နိုင်ငံတော်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျော့ချရေး မဟာဗျူဟာ စီမံကိန်း အရ ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားရေး
ဘ၀ တိုးတက်လာရေး အတွက် လယ်ယာမဲ့ အိမ်ထောင်စု စာရင်းများ ကောက်ခံကာ လယ်ယာမြေများ ဖြန့်ဝေ သွားဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းရဲ့ ပြောပြချက် အရ သိရပါတယ်။
ယခုလက်ရှိ မှာတော့ လယ်ယာ လုပ်ကိုင်နေ သူများကို လယ်ယာ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် Ownership Cetificate ကို ပေးအပ် လျက်ရှိပြီး အဆိုပါ Certificate ရရှိခဲ့ပါက လယ်သမားတွေ အနေနဲ့ မိမိတို့ သက်ဆိုင်ရာ မြေနေရာကို ရောင်းချခွင့်၊ ပေါင်နှံခွင့် အစရှိသဖြင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ် ပြီးရင်တော့ နောက်တဆင့် အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ Landless စာရင်းကို အိမ်ထောင်စု အလိုက် ကောက်ယူ သွားမှာ ဖြစ်ပါတယ်။ ဒီလို စာရင်း ကောက်ခံပြီး လယ်သမား တွေဟာ ယခင် မိမိတို့ ပိုင်ဆိုင်ခဲ့တဲ့ မြေနေရာများကို ပိုင်ဆိုင်ကြောင်း အထောက်အထား မှန်ကန်စွာ ဖြည့်နိုင်ပါက အဆိုပါ မြေနေရာများကို သက်ဆိုင်ရာ ၀န်ကြီး ဌာနများကို တင်ပြပြီး ဖြေရှင်းမှုများ ပြုလုပ်ပေး သွားမှာ ဖြစ်တယ်လို့ ၀န်ကြီးမှ ဆိုပါတယ်။
လက်ရှိ မှာလည်း လယ်သမားများ အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် ထုတ်ပေးမှုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မကုန်မီ အပြီး လုပ်ဆောင်ပေး သွားမှာ ဖြစ်ပါတယ်။ ယခင်က လယ်သမားများ အနေနဲ့ လယ်ယာမြေ လုပ်ကိုင်ခွင့် သာရရှိပြီး ယခုအခါ မှာတော့ သက်ဆိုင်ရာမှ လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် လုပ်ပေးတဲ့ အတွက် လယ်သမားများ အနေနဲ့ မိမိတို့ရဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုနဲ့ အကျိုးခံစားခွင့် များကို ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ယခုလက်ရှိ အစိုးရ အနေနဲ့ ကျန်ရှိနေတဲ့ သက်တမ်း အတွင်း ၂၀၁၅ မတိုင်ခင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး ကိစ္စရပ်များကို အကောင်အထည် ဖော်ရာမှာလည်း လာမယ့်လ ၃၀ အတွင်း ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးကို ၁၆ ရာခိုင်နှုန်းထိ ကျဆင်း နိုင်အောင် ဆောင်ရွက် သွားမှာ ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းများ၊ NGO နဲ့ INGO အဖွဲ့အစည်းများ ပူးပေါင်းကာ လေ့လာမှုများ ပြုလုပ်ခြင်း၊ မူဝါဒရေးဆွဲ ချမှတ်ခြင်းနဲ့ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်း တို့ကို လက်တွဲ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment