပေါ်လုပ်သည့် လုပ်ရပ်များက ရက်စက်သည်ဆိုသည့်စကားထက်ပင် ပိုကောင်းပိုလိမ့်မည်။

ဒဏ်ရာရနေသော အခြားသူငယ်ချင်းများနှင့် ကိုစိုးနိုင်ကို ဆေးရုံသို့ သယ်ဆောင်မည့် မော်တော်ယာဉ်ကို အာဏာပိုင်များက တားမြစ်ခဲ့သည်။ ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ခြေလက်များကို သံကြိုးများအသုံးပြုကာ ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။

ရန်ကုန်မြို့မှ လေးနာရီခန့်သွားရသည့် ပုသိမ်မြို့တွင်နေထိုင်သည့် ကိုစိုးနိုင်မိသားစုဝင်များက သူ၏သတင်းကိုကြားရတော့ သူ့ဖခင်က သားနောက်လိုက်ဖို့ပြင်သည်။ အိမ်ဆောက်ရန်အတွက် ၀ယ်ယူထားသည့် ပျဉ်းကတိုးသစ်များကိုရောင်းချပြီး လမ်းစရိတ်လုပ်ရသည်။ သူ၏ဖခင်ဖြစ်သူ ပုသိမ်မြို့မှထွက်လာတော့ ယာယီဆောက်ထားသည့်ဝါးတဲလေးထဲတွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို စောင့်ရှောက်နေရသည့် ဆယ်တန်းဖြေမည့် ညီငယ်နှစ်ဦးနှင့် ကိုစိုးနိုင်၏အစ်မတို့ စိုးရိမ်စိတ်ဖြင့် ကျန်နေခဲ့ရသည်။

ကိုစိုးနိုင်၏ဖခင်ဖြစ်သူသည် ဦးနေ၀င်း၏လမ်းစဉ်ပါတီဝင်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ယခုခေတ်အဆိုအရ တိုင်းဒေသကြီးအလုပ်သမားဝန်ကြီး အဆင့်လောက်အထိ တာဝန်ယူခဲ့ဖူးသည်။ သို့သော်လည်း အာဏာရှင်တို့သည် သူတို့အုပ်စိုးနိုင်ရေးကို ထိခိုက်လာမည်ဆိုပါလျှင် ဘာကိုမှအရေးမထား။ RIT ကျောင်းဝင်းထဲတွင် ပစ်သတ်ခဲ့သော ကိုဖုန်းမော်တစ်ယောက်သည်လည်း လမ်းစဉ်လူငယ်ခေါင်းဆောင်တစ်ဦးပင် မဟုတ်ပါလား။

ကိုစိုးနိုင်ဖခင် ရန်ကုန်ရောက်တော့ သေနတ်ဒဏ်ရာရ သားဖြစ်သူက ဆေးရုံခုတင်နှင့် လက်ထိတ်၊ ခြေထိတ်များ တွဲလျက်။ သေနတ်အပစ်ခံရအပြီး ၂၃ ရက်အကြာ ကိုစိုးနိုင်တစ်ယောက် အသက်ဆုံးခဲ့ရသည်။

“အဖေပြန်ပြောပြတာကတော့ သူဆုံးခါနီးမှာ မိသားစုအပေါ် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပါလို့ မှာသွားတယ်”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကပြောသည်။

“ဆုံးခါနီးသုံးရက်လောက်မှာ ရဲရဲတောက်တို့ဗမာတွေသီချင်းကို သူတောက်လျှောက်ဆိုနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က အခြေအနေဆိုးနေခဲ့တာ။ သူက လာကြည့်တဲ့သူတိုင်းကို ကျွန်တော့်ကို ဂရုစိုက်ဖို့ပဲမှာနေတာ”ဟု နောက်ဆုံးအချိန်ထိ ကိုစိုးနိုင်ဘေးတွင် ရှိနေခဲ့သည့် ကိုမြင့်ဦးကပြောသည်။

ရန်ကုန်တွင် အကျဉ်းချုံးကျင်းပခဲ့ရသည့် အသုဘအပြီး ဖခင်ဖြစ်သူက တိတ်တဆိတ် ပုသိမ်မြို့သို့ ပြန်လာခဲ့ရသည်။ ကိုစိုးနိုင်၏ညီငယ်နှစ်ဦးစလုံး ဆယ်တန်းစာမေးပွဲဖြေနေဆဲမို့ သူ့အစ်ကိုသတင်း မပြောရက်သောကြောင့် ဖခင်ဖြစ်သူက အိမ်တန်းမပြန်ခဲ့ဘဲ ပုန်းနေခဲ့ရသည်။

“အငယ်နှစ်ယောက် စာမေးပွဲပြီးတဲ့နေ့မှ အဖေကပြောတယ်။ ကျွန်မလည်း မြေမှာလူးလှိမ့်ပြီး ငိုခဲ့ရတယ်။ အဖေက ငါနဲ့အတူတူနေချင်ရင် အကျယ်ကြီးမငိုနဲ့။ ငါတို့တွေ အဖမ်းခံရမယ်။ ကျွန်မတို့မိသားစုတွေ ချက်ချင်းပဲ ရက်လည်ဆွမ်းသွတ်ဖို့ စီစဉ်ခဲ့ရတယ်”ဟု ဒေါ်မြင့်မြင့်ဦးကပြောသည်။

ကိုစိုးနိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း အစိုးရ၏ခြိမ်းခြောက်မှုကို ကြောက်ရွံ့သောကြောင့် သူတို့မိသားစုနှင့်ပတ်သက်ဖို့ ၀န်လေးကြသူအချို့ ရှိခဲ့သည်ဟု သူကပြောသည်။ ထိုအထဲတွင် ဆွေမျိုးအချို့ပင် ပါဝင်ခဲ့သည်။

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ဆိုရမည့် ဦးနေ၀င်းနှင့် သူ့နောက်လိုက်များက ဒီတင်မရပ်သေး။ ကိုစိုးနိုင်၏ညီ ဆယ်တန်းကျောင်းသားများကိုပါ ဖိအားပေးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။

“အစ်ကိုဆုံးတဲ့နှစ်မှာ ကျွန်တော်စာမေးပွဲရှုံးတယ်။ ဖြေနိုင်ရက်သားနဲ့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက (ခ)အဆင့်နဲ့ အအောင်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ (ခ)တောင်မပါဘူး။ အားလုံးကနားလည်လိုက်တယ်။ တမင်လုပ်တာလို့”ဟု ကိုစိုးနိုင်၏ညီငယ် ကိုအောင်ကျော်စိုးကပြောသည်။

နောက်တစ်နှစ်ဆက်နေတော့ သူ့အစ်ကိုလိုပင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ သို့သော်လည်း အတိတ်ကအကြောင်းများကြောင့် ပညာရေးကို သူစွန့်လွှတ်လိုက်သည်။

ကိုစိုးနိုင်၏ဖခင်တစ်ယောက်လည်း စိတ်ဖိစီးမှုများခံစားရင်းက ကိုစိုးနိုင်သေဆုံးပြီး နောက်တစ်နှစ်အကြာ ကွယ်လွန်သွားခဲ့ရသည်။

လွန်ခဲ့သော ၂၅ နှစ်ကျော်က လုံထိန်းရဲဘော်ပစ်လိုက်သည့် ကျည်ဆန်များ၏ အကျိုးဆက်ကို သူတို့မိသားစု ခံစားနေရဆဲဖြစ်သည်။ ၂၅ နှစ်တာကာလ ဒီရက်ပိုင်းတွေအတွင်း လက်ချိုးရေ၍ရသော သူအချို့မှလွဲပြီး မည်သူကမှ စာနာသနားကြောင်း သူတို့မိသားစုဝင်များဆီ လာရောက်နှစ်သိမ့်ခြင်း မရှိခဲ့ဖူးပေ။

သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံအစ၊ သေနတ်ဒဏ်ရာဖြင့် အစောဆုံးကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦး၏ မိသားစုဝင်များဘ၀မှာ ခက်ခဲစွာရုန်းကန်ခဲ့ရသည်။ ထို့အတွက် ကြေညာချက်များ လှိုင်လှိုင်ထုတ်လေ့ရှိသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများဘက်ကရော၊ ဘိန်းဘုရင်ကြီးလော်စစ်ဟန် ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောလေ့ရှိသည့် အစိုးရဘက်အရာရှိများဘက်ကပါ စာနာမှုတစ်စုံတစ်ရာ သူတို့မရခဲ့ကြ။

လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း အရေအတွက်အတိအကျ မသိနိုင်သည့်နိုင်ငံသားများ ကိုစိုးနိုင်လို အသက်ပေးခဲ့ရသည်။ သူတို့၏မိသားစုဝင်များ လူ့အသိုင်းအ၀ိုင်းကြားထဲတွင် ပေးဆပ်မှုနှင့်မတန်အောင် မည်မျှနစ်နာနေမှန်း ဘယ်သူမှအတိအကျမသိခဲ့ကြ။

“ကျွန်မတို့မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆိုပြီး နောင်တမရမိခဲ့ဘူး။ ကျွန်မတို့မိသားစု ဂုဏ်ယူရတာပေါ့။ ဒါကို ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူး”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကဆိုသည်။

ပြီးတော့ အဝေးကိုငေးနေခဲ့သည်။ ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။

ရေးသားသူ- ထွန်းခိုင်

ဓာတ်ပုံ- ကိုမြင့်ဦး

7Day News Journal

ဝယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ

ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များ မကြာခဏကိုးကားပြောဆိုလေ့ရှိသည့် “၀ယ်သူသည်သာ ထာဝရမှန်ကန်သည်”ဆိုသည့်ဆိုရိုးစကားမှာ မြန်မာပြည်အတွက်မူ ဟုတ်ဟန်မတူ။ ထိုစကားကို အနည်းငယ်မျှပင် သံသယရှိစရာမလိုဘဲ လက်ခံကြသည့် လူ့အချို့တော့ရှိသည်။ ထိုသူတို့မှာ မြန်မာနိုင်ငံက တယ်လီဖုန်းသုံးစွဲသူများပင်။

အစိုးရက ဖုန်းဆင်းမ်ကတ်တစ်ခုကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချခဲ့ပြီး ၀ယ်လိုအားများလာသော ဖုန်းအခွံ(Handset)ဈေးကွက်ကြောင့် ရန်ကုန်အပါအ၀င် နိုင်ငံအနှံ့တွင် ဖုန်းဟန်းဆက်အရောင်းဆိုင်များ မှိုလိုပေါက်လာခဲ့သည်။ သို့သော်လည်း အဆိုပါဆိုင်များအနက် အချို့ကသာ သူတို့ရောင်းချသည့်ပစ္စည်းများ တစ်စုံတစ်ရာ ပြဿနာပေါ်ပါက ဖြေရှင်းပေးရန် တာဝန်ယူကြသည်။

နိုင်ငံတကာတွင်ကျော်ကြားသည့် Apple ၏ အိုင်ဖုန်းကအစ Samsung ၏နောက်ဆုံးပေါ်ဖုန်းများအလယ် HTC,Huawei အဆုံး နာမည်ကျော်တံဆိပ်များကို သူ့ထက်ငါဦးအောင် ရောင်းချနေသော်လည်း ရောင်းပြီးနောက် ၀န်ဆောင်မှုပေးသည့်အပိုင်းတွင်မူ ကြော်ငြာထားသလို ၀န်ဆောင်မှုပေးဖို့ စိတ်အားထက်သန်ခြင်းမရှိကြ။

“အာမခံတစ်နှစ်ပေးထားတယ်ဆိုပြီး သွားပြင်တော့ တစ်လနှစ်လကြာမှရမယ်ဆိုပြီးချိန်းတယ်”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကိုဖြိုးက လွန်ခဲ့သည့်နှစ်လခန့်က သူ၏ Samsung S3 ဖုန်းပျက်စဉ်က အတွေ့အကြုံကို ပြောပြသည်။

Samsung ၏ မြန်မာနိုင်ငံအတွက် တရားဝင်ဖွင့်လှစ်ထား သည့် ပြုပြင်ရေးဌာနသို့ သွားရောက်အကြောင်းကြားသော်လည်း ၎င်းတို့ထံမှ ၀ယ်ယူခြင်းမဟုတ်သောကြောင့် ပြင်ဆင်ပေးရန်ငြင်းဆန်ခဲ့ကြောင်း ကိုဖြိုးကပြောသည်။

ကိုဖြိုးကဲ့သို့ပင် အရောင်းဆိုင်များမှရောင်းပြီး ပစ္စည်းကိုတာဝန်မယူမှုများ ကြုံတွေ့ရသူ အများအပြားရှိခဲ့သည်။

“ဖုန်းဝယ်တာ Samsung Glaxy Ace ကိုရီးယားဖြစ်ဆိုပြီး ပြောရောင်းတယ်။ ဖုန်းကိုကြည့်တော့ ဗီယက်နမ်ဖြစ်နေတယ်။ ဆိုင်ကိုဖုန်းဆက်ပြောတော့ ဆိုက်ရောက်တဲ့နေရာချင်းပဲကွာတာ။ ဖုန်းအသားမှာ တံဆိပ်ရိုက်ထားတာ ပဲလို့ ပြောတယ်”ဟု တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းအနီး ဟန်းဆက်အရောင်းဆိုင်နှင့် ဖြစ်ပွားခဲ့သည့်ပြဿနာကို ကာယကံရှင်က 7Day Daily သို့ ပြောသည်။

ဈေးကွက်ထဲတွင်ရောင်းချနေသည့် Samsung အမှတ်တံဆိပ်ပါပစ္စည်း တိုင်းကို အာမမခံနိုင်ကြောင်း Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာကပြောသည်။ ဈေးကွက်အတွင်း Samsung ဟု ရောင်းချနေသော ဟန်းဆက်များထဲတွင် Samsung မှ တရားဝင်တင်သွင်းထားခြင်းမဟုတ်ဘဲ ရောင်းချနေသည့် ဟန်းဆက်အများအပြားရှိနေခြင်းကြောင့် ထိုပစ္စည်းများအတွက် အာမခံချက်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

Samsung အမှတ်တံဆိပ်ဖြင့် တရားဝင်ရောင်းချပေးနေသည့် ဟန်းဆက်အရောင်းဆိုင်မှာ တစ်နိုင်ငံလုံးတွင် ဆိုင်နှစ်ဆယ်ခန့်ရှိပြီး ထိုဆိုင်များမှရောင်းချပေးနေသည့် ပစ္စည်းများနှင့် Samsung ၏ ပစ္စည်းအစစ်အမှန်များကိုသာ တရားဝင်အာမခံပေးကြောင်း အဆိုပါအထွေထွေမန်နေဂျာကပြောသည်။

“Samsung Service ဆိုင်တွေမှာလာပြင်တဲ့ ပစ္စည်းဆိုရင် ကြည့်လိုက်တာနဲ့ သိသာတယ်။ တရားဝင်သွင်းတဲ့ပစ္စည်း ဟုတ်လား မဟုတ်လားဆိုတာ။ အခုနောက်ပိုင်းဖုန်းတွေဆိုရင် တရားဝင်သွင်းထားတဲ့ဖုန်းတွေမှာ ကုတ်နံပါတ်တို့၊ မြန်မာဖောင့်တို့ပါတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့ ဖုန်းတွေမှာကျတော့ အဲဒါတွေမပါတော့ဘူး။ အဲဒီဖုန်းတွေဆိုရင် ဆိုင်ကတာဝန်မယူပေးဘူး”ဟု Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာ ဦးဇာနည်ဝင်းထက်ကပြောသည်။

တရားဝင်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ Samsung အမည်တပ်ကာ ဖွင့်လှစ်ထားသည့် အခြားဟန်းဆက်ဆိုင်များကိုလည်း Samsung အမှတ်တံဆိပ်သုံးစွဲမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြု လုပ်နေကြောင်း ၎င်းကပြောသည်။

“ရေရှည်မှာတရားစွဲဆိုတာတွေ ဖြစ်လာနိုင်တယ်”ဟု ဦးဇာနည်ဝင်းထက်ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းကို လူလတ်တန်းစားများ လက်လှမ်းမီသုံးစွဲလာနိုင်သည်မှာ သုံးနှစ်ဝန်းကျင်သာရှိဦးမည်။ ထို့ကြောင့် ဖုန်းဟန်းဆက်ကဲ့သို့သော ပစ္စည်းများမှာ လူအများနှင့်နီးစပ်မှုမရှိပါ။

ထိုကဲ့သို့ သုံးစွဲသူများ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ ပုံစံတူတံဆိပ်အတုများ၊ အရည်အသွေးညံ့ပစ္စည်းများရောင်းချခြင်း၊ ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲ Application များ ထည့်သွင်း၍ ငွေကြေးမ တန်မရာတောင်းခံခြင်းများ၊ ၀န်ဆောင်မှုကိုပြရောင်း ကာ ရောင်းပြီးပစ္စည်းများအတွက် တာဝန်ယူဖြေရှင်းမှုမရှိခြင်းတို့က ဟန်းဆက်ဝယ်သူများ နေ့စဉ်ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲသူအများစု လက်ခံအားပေးနေသည့် Huawei အမှတ်တံဆိပ်ပါ ဟန်းဆက်များသည်လည်း အထက်ပါကဲ့သို့ အခက်အခဲများကြုံတွေ့နေရကြောင်း သုံးစွဲသူများကပြောသည်။

“Huawei တံဆိပ်ပစ္စည်းတွေ အဓိကရောင်းတဲ့ဆိုင်ကို သွားဝယ်တယ်။ အာမခံပေးထားပေမယ့် သွားပြင်တော့အဆင်မပြေဘူး။ ဈေးတွေလျှော့ ပြီးရောင်းတယ်။ ပစ္စည်းကျ အမှန်အကန်မရောင်းဘူး။ ရောင်းပြီးဝန်ဆောင် မှုကတော့ ဘာမှမရှိဘူး။ Huawei ကိုဆက်သွယ်ပြီး မေးမြန်းကြည့်တော့ အဲဒီဆိုင်က Huawei ရဲ့ တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ဆိုင်မဟုတ်ဘူးလို့ အကြောင်းပြန်တယ်”ဟု လှည်းတန်းစံရိမ်ငြိမ် ၆ လမ်းထိပ် ဟန်းဆက်ဆိုင်တွင် ၀ယ်ယူခဲ့သူတစ်ဦးကပြောသည်။

အဆိုပါပြဿနာများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို Huawei ၏ မြန်မာနိုင်ငံဆိုင်ရာရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင် စာနယ်ဇင်းများထံ ဖြေကြားလေ့ရှိသည့် Huawei မှ တာဝန်ရှိသူများက ဖြေကြားရန်ငြင်းဆိုခဲ့သည်။

အခြားနာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော iphone, HTC,Sony, LG မှစပြီး တံဆိပ်မျိုးစုံ ၀ယ်ယူသုံးစွဲနေရသည့် ပြည်တွင်းမှသုံးစွဲသူများလည်း အလားတူပြဿနာများ ကြုံတွေ့ရသူများစွာရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူသိများသည့် လျှပ်စစ်ပစ္စည်း၊ ဖုန်းဟန်းဆက်ပစ္စည်း များ ရောင်းချသည့် ဆိုင်ကြီးများအပါအ၀င် အရောင်းဆိုင်များသည် ၀ယ်ယူသုံးစွဲသူများအပေါ် ရောင်းချပြီးနောက်ပိုင်းကတိပြုထားသည့် ၀န်ဆောင်မှုကိုပေးရန်ပျက်ကွက်မှုအမြောက်အများရှိကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်သူများအသင်းသို့ တိုင်ကြားလာမှုများကိုအခြေခံပြီး ယင်းအသင်း၏ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောသည်။

ရောင်းချသည့်ဆိုင်များသည် အလွန်အကျွံကြော်ငြာမှုများ ပြုလုပ်နေပြီး သုံးစွဲသူဘက်မှ၎င်းတို့ဝန်ဆောင်မှုအပေါ် စောဒကတက်လာပါက ဖြေရှင်းပေးရန် ငြင်းဆန်နေသည့် နာမည်ကျော်လျှပ်စစ်ပစ္စည်းအရောင်းဆိုင် များ ပင်ရှိကြောင်း ၎င်းကပြောသည်။

“များသောအားဖြင့် ဖြေရှင်းမပေးနိုင်ဘူး။ သူတို့ထိခိုက်တဲ့ကိစ္စပေါ်လာမှ လိုက်လျောတာများတယ်။ ဥပမာဆိုင်နာမည်ကို မီဒီယာတွေကတစ်ဆင့် ပြောတာတွေကျမှ ဖြေရှင်းပေးတယ်”ဟု ဦးဗအုပ်ခိုင်ကပြောသည်။

ဟန်းဆက်အရောင်းဆိုင်အချို့က ကျင့်ဝတ်မလိုက်နာဘဲ အလွန်အကျွံအာမခံကာ ရောင်းချခြင်းကြောင့် ပြဿနာဖြစ်ပွားမှုများရှိသကဲ့သို့ သုံးစွဲသူများဘက်က အာမခံကိုနားလည်မှုလွဲမှားသောကြောင့် ဖြစ်ပွားသည့် ပြဿနာများလည်းရှိကြောင်း အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“သုံးစွဲသူဘက်က အမှားကြောင့်ဖြစ်တဲ့ပြဿနာတွေကိုကျရင်တော့ အာမခံပေးလို့မရဘူး။ တချို့ကအာမခံထဲက စာကိုသေချာမဖတ်တာလည်းရှိတယ်”ဟု ၎င်းကပြောသည်။

ပြည်တွင်းတွင် ဟန်းဆက်တင်သွင်းသူအများစုသည် တရားဝင်တင်သွင်းခြင်းမဟုတ်ဘဲ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းကြခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက်မရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖုန်းအရောင်းဆိုင်များကပြောသည်။ သို့သော်လည်း ယင်းဟန်းဆက်များကို ပြည်တွင်းဆိုင်များက အာမခံပေးမည်ဟု လိမ်လည်ရောင်းချမှုများရှိကြောင်း ၎င်းတို့ကပြောသည်။

“ကျွန်တော်တို့ ဒိုင်တွေဆီက ၀ယ်တာတောင် ၁၀ လုံးလောက်ဝယ်မှ ကတ်ဖတ်၊ မဖတ် စစ်ခွင့်ရတယ်။ သုံးရက်အတွင်း ပြန်မလဲလို့ ကိုယ့်လက်ထဲပျက်ရင်အဆုံးပဲ။ ဒိုင်ကတောင် သုံးရက်ပဲ အာမခံပေးတယ်။ ဆိုင်တွေက တစ်နှစ်လောက် အာမခံပေးတယ်ဆိုတာ စဉ်းစားစရာရှိတယ်”ဟု အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်တစ်ခုမှ ပိုင်ရှင်ကပြောသည်။

နိုင်ငံတကာတွင်တော့ စားသုံးသူများ၊ ပစ္စည်းသုံးစွဲသူများကို ရောင်းချသူများ ဘက်မှ ကတိက၀တ်ဖောက်ဖျက်ပါက ကူညီအရေးယူဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများရှိသည်။ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေးသည့် ဥပဒေများမရှိခြင်းကြောင့် ယခုကဲ့သို့ နစ်နာမှုများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ပညာရှင်များကပြောသည်။

အာဆီယံနိုင်ငံများတွင် စားသုံးသူအရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့၏ စားသုံးသူကာကွယ်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့်ဌာနများ (သို့မဟုတ်) အဖွဲ့အစည်းများစာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

စားသုံးသူများ၊ သုံးစွဲသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည့်အစီအစဉ်ကို အဆိုပါဝန်ကြီးဌာနသို့ 7Day Daily က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ယူဖြေကြားမည့်အရာရှိ လွှတ်တော်သို့ သွားရောက်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။ အခြားအဆင့်ဝန်ထမ်းများကလည်း မေးမြန်းသည့်မေးခွန်းများကို ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။

သို့သော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဌာနခွဲမှ စားသုံးသူများ၏ တိုင်တန်းချက်များကို မကြာမီ လက်ခံဖြေရှင်းမည်ဖြစ်ကြောင်း အဆိုပါဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း၏ ပြောစကားများကိုကိုးကား၍ အပတ်စဉ်ထုတ် စိုက်ပျိုးရေးနှင့် စီးပွားရေးသတင်းဂျာနယ်ဖြစ်သည့် The Farmer က ရေးသားသည်။ ၀န်ကြီးဌာနက စားသုံးသူအကာအ ကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ကြိုးစားနေကြောင်း၊ ဥပဒေပေါ်ပေါက်လာပါက စားသုံးသူများ၏ တိုင်တန်းချက်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဦးမောင်မောင်ထွန်းကို ကိုးကားပြီး ရေးသားထားသည်။

“ဥပဒေကိုအတည်ပြုပြီးရင် ကျွန်တော်တို့ စားသုံးသူရေးရာဌာနခွဲကို တိုင်ကြားနိုင်ပါပြီ”ဟု သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အဆောက်အအုံတွင် ကျင်းပသည့် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲအတွင်း ဦးမောင်မောင်ထွန်း၏ ပြောစကားများကို ကိုးကားပြီး အဆိုပါဂျာနယ်က ရေးသားသည်။

ယခုအချိန်အထိ နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများက ၎င်းတို့အမှတ်တံဆိပ်ရိုက်နှိပ်ကာ ရောင်းချနေသည့် ကုန်ပစ္စည်းများ၊ ကုမ္ပဏီမှ အာမခံသည်ဟု ရောင်းချသည့်ပစ္စည်းများကြောင့် စားသုံးသူများ၏နစ်နာနေမှုကို ဖြေရှင်းပေးရန် ထင်သာမြင်သာသည့် ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ မတွေ့သေးပေ။

ထို့အတူ အစိုးရဘက်ကလည်း တိုင်းသူပြည်သားများ ကုန်ပစ္စည်းဝယ်ယူသုံးစွဲရာတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို တားဆီးဖြေရှင်းပေးမှုများလည်း မတွေ့ရသေး။

ဘောဂဗေဒပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းရှင်များက မကြာခဏကိုးကားပြောဆိုသည့် “၀ယ်ယူသူသာ ထာဝရမှန်ကန်သည်”ဆိုတဲ့ဆိုရိုးက မြန်မာပြည်မှ ဟန်းဆက်ဝယ်ယူသူများအတွက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ “၀ယ်သူသာ ထာဝရခံနေရဆဲဖြစ်သည်”။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရေးသားသူ- ထွန်းခိုင်၊ ခန့်ထက်၊ ဆွေမွန်
7Day News Journal

ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းများကို ရိက္ခာလျှော့မည်

မယ်လဒုက္ခသည်စခန်း (ဓာတ်ပုံ ရိုက်တာ) ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကို ရိက္ခာတချို့ လျှော့မယ်လို့ ဒုက္ခသည်များကူညီရေးကော်မတီ (တီဘီဘီစီ) က အတည်ပြုပြောဆိုလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က စခန်းတွေမှာ ဒုက္ခသည်ပေါင်း ၁ သိန်း ၃ သောင်းလောက်  ခိုလှုံနေတာဖြစ်ပြီး နေ့စဉ်စားသုံးနေတဲ့ ဆန်ကို လျှော့ပေးမှာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ အကူအညီလျော့နည်းတဲ့အတွက်  ဒီဇင်ဘာလကစလို့ ဆန်ရိက္ခာ စလျှော့ချမယ်လို့  ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်များ ကူညီရေးကော်မတီ (တီဘီဘီစီ) ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး Sally Thompson က ပြောပါတယ်။

“လက်ရှိမှာတော့ ဒုက္ခသည်တွေက ဆန် ၁၂ ကီလိုရပါတယ်။ တချို့တွေက ဆက်ပြီးတော့ ၁၂ ကီလိုရမှာ ဖြစ်ပေမယ့် တချို့က ၁၀ ကီလိုရပါလိမ့်မယ်။ ဘယ်သူက အစားအသောက် အလိုအပ်ဆုံးလဲဆိုတာကို အသိုင်းအ၀န်းက ဆုံးဖြတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်တိုင်းကို အခုလို ဆုံးဖြတ်သွားမှာလည်း ဖြစ်ပါတယ်။ တချို့က ဆန် ၈ ကီလိုရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သိပ်မလိုအပ်သလို  မိသားစုအတွက် လိုအပ်တဲ့ အစားအသောက်ကို ကိုယ်တိုင် ရှာဖွေနိုင်လို့  ဖြစ်ပါတယ်။ သူတို့က မှီခိုစရာမလိုသလို အစားအသောက်ရရှိဖို့ တခြားနည်းလမ်းတွေကို အသုံးပြုနိုင်လို့ပါ။”

အရွယ်ရောက်ပြီးသူတွေကိုပဲ ရိက္ခလျှော့မှာဖြစ်ပေမယ့် အသက် ၁၈ နှစ်အောက် ကလေးတွေရဲ့ ရိက္ခာကိုတော့ အရင်ဝေနေကျ နှုန်းထားအတိုင်း ပေးမှာလို့ ဆိုပါတယ်။

ဒီလို ရိက္ခာလျှော့တဲ့နေရာမှာ ဒုက္ခသည်စခန်းမှာ အမြဲနေထိုင်သူ၊ စခန်းမှာ မိမိကိုယ်မိမိ ရပ်တည်နိုင်တဲ့၊ လိုအပ်တဲ့သူတွေနဲ့၊ အလိုအပ်ဆုံးသူတွေဆိုပြီး  အဆင့်တွေ သတ်မှတ်ထားပါတယ်။

ဒီလိုအဆင့်တွေ သိနိုင်ဖို့ ကော်မတီဖွဲ့စည်းပြီး စာရင်းကောက်နေတယ်လို့ မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ ဆရာ အောနက်က ပြောပါတယ်။
အဆင့်သတ်မှတ်ရာမှာ ခက်ခဲသလို ရိက္ခလျှော့လိုက်တဲ့အတွက်လည်း ဒုက္ခသည်တွေအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။

“အဲဒါ ကျနော်တို့ အတွက်ကတော့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေကတော့ အပြင်မှာ ထွက်လုပ်နေတဲ့ လူတွေ ရှိရင်ရှိသလို စခန်းထဲမှာလည်း အလုပ်တွေရှိပြီးသား လူတွေ သူတို့လစာတော့ နည်းနည်းပါးပါးပဲ ရတယ်လေ။ ဒါပေမယ့် အစားအစားတွေအတွက်တော့ သူတို့ အခက်အခဲတွေ ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်ထားတယ်။”

ရိက္ခာလျှော့ချမယ်သတင်းကြောင့်လည်း ဒုက္ခသည်တွေစိုးရိမ်ပူပန်မှုနဲ့ ပတ်သက်လို့ Sally Thompsonက အစားအစာလုံလောက်အောင် ရည်ရွယ်လုပ်ဆောင်တာပါလို့ ဖြေကြားပါတယ်။

“ဒီအပြောင်းအလဲကို အားလုံး သေသေချာချာနားလည်အောင် သတင်းနဲ့ ဆက်သွယ်ရေးလှုပ်ရှားမှုကို စခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှာပါ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က တကယ်ကိုလိုအပ်ပြီး ထိခိုက်လွယ်မယ့်သူတွေအတွက် အစားစာ လုံလောက်အောင် ရရှိစေဖို့ဖြစ်ပါတယ်။ အလိုအပ်ဆုံးလူတွေကိုတော့ အစားအစာတွေ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။”

အရင်က  ဒုက္ခသည်တဦးကို တလမှာ ဆန် ၁၅ ကီလိုပေးခဲ့ပေမယ့် ၂၀၁၃ ခု နှစ်ဆန်းပိုင်းကစပြီး  လူကြီးတဦး ဆန် ၁၂ ကီလိုနဲ့  ၅ နှစ်အောက် ကလေးတယောက်ကို ဆန် ၆ ကီလိုသာ ပေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်နဲ့ နိုင်ငံရေး ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်ကြပါတယ်။

တီဘီဘီစီအဖွဲ့ဟာ နိုင်ငံ (၉) နိုင်ငံက နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး အစားအစာ၊ အမိုးအကာ နဲ့ တခြားပစ္စည်းအမယ်တွေကို မြန်မာပြည်က ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းပုန်းအောင်နေထိုင်သူတွေကို ဆယ်စုနှစ်နဲ့ချီ ထောက်ပံ့လာခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားများအား အလုပ်ခန့်ထားမှု ဆိုင်ရာ စာချုပ်ပျက်ကွက်ပါက အရေးယူသွားမည်

 အလုပ် သမားများအား အလုပ်ခန့်ထား ပါက အလုပ်ခန့်ထားမှုဆိုင်ရာ စာ ချုပ်ချုပ်ဆိုမှုပျက်ကွက်ပါက ဥပ ဒေအရအရေးယူသွားမည်ဟု အ လုပ်သမား၊ အလုပ်အကိုင်နှင့် လူ မှုဖူလုံရေးဌာန ဒုတိယဝန်ကြီးဒေါ် ဝင်းမော်ထွန်းက ပြောသည်။

ယနေ့ကျင်းပသော ပြည် ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁ရ ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်ထောင်စုလွှတ် တော်အလုပ်သမား၊ အလုပ်ရှင်အ ခွင့်အရေးလေ့လာရေး ပူးပေါင်း ကော်မရှင်၏ အစီရင်ခံစာနှင့် စပ် လျဉ်းပြီး ပြန်လည်ရှင်းလင်းရာတွင် ယင်းသို့ပြောကြားခြင်းဖြစ်သည်။

''ကျွန်မတို့ ဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပ ဒေကြမ်းမှာ စက်ရုံအလုပ်ရုံလုပ်ငန်း ရှင်များသည် အလုပ်သမားများ အား အလုပ်ခန့်ထားပါက အလုပ် ခန့်ထားမှုဆိုင်ရာစာချုပ်ချုပ်ဆို နိုင်ရေးကို ထည့်သွင်းဖော်ပြထား ပြီး လိုက်နာမှုမရှိတဲ့လုပ်ငန်းဌာန များကို တရားဥပဒေအရ အရေး ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အလုပ်ချိန်နှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက ''တစ်နေ့အလုပ် ချိန်ရှစ်နာရီအပြင် အချိန်ပိုတစ် ရက် သုံးနာရီခွင့်ပြုထားပါတယ်။ အလုပ်သမားများအားသတ်မှတ် အလုပ်ချိန်အချိန်ပိုလုပ်ကိုင်ခွင့် များကိုလည်း တိကျစွာဆောင်ရွက် လျက်ရှိပါတယ်။ သတ်မှတ်ခွင့်ပြု ချက်ထက် ကျော်လွန်လုပ်ကိုင်မှု ချိုးဖောက်ပါက စက်ရုံအလုပ်ရုံများ အား ဥပဒေလိုက်နာစေရေး ဝန်ခံ ကတိလက်မှတ်ရေးထိုးစေပြီး သ တိပေးမှုသုံးကြိမ်ပြီးလျှင် တရားစွဲ ဆိုခြင်းကို ဝန်ကြီးဌာန၏ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ပါတယ်''ဟု ရှင်း လင်းပြောကြားခဲ့သည်။

