လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 26 August 2013

မျှတတဲ့အရေးယူ အပြစ်ပေးမှု ဟုတ်ပါရဲ့လား

၈လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား တက်သည့် အလယ်တန်းပြ ဆရာမတစ်ဦး အပေါ် ပညာရေး ၀န်ကြီးဌာန၊ အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၏ အရေးယူ ဆောင်ရွက်မှု အပေါ် ယခုတလော သတင်းများစွာ ထွက်ပေါ်နေသဖြင့် အဆိုပါ ကိစ္စသည် သက်ဆိုက်ရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်ခြင်း ဟုတ်မဟုတ်သိနိုင်ရန် လေ့လာတင်ပြ အပ်ပါသည်။

တည်ဆဲဥပဒေ

ဝန်ထမ်းဆိုင်ရာ လက်ရှိ တည်ဆဲဥပေဒကို လေ့လာ ကြည့်သောအခါ ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်  နေ့တွင် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ အဖြစ် ပြဋ္ဌာန်းအတည်ပြုခဲ့သော နိုင်ငံ့ဝန်ထမ်းဥပဒေကို တွေ့ရှိရပါသည်။ အဆိုပါဥပဒေသည် အခန်းပေါင်း ၁၄ ခန်းနှင့် ပုဒ်မပေါင်း ၇၆ ခု ပါဝင်ပါသည်။
အဆိုပါဥပဒေ အခန်း(၄) တာဝန်နှင့်အခွင့်အရေးများအခန်းတွင် ပုဒ်မ ၁၀ တွင် ၀န်ထမ်းလိုက်နာရမည့် အချက်များကို အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

တာဝန်များ

၁၀။ ဝန်ထမ်းသည် အောက်ပါတို့ကို လိုက်နာရန် တာဝန်ရှိသည် -
(က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊
( ခ ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊
( ဂ ) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊
(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှု မပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
( င ) မိမိအား ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊
( စ ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာခြင်း၊
(ဆ) ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊
( ဇ ) ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသောသင်တန်းများကို တက်ရောက်ခြင်း၊
( ဈ ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊
(ည) တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ဋ ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ဌ ) ပြည်သူကို ရိုသေလေးစားခြင်း။

အဆိုပါဥပဒေ အခန်း(၁၀)တွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ပုဒ်မ ၃၇ မှ ပုဒ်မ ၅၂ အထိ အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရမည်ဖြစ်သည်
ဝန်ထမ်းကျင့်ဝတ်နှင့်လုပ်ငန်းခွင်စည်းကမ်းများကို လိုက်နာရခြင်း
၃၇။ ဝန်ထမ်းသည် ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာရမည့် အပြင် ဝန်ထမ်းအဖွဲ့အစည်း၏ လုပ်ငန်းသဘာဝနှင့် ဝန်ထမ်းအမျိုးအစားအလိုက် သီးခြားသတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် လုပ်ငန်းခွင်စည်းကမ်းများကိုလည်း စောင့်ထိန်းလိုက်နာရမည်။

