Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 26 August 2013

ထိုင်းတွင် ဗီဇာ သက်တမ်းကုန် မြန်မာများ တရားဝင် ဆက်လုပ်ခွင့် ရမည်

နေထိုင်ခွင့် ဗီဇာ သက်တမ်းနှစ် ကုန်ဆုံး၍ ပြည်တော်ပြန်ရမည့် အရေးနှင့် ရင်ဆိုင်နေရသည့် မြန်မာ လုပ်သားများ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဗီဇာ သက်တမ်းကုန် လုပ်သားများ အလုပ် ဆက်လုပ်ခွင့် ရရှိရန်နှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများအပြင် တရားမဝင် လုပ်သားများ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းများကိုလည်း သြဂုတ်လတွင် အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကို ဗီဇာ သက်တမ်းကုန် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကို ဆက်လက် လုပ်ကိုင်ခွင့် ရရှိရန် ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးသို့ ဆက်သွယ် ရမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကုမ္ပဏီတွေက နေပြီး အလုပ်သမားတွေအတွက် စုပြီး လုပ်ရင်လည်း ရတယ်။ အလုပ်သမား ကိုယ်တိုင် လာလုပ်လည်း ရတယ်” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

တရားမဝင် မြန်မာ လုပ်သားများကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရ နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ မူဝါဒအရ ဗီဇာသက်တမ်း ကုန်ဆုံးသူများသည် မိခင်နိုင်ငံသို့ သုံးနှစ် ပြန်ပြီးမှသာ ထိုင်းနိုင်ငံတွင် ပြန်လည် လုပ်ကိုင်ခွင့်ရှိရာ ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာ လုပ်သားများ အခက်အခဲ ကြုံတွေ့နေ ရကြောင်း၊ ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ ပွဲစားများက ဘတ် ၁၅၀၀၀ (အမေရိကန် ဒေါ်လာ ၅၀၀) တောင်းယူမှုများ အပါအဝင် အခက်အခဲများစွာ ပေါ်ပေါက်နေသဖြင့် ဗီဇာကိစ္စနှင့် ပတ်သက်၍ တိကျသော မူဝါဒများကို ထုတ်ပြန်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် လူမှု ကွန်ရက် လေးခုက လွန်ခဲ့သည့် ရက်ပိုင်းက နှစ်နိုင်ငံ အစိုးရကို တောင်းဆိုခဲ့ ကြသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းအရ ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာ အလုပ်သမား ခန့်မှန်း နှစ်သန်းခန့် ရှိပြီး ၁ ဒသမ ၇သန်းခန့်ကို တရားဝင် အထောက်အထား ထုတ်ပေးပြီးကြောင်း သိရသည်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့