ယင်းအပြင် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံအများစုတွင် လက်ရှိကျင့် သုံးနေသော ခေါင်းစဉ်အမျိုးမျိုး ဖြင့် လုပ်ခလစာပေးနေသည့် ပုံစံ အားကျင့်သုံးခြင်းမပြုစေရန်အ တွက် အလုပ်သမားများ၏ လုပ်ခ လစာများအား ကျွမ်းကျင်မှုအပေါ် ရရှိလာစေရန်အတွက် အနည်းဆုံး အခကြေးငွေ ဥပဒေကိုအတည် ပြုသတ်မှတ်ပြဋ္ဌာန်းပေးရန် လို အပ်လျက်ရှိသည့်အတွက် အနည်း ဆုံးအခကြေးငွေဥပဒေကို တိုင်း ဒေသကြီး၊ ပြည်နယ်အလိုက်အမျိုး သား အဆင့်ကော်မတီများ ဖွဲ့စည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆွမ်းခံကြွ သံဃာ သုံးဘီးဆိုင်ကယ် တိုက်၍ ပျံလွန်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ နယ်ကုန်းသာကျေးရွာ ရန်ကုန်-မန္တလေးလမ်း (လမ်းဟောင်း) မိုင်တိုင် အမှတ် ၃၂၄ အနီးတွင် သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က ဆွမ်းခံကြွလာသော သံဃာ တစ်ပါး သုံးဘီး ဆိုင်ကယ် တိုက်မိ၍ ပျံလွန်သွားကြောင်း ယင်းမြို့ ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်က မိတ္ထီလာမြို့နယ် ကန်တောင် ကျေးရွာနေ ယာဉ်မောင်း မျိုးဆန်း ၁၉ နှစ် မောင်းနှင်သော သုံးဘီး ဆိုင်ကယ် ၂င/၈၉၈၆ သည် ရန်ကုန်-မန္တလေးလမ်း (လမ်းဟောင်း) မိုင်တိုင် အမှတ် ၃၂၄ အနီးတွင် မြောက်မှ တောင်သို့ မောင်းနှင်လာစဉ် မိတ္ထီလာ မြို့နယ် ကန်တောင်ကျေးရွာ ရွှေဘုန်းပွင့် ဘုန်းတော်ကြီး ကျောင်း တွင် သီတင်းသုံးသည့် သံဃာ ဦးဉာဏ (လူအမည် ဦးစံဝင်း)၊ သက်တော် ၇၅၊ ဝါတော် ရှစ်ဝါကို ဝင်တိုက်မိရာ ဦးခေါင်း နောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ ဝဲခြေထောက် ပေါက်ပြဲ ဒဏ်ရာများဖြင့် ပျံလွန်သွားကြောင်း နယ်မြေပိုင် မိတ္ထီလာမြို့ မြို့မ ရဲစခန်းထံမှ သိရသည်။

“ဒီနေ့ မနက်ပိုင်း မိတ္ထီလာဈေးကို ဈေးဝယ်အသွား လမ်းမှာ လူတွေ အုံနေလို့ ဆိုင်ကယ်ရပ်ပြီး ကြည့်လိုက်မိတယ်။ ဘုန်းကြီးကို သုံးဘီးက တိုက်မိတယ်လို့ သိရတယ်။ ဆရာတော်ကိုတော့ စောင်နဲ့ လုံလုံခြုံခြုံ ဖုံးထားတာကို မြင်ခဲ့ ရတယ်” ဟု မိတ္ထီလာမြို့ ကန်တောင်ကျေးရွာ ဒေသခံ ဦးမြစိန်က ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မိတ္ထီလာမြို့ခံ လူထုအကြားတွင် ဆွမ်းခံကြွလာသည့် သံဃာ တစ်ပါးကို အစ္စလာမ် ဘာသာဝင် တစ်ဦးက သုံးဘီး ဆိုင်ကယ်ဖြင့် တိုက်သတ်သည်ဟု ကောလာဟလများ ထွက်ပေါ် ခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ယာဉ်မောင်း မျိုးဆန်းသည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ဦးသာ ဖြစ်ပြီး ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသည့် အစ္စလာမ် ဘာသာဝင်တစ်ဦး မဟုတ်ဟု သက်ဆိုင်ရာ မြို့မ ရဲစခန်းနှင့် ဒေသခံ မျက်မြင် တွေ့ရှိသူများက အတည်ပြု ပြောကြားသည်။
ယင်းအမှုနှင့် ပတ်သက်၍ ယာဉ်မောင်း မျိုးဆန်းကို နယ်မြေပိုင် မြို့မ ရဲစခန်းရှိ ဒုရဲအုပ် ကျော်ဇောဝေ က တရားလို ပြုလုပ်၍ မိတ္ထီလာမြို့ မြို့မ ရဲစခန်းတွင် (ပ)၃၇/၂၀၁၃ ပုဒ်မ ၃၀၄(က) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။ 

တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူများ၏ပုံတူများ ရဲကရရှိထားပြီ

တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးတစ်ဦး၏ပါးကို ဓားဖြင့်လှီးခြစ်ပြီး ထွက်ပြေးသွားခဲ့သည့် သူများ၏ ပုံတူရုပ်ပုံပန်းချီများ ရဲများ၏လက်ဝယ်ရရှိထားပြီဖြစ်ပြီး ၎င်းတို့ကို ဖော်ထုတ်ဖမ်းဆီးရန် အမြန်စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် အောင်ထွန်းလွင်က သြဂုတ် ၂၇ ရက်ကမဇ္ဈိမကိုပြောသည်။

“ပြစ်မှုကျူးလွန်သူတွေရဲ့ ပန်းချီပုံတူတွေ ရေးဆွဲရရှိထားပါပြီ။ မြို့နယ်ရဲစခန်းတွေကို ဖြန့်ဝေပြီး ရှာဖွေနေပါတယ်” ဟုလည်း ၎င်းကဆိုသည်။

ပြစ်မှုကျူးလွန်ခဲ့ကြသူ နှစ်ဦးအနက် တစ်ဦးသည် နှာတံချွန်ပြီး အသားညိုကာ အရပ်မှာ ငါးပေငါးလက်မ ခန့် ရှိကြောင်း၊ ကျန်တစ်ဦးမှာ မျက်နှာဝိုင်း၊ ဆံပင်ရှည်၊ အရပ်ပုပြီး အရပ်ငါးပေ နှစ်လက်မခန့် ရှိသည်ဟု ကာယကံရှင်၏ ထွက်ဆိုချက်ကို ရန်ကုန်တိုင်းရဲဌာနမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုအခင်းသည် သြဂုတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားဖြင့်ပါးကို ဆွဲခြစ်ခံရသည့် အမျိုးသမီးသည် တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊ အဿက ၂၂ လမ်းတွင်နေထိုင်သည့် အသက် ၄၆ နှစ် အရွယ် ဒေါ်ချိုချိုဝင်းဖြစ်ကြောင်း တိုင်းရဲဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အမျိုးသမီးသည် သားဖြစ်သူကျောင်းမှအပြန် ကြိုရန် ဆိုက်ကားဖြင့် နေအိမ်လမ်းထိပ်မှ ကျောင်းသို့အသွား အထက (၃)ကျောင်းလမ်းနှင့် အဿက(၂၅)လမ်းဆုံအရောက်တွင် ပါးအား ပြတ်ရှစေတက်သောအရာဖြင့် ဆွဲခြစ်ခြင်း ခံရသည်ဟု ကာကကံရှင်က ရဲကိုတိုင်ကြားချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့ ဆွဲခြစ်သွားသူများကို ထိုအမျိုးသမီးက မသိရှိဘဲ လူမြင်လျှင် မှတ်မိကြောင်း တစ်ဦးက ဆိုက်ကား အားတားပြီး ကျန်တစ်ဦးက သံပြားအ၀ိုင်းဖြင့် ယာပါးကို ဆွဲခြစ်၍ ထွက်ပြေးသွားသည်ဟုလည်း ကာယကံရှင်ဖြစ်သူ ဒေါ်ချိုချိုဝင်း က ရဲအားပြောပြထားပါသည်။

ဒေါ်ချိုချိုဝင်း၏ပါးတွင် သုံးလက်မခန့် ဒေါင်လိုက် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံတွင် တက်ရောက် ကုသနေသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် ဘာသာခြားများဖြစ်သည်ဟုဆိုကာ ကောလာဟလ သတင်းများ ထွက်ပေါ်လာသဖြင့် ယင်းမြို့နယ်တွင် ပဋိပက္ခများ မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အား ငါးဆယ်ကျော်ဖြင့် ၂၄ နာရီ လုံခြုံရေးယူနေသည်ဟု မြို့နယ်ရဲစခန်းမှ စုံစမ်းသိရှိ ရသည်။

“လုံခြုံရေးကို ခရိုင်နဲ့ မြို့နယ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၄ နာရီ လုံခြုံရေးကို တရားခံ ဖမ်းဆီးရမိရေးနဲ့ နယ်မြေလုံခြုံရေး အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်” ဟုလည်း တောင်ဥက္ကလာပရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်အောင်ထွန်းလွင်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ အမှုအခင်းကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းက အမှုအမှတ်(ပ) ၃၁၂/ ၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆/၃၄၁/၁၁၄ တို့ဖြင့် တရားစွဲဆိုမည်ဟု ရန်ကုန်တိုင်း ရဲဌာနက သတင်းထုတ်ပြန်ထားသည်။ 

အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်

 နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန် ငွေလွှဲကုမ္ပဏီ Money Gram က မြန်မာနိုင်ငံသို့ ပြည်ပမှ ငွေ လွှဲသော ဝန်ဆောင်မှုကို စတင်ကြောင်း ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Sr.Grant Lines က ပြောကြားသည်။

အဆိုပါ ကုမ္ပဏီက နိုင်ငံတကာ ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများ ကို ပြည်တွင်းဘဏ် AGD (အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်) နှင့် ပူးပေါင်း ဆောင်ရွက်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်၌ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

နှစ်ဖက် သဘောတူညီချက်အရ နိုင်ငံ တစ်ဝန်းရှိ AGD ဘဏ်၏ ဘဏ်ခွဲပေါင်း ၃၀ နှင့် နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်ရေး စင်တာ ၁၇ ခုတို့တွင် Money Gram က ငွေလွှဲ ဝန်ဆောင်မှု ဆောင်ရွက် မည် ဖြစ်ကြောင်း Sr.Grant Lines က ပြောကြားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲရာတွင် ကြုံတွေ့နေ ရသည့် အခက်အခဲများကို ဖြေရှင်းရန် မိနစ်ပိုင်းအတွင်း နေရာဒေသ မရွေး ငွေလွှဲနိုင်ရန် ရည်ရွယ်၍ ယင်းသို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း AGD ဘဏ် ဥက္ကဋ္ဌ ဦးသန်းရီက ပြောကြားသည်။

Money Gram သည် နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်း များ ဆောင်ရွက်နေသဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲလိုသူများ ယင်းနိုင်ငံပေါင်း ၇၉ နိုင်ငံမှ Money Gram ၏ ကွန်ရက်များကို အသုံး ပြု၍ ပြည်တွင်းသို့ ငွေ လွှဲနိုင်မည် ဖြစ်ကြောင်း Money Gram မှ ဈေးကွက် ရှာဖွေရေး ဒါရိုက်တာ Ms.Sabrina Chan က The Voice သို့ ပြောကြားသည်။

NASDAQ ကုန်စည် ဈေးကွက် စာရင်းဝင် Money Gram ကုမ္ပဏီ သည် ငွေတောင်းခံလွှာ ပေးချေမှုနှင့် ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်း ကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ စာတိုက်များ၊ အသေးစား ငွေကြေး လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည်။

ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိုများလာဟုဆို


မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်းအတု ရောင်းချသူများ ပိုများလာသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူစေလိုကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်စိမ်း ကုန်သည်များက ပြောကြားသည်။

အဆိုပါ စခန်းတွင် အရည်ကျောက်၊ တရုတ်ကျောက်နှင့် ဆေးဆိုး ကျောက် များကို အုပ်စုဖွဲ့ ရောင်းချ မှုများ ပိုများလာသဖြင့် ကျောက်စိမ်းဈေးကွက် ထိခိုက်စေနိုင်ကြောင်း အဆိုပါ ကျောက်ကုန်သည် များက ပြောကြားသည်။

“ကျောက်စိမ်းအတု အဝယ်မှားတဲ့သူက သွားတိုင်လည်း အမှုဖွင့် အရေးယူ တာမျိုး ရှိပေမယ့် တရားခံ ဖမ်းမိတာမျိုး နည်းတယ်။ ရောင်းတဲ့သူကလည်း နာမည် အမှား၊ လိပ်စာ အမှား ပေးတာမျိုးရှိတော့ မမိတာမျိုးလည်း ရှိတယ်” ဟု ယင်းကျောက်မျက်စခန်း အခြေစိုက် ကျောက်စိမ်းကုန်သည် ဦးဆယ်သန်းက ဆိုသည်။

ယင်းစခန်းတွင် နှစ်ဦး တစ်ဖွဲ့၊ သုံးဦး တစ်ဖွဲ့ခန့်ဖြင့် ဦးရေ ၃၀ ခန့် ကျောက်စိမ်းအတု ရောင်းချနေမှုများ ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းအတု လိမ်လည်သူများသည် နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထား ရောင်းချမှုများ ရှိပြီး တရုတ် လူမျိုးများ ကျောက်စိမ်း ဝယ်ယူရာတွင် အများဆုံး လိမ်လည်ခံရကြောင်း ၎င်းက ထပ်မံ ပြောကြား သည်။

“ခုနောက်ပိုင်း တရုတ်လူမျိုး ကျောက်စိမ်း ဝယ်တဲ့သူကလည်း ကျောက်ကို အတု ဟုတ် မဟုတ် စစ်ဆေးပြီးမှ ပိုက်ဆံချေတာမျိုး လုပ်လာတာ ရှိတော့ ခုနောက်ပိုင်း လိမ်လည်ခံရမှု နည်းလာတယ်။ ဒါပေမဲ့ ဥရောပ နိုင်ငံခြား သားတွေ လာပြီဆိုရင် ဝိုင်းအုံ ရောင်းချတာ။ တချို့တွေလည်း အတုတွေ ပါတယ်” ဟု ဦးဆယ်သန်းက ထပ်မံ ဆိုသည်။

ကျောက်စိမ်းအတု ရောင်းမှား ဝယ်မှား ဖြစ်ပါက မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကော်မတီမှ ဖြေရှင်းပေးမှုများ ရှိကြောင်း ရောင်းသူနှင့် ဝယ်သူ ထိပ်တိုက်တွေ့ပေးကာ ဝယ်ယူ ထားသည့် ငွေကြေး ပမာဏအတိုင်း ပြန်လည် ပေးအပ်စေရန် ညှိနှိုင်းပေးမှု ရှိကြောင်း အဆိုပါ ကျောက်မျက် ရောင်းဝယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကျောက်စိမ်းအတု ဝယ်မိတာဆိုရင် ရဲစခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်လို့ ရတယ်”ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိ ရေးဆွဲနေသည့် မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာနှင့် ပတ်သက်သည့် ဥပဒေတွင် ကျောက်မျက် လိမ်လည် ရောင်းချမှုများအတွက် ထိရောက်သည့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲပေးစေ လိုကြောင်း ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။

လက်ရှိ ရေးဆွဲနေသည့် အဆိုပါ ဥပဒေအတွက် ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။
ကျောက်ဖြတ် ကျောက်သွေးခြင်းဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အတု ပြုလုပ် လိမ်လည် ရောင်းချခြင်း အတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲ သွားမည် ဖြစ်ကြောင်း သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။ 

မြင်းခြံတွင် ဆိုလာစက်ရုံတည်ရန် အမေရိကန်ကုမ္ပဏီနှင့် မူအားဖြင့် သဘောတူညီထားဟု သမ္မတရုံးဝန်ကြီး ပြော

အမေရိ ကန် ACO ကုမ္ပဏီမှ မြန်မာနိုင်ငံ မြင်းခြံမြို့တွင် ဆိုလာစက်ရုံတည် ဆောက်ရန် အစိုးရအနေဖြင့် သဘောတူထားပြီဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ဩဂုတ် ၂၄ရက်က ရန်ကုန် မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးဗဟို စင်တာတွင်ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောသည်။

သမ္မတရုံးဝန်ကြီးဦးစိုးသိန်း က ''ကျေးလက်ဒေသတွေမှာ ဆို လာစနစ်နဲ့မီးလင်းနိုင်ဖို့အတွက် ထိုင်ဝမ်နဲ့ပေါင်းလုပ်နေတာတွေ ရှိတယ်။ အမေရိကန်ကုမ္ပဏီက တော့ မဂ္ဂါဝပ်၂၀ဝထုတ် ဆိုလာ စက်ရုံတည်ဖို့ မူအားဖြင့် သဘော တူပြီးသွားပါပြီ''ဟုပြောသည်။

အဆိုပါ ACO Investment Group ကုမ္ပဏီသည် အမေရိကန် အခြေစိုက် ဘိုးအင်းပရော်ဖက်ရှင် နယ်ဆားဗစ်နှင့်Burns & Mc Donnell Engineering, Fentress Architechs, The MTRE ကော် ပိုရေးရှင်းနှင့် Unison Consulting တို့ပါဝင်ကြောင်း သိရသည်။

ဦးစိုးသိန်းက ''အခု ဆိုလာ စက်ရုံတစ်ခုကို ထိုင်ဝမ်နဲ့ပေါင်း ပြီးတော့ လုပ်နေတယ်။ အမေရိ ကန်နဲ့ ထိုင်ဝမ်နည်းပညာပေါင်း ထားတယ်။ ဒါပေမဲ့ ဈေးကွက်မှာ တရုတ်က ဈေးပေါပေါနဲ့ရောင်း နေတဲ့အတွက် မယှဉ်နိုင်ဘူး။ အ ခု ကျေးရွာတော်တော်များများ မှာ ကိုရီးယားနိုင်ငံရဲ့အကူအညီနဲ့ လုပ်နေတာတွေရှိတယ်။ ဆိုလာ က ကန့်သတ်ချက်တွေများတယ်။ ဘက်ထရီက ပြဿနာရှိတယ်။ အခု ဂျာမနီကိုလဲ ကမ်းလှမ်းထား တယ်''ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများအတွက် ကျပ်သန်းပေါင်း ၇၅ဘီလီယံကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်သုံးစွဲရန် စီ စဉ်ဆောင်ရွက်လျက်ရှိပြီး ကျေး လက်ဒေသများတွင် အမှန်တကယ် လိုအပ်သည့် ရေရရှိရေး၊ ကျေး လက်မီးလင်းရေးနှင့် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ရေးတို့ကို ဦး စားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။

မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုး တက်ရေးအသင်းမှ ဦးနေမျိုးဇင် က ''ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် တရားဥပဒေစိုးမိုးရေးက အရေးကြီးတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် အောက်ခြေ အထိဆင်းပါ။ အသိပညာပေးပါ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေမှာ လျှပ်စစ်မီးမရှိလို့ အခက်အခဲတွေ အများကြီးဖြစ်နေပါတယ်။ ကျေး လက်ဒေသတွေမှာ မီးလင်းဖို့ဆို ရင် ဆိုလာစနစ်နည်းပညာသုံး စက်ရုံတွေ တည်ဆောက်ဖို့လို တယ်''ဟု ပြောသည်။
မြင်းခြံမြို့တွင် တည်ဆောက် မည့် ဆိုလာစက်ရုံနှင့်ပတ်သက်၍ မည်သည့်နေရာတွင် မည်သို့တည် ဆောက်မည်ဆိုသည်ကိုတော့ သမ္မတရုံးဝန်ကြီး ရှင်းလင်းပြော ကြားခဲ့ခြင်းမရှိပေ။ 

ရဲဝန်ထမ်းများ လစာနည်းခြင်း လာဘ်ပေးလာဘ်ယူ ဖြစ်စေ

အောက်ဆုံးအဆင့် ရဲဝန်ထမ်းလစာ ၆ သောင်းသာရရှိသည့်အတွက် တရား ဥပဒေစိုးမိုးရေးကိုထိခိုက်စေပြီး လာဘ်ပေး လာဘ်ယူမှုကိုဖြစ်စေကြောင်း တာမွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

”အောက်ဆုံးအဆင့် ရဲဝန်ထမ်း တစ်ယောက်က လစာ ၆ သောင်းပဲရ တယ်။ တစ်နေ့မှ ၂ ထောင် နောက်ပြီး တော့ သူတို့မှာ မိသားစုတွေ ရှိတယ်။ ကျောင်းနေရမယ်။ မလောက်ဘူး။ မလောက်တဲ့အခါမှာ ရဲဝန်ထမ်းတွေရဲ့ အမျိုးသမီးတွေဆို ပြည်သူတွေရဲ့အိမ်မှာ အဝတ်လျှော်ရ တယ်။ ကြားပေါက်လေး ရအောင် လုပ်နေတာတွေ ရှိတယ်။ အများကြီးဘဲ။ နောက် ဘာဖြစ်လာသလဲ ဆို သူတို့ရဲ့ သားသမီးတွေက ပညာရေး မှာ မဖွံ့ဖြိုးကြတော့ဘူး။ အဆိုးဆုံး တရားဥပဒေ စိုးမိုးရေးမှာ မတည်ငြိမ်မှု တွေ ဖြစ်လာတယ်။လာဘ်ပေးလာဘ် ယူမှုတွေဖြစ်လာ တယ်။ နောက်ပြီးတော့ မဟုတ်မမှန်တဲ့ အမှုတွေကို တီထွင်ကြံဆ လာတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ လစာ နည်းမှုအပေါ် မှာ ဖြစ်လာတဲ့ ပြဿ နာ လေးတွေလာဘ်စားတာတွေ ပြည်သူတွေ အပေါ် ခေါင်းပုံဖြတ်တာတွေ၊ လစာ များများနဲ့သာ ထိန်းသိမ်းနိုင်မယ်ဆိုရင် လာဘ်စားတာတွေ ပ ပျောက်သွားမယ်။နောက်ပြီး ပြည်သူတွေက ရဲတွေအပေါ် မှာ ကြည်ညိုလာမယ်။ အားကိုးအားထား အစစ်အမှန်ဆိုတာ ပြည်သူတွေက လက်ခံသွားလိမ့်မယ်” ဟု ၄င်းကိုယ်တွေ့ အောက်ခြေအဆင့် ရဲဝန်ထမ်းများ၏ မိသားစုအခြေအနေကို ပြောသည်။

အဆိုပါ အောက်ခြေအဆင့် ရဲ တပ်ဖွဲ့ဝင်များ၏ လစာစရိတ်၊ ဝတ်စုံ၊ ရဲစခန်းပြင်ပ အိမ်ငှားနေရသည့် အခြေ အနေ၊ မွမ်းမံသင်တန်း တက်ရောက်ခြင်း၊ အချုပ်သားများကို ရဲက ယခုအချိန် အထိ ရိုက်နှက်မှုရှိနေခြင်း၊ အမျိုးသမီး ရဲဝန်ထမ်းများ အခြေအနေများနှင့် ပတ် သက်၍ သြဂုတ် ၂၆ရက်တွင် ပြည်သူ့ လွှတ်တော်၌ မေးမြန်းရာ ပြည်ထဲေ ရး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ”ရဲတပ်ဖွဲ့ဝင်များ၏ လစာမှာ အရာရှိ၏ အမြင့်ဆုံးလစာ မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးအနေဖြင့် ၁၅ဝဝဝဝကျပ်ဖြစ်ပြီး အနိမ့်ဆုံးလစာမှာ ရဲတပ် သား ၆ဝဝဝဝ ကျပ်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရိက္ခာထောက် ပံ့ငွေအဖြစ် တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက် လျှင် ၅ဝဝကျပ်နှုန်းဖြင့် ၂ဝ၁၁-၁၂ခုနှစ် ဘဏ္ဍာရေးနှစ်၊ ၂ဝ၁၃-၁၄ ဘဏ္ဍာရေး နှစ်တွင် ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မှစပြီး တပ်ဖွဲ့ဝင်တစ်ဦး တစ်ရက်လျှင် ၈ဝဝ ကျပ်နှုန်း သို့တိုးမြှင့်ခံစားစေလျက်ရှိကာ နောင်ဘဏ္ဍာရေးနှစ် များတွင် ဒေသန္တရဈေးနှုန်းများနှင့် ကိုက်ညီမည့် နှုန်းထားများဖြင့် တိုးမြှင့်တောင်းခံနိုင် ရန်ဆောင်ရွက်လျက် ရှိပါကြောင်း” လွှတ်တော်တွင် ဖြေကြားခဲ့သည်
ထို့ပြင် ရဲတပ်ဖွဲ့ဝင်များကို ပြည်ပ နိုင်ငံသို့ စေလွှတ်ရာတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များစေလွှတ်မှုနှင့်ပတ်သက် ပြီး နိုင်ငံခြားသင်တန်းဖြစ်သော အမေရိ ကန်၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊အိန္ဒိယ နိုင်ငံနှင့် မလေးရှားနို င်ငံများ၌ရှိသော သင်တန်းအမျိုးအစား ၅ မျိုးကို သင်တန်း သား ၅၂ ဦးဖြင့် စေလွှတ်ထားကြောင်း၊ အမေရိကန်နိုင်ငံ သို့ စေလွှတ်သော သင်တန်းသားများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် အမျိုးသားများသာစေ လွှတ်ခြင်း ဖြစ်ပြီးတရုတ်၊ အိန္ဒိယနှင့်မလေးရှားနိုင်ငံ များသို့စေလွှတ်သော သင်တန်းများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များကိုပါ စေလွှတ် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ 

Wednesday 28 August 2013

မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်

ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသည့် လူများ ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့သည့် 6 Stars စားသောက်ဆိုင်နှင့် နွယ်သာကီ ၆ လမ်းကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၂၃ ဦးနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် ယခင် တရားလိုပြ သက်သေများ စစ်ဆေးစဉ် အချုပ်သားများ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်၂၀ ခန့်ကိုသာ အသုံးပြုခဲ့ရာမှ သြဂုတ်လ၂၇ ရက်နေ့က အမှု၏ အရေးကြီး အဆင့်ဖြစ်သော နှစ်ဖက် လျှောက်လဲချက် တင်သည့် အခြေအနေတွင် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးအပြင် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင် ခြောက်ဦးကိုပါ ထပ်တိုး ချထားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားသည်။

သြဂုတ်လ ၂၀ ရက်နေ့တွင် အဆိုပါ တရားရုံး နှစ်ဖက် လျှောက်လဲချက် တင်ရန် ချိန်းဆိုခဲ့သော်လည်း နှစ်ဖက်စလုံးတွင် အဆင်သင့် မဖြစ်သောကြောင့် သြဂုတ်လ ၂၇ ရက်နေ့သို့ ပြောင်းလဲ ချိန်းဆိုခဲ့ရာ ယင်းနေ့တွင် တရားခွင်၌ နှစ်ဖက် လျှောက်လဲချက် တင်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် စွဲချက် အမိန့်ချရန် ချိန်းဆိုခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီခန့်က မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ (၆) လမ်းထိပ်ရှိ စားသောက်ဆိုင်တွင် နံပါတ်ပြားကို ဖျက်ထားသည့် လိုက်ထရပ်ကားဖြင့် လူခြောက်ဦးခန့် ရောက်ရှိလာပြီး ဆိုင်တွင်းသို့ သုံးဦး ဝင်ရောက်ကာ ဦးကျော်မင်းကို ဓားဖြင့် ဝိုင်းခုတ်သဖြင့် အပြင်သို့ ထွက်ပြေးစဉ် ဆိုင် ပြင်ပတွင် အသင့် စောင့်နေသည့် လူ တစ်စုက ဓားဖြင့် ထပ်မံ ထိုးခုတ်ခဲ့ကြသဖြင့် သေဆုံးခဲ့သည်။

ယင်းအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် စတင်၍ ရုံးတင် စစ်ဆေးခဲ့သော် လည်း တရားပြိုင်များမှ တရားလိုပြ သက်သေများက ထွက်ချက်ပေးစဉ် တရားစွဲဆိုခံရသူများက ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြိုးစားမှု များကြောင့် ၂၀၁၂ ခုနှစ် အကုန်တွင် လုံခြုံရေးအရ အင်းစိန် အကျဉ်းထောင် အနီးရှိ မြောက်ပိုင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေး မြေသားစမ်းသပ်မှု စတင်

 ရန်ကုန်-ဒလ တံတားဒီဇိုင်းပုံစံ ထုတ်ရန်အတွက် မြစ်လယ်မြေသား စမ်းသပ်မှုကို သြဂုတ် ၂၇ ရက်မှ စတင်၍ ဘုန်းကြီးလမ်းဆိပ်ကမ်းအနီး ၌ ပြုလုပ်နေပြီဖြစ်ကြောင်း သိရ သည်။

မြစ်လယ်မြေသားစမ်းသပ် စစ် ဆေးမှုကို ကိုရီးယားနိုင်ငံမှ ပညာရှင် လေးဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ ပြုလုပ်ေ နခြင်း ဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သိန်းနုက ပြောသည်။

ဘုန်းကြီးလမ်းဆိပ်ကမ်းနှင့် ကမာကဆစ်ကမ်းခြေကြား ရန်ကုန် ဘက်မှ ရေလယ်မီတာ ၁ဝဝ အကွာ တွင် လှေအကြီးနှစ်စင်းအား တွဲဆက် ပလက်ဖောင်းပြုလုပ်ကာ ယခုလ ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မြေစမ်းသပ်မှု ပြုလုပ်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကထုတ်ပြန်သည်။

”ခုမြေသားစမ်းသပ်မှုလုပ်တာ က ပုံကြမ်းဒီဇိုင်းထုတ်ဖို့ပါ။ အဲဒီ ပုံကြမ်း ရရှိပြီဆိုရင်တော့ တံတား စဆောက်နိုင်ဖို့ကို လွှတ်တော်အသီး သီးကို တင်ပြပြီး တည်ဆောက်ေ ရး လုပ်သွားမှာပါ”ဟု ဒုတိယ အင်ဂျင်နီ ယာမှူးကြီး ဒေါ်သိန်းနုက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ယင်းမြေသားစမ်းသပ်မှုများ စတင်နိုင်ရန်အတွက် သြဂုတ် ၁၉ မှ ၂၁ ရက်အတွင်း ကိုရီးယားနှင့် ဆွေး နွေးခဲ့ကြသည်။

မြေသားစမ်းသပ်သည့် ရက် များအတွင်း ရေယာဉ်များအနေဖြင့် မြေသား စမ်းသပ်မှုပြုလုပ်နေသည့် ယာဉ်၏ ဘေးပတ်လည် ပေ ၁ဝဝ အကွာမှ ဖြတ်သန်းမောင်းနှင် သွား ကြရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က သြဂုတ် ၂၃ ရက်တွင် ရေကြောင်း သတိပေးချက်ထုတ်ပြန်ကြေညာ ထားသည်။

ရန်ကုန်-ဒလ တံတားမှာ ကိုရီး ယား -မြန်မာချစ်ကြည်ရေးအနေဖြင့် တည် ဆောက်မည်ဖြစ်ပြီး တောင်ကို ရီးယား ဒုတိယဝန်ကြီးချုပ် ယခုနှစ် လာရောက်ခဲ့သည့် မြန် မာနိုင်ငံ ခရီးစဉ် တွင် တံတားတည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့သည်။

ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်

ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ရှိ မြေရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ပိုင် ဆိုင်မှု မမှန်ကန်ခြင်းများဖြစ်နေကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။

မြေပိုင်ဆိုင်မှု မမှန်ကန်ဟု ဆိုလို ရင်းမှာ ရန်ကုန်စည်ပင်၌ အမည်ပေါက် နေသော ပိုင်ရှင်နှင့်လက်ရှိတွင် နေထိုင် နေသည့် ပိုင်ရှင် မတူညီခြင်း ဖြစ်သည်။ ယင်းကဲ့ သို့ ဖြစ်ပွားခြင်းမှာ မြေယာကို လက်ဆင့် ကမ်း ရောင်းချရာတွင် စည် ပင်သာယာသို့ အမည်ပေါက်လာရောက် ပြောင်း လဲခြင်းမရှိဘဲ အရပ်စာချုပ်များ ဖြင့်သာ ဝယ်ယူေ ရာင်းချခြင်းများေ ကြာင့် ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှသိရသည်။

မြေအမည်ပေါက် မှန်ကန်မှု မရှိ သဖြင့် ယင်းမြေ၌ အဆောက်အအုံ များ ဆောက်လုပ်ရာတွင်လည်း စည်ပင်သို့ ပါမစ်လာရောက် လျှောက်ထားမှု မရှိ တော့ဘဲ တရား မဝင် ကန်ထရိုက်များဖြင့် ဆောက်လုပ်ရာ တရားစွဲဆို ရသည့် အမှု များ များပြားနေသည်ဟု ရန်ကုန်စည် ပင် အဆောက်အအုံ ဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြော သည်။

ယင်းကဲ့သို့ အမှုတွဲများ များပြား လာရာ လက်ရှိတွင် ပိုင်ဆိုင်မှု မမှန်ကန် သည့် မြေများ၌ အဆောက်အအုံ ဆောက်လုပ်လိုပါက ရန်ကုန်စည်ပင် သို့ လာရောက်တင်ပြ လျှင် သတင်းစာ ၌ ကြော်ငြာ၍ ကန့်ကွက်သူမရှိက သုံး ထပ် အဆောက်အအုံ အထိ ဆောက် လုပ်ခွင့်ပြုနေသည်ဟု ရန်ကုန်စည်ပင် မှ သိရသည်။

ဆောက်လုပ်ခွင့်ပါမစ် လျှောက် ထားမှုမရှိ၍ တရားစွဲဆိုခံထားရသော အဆောက်အအုံများသည် သင်္ဃန်းကျွန်း မြို့နယ်တွင် အများအပြားရှိပြီး ယခုနှစ် အတွင်း ယင်းမြို့နယ်၌ တရားစွဲဆိုထား မှု ၄၈၄ လုံးရှိပြီဖြစ်ကြောင်း၊ ယင်းတွင် ၄၂၇ လုံးပါမစ်လာရောက် တင်သော် လည်း ၆၃ လုံးသာ ပါမစ်ကျသေးသည် ဟု ရန်ကုန်စည်ပင်၏ စာရင်းများအရ သိရသည်။

”ပါမစ်တင်ပြီး မကျသေးတာက သတင်းစာကြော်ငြာခ လာမသွင်းတာ နဲ့ ဒဏ်ကြေးမဆောင်တာတွေကြောင့် ပါမစ်မထွက်တာ”ဟု အထက်ပါစည်ပင် အရာရှိ က ပြောသည်။
မြို့နယ်တိုင်းရှိ တရားစွဲဆိုခံထား ရသော အဆောက်အအုံများအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့အထိ စီမံ ချက်ကာလအတွင်း ပါမစ် လာရောက် တင်၍ ဒဏ်ေ ကြးငွေ ပေးသွင်းပါက သ တင်းစာတွင် ကြော်ငြာကာ ပါမစ်ချထား ပေးမည်ဟု သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ ဒဏ်ကြေးငွေပေး သွင်းမှုကို တစ် စတုရန်းပေပတ်လည် လျှင် နှစ်ထောင်ကျော်သာ ကောက်ခံမည်ဖြစ် ပြီး ယင်းနေ့ကျော်လွန်ပါက ကြိုတင် ဆောက်သူများ ပါမစ်လျှောက်ထားမှု အတွက် ဒဏ်ကြေးငွေကို တစ်စတုရန်း ပေ ပတ်လည်လျှင် ကျပ် တစ်သောင်း ကျော်ကောက်ခံ သွားမည်ဟု သိရသည်။ 

ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်

လေ့ကျင့်မှု အရည်အသွေးနှင့် သင်တန်းများ လိုအပ်နေပြီဟု ထောက်ပြ

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေး များစွာ နိမ့်ကျလျက်ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့ကဝေဖန်လိုက်သည်ဟု သိရသည်။

ပဋိပက္ခများ ဖြေရှင်းနိုင်ရန် လေ့ကျင့်မှုနှင့်အတူ သင်တန်းများ တက်ရောက်နိုင်မှုသည် လွန်စွာ အရေးပါလျက်ရှိခြင်းကြောင့် လေ့ကျင့်မှု အရည်အသွေးနှင့် စွမ်းရည်မြှင့်သင်တန်းများ ရဲတပ်ဖွဲ့ဝင်တို့အတွက် လိုအပ်လျက်ရှိခြင်းဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့ဝင် အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်းက ပြောသည်။

