Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 25 August 2013

လီဆူးနဲ့ ရဝမ် တိုင်းရင်းသားဝန်ကြီးမထားဖို့ အဆိုပြုမည်

 နောင်လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပြန်လည်ဖွဲ့စည်းမယ့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှာ လီဆူးနဲ့ ရဝမ် တိုင်းရင်းသား ရေးရာဝန်ကြီး တာဝန်တွေ မထားတော့ဖို့ ကချင်ပြည်နယ် အင်ဂျန်းယန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြည်သူ့လွှတ်တော် ဥက္ကဌဆီ တင်ပြထားတယ်လို့ သိရပါတယ်။

လက်ရှိကချင်ပြည်နယ်အစိုးရအဖွဲ့မှာ ကချင်တိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တဲ့ လီဆူးနဲ့ ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီးတွေ ခန့်ထားတာဟာ ကချင်လူမျိုးစုတွေကြားမှာ သွေးကွဲသလိုဖြစ်စေတဲ့အတွက် မထားတော့ဖို့ မနေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တင်ပြထားတယ်လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

“၂ဝ၁၅ မှာ ဒီလိုဆက်မရွေးဖို့ ဥပဒေနဲ့မညီတဲ့ အခွင့်အရေးကို ကျမတို့ခံစားနေရတာ နှစ်နှစ်ကျော်ပြီပေါ့နော်၊ လီဆူးနဲ့ ရဝမ်ဆိုတာ ကျမတို့ကချင်တိုင်းရင်းသားပါ၊ သူတို့သီးသန့် ဒီလိုမျိုး တိုင်းရင်းသားရေးရာ၊ လူမျိုးရေးရာဝန်ကြီးပေးလိုက်တယ်ဆိုတာ ပြည်နယ်က မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါက်ပါတယ်၊ ကျန်တဲ့မျိုးနွယ်စုဖြစ်တဲ့ လော်ပေါ်နဲ့ ဂျိန်းဖောတို့လည်း ဝ.၁ ထက် ကျော်တာချည်းပဲ၊ သူတို့ကိုကျတော့ လူမျိုးရေးရာဝန်ကြီး မရဘူးလားဆိုတဲ့ မေးခွန်းတွေဖြစ်ပေါ်လာမယ်၊ အဲတော့ ကျမတို့ထဲမှာ သွေးကွဲမှုမဖြစ်အောင် နုတုန်းမကုရင် ရင့်လို့ရှိရင် ကုဖိုမလွယ်တော့ပါဘူး၊ အဲဒါကြောင့်တင်တာပါ”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးက အဆုံးအဖြတ်ပေးနိုင်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အယောက် ၄၄ဝ ရဲ့ ၁ဝ ရာခိုင်နှုန်းကျော်က လက်မှတ်ထိုးတင်ပြရမှာဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် အယောက် ၅ဝ က လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆီ တင်ပြထားတယ်လို့ သိရပါတယ်။
လက်ရှိကချင်ပြည်နယ်အစိုးရအဖွဲ့မှာ ရှမ်း၊ ဗမာ၊ လီဆူး၊ ရဝမ်စတဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ကိုယ်စားပြုတဲ့ ရေးရာဝန်ကြီးတွေ ခန့်အပ်ထားပါတယ်။

ဒီအတောအတွင်း ကချင်တိုင်းရင်သား တသီးပုဂ္ဂလ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ မနန်တူးဂျာဟာ လာမယ့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ( Kachin State Democracy Party) နာမည်နဲ့ ရှေ့သတင်းပတ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ သွားရောက်မှတ်ပုံတင်မယ်လို့ ပြောပါတယ်။

အခုတစ်ကြိမ်မှာတော့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပေးဖို့ မျှော်လင့်တယ်လို့ ဒေါက်တာ မနန်တူးဂျာက အခုလိုပြောပါတယ်။

“ကျနော်မြင်တာက အခုနိုင်ငံရေးကို လုပ်တဲ့နေရာမှာတော့ ပါတီထောင်ပြီးလုပ်တာကတော့ အကောင်းဆုံးဖြစ်နိုင်တယ်၊ ဒီဥပဒေဘောင်အတွင်းလှုပ်ရှားမှုဟာ ပိုပြီးကျယ်ပြန့်လာတယ်၊ အစိုးရကလည်း တံခါးပိုပြီးကျယ်ကျယ် ဖွင့်ပေးလာတဲ့သဘောရှိတယ်လေ၊ လူကြီးတွေကလည်း ကျနော်တို့ ပါတီလျှောက်ထားတဲ့အပေါ်မှာ အများကြီးသဘောထားကြီးကြီးနဲ့ စဉ်းစားပေးနိုင်လိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်”

ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကချင်ပြည်နယ် တိုးတက်ရေးပါတီ(KSPP) အမည်နဲ့ မှတ်ပုံတင်ခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချက်မပေးခဲ့ဘူးလို့ သိရပါတယ်။ ပါတီအသစ်ရဲ့ မူဝါဒကိုတော့ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့ အချက်တွေ အပေါ်မှာအခြေခံပြီး ပါတီမူဝါဒတွေ ရေးဆွဲတည်ဆောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာတူးဂျာဟာ နှစ်ပေါင်းများစွာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံရေးပါတီတည်ထောင်ဖို့အတွက် ၂ဝဝ၉ ခုနှစ်မှာ ကေအိုင်အိုကနေ အနားယူခဲ့တာလို့ ပြောပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့