ဌာနဆိုင်ရာအရေးယူခြင်း

၃၈။ ဝန်ထမ်းကျင့်ဝတ်ပျက်ယွင်းမှု၊ စည်းကမ်းဖောက်ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့အတွက် ဝန်ထမ်း စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူ နိုင်သည်။ ဝန်ထမ်း၏ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုသည် ပြစ်မှုမြောက်နိုင်သည့်ကိစ္စဖြစ်ပါက ဥပဒေကြောင်းအရ အရေးယူရန် ဆောင်ရွက်ရမည်။
၃၉။ ဝန်ထမ်းသည် တရားရုံး၏ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ယင်းကျူးလွန်သည့်ပြစ်မှုနှင့် ချမှတ်သည့်ပြစ်ဒဏ်တို့အား ထောက်ရှု၍ ထိုဝန်ထမ်းကို စီမံခန့်ခွဲမှုဆိုင်ရာလိုအပ်ချက်အရ ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ရန် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဌာနဆိုင်ရာနည်းလမ်းအရ အရေးယူနိုင်သည်။
၄၀။ ဝန်ထမ်းအား တရားစွဲဆိုသောအမှုနှင့်စပ်လျဉ်း၍ တရားရုံးက စွဲချက်မတင်မီ လွှတ်ခြင်း သို့မဟုတ် အပြီးပြတ် လွှတ်ခြင်း အမိန့်တစ်စုံတစ်ရာချမှတ်စေကာမူ ယင်းတရားစွဲဆိုသောအမှုသည် ဝန်ထမ်းကျင့်ဝတ်  ပျက်ယွင်းခြင်း သို့မဟုတ် စည်းကမ်းဖောက်ဖျက်ခြင်း သို့မဟုတ် တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားပျက်ပြားခြင်းနှင့် အကျုံးဝင်သည့်ကိစ္စဖြစ်ပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည်ယင်းဝန်ထမ်းကို ဌာနဆိုင်ရာ နည်းလမ်းအရ အရေးယူနိုင်သည်။
၄၁။ ဝန်ထမ်း၌ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့်ကိစ္စတွင် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ကို ချမှတ်နိုင်သည်။

တာဝန်မှယာယီရပ်ဆိုင်းခြင်း

၄၂။ ဝန်ထမ်းကို ဌာနဆိုင်ရာအရေးယူရာတွင် ရှေးဦးစုံစမ်းမှုပြုလုပ်ခြင်း သို့မဟုတ် ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာခြင်းတို့ ဆောင်ရွက်နေစဉ် ယင်းဝန်ထမ်းအား တာဝန်မှယာယီရပ်ဆိုင်းထားနိုင်သည်။ တာဝန်မှယာယီ ရပ်ဆိုင်းထားသည့် ဝန်ထမ်းအား သတ်မှတ်ချက်များနှင့်အညီ စားစရိတ်ထောက်ပံ့ကြေးနှင့် အခြား ရခွင့်ရှိသည့် စရိတ်ကြေးငွေများကို ခံစားခွင့်ပြုရမည်။

ရှေးဦးစုံစမ်းမှုပြုလုပ်ခြင်း

၄၃။ ဝန်ထမ်းအား လိုအပ်ချက်အရ ရှေးဦးစုံစမ်းမှုပြုလုပ်ရာတွင် -
(က) ရှေးဦးစုံစမ်းမှုခံရသည့် ဝန်ထမ်း၏အဆင့်ကို မူတည်၍ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းသည့်အမိန့်ကို ထုတ်ပြန်ပြီး ယင်းအမိန့်တွင် ရှေးဦးစုံစမ်းရေးအဖွဲ့၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကာလတို့ကို သတ်မှတ်ရမည်။
( ခ ) ရှေးဦးစုံစမ်းရေးအဖွဲ့သည် ရှေးဦးစုံစမ်းမှုအမှုတွဲဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ချက် ဆိုင်ရာ စာရွက် စာတမ်းများ၊ သက်သေထွက်ဆိုချက်များနှင့် အခြားအထောက်အထားများကို စနစ်တကျ မှတ်တမ်းတင် ထားရှိရမည်။
( ဂ ) ရှေးဦးစုံစမ်းရေးအဖွဲ့သည် စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်များပါရှိသည့် အစီရင်ခံစာကို ယင်းအဖွဲ့အား ဖွဲ့စည်းပေးသော သက်ဆိုင်ရာအကြီးအမှူးထံ တင်ပြရမည်။
၄၄။ စုံစမ်းခြင်းခံရသည့်ဝန်ထမ်းကို ရှင်းလင်းချေပခွင့်ပေး၍ ယင်း၏ရှေ့၌ သက်သေများကို စစ်ဆေးရမည့်အပြင် ပြန်လှန်မေးခွန်းများကိုလည်း မေးမြန်းခွင့်ပြုရမည်။

ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ခြင်း

၄၅။ ရှေးဦးစုံစမ်းမှုတွေ့ရှိချက်များအရ ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ပါက ဆောလျင်စွာ စစ်ဆေး ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူထံ ထောက်ခံတင်ပြရမည်။
၄၆။ ဝန်ထမ်းအား ဌာနဆိုင်ရာစစ်ဆေးမှုပြုလုပ်ရာတွင် ဌာနဆိုင်ရာစစ်ဆေးမှုခံရသည့် ဝန်ထမ်း၏အဆင့်ကို မူတည်၍ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသည့်အမိန့်ကိုထုတ်ပြန်ပြီး ယင်းအမိန့်တွင် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ကာလတို့ကို သတ်မှတ်ရမည်။
၄၇။ ဝန်ထမ်းက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌကိုလည်းကောင်း၊ အဖွဲ့ဝင်တစ်ဦးဦးကိုလည်းကောင်း ကန့်ကွက်နိုင်သည်။
၄၈။ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့သည် -
(က) ဌာနဆိုင်ရာစစ်ဆေးမှု အမှုတွဲဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ချက်ဆိုင်ရာစာရွက်စာတမ်းများ၊ သက်သေ ထွက်ဆိုချက်များ၊ အခြားအထောက်အထားများနှင့် စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင် ထားရှိရမည်။
( ခ ) ဌာနဆိုင်ရာစစ်ဆေးခြင်းခံရသည့် ဝန်ထမ်းကို ရှေးဦးစွာစွဲချက်တင်၍ စွဲချက်လွှာကို ဝန်ထမ်းထံပေးပို့ပြီး အချိန်လုံလောက်စွာပေး၍ ချေပလွှာတင်ပြခွင့်ပေးရမည်။
( ဂ ) ဝန်ထမ်း၏ ချေပလွှာကို လက်ခံရရှိသည့်အခါ သက်သေများကို စစ်ဆေး၍ သက်သေထွက်ဆိုချက် များအား စနစ်တကျမှတ်တမ်းတင်ရမည်။ ဌာနဆိုင်ရာစစ်ဆေးခြင်းခံရသည့် ဝန်ထမ်းကိုယ်တိုင်လာရောက်၍ ထုချေဖြေရှင်းထွက်ဆိုလိုပါက ခွင့်ပြုရမည်။ ယင်းသို့ ဝန်ထမ်းကိုယ်တိုင်လာရောက်၍ ထုချေဖြေရှင်းသည့်  အခါ ဝန်ထမ်းက တောင်းဆိုလျှင် ယင်းကို ကူညီရန် ရှေ့နေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ခွင့်ပြုနိုင်သည်။
(ဃ) စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးထံ တင်ပြရမည်။
( င ) ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာတွင် အမှုအကြောင်းအရာအကျဉ်းချုပ်၊ စွဲချက်၊ စစ်ဆေး တွေ့ရှိချက်၊ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့၏ သုံးသပ်ချက်နှင့် သဘောထားဖော်ပြချက်တို့ကို ဖော်ပြရမည်။
၄၉။ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသည် ဌာနဆိုင်ရာစစ်ဆေးမှုနှင့်စပ်လျဉ်း၍ အမိန့်ချမှတ်ပြီး အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာဝန်ထမ်းထံသို့ ပေးပို့ရမည်။ ထိုအမိန့်ကို မကျေနပ်ပါကအမိန့်စာကို လက်ခံရရှိသည့် နေ့ရက်မှစ၍ ခြောက်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအမှူးထံ အယူခံလွှာတင်သွင်းနိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။
၅၀။ ပုဒ်မ ၄ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများတွင် ခန့်ထားခြင်းခံရသော ဝန်ထမ်းများအား ဌာနဆိုင်ရာစစ်ဆေးမှုနှင့်စပ်လျဉ်း၍ ချမှတ်သည့်အမိန့်ကို သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးက အမိန့်စာထုတ်ပြန်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဝန်ထမ်းထံသို့ ပေးပို့ရမည်။ထိုအမိန့်ကို မကျေနပ် ပါက အမိန့်စာကို လက်ခံရရှိသည့်နေ့ရက်မှစ၍ ခြောက်လအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအကြီးအမှူးထံ အယူခံလွှာ တင်သွင်းနိုင်ကြောင်း အမိန့်စာတွင် ဖော်ပြရမည်။
၅၁။ စည်းကမ်းထိန်းသိမ်းရေး ထိရောက်လျင်မြန်စေရန်နှင့် လုပ်ငန်းတာဝန်လစ်ဟင်းမှုမရှိစေရန်အလို့ငှာ ဌာနဆိုင်ရာ စစ်ဆေးမှုများကို ကြန့်ကြာခြင်းမရှိစေဘဲ ပြီးပြတ်အောင် ဆောင်ရွက်ရမည်။
၅၂။ ဌာနဆိုင်ရာစစ်ဆေးမှုပြီးဆုံးသည့်အခါ ဝန်ထမ်းတွင် အပြစ်မရှိကြောင်း တွေ့ရှိပါက စစ်ဆေးမှုခံခဲ့ရခြင်းကြောင့် ယင်းဝန်ထမ်း၏ဝန်ထမ်းရေးရာအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရန် ဆောင်ရွက်ပေးရမည်။
ထို့ပြင် ဥပဒေ အခန်း (၁၁) ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်းနှင့်အယူခံခြင်း တွင် ပုဒ်မ ၅၃ မှ ၅၅ ထိ ပြဋ္ဌာန်းထားသည်ကိုတွေ့ရပါသည်။