“လိုအပ်တဲ့ စွမ်းရည်တော့ အများကြီး လိုတာပေါ့။ အုပ်ချုပ်ရေးဆိုင်ရာရော၊ စီမံခန့်ခွဲမှုရော၊ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ စွမ်းရည်လည်း ရှိဖို့လိုတာပေါ့။ အဓိကပြောချင်တာကတော့ Training ပါပဲ။ ဓားများလို အမြဲတမ်းသွေးနေပြီး အဆင်သင့် ဖြစ်နေအောင် Ready ဖြစ်နေအောင် အမြဲတမ်း လုပ်ဖို့လိုတာ ပေါ့”ဟု ဦးရာလျန်မုန်းက မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ဒု-ရဲမှူးကြီး ဦးညွန့်လှိုင်ကလည်း ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေး နိမ့်ကျနေမှုကို ၀န်ခံခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်သင့်နေပြီဟု ဝေဖန်ပြောဆိုသည်။

“Capacity ပိုင်းကတော့ တကယ်လိုအပ်တာ အမှန်ပဲဗျ။ နိမ့်နေတာပေါ့။ အရည်အသွေး နိမ့်နေတယ်ဆိုရင်တော့ တအားစော်ကားသလို ဖြစ်သွားမှာပေါ့နော်။ လိုအပ်နေတာပေါ့ဗျာ ပြင်ပေးရမယ်။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော Capacity တွေ လိုနေတယ်ဗျ”ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေး လိုအပ်ချက်များနှင့်အတူ သူတို့၏ စားဝတ်နေရေး၊ လစာမလောက်ငမှု တို့လည်းဖြစ်ပေါ်လျက်ရှိနေပြီး အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက် စစ်ဆေးရာတွင်ပင် ယာဉ်ကဲ့သို့သော အထောက်အကူပြု ပစ္စည်များလည်း လိုအပ်လျက်ရှိသည်ဟုလည်း ဦးညွန့်လှိုင်က ပြောသည်။

“ ရဲတွေကို လိုအပ်တဲ့ ရိက္ခာ လိုအပ်တဲ့ လစာ ပေးရမယ်ဗျ။ စင်ကာပူမှာက ရဲတွေ လာဘ်မစားဘူးပြောတယ်။ ဘာကြောင့် လာဘ်မစားလည်းဆိုတော့ ရဲတွေက ပြည့်ပြည့်စုံစုံ ရလို့ပေါ့။ ပြည့်စုံတဲ့ ရိက္ခာ၊ လစာ ပေးဖို့လိုမယ်။ အဲ့ဒါကလည်း အကြောင်းပြချက်တစ်ခု ဖြစ်နေတယ်။ အမှုအခင်းတွေ စုံစမ်းစစ်ဆေးတဲ့အ ခါမှာ အခင်းဖြစ်တဲ့အရပ်ကို သွားတဲ့အခါမှာ ယာဉ်တို့ ဘာတို့ အရမ်းအရေးကြီးတယ်ဗျ။ အဲ့ဒါတွေ ရဲတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်နေရတဲ့ အခါမှာ အဲ့ဒီအခါကျ အဂတိလိုက်စားမှုဆိုတာ ဖြစ်သွားနိုင်တာပဲ”ဟု ပြောကြားခဲ့သည်။

အလားတူ သံဃာအပါး ၁၀၀ ကျော် မီးလောင် ဒဏ်ရာရရှိစေခဲ့သည့် လက်ပံတောင်းတောင် ကဲ့သို့သော ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်တို့၏ ဖြေရှင်းမှု၊ လတ်တလော ဖြစ်ပေါ်နေသည့် အမြင်မတူသည့် အုပ်စုများအကြား ပဋိပက္ခများနှင့် ပတ်သက်၍ ရဲများက လုံခြုံရေးယူရာတွင်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းရာတွင် လည်းကောင်း အရည်အသွေး ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသည်ဟု လေ့လာသုံးသပ်သူများက ဝေဖန်လျက် ရှိနေသည်။

မတ်လအတွင်းက ထုတ်ပြန်သည့် လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့်ပတ်သက်၍ ထောက်ပြပြောဆိုထားပြီး ပြုပြင်ပြောင်းလဲမှု များနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သင့်နေပြီဟု ရေးသားထားသည်။

“လက်ပံတောင်းတောင်စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျှင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်”ဟု အစီရင်ခံစာတွင်ရေးသားထားသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေနှင့်အတူ အဓိကရုဏ်းများ ပေါ်ပေါက်လာနိုင်သည်ဖြစ် ရာ ထိခိုက်မှုနည်းသည့် စီမံခန့်ခွဲမှုနှင့်အတူ သင်တန်းများကိုလည်း ပြည်တွင်း သင်တန်းများသာမက နိုင်ငံတကာ အကူအညီဖြင့် ရဲတပ်ဖွဲ့ဝင်တို့ တက်ရောက်သင့်သည်ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဝေဖန်မှုများ ခံနေရသည့် ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းရည်နှင့် လစာ၊ ရိက္ခာထောက်ပံ့ပေးမှု အခြေအနေနှင့် ရဲတပ်ဖွဲ့ဝင် တို့သည် ၀တ်စုံ၊ ခြေအိတ် စသည်တို့ကိုပင် မိမိတို့ လစာထဲမှ ၀ယ်ယူ ၀တ်ဆင်နေရခြင်းတို့ကို သြဂုတ် ၂၅ ရက်က ကျင်းပသည့် အောက်လွှတ်တော်တွင် တာမွေအမတ် ဒေါ်လဲ့လဲ့ဝင်းဆွေက မေးခွန်းထုတ် မေးမြန်းခဲ့သေးသည်။

ရဲဝန်ထမ်းတို့၏ လစာနည်းပါးမှု၊ စွမ်းရည်ပိုင်းမြှင့်တင်နိုင်ရန် သင်တန်းများ တက်ရောက်နိုင်မှု စသည့်မေးခွန်းများ အပြင် အချုပ်သားများကို ရိုက်နှက်စစ်ဆေးမှု စသည့် မေးခွန်းများကို ဒေါ်လဲ့လဲ့ဝင်းဆွေက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လဲ့လဲ့ဝင်းဆွေ၏ မေးခွန်းများကို ပြည်ထဲရေးဒု-၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြန်လည် ဖြေကြားရာတွင် ရဲတပ်ဖွဲ့ဝင်တို့အတွက် တူညီရဲဝတ်စုံ ၂၀၁၂ ခုနှစ် ဇူလိုင်လနှင့် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလများတွင် ထုတ်ပေး ပြီးဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။ အချုပ်သားများကို ရိုက်နှက်သည့် မေးခွန်းနှင့် ပတ်သက်၍မူ ၁၉၉၅ ခုနှစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများဖြင့်၊ အရေးယူ ထိန်းသိမ်းပေးလျက်ရှိသည်ဟုဖြေကြားသွားသည်။

စွမ်းရည်မြှင့် သင်တန်းများနှင့် ပတ်သက်၍မူ ၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသင်တန်း ၂၄ မျိုးတွင် သင်တန်းသား ၁၇၅၂ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား ၂၇၈၇ ဦးတို့ ရှိနေသည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားသည်။

ပြည်ပသင်တန်းများအတွက်မူ အမေရိကန်၊ တရုတ်၊ အိန်္ဒိယ၊ မလေးရှားတို့သို့ သင်တန်းသား ၅၂ ဦး စေလွှတ် သင်ကြားပြီးဖြစ်သည်ဟု ဆိုသည်။ အလားတူ ပြည်ပသင်တန်းခုနစ်ခုသို့လည်း သင်တန်းသား ၁၁ ဦး စေလွှတ် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဖြေကြားသွားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင်လည်း တိုင်းအမတ်ဒေါက်တာညိုညိုသင်းက ရဲများက သံသယရှိသူများကို ဖမ်းဆီးစဉ်နှင့် ဖမ်းမိပြီးနောက်တွင် ဆက်ဆံပုံများသည် လူ့အခွင့်အရေးနှင့် မညီသည်များရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေး သင်တန်းပေးရန်နှင့် အရည်အသွေး မြှင့်တင်ပေးရန် အဆိုတင်ခဲ့သေးသည်။        

 

ပြည်ပ ကုမ္ပဏီနှစ်ခု လုပ်ငန်း စတင်နိုင်ရန် ဆက်သွယ်ရေးဥပဒေ ပြည်ထောင်စုလွှတ်တော် အတည်ပြု


ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင် ထားသည့် ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု လုပ်ငန်းစရန် အဓိက လိုအပ်နေသော ဆက်သွယ်ရေး ဥပဒေကို သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြု လိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေကို ပြည်ပ ကုမ္ပဏီနှစ်ခု အချိန်မီ လုပ်ငန်း စတင်နိုင်ရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဖြစ်၍ နိုင်ငံတော်သမ္မတထံ ပေးပို့ကာ ရက်ပိုင်းအတွင်း အတည်ပြု ပြဋ္ဌာန်းဖွယ် ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

“သမ္မတကသာ သဘောထား မှတ်ချက် တစ်စုံတစ်ရာနဲ့ ပြန်ပို့လာမယ် ဆိုရင်တော့ ဒီလွှတ်တော် အစည်းအဝေးမှာ ဆက်သွယ်ရေး ဥပဒေကို ပြဋ္ဌာန်းဖို့ မဖြစ်နိုင်တော့ဘူး” ဟု ၎င်းက ထောက်ပြသည်။

တင်ဒါ အောင်မြင်ထားသည့် နော်ဝေကုမ္ပဏီ တယ်လီနောနှင့် ကာတာ ကုမ္ပဏီ အော်ရီဒူးတို့ ဝန်ဆောင်မှု လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ရေး ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် မဖြစ်မနေ လိုအပ်လျက် ရှိပြီး ယင်းအတွက် လွှတ်တော်က အမြန်ဆုံး ဆောင်ရွက်ပေးထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးပို့သည့် ဆက်သွယ်ရေး ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ပြဋ္ဌာန်းပြီးပါက ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သည် ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေ တစ်ရပ် ရေးဆွဲရမည် ဖြစ်ပြီး လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ သတ်မှတ်ရန် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် တစ်ရပ်ကိုလည်း အမြန်ဆုံး ဖွဲ့စည်းရမည် ဖြစ် သည်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ရွေးချယ် ခွင့်ပြုထားသော ပြည်ပကုမ္ပဏီ နှစ်ခုသည် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်း များကို လာမည့် ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း ကြေညာထားသည်။ 

အလုပ်ချိန် ပိုခိုင်းသော အလုပ်ရှင်များကို အစိုးရက တရားစွဲမည်

 တရားဝင် သတ်မှတ်ထားသော အလုပ်ချိန်ထက် ပိုခိုင်းနေသော အလုပ်ရှင်များကို ခေါ်ယူသတိပေးမည် ဖြစ်ပြီး သုံးကြိမ်ထက် ကျော်လွန်ပါက တရားစွဲမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီးက သြဂုတ် ၂၇ ရက် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေအရ အလုပ်သမားတိုင်း၏ ပုံမှန်အလုပ်ချိန်သည် တစ်ရက်လျှင် ရှစ်နာရီဖြစ်ပြီး အချိန်ပိုအနေဖြင့် သုံးနာရီ လုပ်ကိုင်နိုင်ကြောင်း ခွင့်ပြုထားသည်။

အစိုးရက အချိန်ပိုခိုင်းသော အလုပ်ရှင်များကို သတိပေးပြီး မလိုက်နာလျှင် တရားစွဲမည်ဆိုခြင်းသည် လွှတ်တော်၏ အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင်က ရန်ကုန်နှင့် ပဲခူးတိုင်းတို့မှ စက်ရုံများကို ကွင်းဆင်း စစ်ဆေးပြီးနောက် ထွက်ပေါ်လာသည့် အစီရင်ခံစာ၏ နောက်ဆက်တွဲ ရလဒ်တစ်ခုလည်း ဖြစ်သည်။

လွှတ်တော်အမတ်၂၆ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုကော်မတီက စက်ရုံ ၃၆ ရုံသို့ သွားရောက်စစ်ဆေးပြီး လွန်ခဲ့သည့် ၁၄ရက်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် အလုပ်သမားအများစုသည် တစ်ရက်လျှင် ၁၃ နာရီ အလုပ်လုပ်နေရပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိသလောက် ဖြစ်နေသဖြင့် ကျန်းမာရေးချို့တဲ့ရာ စိတ်ဓာတ်အင်အား ကျဆင်းနေကြောင်း ပါရှိသည်။

လွှတ်တော်၏ ကော်မရှင် စစ်ဆေးခဲ့သည်မှာ အထည်ချုပ်၊ ဖိနပ်စက်ရုံ၊ ဆံပင်တုစက်ရုံ၊ ငါးပုစွန် အအေးခန်းစက်ရုံ၊ ဇာထိုးပန်းထိုးစက်ရုံ၊ လျှပ်စစ်စက်ရုံ၊ ပီနံအိတ်စက်ရုံ၊ သကြားလုံးစက်ရုံ၊ ကြွေပြားစက်ရုံနှင့် သစ်အချောထည်စက်ရုံတို့ ဖြစ်ကြသည်။

လုပ်သားများ အချိန်ပိုလုပ်နေရမှု ရှိ/ မရှိကို အစိုးရဌာနက သိရှိရန် စက်ရုံအသီးသီးရှိ လုပ်သား ကိုယ်စားလှယ်များက တင်ပြပေးကြရန် အစည်းအဝေးပွဲများ ပြုလုပ်၍ ၀န်ကြီးဌာနက ရှင်းပြလိမ့်မည်ဟု အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေးကော်မရှင်၏ အတွင်းရေးမှူးဖြစ်သည့် လွှတ်တော်အမတ် ဦး ခိုင်မောင်ရည်က ရှင်းပြသည်။

ထို့ပြင် ဦးခိုင်မောင်ရည်က “အလုပ်သမားတွေက ခွင့်ကို တရားဝင် ယူလို့ရတယ် ဆိုတာတောင် မသိဘူး။ တစ်ရက် ခွင့်ယူရင် တစ်ရက်စာ ဖြတ်ခံရမယ်လို့ မြင်ထားတယ်။ ဒါကြောင့်မို့လို့ ခြောက်နှစ်လောက် အလုပ်လာလုပ်ပြီးတော့ တစ်ရက်မှ ခွင့်မယူတဲ့သူကိုလည်း တွေ့ခဲ့ရတယ်။ ခုနစ်နှစ် လုပ်လာပြီးမှ တစ်ရက်လောက် ခွင့်ယူတဲ့ ကောင်မလေး တစ်ယောက်၊ သူ့မောင် မင်္ဂလာဆောင်လို့ဆိုပြီးတော့ ခွင့်ယူတဲ့ တစ်ယောက်ကိုလည်း တွေ့ခဲ့တယ်”ဟု ၎င်းတို့ စက်ရုံများသို့ လုပ်သားအခွင့်အရေးအခြေအနေကို ကွင်းဆင်း စစ်ဆေးစဉ်က အတွေ့အကြုံကို ပြန်ပြောပြခဲ့ သေးသည်။

မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်က ပြဋ္ဌာန်းထားသည့် “ခွင့်ရက်နှင့်အလုပ်ပိတ်ရက်ဥပဒေ”၊ “အလုပ်ရုံဥပဒေ” တို့ရှိပြီး ထိုဥပဒေများထဲတွင် အလုပ်သမားအခွင့်အရေးများ ပါရှိသော်လည်း အလုပ်ရှင်များက လိုက်နာမှု အားနည်းကြောင်း၊ ၎င်းတို့ မလိုက်နာလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က အရေးယူမှု မရှိသလောက် နည်းပါးကြောင်း အလုပ်ရေးရာ တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဆရာ-ဆရာမတွေကို ဘယ်က္ကုန္ဒာကမှ ကြိမ်တံပြာ မဆက်သခဲ့

ဇူလိုင် (၉)ရက်နေ့ထုတ် 7 Day Daily သတင်းစာထဲမှာ မြစ်ကြီးနားမြို့ အ.လ.က (၆) က န၀မတန်းကျောင်းသား ငယ် တစ်ဦးဖြစ်တဲ့ “မောင်ဆိုင်းလဒ်အောင်”ဟာ ဘောဂဗေဒဘာသာရပ်ထဲက အိမ်စာငါးပုဒ်ကို ကျက်အပြီး ပုံဆွဲနေမိခဲ့တာကို ဆရာမတွေ့ပြီး ခေါင်းကို ကြိမ်လုံးနဲ့ အချက်(၂၀)ကျော် အရိုက်ခံခဲ့ရ တယ်ဆိုတဲ့ စိတ်မချမ်းမြေ့စရာ ပညာရေးလောကက သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ သည် တော့ တပည့်ဖြစ်သူခမျာ အနာတရ ဖြစ်သွား တယ်။ ရိုက်တဲ့ဆရာမကိုလည်း အကြောက်ကြီးကြောက် သွားမိတယ်။ ဒါကြောင့် ကျောင်းကနေ အိမ်ကို တန်းပြေး လာခဲ့မိတယ်။ အိမ်အရောက်မှာ သတိလစ်သွား ခဲ့ရတယ်။

