အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့ဝင်များ အနေဖြင့် ဥရောပဒေသ ဂျာမနီ နိုင်ငံရှိ မြန်နှုန်းမြင့် မီးရထား လမ်းများအား အဓိက ပစ်မှတ်ထားကာ
ဖောက်ခွဲ တိုက်ခိုက်မှုများ ပြုလုပ်ရန် သတင်းရရှိကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) ၏ ထုတ်ပြန် ပြောကြားချက် အရ သိရှိရသည်။
အဆိုပါ အစွန်းရောက် စစ်သွေးကြွများ အနေဖြင့် ဥရောပ ဒေသရှိ မီးရထားလမ်းပိုင်းများအား ဖောက်ခွဲဖျက်စီးခြင်း ၊ မီးရထားများနှင့် ရထားလမ်းများအား ဗုံးထောင် ဖောက်ခွဲခြင်း ၊ မီးရထား လှိုဏ်ခေါင်းများ ၊ လမ်းကြောင်း အချိတ်အဆက်များနှင့် လျှပ်စစ်သွယ်တန်းမှု စနစ်များအား ဖောက်ခွဲ ဖျက်ဆီးခြင်း အစရှိသည့် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်သွားမည်ဟူသော လျှို့ဝှက် သတင်းကို NSA အနေဖြင့် အယ်လ်ကိုင်ဒါ ထိပ်တန်း ခေါင်းဆောင်များ ဖြစ်သည့် Ayman al-Zawahiri နှင့် တခြားသော ခေါင်းဆောင် ၂၀ ဦးတို့၏ Conference Call မှ ထောက်လှမ်းစုံစမ်း သိရှိခဲ့ရခြင်း ဖြစ်သည်။ ယင်းသတင်း ရရှိမှုကြောင့် အမေရိကန်နှင့် တခြားဆက်စပ် မဟာမိတ် တပ်ဖွဲ့ဝင်များသည် မူစလင်ဒေသ အတော်များများရှိ ဥရောပ သံရုံးများကို ပိတ်ခိုင်းစေခဲ့သည်။ ဂျာမနီနိုင်ငံရှိ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း လုံခြုံရေး အတွက် အဓိက ဘူတာရုံများနှင့် ပင်မမီးရထား လမ်းပိုင်းများတွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင်များ တင်းကြပ်စွာ ချထားကြောင်း ၊ အယ်လ်ကိုင်ဒါ တပ်ဖွဲ့များ အနေဖြင့် မြောက်အာဖရိကနှင့် အရှေ့ အလယ်ပိုင်း ဒေသများတွင် အကြမ်းဖက်မှု အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သတိပေး ကြေညာချက်အား သြဂုတ်လ (၁) ရက်နေ့ကတည်းက အမေရိကန် အစိုးရမှ တကမ္ဘာလုံးသို့ ထုတ်ပြန် ကြေညာထားခဲ့ပြီး ဖြစ်ကြောင်း ထပ်လောင်း သိရှိရသည်။
Source: AFP
No comments:
Post a Comment