Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 August 2013

စည်ပင်ရေမြောင်း ကျူးကျော် ကွန်ကရစ် ခင်းထားသူ ငါးဦးကို အရေးယူ



မန္တလေးခရိုင် မြို့နယ် သုံးမြို့နယ်အတွင်းရှိ မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေမြောင်းများ ပေါ်တွင် မြောင်းဆယ်၍ မရအောင် ကွန်ကရစ် တုံးများဖြင့် အသေပိတ် ဖုံး...အုပ်ထားသူ ငါးဦးကို အရေးယူထားကြောင်း အဆိုပါကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

အဆိုပါ ရေမြောင်းဖုံးများကို ပြန်လည် ဖယ်ရှား၍ သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား အသစ် ပြန်လည် ပြုလုပ်ရန် မြောင်းအသေ ဖုံးထားသည့် နေရာ ၂၀ သို့ သတိပေးစာ ပေးပို့ထားသော်လည်း လိုက်နာခြင်း မရှိသူ ငါးဦးကို ငွေဒဏ်ဖြင့် အရေးယူထားကြောင်း ၎င်းထံမှ သိရသည်။

မန္တလေးခရိုင် ချမ်းအေးသာစံ၊ အောင်မြေသာစံနှင့် မဟာအောင်မြေမြို့နယ် တို့ အတွင်းရှိ မြောင်းဖုံး များကို စစ်ဆေး၍ သတိပေးစာ ပေးပို့သော်လည်း လိုက်နာမှု မရှိသဖြင့် ယင်းကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“၁၂ ရက်နေ့ နောက်ပိုင်းက လိုက်နာမှု မရှိတဲ့ သူတွေကို အရေးယူမယ် ဆိုတော့ သူတို့တွေက အသနားခံကြတယ်။ မသိလို့ပါ၊ ခရီးလွန်နေလို့ပါ ဆိုပြီး တောင်းပန်လို့ ၁၅ ရက်နေ့အထိ အချိန်ပေး လိုက်တယ်။ တော်တော် များများကတော့ အသစ် ပြန်လုပ်နေကြပြီ။ အခု အရေးယူလိုက်တဲ့ သူတွေက လုံးဝကို လိုက်နာမှု မရှိတဲ့သူတွေပါ။ တစ်ဦးကို ဒဏ်ငွေနှစ်သောင်း ရိုက်လိုက် တယ်” ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့ စည်ပင်ပိုင် ရေမြောင်း အသေပိတ်ထားခြင်းကို ဖယ်ရှားရန် အကြောင်းကြားထားသော် လည်း လိုက်နာခြင်း မရှိသည့် နေအိမ်များကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ငါးသောင်းအထိ ပေးဆောင်ရမည် ဖြစ်ပြီး ဒဏ်ငွေ ဆောင်ပြီးနောက် လိုက်နာခြင်း မရှိသည့် နေအိမ်၊ ဆိုင်ခန်းများကို စစ်ဆေး တွေ့ရှိရပါက စည်ပင်သာယာရေး အက်ဥပဒေအရ ပုဒ်မ၂၄/၂၅/၂၆ အရ ထောင်ဒဏ် သုံးလမှ တစ်နှစ်အထိ ပြစ်ဒဏ် ချမှတ်နိုင်ကြောင်း သန့်ရှင်းရေးဌာနထံမှ ထပ်မံ သိရသည်။

“အခုလို စစ်ဆေး အရေးယူတာက အလကားနေရင်း ဒဏ်ငွေ ရိုက်နေတာ မဟုတ်ပါဘူး။ မြောင်းဆယ် ရတဲ့ သန့်ရှင်းရေး လုပ်သားတွေက အဲဒီလို မြောင်းပိတ်ထားတာမျိုး ရှိရင် အရမ်း ဒုက္ခရောက်တယ်။ မြောင်း ဖုံးအောက်ထဲထိ ဝင်ပြီး မြောင်းဆယ်ရတာ အရမ်း သနားဖို့ ကောင်းတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြောင်းဆယ်တဲ့ လုပ်သား တစ်ယောက် မြောင်း ဖုံး ပြိုကျပြီး သေသွားဖူးတဲ့အတွက် အခုလို စစ်ဆေး အရေးယူရတာပါ” ဟု ဦးစိုးတင့်အောင်က ဆိုသည်။

ယင်းကဲ့သို့ မြောင်းဖုံးများကို အသေဖုံးထားသည့်အတွက် အမှိုက်များ ပိတ်ကာ မိုးရွာချိန်တွင် လမ်းမပေါ် ရေကြီး ရေလျှံခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူ အသက် ၃၂ အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့