“မြတ်မွန်ဆေးရုံကြီး”မှာ ပြင်ပလူနာအဖြစ် ဆေးကုသခံနေရတယ်။ အဘွားဖြစ်သူရဲ့ ပြောစကားအရ သူဟာ မျက်ရည်တွေ ကျနေပါတယ်တဲ့။ ဒါဟာ ခေါင်းက ဒဏ်ရာက နာကျင်မှုနဲ့ ကြောက်စိတ်၊ ခံပြင်းစိတ်၊ နာကျည်းစိတ်၊ ရှက်စိတ်တွေ ရောပြီး နှိပ်စက်တာခံရတဲ့ “စိတ်ခံစားမှု”ကြောင့် ကျဆင်းလာတဲ့ မျက်ရည်တွေပေါ့။ သည်သတင်းမျိုး ကြားရတော့ နှစ်ပေါင်း (၄၀) ကျော် သင်ကြားရေး ဆရာဘ၀နဲ့ ကျင်လည် အသက်မွေးနေရတဲ့ စာရေးသူအဖို့ အံ့သြ ထိတ်လန့် တုန်လှုပ်မိရုံမက စိတ်မကောင်းလည်း ဖြစ်မိရပါတယ်။ တပည့်ဘက်က ခံစားကြည့်ပြီး သနားမိတယ်။ ဆရာမနေရာ ၀င်ကြည့်မိတော့လည်း သနားစရာက ဒေါသထွက်စရာထက် ပိုနေပါတယ်။ ဩ“တုတ်”ဟာ ဆရာ့ လက်နက်လို့ ထင်နေတာကြောင့်ပါ။ တပည့်ဟာ ဇီဝဗေဒသိပ္ပံတွဲ ယူနေရာက ၀ိဇ္ဇာသိပ္ပံဘာသာတွဲကို ပြောင်းလဲ သင်ယူနေတဲ့ တပည့်သစ် တစ်ဦး ဖြစ်တယ်။ ကျောင်းဖွင့်စမှာ ဇီဝဗေဒကို သင်ယူမှု စတင်ခဲ့တယ်။ တစ်လကျော်ရောက်တော့ မယူချင်တော့ဘူး။ ၀ါသနာမပါတာလည်း ဖြစ်နိုင်သလို ဉာဏ်မမီတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိကြိုက်ရာ ပြောင်းခွင့်လည်းရှိလို့ ဘောဂဗေဒကို ပြောင်းသင်ယူတယ်။ ယခင်က အိမ်စာငါးပုဒ်သာလုပ် ခဲ့ရတယ်။ အခု အိမ်စာ(၁၀) ပုဒ် လုပ်ရမယ်ဆိုတာ သူ သိမထားဘူး။ သည်အခါမှာ အိမ်စာငါးပုဒ်လည်း ပြီးရော ကိုယ့်တာဝန်ကျေပြီလို့ အမှတ်မှား ယူဆမိတယ်။ ဘောဂဗေဒမှာ အိမ်စာကိုးပုဒ် လုပ်ရမယ်ဆိုတာကို သူမသိခဲ့ဘူး။ ဒါကြောင့် ၀ါသနာအရ ပန်းချီ ပုံဆွဲနေခဲ့တယ်။ ဒီိအချိန်မှာ ဆရာမက တွေ့သွားပါရော။ (ဒီအချိန်လေးဟာ ပြဿနာ ရဲ့ သုညအမှတ်ဖြစ်သလို အရေးကြီးဆုံး အချိန်လေးပါ။ ဆရာမက တပည့်ကို စစ်မေးမယ်။ ဒေါသသံနဲ့ မေးသလား။မေတ္တာသံနဲ့ မေးသလား။ ဒါလည်း သိပ်အရေးကြီးပါ တယ်။ တပည့်က ငါးပုဒ်ကျက်ပြီးလို့ တာဝန်ကျေပြီဆိုတဲ့ သဘောမျိုးနဲ့ ပြန်ဖြေမယ်။ ဒေါသသံနဲ့ ဖြေသ လား။ မေတ္တာသံနဲ့ဖြေသလား။ ဒါကလည်း အရေးကြီးတာပါပဲ။ ဆရာမက ကျောင်းသားဟောင်း၊ကျောင်း သားသစ် ခွဲခြားသိချင်မှ သိမယ်။ ကျောင်းသား ကျောင်းသူက များတာကိုး။ နိုင်ငံတကာစံလို တစ်တန်းမှာ (၁၅) ယောက် (၂၀)နှုန်းမှ မထားနိုင်သေးဘဲကိုး။

သည်နေရာမှာ ဆရာမက ဩ “မင်း ဘောဂဗေဒ”ကို အခုမှပြောင်းယူတဲ့သူလားလို့ မေးလိုက်မိရင် သည် ပြဿနာ ဟာ တင်းမာမှု လျော့သွားမှာ မုချပါ။ သည်မေးခွန်းကို ဆရာမ မေးခဲ့သင့်တယ်။ အဲသလို မေးခဲ့ မိရင် ကျောင်းသားက အခု ဂျူလိုင် (၃) ရက်ကမှ အသစ်စတင် သင်ယူခဲ့ရပါတယ်”လို့ ဖြေလိုက်ရင် ပြီး သွားပါပြီ။ ဆရာမရဲ့ ဒေါသမီးတောက်ဟာ သေးငယ်ချိန်မို့ ချက်ချင်း လျော့ချပစ်လို့ ရနိုင်ပါတယ်။ ဩကဲ နောက်မှတ်ထား။ ကိုးပုဒ်ကျက်မှတ်ရမယ်။ ကဲအခု ပုံမဆွဲသေးဘဲ နောက်ထပ် လေးပုဒ် ထပ်ကျက်လိုက် ဦးနော်။ ပြီးရင် ပုံဆက်ဆွဲနိုင်တယ်”လို့ ပြောသင့်တယ်။ အတန်းထဲက မီး အပြင်ကို ထွက်စရာမလိုတော့ဘူး။

(အဲ ပန်းချီပညာရပ်ဟာ ပညာရေး ကိုင်းညွှတ်ဘာသာရပ်ဆိုတာ ခုခေတ် ဆရာ ဆရာမ အတော်များများ မသိကြတော့ပါ။ သူတို့ ကျောင်းသား ကျောင်းသူဘ၀တုန်းက လက်တွေ့များ မသိကြတော့ပါ။ သူတို့ ကျောင်းသားကျောင်းသူဘ၀တုန်းက လက်တွေ့ မသင်ကြားခဲ့ကြရလို့ပါ။ စာရေးသူတို့ခေတ် (၁၉၆၉) တစ်ဝိုက်တုန်းကကျောင်းတွေက မူလတန်းနဲ့ အလယ်တန်းတွေမှာ တစ်ပတ်မှာ ပန်းချီသင်ချိန် နှစ်ချိန် ရှိခဲ့ဖူးတယ်။ သင်လိုက် ဆွဲခိုင်းလိုက်၊ စစ်ဆေးလိုက်ပဲ။ ခရိုင်မှာရှိတဲ့ ပန်းချီပညာအုပ်က သုံးလတစ်ကြိမ် လာစစ်ဆေးတယ်။ ဆရာသင်တာ ကြည့်၊ တပည့်တွေဆွဲတာကြည့်တယ်။ ပြီး လက်တွေ့ဆွဲထားတဲ့ လေ့ကျင့်ခန်း ဗလာစာအုပ် ဗြောင်အလျားရှည်တွေ ကို ကြည့်ပြီး ပုံတွေကိုမှတ်ချက်ရေး လက်မှတ်ထိုး တံဆိပ်တုံး ရိုက်ပေးတယ်။ အဲသည်ကမှ တက္ကသိုလ်ဝင်တန်းအောင် ဆရာအတတ်သင် သိပ္ပံနဲ့ ဘီအီးဒီတွေမှာ ပန်းချီကိုင်းညွှတ်ကို မသင်မနေရ သင်ယူကြရပြန်တယ်။ ဒါကြောင့် ဆရာဘ၀ ရောက်လာတော့ ဘယ် သင်ခန်းစာသင်သင် ကျောင်းသင်ပုန်းပေါ်မှာ ပုံဆွဲပြရှင်းပြနိုင်တယ်။ ဆရာမဟာ သူမရဲ့ဒေါသကို မထိန်း နိုင်ဘဲ မာနစွက်ဖက်လိုက်မိပုံ ရတယ်။ “ငါ” ဆိုတဲ့အတ္တက သူမဦးခေါင်းပေါ် ခုန်တက် လိုက်တာကို သိလိုက်ပုံမရဘူး။ ဒါ ငါ့ကို မလေးစားတာ၊ ငါ့ဘာသာကို တန်ဖိုးမထားတာ၊ ငါ့စကားကို နားမထောင် တာ၊ ငါ့ ကို သက်သက် စော်ကားတာ”လို့ အပျက်ဘက် ဆွဲတွေးလိုက်မယ် ထင်တယ်။ ဒီတော့ “ငါ” ဆိုတဲ့“မာန”ကြောင့် ဒေါသဟာ မီးတောက်သွားပြီး  ဒေါသအိုးပေါက်ကွဲသွားပုံ ရပါတော့တယ်။ (မိဖုရားဖွားစော ကျောက်စာထဲက ဖိဖုရားကြီးရဲ့ ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီးလို့ ပြောတာမျိုးလိုပေါ့။) သည်တော့ကာ လက်ထဲမှာ အသင့်ကိုင်ထားတဲ့ ယမကာကြိမ်လက်နက်ကို ချက်ချင်း ထုတ်သုံး လိုက်မိတယ်။

ဆရာမစိတ်ထဲက ဒေါသမီးဟာ လက်နဲ့လက်နက်ဆီ လျပ်စစ်စီးနှုန်းနဲ့ ရောက်သွားခဲ့ရပြီး “ငါက စေတနာနဲ့ သင်ကြားပေးတဲ့ ဆရာမ  ငါ့စေတနာကို နင်စော်ကားတယ်”လို့ ပါးစပ်က ပြောချင်ပြောမိတယ်။ မပြောမိရင်တောင် စိတ်ထဲမှာ ပြောမိမယ်။ ကြိမ်လက်နက်နဲ့ ကျောင်းသားရဲ့ခေါင်းကို ဆက်တိုက် ရိုက်နေမိတယ်။ ဒေါသမီးတောက် ကြီးသလောက် လက်ရိုက်အား ပြင်းထန်နေလိမ့်မယ်။ (အဲဆရာမ မသိလိုက်တာက သိကြားမင်း (က္ကန္ဒရာဇာ) အနော်ရထာမင်းကို ကြိမ်စကြာ ဆုချသလိုမျိုး ဘယ်ပညာရေးဌာနက မှကျောင်းဆရာ ဆရာမတွေကို ကြိမ်လုံး ဆုချမထားဘူးဆိုတာပါပဲ။ ) မှားသွားပြီ။ အချိန်ကတော့ စက္ကန့် ပိုင်းအတွင်းလောက်သာ ကြာမှာပါ။ ဒေါသမီးရဲ့ပေါက်ကွဲလောင်ကျွမ်းအားဟာ ကြီးမားလာမယ့် ပြဿ နာကြီးတစ်ခုကို မီးစမွှေးလိုက်မိပြီးကော။ “ချက်”ဆိုတဲ့မောင်းရိုက်တံအားကြောင့် နားခွက် ယမ်းအားနဲ့ မီးပွင့်သလိုပါပဲ။ ပြီး ကျည်ဆံကို မောင်းထုတ်လိုက်ပြီလေ။

န၀မတန်းစာသင်ခန်းလေးဟာ အေးဆေးငြိမ်သက်နေရာက ၀ုန်းခနဲပေါက်ကွဲသံ ကြားလိုက်ရပြီ။ အတန်းသား အားလုံးဆီ အပူမီးဓါတ် ကူးစက်သွားပြီ။ အဲဒီအသံ ကြားလိုက်ကြရပြီ။ အတန်းသားအားလုံးဆီ အပူ မီးဓါတ်ကူးစက် သွားပြီ။ အဲဒီကမှ အခြားအတန်းတွေဆီ အပူသတင်း ပြန့်ပွားသွားပြီ။ နောက်ဆုံး ကျောင်း အုပ်ဆရာမကြီးထံ ကူးစက် သွားခဲ့ပြီ။ သူမက ကျောင်းကြီးရဲ့ မာလိန်မှူးဆိုတော့ တာဝန် ၀န်ထုတ်ဝန်ပိုး ကို ခေါင်းပေါ် အမြဲရွက်ထားရသူကိုး။ သည်တော့ကာ အကြီးမားဆုံး အပူမီးဟပ်ခံရသူ ဖြစ်သွားရပြီ။ ပြ ဿနာဖြစ်သူတွေက တစ်ဖက်က မိမိလက်အောက် ဘ၀တူဝန်ထမ်း ကျန်တစ်ဖက်က မိမိရဲ့ ဒူးမနာသား ဖြစ်တဲ့တပည့်။ ကြားက “ချိန်ခွင်လျှာ”ထုံး နှလုံးမူရတော့မယ်။ အရမ်း ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး။ ဆရာမကိုတော့ ကိုးတန်းကို မသင်ခိုင်းဖို့ ဒီနေ့ပဲ ဆုံးဖြတ်လိုက်ပြီလို့ ဆရာမကြီးက ဖြေရှင်းပြောရတဲ့အ ထိ ဖြစ်သွားရပြီး။ ရိုက်တဲ့ဆရာမက အလယ်တန်းပြ ဆရာမပါ။ အထက်တန်းမှာ တရားဝင်သင်ခွင့်မရှိပါ။

ဒါကြောင့် လခလည်း ပိုမရပါ။ တာဝန်ပေးလို့ မေတ္တာ စေတနာ ရှေ့ထားပြီး သင်နေရသူပါ။ ဒါကလည်း ကျောင်းတွေ မှာ ဆရာ မလုံလောက်တဲ့ ပြဿနာက အရင်းခံ အကြောင်းရင်းပါ။ လွတ်လပ်ရေး ရပြီးချိန် ကတည်းက ကြုံခဲ့ရတဲ့ပြဿနာတွေပါ။ စာရေးသူကိုယ်တိုင်လည်း ကြုံခဲ့ရဖူးပါတယ်။ (ခေတ်မီတိုးတက် တဲ့ နိုင်ငံမျိုးတွေမှာ ဒီပြဿနာမျိုး ရှိမယ်မထင်ပါ။) ဟုတ်ပြီ။ ရိုက်တဲ့ဆရာမဟာ ပညာရေးသင်တန်း တစ် မျိုးမျိုးကို တက်ခဲ့ဖူးမှာပါ။ အသက်အရွယ် အလိုက် ကျောင်းသား ကျောင်းသူတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုရုပ် သဘာဝနှင့် စိတ်သဘောဝတွေကို ပညာရေး (၁) ဘာသာရပ်ထဲမှာ သင်ယူခဲ့ဖူးမှာပါ။ ကြိမ် မသုံးသင့် ကြောင်း၊ မသုံးအပ်ကြောင်းလည်း သင်ဖူးမှာပါ။ (အဲဒါကိုမေ့သွားလို့ သည်ပြဿနာမျိုး တွေ့ရတာပေါ့) အခြား ဒဏ်ပေးနည်းတွေ အများကြီးထဲက တစ်ခုခု ရွေးသုံးလိုက်မိရင် ဒီပြဿနာမျိုး ကြုံမယ်မဟုတ်ပါ။ ဥပမာ- နင် လေ့ကျင့်ခန်းတွေကို (၃)ရက်တိတိ စစ်မပေးဘူး။ နောင် ငါဝင်လာရင်၊ မင်္ဂလာပါလို့ နှစ်ရက် တိတိ နှုတ်မဆက်နဲ့။ ကဲ ထိုင်ထ ဆယ်ကြိမ်လုပ်။ ပန်းချီပုံသုံးပုံ ငါ့ကိုဆွဲပေး။ လမ်းမှာ ငါ့ကိုတွေ့ ရင် တစ်ပတ်တိတိ နှုတ်မဆက်နဲ့ စတဲ့ ဒဏ်ပေးစရာမျိုးတွေပေါ့။ သည်အခါ တပည့်ဟာ သူ့စိတ်သူဆုံးမ၊ သူ့အ မှားသူ ဆင်ခြင်၊ သူ့ဘာသာသူ ပြင်သွားပါလိမ့်မယ်။ ဆရာကိုလည်း ပိုပြီး ချစ်ကြောက် ရိုသေလာပါလိမ့်မယ်။ အရေးကြီးဆုံး က ဆရာဟာ တပည့်နဲ့ တန်းတူမဟုတ်လို့ တပည့်နဲ့တုပြီး ရန်ဖြစ်စရာ မလိုပါ။ လူငယ် အမျိုးသားဆရာတချို့ဆိုရင်ဒေါသပေါက်ကွဲတဲ့အခါမှာ လာခဲ့၊ မင်းမိုက်ရင် ရှေ့ကိုထွက်လာခဲ့။ မင်းနဲ့ ငါနဲ့ ချမယ်ဆိုတာမျိုး ပြောတတ်ကြပါတယ်။ ဒါဟာလည်း ဆရာဟာ တန်းဆင်းဇုန် ရောက်သွားပြီပေါ့။ ရိုက်မိတဲ့ ဆရာမရဲ့ စေတနာဟာ ဝေဒနာ ဖြစ်သွားခဲ့ရခြင်း ပါ။ ဝေဒနာ ဖြစ်သွားပြီဆိုရင် စေတနာဟာ မပေါ်လွင်တော့ပါ။ ဒီတစ်ခါ ဆရာမကမင်းကို ခွင့်လွှတ်လိုက်မယ်။နောက် သည်လိုမဖြစ်ပါစေနဲ့လို့ ချိုသာ တဲ့လေသံနဲ့ ပြောလိုက်ရင် ပြီးသွားမှာပါ။ ဘာနောက်ဆက်တွဲပြဿနာမှ ပေါ်လာ စရာ မလိုပါ။ ထောင် တွေထဲမှာ ထောင်မှူး၊ ၀ါဒါတွေက အကျဉ်းသားတွေကို ရိုက်နေကြတာ ကိုလိုနီခေတ် ကနေ ယနေ့ခေတ် အထိပါ။