ပြစ်ဒဏ်များ

၅၃။ ဌာနဆိုင်ရာအရေးယူမှုများတွင် အောက်ဖော်ပြပါ ပြစ်ဒဏ်တစ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည် -
(က) စာဖြင့်သတိပေးခြင်း၊
( ခ ) နှစ်တိုးလစာရပ်ဆိုင်းခြင်း၊
( ဂ ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊
(ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊
( င ) ရာထူးအဆင့်လျှော့ချခြင်း၊
( စ ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း၊
(ဆ) တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊
( ဇ ) ရာထူးမှ ထုတ်ပယ်ခြင်း၊
( ဈ ) ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း။
၅၄။ ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့်အခါ -
(က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှုထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည်။
( ခ ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေရှိစေရမည်။
၅၅။ ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်သည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အယူခံခွင့်ရှိစေရမည်။

ဥပဒအခန်း(၁၄) အထွေထွေ တွင် ပုဒ်မ ၇၅ အဖြစ် “တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတွင် ပါရှိသည့် ဝန်ထမ်းရေးရာနှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်သည်။”ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်ဖြစ်ရာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ စာစောင်ပါပြဋ္ဌာန်းချက်များမှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် သက်ဆိုင်ရာနည်းဥပဒေများကို ထုတ်ပြန်ခြင်းမပြုနိုင်သေးသဖြင့် ဆက်လက် ကျင့်သုံးနေရမည့်အနေအထားဖြစ်သည်ကို တွေ့ရှိရပါသည်။
  နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ စာစောင် အခန်း(၃) ၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းများ အခန်းတွင်လည်း အောက်ပါ ဖော်ပြချက်များကိုတွေ့ရှိရမည်ဖြစ်သည်။

စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် လိုက်နာရမည့်စည်းကမ်းများ

၎။ ၀န်ထမ်းများသည် အောက်ပါကျင့်ဝတ်နှင့် စည်းကမ်းများကို စောင့်ထိန်းလိုက်နာရမည်-
(က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်၊
(ခ) အခြေခံဥပဒေနှင့် တရားဥပဒေများကို လေးစားလိုက်နာရမည်၊
(ဂ) ပြည်သူတို့၏အကျိုးစီးပွားကို အလေးထား၍ဆောင်ရွက်ရမည်၊
(ဃ) ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူ့ဘဏ္ဍာငွေယိုဖိတ်ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်၊
(င) တာဝန်နှင့် ၀တ္တရားများကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ရမည်၊
(စ) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာဆောင်ရွက်ရမည့်ပြင် လုပ်ငန်းကျွမ်းကျင်မှုအဆင့်မြင့်မား လာစေရန်နှင့် အရည်အချင်းတိုးတက်နေစေရန် အစဉ်ကြိုးစားရမည်၊
(ဆ) အလုပ်ခွင် စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရမည်၊
(ဇ) အကျင့်စာရိတ္တပျက်ပြားခြင်း၊ သိက္ခာကင်းမဲ့စွာပြုမူနေထိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်၊
(ဈ) တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ တံစိုးလက်ဆောင် ယူခြင်းတို့ကို ရှောင်ကြဉ်ရမည်၊
(ည) တရားသဖြင့် ရရှိအပ်သော ၀င်ငွေမှတပါး မရိုးသားသောနည်းဖြင့် အခြားဝင်ငွေရှာခြင်းကို ရှောင်ကြဉ်ရမည်၊

နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ စာစောင် အခန်း(၄) ၀န်ထမ်းဆိုင်ရာပြစ်မှုများတွင် အပိုဒ် ၅ တွင်အလုပ်ချိန်ဆိုင်ရာပြစ်မှုများ အပိုဒ် ၆ တွင် တာဝန်ထမ်းဆောင်မှုနှင့် လုပ်ရည်ကိုင်ရည်ဆိုင်ရာပြစ်မှုများ အပိုဒ် ၇ တွင် ၀န်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာပြစ်မှုများ အပိုဒ် ၈ တွင် တရားဥပဒေကို ဖောက်ဖျက်ခြင်းနှင့်ပတ်သက်သည့် ပြစ်မှုများကို ဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ စာစောင် အခန်း(၆) ၀န်ထမ်းဆိုင်ရာပြစ်ဒဏ်များ ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

ပြစ်ဒဏ်ချမှတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ

၅၆။ ပြစ်ဒဏ်အမျိုးအစားများ။ အရေးယူခြင်းခံရသည့် ၀န်ထမ်းတွင် အပြစ်ရှိကြောင်းတွေ့ရှိ၍ ပြစ်ဒဏ်ချမှတ်သည့်အခါ ပြစ်မှုနှင့်ပြစ်ဒဏ်မျှတစေရန် ချင့်ချိန်၍ အောက်ပါဝန်ထမ်းဆိုင်ရာပြစ်ဒဏ်များအနက်မှ ထိုက်သင့်သည့်ပြစ်ဒဏ်ကို ချမှတ်နိုင်သည်-
(က) သတိပေးခြင်း၊
(ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်း၊
(ဂ) ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း၊
(ဃ) လစာနှုန်းအတွင်းလစာလျှော့ချခြင်း၊
(င) ရာထူးအဆင့်လျှော့ချခြင်း
(စ) လစာမှပေးလျော်စေခြင်း၊
(ဆ) တာဝန်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊
(ဇ) ရာထူးမှရပ်စဲခြင်း၊
(ဈ) ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း၊

