Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 28 August 2013

ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်

လေ့ကျင့်မှု အရည်အသွေးနှင့် သင်တန်းများ လိုအပ်နေပြီဟု ထောက်ပြ

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေး များစွာ နိမ့်ကျလျက်ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့ကဝေဖန်လိုက်သည်ဟု သိရသည်။

ပဋိပက္ခများ ဖြေရှင်းနိုင်ရန် လေ့ကျင့်မှုနှင့်အတူ သင်တန်းများ တက်ရောက်နိုင်မှုသည် လွန်စွာ အရေးပါလျက်ရှိခြင်းကြောင့် လေ့ကျင့်မှု အရည်အသွေးနှင့် စွမ်းရည်မြှင့်သင်တန်းများ ရဲတပ်ဖွဲ့ဝင်တို့အတွက် လိုအပ်လျက်ရှိခြင်းဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့ဝင် အငြိမ်းစားရဲမှူးကြီး ရာလျန်မုန်းက ပြောသည်။

“လိုအပ်တဲ့ စွမ်းရည်တော့ အများကြီး လိုတာပေါ့။ အုပ်ချုပ်ရေးဆိုင်ရာရော၊ စီမံခန့်ခွဲမှုရော၊ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ စွမ်းရည်လည်း ရှိဖို့လိုတာပေါ့။ အဓိကပြောချင်တာကတော့ Training ပါပဲ။ ဓားများလို အမြဲတမ်းသွေးနေပြီး အဆင်သင့် ဖြစ်နေအောင် Ready ဖြစ်နေအောင် အမြဲတမ်း လုပ်ဖို့လိုတာ ပေါ့”ဟု ဦးရာလျန်မုန်းက မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ဒု-ရဲမှူးကြီး ဦးညွန့်လှိုင်ကလည်း ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေး နိမ့်ကျနေမှုကို ၀န်ခံခဲ့ပြီး ပြင်ဆင်မှုများပြုလုပ်သင့်နေပြီဟု ဝေဖန်ပြောဆိုသည်။

“Capacity ပိုင်းကတော့ တကယ်လိုအပ်တာ အမှန်ပဲဗျ။ နိမ့်နေတာပေါ့။ အရည်အသွေး နိမ့်နေတယ်ဆိုရင်တော့ တအားစော်ကားသလို ဖြစ်သွားမှာပေါ့နော်။ လိုအပ်နေတာပေါ့ဗျာ ပြင်ပေးရမယ်။ ရုပ်ပိုင်းရော၊ စိတ်ပိုင်းရော Capacity တွေ လိုနေတယ်ဗျ”ဟု ပြောသည်။

ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေး လိုအပ်ချက်များနှင့်အတူ သူတို့၏ စားဝတ်နေရေး၊ လစာမလောက်ငမှု တို့လည်းဖြစ်ပေါ်လျက်ရှိနေပြီး အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက် စစ်ဆေးရာတွင်ပင် ယာဉ်ကဲ့သို့သော အထောက်အကူပြု ပစ္စည်များလည်း လိုအပ်လျက်ရှိသည်ဟုလည်း ဦးညွန့်လှိုင်က ပြောသည်။

“ ရဲတွေကို လိုအပ်တဲ့ ရိက္ခာ လိုအပ်တဲ့ လစာ ပေးရမယ်ဗျ။ စင်ကာပူမှာက ရဲတွေ လာဘ်မစားဘူးပြောတယ်။ ဘာကြောင့် လာဘ်မစားလည်းဆိုတော့ ရဲတွေက ပြည့်ပြည့်စုံစုံ ရလို့ပေါ့။ ပြည့်စုံတဲ့ ရိက္ခာ၊ လစာ ပေးဖို့လိုမယ်။ အဲ့ဒါကလည်း အကြောင်းပြချက်တစ်ခု ဖြစ်နေတယ်။ အမှုအခင်းတွေ စုံစမ်းစစ်ဆေးတဲ့အ ခါမှာ အခင်းဖြစ်တဲ့အရပ်ကို သွားတဲ့အခါမှာ ယာဉ်တို့ ဘာတို့ အရမ်းအရေးကြီးတယ်ဗျ။ အဲ့ဒါတွေ ရဲတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ စီစဉ်နေရတဲ့ အခါမှာ အဲ့ဒီအခါကျ အဂတိလိုက်စားမှုဆိုတာ ဖြစ်သွားနိုင်တာပဲ”ဟု ပြောကြားခဲ့သည်။