ဒါပေမဲ့ အုပ်ချုပ်ရေးဌာနမှာ ပြဿနာ သိပ်မပေါ်ခဲ့ပါ။ ပညာရေးဌာနမှာတော့ မကြာခဏ သည်ပြဿနာမျိုးတွေ ကြားနေရပြီး ပြဿနာတွေပေါ် ထောင်တွေကျ၊ အလုပ်တွေပြုတ်ခဲ့ကြရတဲ့ ဆရာ ဆရာမတွေ မနည်းတော့ပါ။ ဒါကြောင့် နောက်နောင်မှာ ပညာရေးဌာနမှာ သည်ပြဿနာမျိုးတွေ မပေါ်စေချင်တော့ပါ။ ဆရာ ဆရာမဆိုတာထောင်မှူး၊ ၀ါဒါမဟုတ်သလို ကျောင်းသား ကျောင်းသူတွေဟာလည်း အကျဉ်းသားတွေ မဟုတ်လို့ပါပဲ။      

 

» မြန်မာ-ထိုင်းနယ်စပ်စခန်းများမှ Passport/Visa ဖြင့် ၀င်ထွက်ခွင့်ပြုခြင်းကို ကော့သောင်းမြို့တွင်စတင် ဆောင်ရွက်

 မြန်မာ-ထိုင်း နယ်စပ်စခန်းများမှ  နိုင်ငံခြားသားများကို Passport/ Visa ဖြင့် စတင်ဝင်ထွက်ခွင့် ပြုခြင်း ကို သြဂုတ်လ ၂၈ရက် နံနက် (၈)နာရီ က ကော့သောင်းမြို့ ၊ မြို့မဆိပ်ကမ်း တံတားတွင် စတင်ဖွင့်ပွဲ အဖြစ် ကျင်းပပြုလုပ်သည်။

ထိုဖွင့်ပွဲတွင် ကော့သောင်းခရိုင်၊ လ ၀ က ခရိုင်မှူး ဦးဝင်းဗိုလ် က မြန်မာနယ်စပ် စခန်းများမှ နိုင်ငံခြားသားများ ၀င်ထွက်မှုကိစ္စ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းလ၀က ဦးစီးမှူး ဦးဆန်းလွင် နှင့် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း တို့က အထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

နယ်စပ်စခန်းများမှ Passport/ Visa ဖြင့် နိုင်ငံခြားသားများအား ၀င်ထွက်ခွင့် ပြုရာမှာ မြန်မာနိုင်ငံ နယ်စပ်စခန်းများဖြစ်တဲ့ တာချိလိပ်-မယ်ဆိုင် ၊မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်း နှင့် ထားဝယ်ဒေသထီးခီး-နမ့်ဖုရောန့် စသည့်နယ်စပ် စခန်း(၄)ခု မှ နိုင်ငံခြားသားများကို သြဂုတ်လ ၂၈ ရက်နေ့ မှစတင်ကာတပြိုင်နက် မြန်မာနိုင်ငံအတွင်းကန့်သန့်နယ်မြေများမှအပ ခွင့်ပြုဒေသများ အားလုံးသို့ ၀င်ရောက် သွားလာ လည်ပတ် နိုင်မည်ဖြစ်တယ်။ မိမိတို့ဌာနအနေ နဲ့ ၀င်လာတဲ့  နိုင်ငံခြားသားတွေ ရဲ့ Passport/ Visa ကို Scan ဖတ်မယ် ၊လူကို ဓါတ်ပုံရိုက်မယ် ၊ကိုယ်ရေး အချက်အလက်များကို Computer မှာ Save လုပ်မယ် ၊ Passport/ Visa စာအုပ်မှာ အ၀င်တံဆိပ်တုံးထုပြီး ၀င်ခွင့်ပေးလိုက်မယ်၊ အဲ့ဒီ လုပ်ငန်းအတွက် Visa ပါရှိပြီးသား ဖြစ်တဲ့အတွက် ဘာအခွန်အခ မှမကောက် တော့ပါဘူး၊
မိမိတို့ကြိုက်နက်သက်ရာ မြန်မာနိုင်ငံ လမ်းကြောင်းများ မှ ပြန်လည်ထွက်ခွါတဲ့အခါ သတ်မှတ်ထားတဲ့ Passport/ Visa ရှိမရှိ၊ ကျော်လွန်နေထိုင်ခဲ့ခြင်း ရှိမရှိ ပြန် စစ်ဆေး ပြီး သတ်မှတ်ရက်ထက် ကျော်လွန် နေထိုင်ခဲ့ရင်တစ်ရက် ကို အမေရိကန်(၃)ဒေါ်လာ ကောက်ခံ ပြီး Passport/ Visa ကို Scan ပြန်ဖတ်မယ်၊ လူကိုဓါတ်ပုံပြန်ရိုက်မယ်၊ ကိုယ်ရေးအချက်အလက်မျာကို Computer မှာ Save ပြန်လုပ်မယ်၊ ပြီးလျှင် Passport/ Visa စာအုပ်မှာ အထွက်တံဆိပ်တုံးထု ပြီး ထိုင်းနိုင်ငံ ကို ပြန်ထွက်ခွါခွင့် ပေးလိုက်မယ် ၊ ဒါ့ အပြင် အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံသားများ အတွက်လည်း Passport ၊ ထိုင်းနိုင်ငံဝင်ခွင့် Visa ရယူ ပြီး ထိုင်းနိုင်ငံ အတွင်းသို့ ၀င်ရောက်ခွင့်ရစေရန် နှစ်နိုင်ငံ ညှိနိုင်း ဆောင်ရွက်ပေးနေပါတယ် လို့ ကော့သောင်းခရိုင် လ၀ကဦးစီးမှူး ဦးဝင်းဗိုလ် က ဖွင့်ပွဲ အခမ်းအနား လုပ်ငန်းစဉ်များရှင်းလင်း ပြောကြား စဉ်ကပြောကြားသွားခဲ့ပါတယ် ၊ နိုင်ငံတော် အစိုးရအနေ နဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အလေးပေးဆောင်ရွက် နေတာဖြစ်လို့ ပြည်တွင်းမှာ ခရီးသွားလုပ်ငန်း ၊ဟိုတယ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်း ၊ အစားအသောက်ဆိုင်ရာလုပ်ငန်း စက်ရုံအလုပ်ရုံလုပ်ငန်း၊  စိုက်ပျိုးရေးလုပ်ငန်း စတဲ့လုပ်ငန်းများ လည်း အလျှင် အမြန်တိုးတက်ဖွံ့ဖြိုး လာနိုင်တာဖြစ်လို့ ဒေသခံ လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မှာဖြစ်ကြောင်း ကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး

 နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် ဇူလိုင်လ အတွင်းက မှုလပိုင်ရှင်ထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရသဖြင့် အဆိုပါ ဟိုတယ်ကို ခေတ္တ ပိတ်သိမ်းခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းဟိုတယ်၏ ယခင် ရှယ်ယာပိုင်ဆိုင်သူ တစ်ဦးဖြစ်သူ ဦးအေးဇော်ဝင်း က မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ ကုမ္ပဏီအသစ် ပြန်လည် လျှောက် ထားခဲ့ခြင်းကြောင့် သြဂုတ်လ ၁ ရက်နေ့တွင် ဖွင့်လှစ်ခွင့် ပြုခဲ့ပြီး ကြွေးကျန် များ ပေးရန် သတိပေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းအစီရင်ခံစာအရ သိရှိရသည်။

အချို့သော ဟိုတယ်များမှာ ကြွေးကျန်များ ပေးချေပြီး ဖြစ်သော်လည်း အချို့မှာ ပေးချေနေဆဲ ဖြစ်ပြီး ကြွေးကျန်များ ပေးဆောင်ရန် ကျန်နေသေးသည့် ဟိုတယ်များ ရှိနေသေးကြောင်း ယင်းအစီရင်ခံစာကို ကိုးကား၍ ပြည်သူ့ ပူးပေါင်း ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လအထိ ဟိုတယ် ခုနစ်ခုက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ပေးဆောင်ရန် ကြွေးကျန် အမေရိကန် ဒေါ်လာ ၂၂ç၈၉၀ သန်း ကျန်ရှိနေသေးကြောင်း ယင်း အစီရင်ခံစာတွင် ဖော်ပြ ပါရှိသည်။

ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေးမည်

ကမ္ဘာ့ဘဏ်၏ စည်းမျဉ်းများကို လိုက်နာခြင်း မရှိခဲ့သောကြောင့် မြန်မာနိုင်ငံကို ချေးငွေ ထုတ်ပေးခြင်း နှင့် အကူအညီများ ကို ရပ်ဆိုင်းထားရာမှ ဒေါ်လာ ၂၆၁ သန်း ပထမဆုံးအကြိမ် ပြန်ချေး မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားသည်။

သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသော သဝဏ်လွှာတွင် ဝန်ကြီးဌာန လေးခုက ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၆၁ ဒသမ ၅၀ သန်း ချေးယူနိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးရန် ဖော်ပြ ထားသည်။

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ၂၆၁ သန်းကျော်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၃၁ ဒသမ ၅၀ သန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ၁၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက် စီမံကိန်းအတွက် သန်း ၁၄၀၊ ပညာရေး ဝန်ကြီးဌာန၏ ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆု ပေးအပ်ခြင်း စီမံကိန်းအတွက် သန်း ၆၀ နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံ ခန့်ခွဲရေး စီမံကိန်း အတွက် သန်း၃၀ တို့ အသီးသီး ချေးယူမည် ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါ ချေးငွေများနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက “ဒီကဏ္ဍတွေက နိုင်ငံရဲ့ စီးပွားရေး အသွင် ကူးပြောင်းမှု အရေးကြီးတယ်။ အစိုးရက ဒီချေးငွေတွေကို ထိထိရောက်ရောက်သုံးမှ တိုင်းပြည် အကျိုးရှိနိုင်မယ်။ ဘယ်လို ထိထိရောက်ရောက် သုံးမလဲဆိုတဲ့ပေါ် မှုတည်တယ်” ဟု သုံးသပ် ပြောကြား သည်။

အဆိုပါ ချေးငွေကို ပြန်လည် ပေးဆပ်ရန် ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ရန် ကာလ နှစ် ၃၀ စုစုပေါင်း ချေးငွေ ကာလ နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး အတိုးနှင့် ကတိကြေးများ ပေးဆောင်ရန် မလိုဘဲ ဝန်ဆောင်ခအဖြစ် ချေးငွေ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာ ပေးချေ ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၅၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ကမ္ဘာက မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်အထိ စီမံကိန်းပေါင်း ၃၅ အတွက် ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း တွင် မြန်မာ အစိုးရက အကြွေးများ ပြန်မဆပ်နိုင်တော့သောကြောင့် ကမ္ဘာ့ဘဏ်က ထောက်ပံ့ရေး အစီအစဉ်များကို ဖြတ်တောက်ခဲ့သည်။
နှစ်ပေါင်း ၂၅ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီးနောက် ဂျပန် အစိုးရ၏ ရက်တိုချေးငွေ အကူအညီဖြင့် ကမ္ဘာ့ဘဏ်ပေါ်တွင် ကျန်ရှိနေသော မြန်မာ့ကြွေးဟောင်း အမေရိကန် ဒေါ်လာ သန်း ၄၅၀ ကျော် ကို မြန်မာ အစိုးရက ပြန်လည် ပေးချေခဲ့သည်။ 

» ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ ကလေးရေကစားကန်အတွင်း လူငယ်တစ်ဦးသေဆုံးနေသည်ကိုတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ အတွင်းNatural Worldကုမ္ပဏီ မှ တာဝန်ယူလုပ်ကိုင်နေသည့် အခမဲ့ ကလေးရေကစားကန် အတွင်း လူငယ်တစ်ဦး သေဆုံး လျက်အနေအထားဖြင့် တွေ့ရှိရ သောကြောင့် ဒဂုံမြို့နယ်ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၂၇ ရက်နေ့ နေ့ လယ် ၂ နာရီအချိန်တွင် အဆိုပါ သေဆုံးနေသူအား လုံခြုံရေး ၀န် ထမ်းများမှ စတင်သတိထားမိပြီး နောက် တာဝန်ရှိသူများထံ အကြောင်းကြား၍ သွားရောက် စစ်ဆေးရာ ရေအနက်တစ်ပေခွဲ ခန့်တွင် ထိုင်လျက်ရေကန်ဘောင် ကိုကျောမှီနေသော အနေအထား ဖြင့် သေဆုံးလျက်တွေ့ရှိရသည် ဟု သိရသည်။

““သူ့ကို သူငယ်ချင်း ၄ယောက် နဲ့ မနက် ၁၀ နာရီလောက်ထဲက အတူတူ ရေကစားနေတာကို သတိထားမိတယ်။ တစ်နေ့လုံး နားလိုက်ဆော့လိုက်နဲ့ သူငယ် ချင်းက မိန်းကလေးနှစ်ယောက်၊ ယောက်ျားလေးနှစ်ယောက်၊ နေ့ လယ်ဘက် ၁ နာရီလောက် ကျွန် တော်တို့ အမှိုက်သွားသွန်တော့ သူဘာဖြစ်လို့လဲ မသိဘူး၊ သူ့ သူ ငယ်ချင်းတွေက ရင်ဘတ်ကိုဖိပြီး စကားတွေ ပြောနေကြတယ်။ ကျွန်တော်တို့ အမှိုက်သွန်ပြီး ပြန် လာတော့ သူ့သူငယ်ချင်းတွေ မရှိ တော့ဘူး။ သူ့တစ်ယောက်တည်း တွေ့ရတယ်။ နေ့လယ် ၂ နာရီခွဲ လောက်ကြာတော့ သူ အဲဒီနေ ရာမှာကြာနေပြီ။ ရေထဲမလှုပ် မယှက်နဲ့ဆိုတော့ အိပ်နေတယ် ထင်ပြီး အအေးပတ်မှာစိုးလို့ သွား နှိုးတာ ခေါ်လို့မရတော့ဘူး။ လူ ကလည်း အေးစက်နေတာပဲ။ အဲဒီတော့မှ သူသေနေမှန်း သိရ တာ””ဟု စတင်တွေ့ရှိသူ လုံခြုံရေး ၀န်ထမ်းတစ်ဦးက ပြောကြား သည်။
အဆိုပါနေ့၌ ဒဂုံရဲစခန်းမှ သေဆုံးသူ၏အမည်နှင့် နေရပ် တို့အား စုံစမ်းလျက်ရှိသေး ကြောင်း သိရသည်။ 

စစ်ရေးသုံးတာဟာ အားဆာ့တ်ကို ဖြုတ်ဖို့ မဟုတ်

ဆီးရီးယားကိစ္စ ဆွေးနွေးဖို့ ဗြိတိန် ဝန်ကြီးချုပ်ကလည်း ကြာသပတေးနေ့မှာ ပါလီမန် ဆင့်ခေါ်ထား ဆီးရီးယားနိုင်ငံအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ အမေရိကန် သမ္မတ အိုဘားမားက ခွင့်ပြုလိုက်တယ် ဆိုရင် ဒီလို လုပ်တာဟာ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံးမှာ ဓါတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့မှုအပေါ် တုန့်ပြန်မှု သက်သက်သာ ဖြစ်လိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

အခုလို စစ်ရေးနည်းနဲ့ တုန့်ပြန်ဖို့ ရွေးတာဟာ ဆီးရီးယား အစိုးရကို ဖြုတ်ချချင်လို့ မဟုတ်ပဲ ဓါတုလက်နက် မသုံးဖို့ တားမြစ်ထားတဲ့ နိုင်ငံတကာရဲ့ စည်းမျဉ်းကို ဗြောင်ကျကျ ချိုးဖေါက်ခဲ့မှုအပေါ် တုန့်ပြန်တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ်ဂိုလ်က ပြောသွားပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ကလည်း စစ်ရေးအရ စွက်ဖက် တိုက်ခိုက်ဖို့ လုပ်တာဟာ ဒီလို ဓါတု လက်နက်တွေ နောင်ထပ်မသုံးအောင် တားဆီးဖို့ ရည်ရွယ် လုပ်တာလို့ အလေးထား ပြောသွားပါတယ်။

ဆီးရီးယား ပဋိပက္ခအပေါ် ဗြိတိန်နိုင်ငံက ဘယ်လို တုန့်ပြန်ကိုင်တွယ် မလဲဆိုတာ ကို မဲခွဲ ဆုံးဖြတ်ဖို့ ဝန်ကြီးချုပ် Cameron က ပါလီမန်ကို ကြာသပတေးနေ့မှာ ဆင့်ခေါ်ထားပါတယ်။

အစောပိုင်းတုန်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က အမေရိကန် စစ်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအရ တိုက်ခိုက်ဖို့ အသင့်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား ရဲ့ အဓိက မဟာမိတ်နိုင်ငံတွေ ဖြစ်တဲ့ ရုရှား၊ အီရန်နဲ့ တရုတ်တို့ကတော့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ကြောင်း သတိပေး ပြောဆိုမှုတွေ ထပ်မံ လုပ်ခဲ့ကြပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးWalid Al Muallem ကလည်း ဆီးရီးယားနိုင်ငံ အတိုက်ခိုက်ခံရမယ် ဆိုရင် အစွမ်းကုန် ခုခံ ကာကွယ်သွားမယ်လို့ ပြောကြား လိုက်ပါတယ်။

ဓါတု လက်နက် သုံးတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အလိမ်အညာတွေဖြစ်ပြီး အနောက်အုပ်စု နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ သက်သေ အထောက်အထားတွေကို သူတို့ပြည်သူတွေကို တင်ပြဖို့ စိန်ခေါ် ပြောဆိုသွားခဲ့ပါတယ်။

တနင်္လာနေ့တုန်းက ဒမာ့စကပ်မြို့မှာရှိနေတဲ့ ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေရဲ့ ကားတန်းကို သေနတ်နဲ့ ချောင်းမြောင်း အပစ်ခံခဲ့ရအပြီးမှာ အသက်အန္တရာယ် လုံခြုံ စိတ်ချမှု ရှိမရှိ သုံးသပ်နေတဲ့ အတွက် ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးတွေအနေနဲ့ ဆောင်ရွက်စရာ ရှိတာတွေကို ဆက်မဆောင်ရွက်နိုင်သေးပဲ ဖြစ်နေပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ဒမာ့စကပ်စ်မြို့ ဆင်ခြေဖုံး နေရာမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

