လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 29 August 2013

နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ

“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း...”
အနန္တသူရိယ

ပုသိမ်မြို့၏အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့် ဧည့်သည်အချို့ ယခုနှစ်သြဂုတ်လအတွင်းက ရောက်ချလာသည်။

သူတို့လက်ထဲတွင်တော့ သစ်သားဘောင်ကွပ်ထားသည့် အဖြူရောင်စာရွက်တစ်ခု ပါလာသည်။ အိမ်ထဲရှိ စိတ်ဝေဒနာခံစားနေရသည့် အမေအိုသည် အိမ်မကြီးနှင့် အိမ်ရှေ့အဖီအကြား အမိုးနှစ်ခုဆီမှ ထိုးကျနေသော အလင်းရောင်ကိုအားပြုလျက် စာရွက်ပေါ်မှ စာသားများကို အားစိုက်ဖတ်လိုက်သည်။

ဧည့်သည်ယူလာသည့်စာရွက်ကတော့ လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကတည်းက ပညာသင်ကြားရန် အိမ်ကထွက်ခွာသွားသည့် သူ၏သားဖြစ်သူတစ်ယောက် ဒီမိုကရေစီနှင့် အမှန်တရားအတွက် အသက်စွန့်သွားခဲ့ခြင်းကို ဂုဏ်ယူဝမ်းနည်းကြောင်း စာနာသူအချို့ပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းဖြစ်သည်။

သူ၏သားဖြစ်သူသည် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် ကြို့ကုန်းစက်မှုတက္ကသိုလ် ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ကိုစိုးနိုင်ဖြစ်သည်။ ထိုအရေးအခင်းသည် ကိုဖုန်းမော်အရေးအခင်းဟု လူသိများခဲ့သည်။

ကိုစိုးနိုင် ဆုံးပါးသွားခြင်းကြောင့် စိတ်ဝေဒနာခံစားခဲ့ရသည့် အမေအိုနှင့် သူတို့မိသားစုအဖို့တော့ ထိုဂုဏ်ပြုမှတ်တမ်းက လွန်ခဲ့သည့် ၂၅ နှစ်ကျော်ကဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခုဆီကို ပြန်လည်အသက်ဝင်ရောက်ရှိလာစေခဲ့သည်။

ပညာတော်ပြီး မိသားစုအပေါ် ရည်ရည်မွန်မွန်ဆက်ဆံတတ်သည့် ကိုစိုးနိုင်သည် ရန်ကုန်ကြို့ကုန်းစက်မှုတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် RIT ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည်လည်း အခြားကျောင်းနေဖက်သူငယ်ချင်းများလို ရည်မှန်းချက်အပြည့်ဖြင့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနေသူတစ်ယောက်ဖြစ်သည်။

အစ်မတစ်ယောက်၊ ညီငယ်နှစ်ယောက် အပါအ၀င် မိသားစုခြောက်ဦးရှိသည့် သူတို့မိသားစု၏အနာဂတ်သည် ကိုစိုးနိုင်ဖြစ်ခဲ့သည်။ သူ၏ညီငယ်နှစ်ယောက်အနက် တစ်ယောက်ကစစ်ဗိုလ်၊ နောက်တစ်ယောက်က ဆရာဝန်အဖြစ် မိသားစုက ရည်မှန်းထားသည်။ ရည်မှန်းချက်ကြီးမားသော်လည်း အတန်ငယ်မပြည့်မစုံဖြင့် ရုန်းကန်နေရသည့် သူတို့မိသားစုအတွက်တော့ ကိုစိုးနိုင်တစ်ယောက် အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးပြီး ပြန်လည်ထောက်ပံ့ရေးက သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။

သို့သော်လည်း ပူပြင်းလှသော မတ်လ၏ အပူရှိန်အောက် ကြွေလွင့်ခဲ့သည့် သစ်ရွက်ခြောက်များလို အာဏာရှင်ဦးနေ၀င်းနှင့် သူ၏အပေါင်းအပါများ၏ ရက်စက်သည့် အာဏာစက်အောက်တွင် သူတို့မိသားစု၏ မျှော်လင့်ချက်များ တစ်စစီလွင့်ပါးခဲ့ရသည်။