၅၇။ ပြစ်ဒဏ်များ၏အဓိပ္ပါယ်နှင့် အကျိုးသက်ရောက်မှု။ အပိုဒ် ၅၆ ပါ ပြစ်ဒဏ်များသည် အောက်ပါအတိုင်း အဓိပ္ပါယ်နှင့် အကျိုးသက်ရောက်မှုရှိစေရမည်-
(ဇ) ရာထူးမှရပ်စဲခြင်း ဆိုသည်မှာ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ တရားစွဲဆိုခြင်းခံရပြီး ကြီးလေးသော ပြစ်ဒဏ်စီရင်ခံရခြင်းကြောင့်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သည်မှာ အလေ့အကျင့်ကဲ့သို့ဖြစ်နေခြင်းကြောင့်ဖြစ်စေ ၀န်ထမ်းအား လက်ရှိရာထူး၌ တာဝန်ထမ်းဆောင်ခြင်းမှ ရပ်စဲခြင်းကို ဆိုသည်-
(ဈ) ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း ဆိုသည်မှာ ကျင့်ဝတ်လွန်ကဲစွာပျက်ယွင်းမှု၊ လိမ်လည်မှု၊ မရိုးသားမှု၊ ကြိမ်ဖန်များစွာ တမင်သက်သက်တာဝန်ပျက်ကွက်မှု၊ ကိုယ်ကျင့်တရားပျက်ပြားမှုအကျုံးဝင်သည့် ပြစ်မှုတစ်ခုခု ကြောင့်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ တရားရုံး၏ကြီးလေးသော ပြစ်ဒဏ်စီရင်ခံရမှုကြောင့်ဖြစ်စေ ၀န်ထမ်းအဖွဲ့အစည်း၌ ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် ၀န်ထမ်းအား ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းကိုဆိုသည်-
သို့ဖြစ်ရာ အဆိုပါ အလယ်တန်းပြဆရာမကို အရေးယူရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးလက်စွဲ စာစောင် ပါ အချက်များကို လိုက်နာခဲ့ခြင်းရှိမရှိတို့မှာ စဉ်းစားရမည်ဖြစ်သည်။
အဆိုပါ စာစောင် အပိုဒ် ၅၇  အပိုဒ်ခွဲ (ဇ) နှင့် အပိုဒ်ခွဲ(ဈ)ပါ ပြဋ္ဌာန်းချက်များအရ ထိုကဲ့သို့ အရေးယူသည့်အဆင့်အထိ ဆောင်ရွက်ရန် လိုမလိုလည်း စဉ်းစားရန်ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၄၁။ အရ “ဝန်ထမ်း၌ အပြစ်ရှိကြောင်း ပေါ်လွင်ထင်ရှားနေသည့်ကိစ္စတွင် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းမပြုဘဲ ထိုက်သင့်သည့် ဝန်ထမ်းဆိုင်ရာပြစ်ဒဏ်ကို ချမှတ်နိုင်သည်။” ဟု ဖော်ပြထားသဖြင့် ဌာနဆိုင်ရာစုံစမ်းစစ်ဆေးခြင်းမပြုဘဲပြစ်ဒဏ်ချမှတ်ခြင်းကို စောဒက မတက်လိုသော်လည်း ချမှတ်သည့်ပြစ်ဒဏ်သည် ပုဒ်မ ၅၄။ ပါ “ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့်အခါ -
(က) ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှုထိရောက်ရေးတို့ကို ဦးတည်ချက်ထားရမည်။
( ခ ) ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေရှိစေရမည်။”
ဟူသော ပြဋ္ဌာန်းချက်နှင့် ကိုက်ညီပါ၏လော ဟုတော့ မေးခွန်းထုတ်ရမည်ဖြစ်သည်။ ခွင့်မဲ့ ၃ ရက်ပျက်ကွက်ခြင်းကို အလုပ်မှ ထုတ်ပယ်သည်ဆိုပါက ထိုကဲ့သို့သော ခွင့်မဲ့ပျက်ကွက်သည့် ဆရာ၊ ဆရာမများကို အလားတူ အရေးယူခြင်း ရှိမရှိဆိုသည်မှာလည်း စဉ်းစားရမည်ဖြစ်သည်။

အဆိုပါပြစ်ဒဏ်သည် နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ စာစောင် အခန်း(၂) ၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများ တွင်အောက်ပါ ဖော်ပြချက်များနှင့် နှိုင်းယှဉ်ကာ လေ့လာသင့်သည်။

စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ လိုက်နာရမည့်အခြေခံမူများ

၃။ ၀န်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စတွင် အောက်ပါအခြေခံမူများကို လိုက်နာရမည်-
(က) ၀န်ထမ်းတို့သည် သတ်မှတ်ထားသည့် ကျင့်ဝတ်နှင့် စည်းကမ်းများကို စောင့်ထိန်းလိုက်နာကြ၍ လုပ်ငန်းကျွမ်းကျင်မှု အစဉ်တိုးတက်နေစေခြင်းဖြင့် ၀န်ထမ်းအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးကို ဦးတည်ချက်ထားရှိသည်၊
(ခ) ၀န်ထမ်းကျင့်ဝတ်ပျက်ယွင်းခြင်း၊ ၀န်ထမ်းစည်းကမ်းဖောက်ဖျက်ခြင်း၊ လုပ်ငန်းတာဝန် ပျက်ကွက်ခြင်း တို့အတွက် ၀န်ထမ်းကို အရေးယူအပြစ်ပေးရာတွင် ၀န်ထမ်းကောင်းတစ်ဦးဖြစ်လာစေရန် ပညာပေး ပြုပြင်ရေးကို ရှေးရှုရမည်၊
(ဂ) ဌာနဆိုင်ရာ အရေးယူအပြစ်ပေးခြင်းနှင့် တရားဥပဒေကြောင်းအရ အရေးယူအပြစ်ပေးခြင်းတို့၏ နယ်ပယ်ကွဲပြားခြားနားမှုကို ဂရုပြု၍ လုပ်ထုံးလုပ်နည်း မှန်ကန်စွာ ဆောင်ရွက်ရမည်၊
(ဃ) အရေးယူခံရသည့် ၀န်ထမ်းကို ရှင်းလင်းချေပခွင့် လုံလောက်စွာပေးရမည်၊
(င) ဌာနဆိုင်ရာစစ်ဆေးမှုဖွင့်၍ စစ်ဆေးကြားနာရာ၌ ဤလက်စွဲပါ ခြွင်းချက်ပြုထားသည့် ကိစ္စမျိုးတွင်မှတပါး အရေးယူခံရသည့် ၀န်ထမ်း၏ရှေ့တွင် စစ်ဆေးကြားနာရမည်၊
(စ) အရေးယူခံရသည့် ၀န်ထမ်းတွင် အပြစ်မရှိကြောင်း တွေ့ရှိပါက အရေးယူခံခဲ့ရခြင်းကြောင့် ၀န်ထမ်းရေးရာ ရပိုင်ခွင့်များ ဆုံးရှုံးနစ်နာမှု မရှိစေရန် ဆောင်ရွက်ပေးရမည်၊
(ဆ) အရေးယူခံရသည့် ၀န်ထမ်းတွင် အပြစ်ထင်ရှားတွေ့ရှိ၍ အပြစ်ပေးရာ၌ စည်းကမ်းထိန်းသိမ်းမှု ထိရောက်စေမည့် ၀န်ထမ်းဆိုင်ရာပြစ်ဒဏ်မျိုး ချမှတ်ရမည်၊
(ဇ) ၀န်ထမ်းဆိုင်ရာပြစ်ဒဏ်ကို ချမှတ်ရာ၌ ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေ ရှိစေရမည်၊
(ဈ) အယူခံပိုင်ခွင့်ရှိစေရမည်၊
(ည) ဌာနဆိုင်ရာ အရေးယူမှု၊ အယူခံမှု၊ ပြင်ဆင်မှုတို့တွင် တရားမျှတမှု ရှိစေရမည်၊

  ထို့ပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၅၅ တွင် “ဝန်ထမ်းသည် ဌာနဆိုင်ရာအရေးယူမှုတွင် ချမှတ်သည့် ပြစ်ဒဏ်နှင့်စပ်လျဉ်း၍ အယူခံခွင့်ရှိစေရမည်။” ဟု ပြဋ္ဌာန်းထားရာ အယူခံခွင့် ပြုမပြုမှာလည်း စဉ်းစားရမည်ဖြစ်သည်။ ယခုအချိန်အထိတော့ အယူခံဝင်ခွင့် ကို မကြားရသေးပေ။