ဆီးရီးယားကို ဝင်ဖို့ ကန်တပ်တွေ အသင့်ဖြစ်

အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ခ်ဟေဂဲလ် သမ္မတ အိုဘားမားကနေ ဆီးရီးယားကို စစ်ရေးအရ ကြားဝင်ဆောင်ရွက်ဖို့ အမိန့်ပေးလိုက်တာနဲ့ တပြိုင်နက် တိုက်ခိုက်ဖို့အတွက် အမေရိကန် တပ်ဖွဲ့တွေ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ခ် ဟေဂဲလ်က ပြောကြားလိုက်ပါတယ်။

မစ္စတာ အိုဘားမား အနေနဲ့ ဘယ်လို့ ရွေးချယ်မှုမျိုးကိုပဲ လုပ်လုပ် အဲဒီအတွက် ဖြည့်ဆည်းဆောင်ရွက်ဖို့ စစ်တပ် အနေအထားကို အဆင်သင့်ဖြစ်အောင် ပြုလုပ်ထားပြီး ဖြစ်တယ်လို့ မစ္စတာ ဟေဂဲလ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီးတင်းပတ်က ဆီးရီးယားမှာ ဓာတုလက်နက်နဲ့ သံသယဖြစ်စရာ တိုက်ခိုက်မှုတွေ အတွက် ဆီးရီးယား အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ ပိုပြီး သိသာ ထင်ရှားလာနေတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို စောင့်ပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဗြိတိန်အနေနဲ့ကလည်း ဆီးရီးယားတို့ရဲ့ ဓာတုလက်နက် အသုံးပြုတာတွေကို စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ဖို့ အရေးတကြီး စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ့် ဒေးဗစ် ကန်မရွမ်းရဲ့ ပြောခွင့်ရသူက တစ်ဦးက ပြောပါတယ်။ တကယ့်လက်တွေမှာ အတိအကျ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကတော့ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ပြောပါတယ်။

ဆီးရီးယားအပေါ် တုံ့ပြန်ဖို့ သမ္မတအိုဘားမား ဆုံးဖြတ်

ဆီးရီးယားအစိုးရက ဓာတုလက်နက် အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် တုံ့ပြန်သွားဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ဆုံးဖြတ်ထားပြီး၊ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုမလဲ ဆိုတာကိုလည်း အမျိုးသား လုံခြုံရေးအဖွဲ့နဲ့ တိုင်ပင်နေတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

Damascus မြို့တော် ဆင်ခြေဖုံးအရပ်မှာ ဒီလ ၂၁ ရက်နေ့က တိုက်ခိုက်မှုအတွင်း အဆိပ်သင့်ဓာတ်ငွေ့တွေ အသုံးပြုခဲ့တယ်ဆိုတာ သံသယဖြစ်စရာကို မလိုတဲ့အကြောင်းလည်း အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကပြောဆိုခဲ့တာပါ။

နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရမှာ တာဝန်မကင်းကြောင်း အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အဆိပ်ဓာတ်ငွေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အစီရင်ခံစာ တစောင်ကိုလည်း ဒီသီတင်းပတ်နှောင်းပိုင်း ထုတ်ပြန်သွားမယ့်အကြောင်း အိမ်ဖြူတော်
ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လူပေါင်း ရာချီသေဆုံးခဲ့တဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကိုတော့ သူတို့လက်ချက် မဟုတ်ဘူးဆိုပြီး ဆီးရီးယားအစိုးရက ငြင်းဆန်ထားသလို၊ အတိုက်အခံ သူပုန်တွေကို အပြစ်ဖို့ထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက် ဟေဂယ်လ် (Chuck Hagel) ကတော့ ဆီးရီးယားအပေါ် စစ်ရေးအရ အရေးယူဖို့ အမေရိကန်က အသင့်ရှိနေတဲ့အကြောင်း အင်္ဂါနေ့ အစောပိုင်းမှာပဲ ပြောဆိုထားတာပါ။ 

ယာဉ်မောင်း၏ မဆင်မခြင်မှုကြောင့် အမျိုးသမီးတစ်ဦး ဓာတ်တိုင်ပိ သေဆုံး

ရန်ကုန်တိုင်း ဒေသကြီး ၊ ဒဂုံမြို့နယ် ၊ ပြည်ထောင်စု ရိပ်သာရှေ့ တွင် ယနေ့နံနက် ၆ နာရီက ပြည်လမ်းမကြီး တစ်လျှောက် ဆူးလေမှ မြေနီကုန်း ဘက်သို့ မောင်းနှင် လာသည့် ယာဉ်လိုင်း အမှတ် ၁၂၄ မြောက်ပိုင်း ခရိုင် အထူးယာဉ်လိုင်း မှ မော်တော်ယာဉ် သည် အရှိန် မထိန်းနိုင်ဘဲ ပလက်ဖောင်း ပေါ်မှ ဓာတ်တိုင်ကို ၀င်တိုက်ပြီး ဓာတ်တိုင် ကျိုးကျ သဖြင့် နံနက်ပိုင်း အားကစား လေ့ကျင့်ရန် လမ်းလျှောက် လာသူ အမျိုးသမီး တစ်ဦး ( အမည် စိစစ်ဆဲ ) အား ပိမိသငဖ့် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။ အဆိုပါ ယာဉ်မောင်း မှာ ထွက်ပြေး သွားသဖြင့် တာဝန်ရှိ သူများက အရေးယူ ဆောင်ရွက် နိုင်ရန် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

The Myawady Daily


ရွှေတိဂုံစေတီတော်ပုံ ကုန်အမှတ်တံဆိပ် သိမ်းဆည်းမည်

 ၂၆.၈.၂၀၁၃ရက်နေ့က ဖူးရှင်းဘရားသား ကုမ္ပဏီမှ လက်ဆောင်ပေးသည့် လက်ဖက်ခြောက်ဗူးများ ပေါ်တွင် ရွှေတိဂုံစေတီတော်ပုံ ပါရှိသဖြင့် တာမွေမြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်တစ်ပါးမှ တိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော်ထံသို့ အဆိုပါ လက်ဖက်ခြောက်ဗူး ပေါ်တွင် ရွှေတိဂုံစေတီပုံပါရှိ၍ သံဃာတော်များမှ ကျေနပ်မှုမရှိခြင်း၊ သံဃာတော်နှင့် ဗုဒ္ဓဘာသာဝင်တို့မှ စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြကြောင်း လျှောက်ထားခဲ့ရာ တိုင်းသံဃာ့နာယက ဥက္ကဌဆရာတော်မှ သာသနာရေးမှူးမှ တဆင့် တာဝန်ရှိသူ အဆင့်ဆင့်ထံ သတင်းပို့စေခဲ့ ပါသည်။

၂၇.၈.၂၀၁၃ရက်နေ့ ၁၅၀၀အချိန်တွင် တိုင်းသာသနာရေး ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သာသနာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများမှ ဖူးရှင်းဘရားသား ကုမ္ပဏီအကြံပေး ဦးဇင်ဦးအား ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာတွင် စီးကရက်ဗူး ပုံသဏ္ဍာန် လက်ဖက်ခြောက်ဗူးငယ်များတွင် ရွှေတိဂုံစေတီတော်ပုံများ ရိုက်နှိပ်ထားပြီး ၎င်းဗူးငယ်(၉)ဗူးထည့်သည့် စက္ကူဗူးကြီးပေါ်နှင့် လက်ဆွဲအိတ်တို့ ပေါ်တွင်လည်း ရွှေတိဂုံ စေတီတော်ပုံ(Logo) အမှတ်အသားများဖြင့်
ကုန်အမှတ်တံဆိပ် အသုံးပြုထားသည့် အတွက် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ခံစားရသဖြင့် ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ်အား ဆက်လက် အသုံးမပြုရန် ရှင်းလင်းပြောကြား ခဲ့ပါသည်။

ကုမ္ပဏီအကြံပေးဦးဇင်ဦးမှ ၎င်းတို့ကုမ္ပဏီအနေဖြင့် နိုင်ငံခြားသားများနှင့် ပြည်တွင်းမိတ်ဆွေများအား လက်ဆောင်ပေးရန် တရုတ်ပြည်ရှိ ကုမ္ပဏီသို့ ကမ္ဘာလုံး စီးကရက်စက်ရုံ လိပ်စာကိုသာပေးပြီး မြန်မာပြည်အတွက် အမှတ်တရ(Logo)လုပ်ပေးရန်၂၀၁၃ခုနှစ်၊ ဇူလိုင်လအတွင်းက မှာကြားခဲ့ရာ သြဂုတ် လဆန်းပိုင်းတွင် ရွှေတိဂုံစေတီတော်ပုံပါ လက်ဖက်ခြောက်ဗူးကြီး (၅၀)ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသိရှိရပါသည်။

ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဦးအိုက်ထွန်းမှ မှာယူရရှိသည့်ဗူး(၅၀)အနက် ၎င်း၏မိတ်ဆွေများနှင့် နိုင်ငံခြားသားများထံ (၁၆)ဗူးလက်ဆောင် ပေးခဲ့ကြောင်း သိရှိရသဖြင့် ကျန်(၃၄)ဗူးအားသိမ်းဆည်းခဲ့ပြီး လက်ဆောင်ပေးခဲ့ပြီးဖြစ်သည့် (၁၆)ဗူးအား ပြန်လည်သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းထုတ်ပြန် ထားပါသည်။

ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံတကာဂိတ်ဖွင့်

နိုင်ငံတကာ ဂိတ်တွေ အဖြစ် အဆင့်မြှင့် လိုက်တာကြောင့် ထိုင်းမြန်မာ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း အကျိုးရှိလာနိုင်ထိုင်း မြန်မာ နယ်စပ် စစ်ဆေးရေးဂိတ် ၄ ခုကို သြဂုတ်လ ၂၈ရက် မနက်ကစပြီး နိုင်ငံတကာ စစ်ဆေးရေးဂိတ်တွေ အဖြစ် အဆင့်မြှင့် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

အဲဒီဂိတ်တွေကတော့ တာချီလိတ် - မယ်ဆိုင်၊ မြဝတီ - မဲဆောက် ၊ ထီးခီး - နမ့်ဖုရော်န် နဲ့ ကော့သောင် - ရနောင်း စစ်ဆေးရေး ဂိတ်တွေ ဖြစ်ကြပါတယ်။

နယ်စပ်ဂိတ် တွေကနေ နိုင်ငံကူး လက်မှတ်၊ ပြည်ဝင်ခွင့် ဗီဇာ အပြည့်အစုံနဲ့ ၀င်လာသူတွေဟာ ရန်ကုန်၊ မန္တလေး လေဆိပ်တွေကနေ ပြည်ပကို ထွက်ခွာ နိုင်သလို ရန်ကုန်၊ မန္တလေး လေဆိပ်တွေကနေ ဝင်လာသူတွေကလည်း နယ်စပ်ဂိတ် တွေကနေ ပြန်ထွက်သွား နိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ နယ်စပ်ဂိတ်တွေကနေ တဆင့် ထိုင်းနိုင်ငံ အတွင်းပိုင်းကို အပန်းဖြေခရီး အလည်အပတ် သွားနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို ထိုင်းမြန်မာ နယ်စပ် စစ်ဆေးရေး ဂိတ်တွေကို နိုင်ငံတကာ စစ်ဆေးရေးဂိတ်တွေအဖြစ် အဆင့်မြှင့် ဖွင့်လှစ်လိုက်တာကြောင့် ထိုင်း မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း တွေမှာပါ အကျိုးရှိလာမယ်လို့ ထိုင်းနိုင်ငံက အာဆီယံ သတင်းထောက်အသင်း အကြံပေးပုဂ0x081ဂိုလ် နိုင်အမ်နတ် ယုဝဖန် က သုံးသပ်ပါတယ်။

ဒါပေမယ့်လည်း ဒီလို နယ်စပ်ဂိတ်တွေကို နိုင်ငံတကာ အဆင့်မြှင့်ပေး လိုက်တဲ့ အတွက် နယ်စပ် ဖြတ်ကျော် ရာဇ၀တ်မှုတွေနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ ပိုများလာမလားလို့ စိုးရိမ်သူတွေလည်း ရှိပါတယ်။
ဒါနဲ့ ပတ်သက်လို့ ထိုင်းနဲ့မြန်မာ မူးယစ်ဆေးဝါး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက် မှုတွေ နှစ်နိုင်ငံကြား ရှိနေပြီး နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုတွေကိုလည်း ပြီးခဲ့တဲ့နှစ်တွေမှာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဆောင် ရွက်နေတာတွေက အထင်အရှား ဖြစ်တယ်လို့ ထိုင်းရဲအရာရှိတွေက ထောက်ပြကြပါတယ်။ 

ရန်ကုန်မှာလည်း လုံခြုံရေး တိုးမြှင့်ထား

ပဋိပက္ခတွေ မဖြစ်အောင် လုံခြုံရေးတွေ ပိုချထား စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း အခြေအနေ တွေ တည်ငြိမ် နေပေမယ့် တခြား ဒေသတွေမှာ နောက်ထပ် ပဋိပက္ခ ဖြစ်လာနိုင်တဲ့ အခြေအနေ တခိျု့ ထပ်ပြီး ပေါ်ပေါက် ခဲ့တာမို့ အာဏာပိုင် တွေက လုံခြုံရေး တင်းကျပ် မှုတွေ လုပ်နေ ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်တဲ့ ပဋိပက္ခတွေကို တနေရာပြီး တနေရာ မကြာခဏ ဆိုသလို ကြုံလာခဲ့တာ နှစ်နဲ့ချီ ကြာလာ ပြီးတဲ့နောက် လူ့အဖွဲ့အစည်း နှစ်ခု အကြားမှာ သံသယ နဲ့မခံချင်စိတ်တွေ ဆက်ရှိနေ ကြပြီး အချိန်မရွေး ပြဿနာ ပြန်ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေဆဲ ဖြစ်ပါတယ်။

တနင်္လာနေ့ တုန်းက ဧရာဝတီတိုင်း ပန်းတနော် မြို့မှာ ဖြစ်ခဲ့တဲ့ အချင်းပွားမှုကြောင့် ဘာသာရေး ပဋိပက္ခ မဖြစ်အောင် ရပ်ရွာမှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ ဝိုင်းဝန်း ဖြေရှင်း ပေးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ပြဿနာ ပြေလည်သွား ပေမယ့် ဒေသခံ မူဆလင် အတော်များများ ကြောက်လန့်ပြီး တိမ်းရှောင် နေကြပါတယ်။ အဓိက ကတော့ ကောလဟာလ သတင်းတွေကြောင့် ဖြစ်တယ်လို့ မြို့ခံမူဆလင် တဦးက ဆိုပါတယ်။

ပန်းတနော်မှာ အခုလို အခြေအနေ ကြုံရသလို၊ ရန်ကုန် တောင်ဥက္ကလာ ၁၀ ရပ်ကွက် မှာလည်း ဆိုက်ကား စီးပြီး ကလေး ကျောင်းသွားကြိုတဲ့ ဗုဒ္ဒဘာသာ အမျိုးသမီး တဦးကို လူနှစ်ဦးက ဘလိတ်ဒါးလိုမျိုး အသွား ထက်တဲ့အရာ တခုနဲ့ မျက်နှာကို လှီးခဲ့တဲ့ ရာဇဝတ်မှု တခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။

တိုက်ခိုက်တဲ့ သူတွေဟာ ဘယ်သူ ဘယ်ဝါ ဆိုတာ မသိရသေး ပေမယ့် လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ လုပ်ရပ် ဖြစ်နိုင်တယ် ဆိုတဲ့ သံသယ တွေကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တိုးမြှင့်ချထား နေပါတယ်။

အခု ဖြစ်ရပ်တွေဟာ သီးခြား ဖြစ်စဉ် တွေလို ဖြစ်နေပေမယ့် မကြာသေးခင် ကာလတွေ အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေ အနေ တွေကြောင့် နောက်ထပ် ပြဿနာတွေ မကြီးထွား လာအောင် အာဏာပိုင်တွေက လုံခြုံရေးကို ဂရုစိုက်ပြီး ဆောင်ရွက် နေတာ တွေ့ရပါတယ်။

ဒါပေမယ့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြား စိတ်ဝမ်းကွဲမှု တွေကို ဖြေရှင်းဖို့ ကတော့ အစိုးရအဖို့ ကြီးမားတဲ့ အခက်အခဲ အဖြစ်ရှိနေ ပါတယ်။

အခုလို ပြဿနာတွေ၊ ပဋိပက္ခတွေ ကြိုကြား ကြိုကြား ဖြစ်လာနေတဲ့ အချိန်မှာပဲ မန္တလေးမြို့ မှာတော့ ဒါတွေ မကြုံရစေဖို့ ပဋိပက္ခ များ ဖန်တီးမှုကို ကြိုတင် တားဆီး ကာကွယ်ရေး အဖွဲ့ကနေ သီတဂူ ဆရာတော်ကြီး ဦးဉာဏိဿရရဲ့ ငြိမ်းချမ်းရေး ဓမ္မသဘင် တရားပွဲကြီးကို ကျင်းပကြပါတယ်။

အဲဒီအဖွဲ့ဟာ မန္တလေး မြို့ပေါ်မှာ အဲဒီလို ပဋိပက္ခတွေ မဖြစ်ရအောင် ၄ ကြိမ်လောက် တားဆီး ကာကွယ် နိုင်ခဲ့ပြီး ဖြစ်သလို ပြဿနာ ဖြစ်တဲ့ ဒေသတွေကိုလည်း သွားရောက် ပြီး ပဋိပက္ခများ မဖြစ်အောင် တားဆီးရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ အတွက်ကိုလည်း အကြံပြု နေတာ ဖြစ်ပါတယ်။

အခုလည်း ထန်းကုန်း ရွာအထိ လည်း သွားရောက် ခဲ့ပြီး ပဋိပက္ခ ကြိုတင် တားဆီးရေး အဖွဲ့တွေတောင် ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါ်ဝင်းမြမြက ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့