ဝါဒဖြန့်ချိရေးဇာတ်ကားများတွင် ရည်မွန်သည့်ဟန်ပန်ရှိခဲ့သော်လည်း လက်တွေ့တွင် မာကျောခက်ထန်ပြီး ရက်စက်သည့် မျက်နှာထားများနှင့် လုံထိန်းအချို့သည် ကိုစိုးနိုင် ပညာသင်ကြားရာ အင်းစိန် RIT ၀င်းကို ၀ိုင်းထားလိုက်သည်။ သူတို့သည် ထိုနေ့မတိုင်မီ (၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်)နေ့က လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့်အရပ်သား စကားများရာမှ စတင်သည့်ပြဿနာကိုဖြေရှင်းရန် လာရောက်ကြခြင်းဖြစ်သည်။

အမိန့်နာခံသည်မှလွဲပြီး ဘာမျှလုပ်နိုင်စွမ်းရှိပုံမပေါ်သည့် လုံထိန်းတပ်သားများက သူတို့၏သေနတ်ပြောင်းဝကို ကျောင်းသားများဘက်ဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင်ရှိခဲ့သည့် ကိုမြင့်ဦးက ထိုနေ့ကအခြေအနေကို ပြန်ပြောပြသည်။

“သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက်ပစ်ခဲ့တယ်”

သူတို့ပစ်လိုက်သည့် ကျည်ဆန်များထဲမှ တစ်တောင့်က ကျောင်းသားများထဲ ကိုစိုးနိုင်၏ ဘယ်ဘက်ခါးနောက်ကို ထိမှန်သွားခဲ့ပြီး ကိုစိုးနိုင်တစ်ယောက်သည်လည်း မြေပေါ်လဲပြိုခဲ့ရသည်။လုံထိန်းပစ်လွှတ်လိုက်သော သေနတ်ကျည်ဆန်သည် သူ၏ရှေ့မှ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်ကိုသာမက သူ့အား မျှော်လင့်တကြီးစောင့်မျှော်နေသည့် အခြားမိသားစုဝင်များ၏ဘ၀ကိုပါ လဲပြိုစေသည်ကို လုံထိန်းရဲဘော် သိဟန်မတူ။ ပွဲချင်းပြီးသေဆုံးသွားသော ကိုဖုန်းမော်၊ ဆန္ဒပြကျောင်းသား ကိုစိုးနိုင်နှင့် ကိုမြင့်ဦး အပါအ၀င် ကျောင်းသားခြောက်ဦးထက်မနည်း သေနတ်မှန်ခဲ့ရသည်။

“ကျွန်တော်တို့ ဆေးရုံရောက်ပြီးနောက် ၃ နာရီလောက်ကြာမှ ကိုစိုးနိုင်ရောက်လာတယ်”ဟု အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးကပြောသည်။

ငြိမ်းချမ်းစွာစုဝေးနေကြသည့် ကျောင်းသားများအား လုံထိန်းများက သေနတ်ဖြင့်ပစ်သတ်သည်ဆိုသော သတင်းကိုကြားရပါက ရက်စက်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးကောင်းပေးလိမ့်မည်။ သို့သော်လည်း အာဏာရှင်ဦးနေ၀င်းနှင့် အပေါင်းအပါများက ကိုစိုးနိုင်အပေါ်လုပ်သည့် လုပ်ရပ်များက ရက်စက်သည်ဆိုသည့်စကားထက်ပင် ပိုကောင်းပိုလိမ့်မည်။

ဒဏ်ရာရနေသော အခြားသူငယ်ချင်းများနှင့် ကိုစိုးနိုင်ကို ဆေးရုံသို့ သယ်ဆောင်မည့် မော်တော်ယာဉ်ကို အာဏာပိုင်များက တားမြစ်ခဲ့သည်။ ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ခြေလက်များကို သံကြိုးများအသုံးပြုကာ ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။