ထို့ပြင် ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ စာစောင် ပါ ပြစ်မှုအလိုက်ထိုက်သင့်သည့်ပြစ်ဒဏ်ချမှတ်ခြင်း ကဏ္ဍ တွင်လည်း

၉။ ဤအခန်းပါ ၀န်ထမ်းဆိုင်ရာပြစ်မှုတစ်ခုခုနှင့် ပတ်သက်၍ အပြစ်ထင်ရှားတွေ့ရှိသဖြင့် ၀န်ထမ်းကို အပြစ်ပေးရာ၌ ပြစ်မှု၏သဘာဝနှင့် ၀န်ထမ်း၏ကျူးလွန်မှု သို့မဟုတ် ပျက်ကွက်မှုတို့ကို ထောက်ရှုပြီး အခန်း(၆)တွင် သတ်မှတ်ထားသော ၀န်ထမ်းဆိုင်ရာ ပြစ်ဒဏ်များအနက်မှ ထိုက်သင့်ရာပြစ်ဒဏ်ကို ချင့်ချိန်၍ ချမှတ်နိုင်သည်။

၁၀။ ၀န်ထမ်းကို အပြစ်ပေးရာ၌ တရားမျှတစေရေးနှင့် စည်းကမ်းထိန်းသိမ်းမှုထိရောက်စေရေးအတွက် ချမှတ်သည့်ပြစ်ဒဏ်သည် ထိုက်သင့်သည်ထက် ပိုမိုကြီးလေးခြင်း သို့မဟုတ် လျော့ပေါ့စေခြင်း မရှိစေပဲ ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေရှိစေရန် ဂရုပြု၍ ဆောင်ရွက်ရမည်။ အပြစ်ရှိသောဝန်ထမ်းကို အပြစ်နှင့်လျော်ညီစွာ ထိုက်သင့်သည့် ပြစ်ဒဏ်ပေးရန်ဖြစ်သော်လည်း ၀န်ထမ်းဘ၀တွင် နာလန်မထူ အညွန့်တုံးမေည့် အပြစ်ပေးခြင်းမျိုးမဖြစ်စေပဲ ၀န်ထမ်းကောင်းတစ်ဦးပြန်လည်ဖြစ်လာစေရန် ပြုပြင်ရေးကို ရှေးရှုရမည်။
ဟုဖော်ပြထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

သို့ဖြစ်ရာ အထက်ပါတင်ပြချက်များအရ ၈လေးလုံးနှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့သော ဆရာမအပေါ် အရေးယူအပြစ်ပေးမှုသည် မကြာမီကာလကမှ အတည်ပြုပြဋ္ဌာန်းထားသော နိုင်ငံဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်ကောင်စီရုံး မှ ၁၉၈၅ခု၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော ၀န်ထမ်းစည်းကမ်း ထိန်းသိမ်းရေးလက်စွဲ စာစောင်ပါ လမ်းညွှန်ချက်များနှင့် ညီညွတ်မှု ရှိမရှိဆိုသည်မှာ လွန်စွာပင် ထင်ရှားနေပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ တွင် “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်။” ဟု ဖော်ပြထားသည်ဖြစ်ရာ ယခုကိစ္စသည် ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိခြင်း ရှိမရှိကို ဖော်ပြတော့မည့် ကိစ္စရပ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် အညီ အယူခံခွင့် အခွင့်အရေးပေးမပေး၊ အလားတူ ခွင့်မဲ့ပျက်ကွက်မှုများကို ယခုအမှုကဲ့သို့ အရေးယူမယူ စောင့်ကြည့်ရမည်လည်းဖြစ်ပါသည်။

စံပယ်မ



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့