အလားတူ သံဃာအပါး ၁၀၀ ကျော် မီးလောင် ဒဏ်ရာရရှိစေခဲ့သည့် လက်ပံတောင်းတောင် ကဲ့သို့သော ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ဝင်တို့၏ ဖြေရှင်းမှု၊ လတ်တလော ဖြစ်ပေါ်နေသည့် အမြင်မတူသည့် အုပ်စုများအကြား ပဋိပက္ခများနှင့် ပတ်သက်၍ ရဲများက လုံခြုံရေးယူရာတွင်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းရာတွင် လည်းကောင်း အရည်အသွေး ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိသည်ဟု လေ့လာသုံးသပ်သူများက ဝေဖန်လျက် ရှိနေသည်။

မတ်လအတွင်းက ထုတ်ပြန်သည့် လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာတွင် လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့်ပတ်သက်၍ ထောက်ပြပြောဆိုထားပြီး ပြုပြင်ပြောင်းလဲမှု များနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သင့်နေပြီဟု ရေးသားထားသည်။

“လက်ပံတောင်းတောင်စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျှင် ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်”ဟု အစီရင်ခံစာတွင်ရေးသားထားသည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေနှင့်အတူ အဓိကရုဏ်းများ ပေါ်ပေါက်လာနိုင်သည်ဖြစ် ရာ ထိခိုက်မှုနည်းသည့် စီမံခန့်ခွဲမှုနှင့်အတူ သင်တန်းများကိုလည်း ပြည်တွင်း သင်တန်းများသာမက နိုင်ငံတကာ အကူအညီဖြင့် ရဲတပ်ဖွဲ့ဝင်တို့ တက်ရောက်သင့်သည်ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။

ဝေဖန်မှုများ ခံနေရသည့် ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းရည်နှင့် လစာ၊ ရိက္ခာထောက်ပံ့ပေးမှု အခြေအနေနှင့် ရဲတပ်ဖွဲ့ဝင် တို့သည် ၀တ်စုံ၊ ခြေအိတ် စသည်တို့ကိုပင် မိမိတို့ လစာထဲမှ ၀ယ်ယူ ၀တ်ဆင်နေရခြင်းတို့ကို သြဂုတ် ၂၅ ရက်က ကျင်းပသည့် အောက်လွှတ်တော်တွင် တာမွေအမတ် ဒေါ်လဲ့လဲ့ဝင်းဆွေက မေးခွန်းထုတ် မေးမြန်းခဲ့သေးသည်။

ရဲဝန်ထမ်းတို့၏ လစာနည်းပါးမှု၊ စွမ်းရည်ပိုင်းမြှင့်တင်နိုင်ရန် သင်တန်းများ တက်ရောက်နိုင်မှု စသည့်မေးခွန်းများ အပြင် အချုပ်သားများကို ရိုက်နှက်စစ်ဆေးမှု စသည့် မေးခွန်းများကို ဒေါ်လဲ့လဲ့ဝင်းဆွေက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လဲ့လဲ့ဝင်းဆွေ၏ မေးခွန်းများကို ပြည်ထဲရေးဒု-၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြန်လည် ဖြေကြားရာတွင် ရဲတပ်ဖွဲ့ဝင်တို့အတွက် တူညီရဲဝတ်စုံ ၂၀၁၂ ခုနှစ် ဇူလိုင်လနှင့် ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလများတွင် ထုတ်ပေး ပြီးဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။ အချုပ်သားများကို ရိုက်နှက်သည့် မေးခွန်းနှင့် ပတ်သက်၍မူ ၁၉၉၅ ခုနှစ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများဖြင့်၊ အရေးယူ ထိန်းသိမ်းပေးလျက်ရှိသည်ဟုဖြေကြားသွားသည်။

စွမ်းရည်မြှင့် သင်တန်းများနှင့် ပတ်သက်၍မူ ၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသင်တန်း ၂၄ မျိုးတွင် သင်တန်းသား ၁၇၅၂ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား ၂၇၈၇ ဦးတို့ ရှိနေသည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားသည်။

ပြည်ပသင်တန်းများအတွက်မူ အမေရိကန်၊ တရုတ်၊ အိန်္ဒိယ၊ မလေးရှားတို့သို့ သင်တန်းသား ၅၂ ဦး စေလွှတ် သင်ကြားပြီးဖြစ်သည်ဟု ဆိုသည်။ အလားတူ ပြည်ပသင်တန်းခုနစ်ခုသို့လည်း သင်တန်းသား ၁၁ ဦး စေလွှတ် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဖြေကြားသွားသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင်လည်း တိုင်းအမတ်ဒေါက်တာညိုညိုသင်းက ရဲများက သံသယရှိသူများကို ဖမ်းဆီးစဉ်နှင့် ဖမ်းမိပြီးနောက်တွင် ဆက်ဆံပုံများသည် လူ့အခွင့်အရေးနှင့် မညီသည်များရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေး သင်တန်းပေးရန်နှင့် အရည်အသွေး မြှင့်တင်ပေးရန် အဆိုတင်ခဲ့သေးသည်။        

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့