ရန်ကုန်မြို့မှ လေးနာရီခန့်သွားရသည့် ပုသိမ်မြို့တွင်နေထိုင်သည့် ကိုစိုးနိုင်မိသားစုဝင်များက သူ၏သတင်းကိုကြားရတော့ သူ့ဖခင်က သားနောက်လိုက်ဖို့ပြင်သည်။ အိမ်ဆောက်ရန်အတွက် ၀ယ်ယူထားသည့် ပျဉ်းကတိုးသစ်များကိုရောင်းချပြီး လမ်းစရိတ်လုပ်ရသည်။ သူ၏ဖခင်ဖြစ်သူ ပုသိမ်မြို့မှထွက်လာတော့ ယာယီဆောက်ထားသည့်ဝါးတဲလေးထဲတွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို စောင့်ရှောက်နေရသည့် ဆယ်တန်းဖြေမည့် ညီငယ်နှစ်ဦးနှင့် ကိုစိုးနိုင်၏အစ်မတို့ စိုးရိမ်စိတ်ဖြင့် ကျန်နေခဲ့ရသည်။

ကိုစိုးနိုင်၏ဖခင်ဖြစ်သူသည် ဦးနေ၀င်း၏လမ်းစဉ်ပါတီဝင်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ယခုခေတ်အဆိုအရ တိုင်းဒေသကြီးအလုပ်သမားဝန်ကြီး အဆင့်လောက်အထိ တာဝန်ယူခဲ့ဖူးသည်။ သို့သော်လည်း အာဏာရှင်တို့သည် သူတို့အုပ်စိုးနိုင်ရေးကို ထိခိုက်လာမည်ဆိုပါလျှင် ဘာကိုမှအရေးမထား။ RIT ကျောင်းဝင်းထဲတွင် ပစ်သတ်ခဲ့သော ကိုဖုန်းမော်တစ်ယောက်သည်လည်း လမ်းစဉ်လူငယ်ခေါင်းဆောင်တစ်ဦးပင် မဟုတ်ပါလား။

ကိုစိုးနိုင်ဖခင် ရန်ကုန်ရောက်တော့ သေနတ်ဒဏ်ရာရ သားဖြစ်သူက ဆေးရုံခုတင်နှင့် လက်ထိတ်၊ ခြေထိတ်များ တွဲလျက်။ သေနတ်အပစ်ခံရအပြီး ၂၃ ရက်အကြာ ကိုစိုးနိုင်တစ်ယောက် အသက်ဆုံးခဲ့ရသည်။

“အဖေပြန်ပြောပြတာကတော့ သူဆုံးခါနီးမှာ မိသားစုအပေါ် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပါလို့ မှာသွားတယ်”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကပြောသည်။

“ဆုံးခါနီးသုံးရက်လောက်မှာ ရဲရဲတောက်တို့ဗမာတွေသီချင်းကို သူတောက်လျှောက်ဆိုနေခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က အခြေအနေဆိုးနေခဲ့တာ။ သူက လာကြည့်တဲ့သူတိုင်းကို ကျွန်တော့်ကို ဂရုစိုက်ဖို့ပဲမှာနေတာ”ဟု နောက်ဆုံးအချိန်ထိ ကိုစိုးနိုင်ဘေးတွင် ရှိနေခဲ့သည့် ကိုမြင့်ဦးကပြောသည်။

ရန်ကုန်တွင် အကျဉ်းချုံးကျင်းပခဲ့ရသည့် အသုဘအပြီး ဖခင်ဖြစ်သူက တိတ်တဆိတ် ပုသိမ်မြို့သို့ ပြန်လာခဲ့ရသည်။ ကိုစိုးနိုင်၏ညီငယ်နှစ်ဦးစလုံး ဆယ်တန်းစာမေးပွဲဖြေနေဆဲမို့ သူ့အစ်ကိုသတင်း မပြောရက်သောကြောင့် ဖခင်ဖြစ်သူက အိမ်တန်းမပြန်ခဲ့ဘဲ ပုန်းနေခဲ့ရသည်။

“အငယ်နှစ်ယောက် စာမေးပွဲပြီးတဲ့နေ့မှ အဖေကပြောတယ်။ ကျွန်မလည်း မြေမှာလူးလှိမ့်ပြီး ငိုခဲ့ရတယ်။ အဖေက ငါနဲ့အတူတူနေချင်ရင် အကျယ်ကြီးမငိုနဲ့။ ငါတို့တွေ အဖမ်းခံရမယ်။ ကျွန်မတို့မိသားစုတွေ ချက်ချင်းပဲ ရက်လည်ဆွမ်းသွတ်ဖို့ စီစဉ်ခဲ့ရတယ်”ဟု ဒေါ်မြင့်မြင့်ဦးကပြောသည်။

ကိုစိုးနိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း အစိုးရ၏ခြိမ်းခြောက်မှုကို ကြောက်ရွံ့သောကြောင့် သူတို့မိသားစုနှင့်ပတ်သက်ဖို့ ၀န်လေးကြသူအချို့ ရှိခဲ့သည်ဟု သူကပြောသည်။ ထိုအထဲတွင် ဆွေမျိုးအချို့ပင် ပါဝင်ခဲ့သည်။

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ဆိုရမည့် ဦးနေ၀င်းနှင့် သူ့နောက်လိုက်များက ဒီတင်မရပ်သေး။ ကိုစိုးနိုင်၏ညီ ဆယ်တန်းကျောင်းသားများကိုပါ ဖိအားပေးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။

“အစ်ကိုဆုံးတဲ့နှစ်မှာ ကျွန်တော်စာမေးပွဲရှုံးတယ်။ ဖြေနိုင်ရက်သားနဲ့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက (ခ)အဆင့်နဲ့ အအောင်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ (ခ)တောင်မပါဘူး။ အားလုံးကနားလည်လိုက်တယ်။ တမင်လုပ်တာလို့”ဟု ကိုစိုးနိုင်၏ညီငယ် ကိုအောင်ကျော်စိုးကပြောသည်။

နောက်တစ်နှစ်ဆက်နေတော့ သူ့အစ်ကိုလိုပင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ သို့သော်လည်း အတိတ်ကအကြောင်းများကြောင့် ပညာရေးကို သူစွန့်လွှတ်လိုက်သည်။

ကိုစိုးနိုင်၏ဖခင်တစ်ယောက်လည်း စိတ်ဖိစီးမှုများခံစားရင်းက ကိုစိုးနိုင်သေဆုံးပြီး နောက်တစ်နှစ်အကြာ ကွယ်လွန်သွားခဲ့ရသည်။

လွန်ခဲ့သော ၂၅ နှစ်ကျော်က လုံထိန်းရဲဘော်ပစ်လိုက်သည့် ကျည်ဆန်များ၏ အကျိုးဆက်ကို သူတို့မိသားစု ခံစားနေရဆဲဖြစ်သည်။ ၂၅ နှစ်တာကာလ ဒီရက်ပိုင်းတွေအတွင်း လက်ချိုးရေ၍ရသော သူအချို့မှလွဲပြီး မည်သူကမှ စာနာသနားကြောင်း သူတို့မိသားစုဝင်များဆီ လာရောက်နှစ်သိမ့်ခြင်း မရှိခဲ့ဖူးပေ။

သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံအစ၊ သေနတ်ဒဏ်ရာဖြင့် အစောဆုံးကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦး၏ မိသားစုဝင်များဘ၀မှာ ခက်ခဲစွာရုန်းကန်ခဲ့ရသည်။ ထို့အတွက် ကြေညာချက်များ လှိုင်လှိုင်ထုတ်လေ့ရှိသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများဘက်ကရော၊ ဘိန်းဘုရင်ကြီးလော်စစ်ဟန် ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောလေ့ရှိသည့် အစိုးရဘက်အရာရှိများဘက်ကပါ စာနာမှုတစ်စုံတစ်ရာ သူတို့မရခဲ့ကြ။

လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း အရေအတွက်အတိအကျ မသိနိုင်သည့်နိုင်ငံသားများ ကိုစိုးနိုင်လို အသက်ပေးခဲ့ရသည်။ သူတို့၏မိသားစုဝင်များ လူ့အသိုင်းအ၀ိုင်းကြားထဲတွင် ပေးဆပ်မှုနှင့်မတန်အောင် မည်မျှနစ်နာနေမှန်း ဘယ်သူမှအတိအကျမသိခဲ့ကြ။

“ကျွန်မတို့မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆိုပြီး နောင်တမရမိခဲ့ဘူး။ ကျွန်မတို့မိသားစု ဂုဏ်ယူရတာပေါ့။ ဒါကို ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူး”ဟု ကိုစိုးနိုင်၏အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီကဆိုသည်။

ပြီးတော့ အဝေးကိုငေးနေခဲ့သည်။ ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။

ရေးသားသူ- ထွန်းခိုင်

ဓာတ်ပုံ- ကိုမြင့်ဦး

7Day News Journal

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့