Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 27 August 2013

ချဲထီနှင့် လောင်းကစား လုပ်ငန်းများ နှိမ်နင်းရန် သမ္မတ ညွှန်ကြား

 ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတွင် အဓိက အတားအဆီး တစ်ခုဟု ပညာရှင်များ ဝေဖန်ထားသည့် ချဲထီနှင့် လောင်းကစား လုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်း နှိမ်နင်းရန် နိုင်ငံတော် သမ္မတက ညွှန်ကြားထားကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။

ကျေးလက်ဒေသများတွင် ရှိသည့် ချဲဒိုင်များ၊ လောင်းကစား အကြီးအကျယ် လုပ်ကိုင်နေသည့် ကိစ္စရပ်များ၊ အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်မားနေခြင်းကို ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း နှိမ်နင်းရန် နိုင်ငံတော် သမ္မတက ညွှန်ကြားခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။

“ပြည်ထဲရေး ဝန်ကြီးကို ပြောတော့ ဝန်ကြီးချုပ်တွေနဲ့ ပြဿနာတက်လိမ့်မယ် လို့ ပြောတယ်။ တက်ရင် တက်ပါစေ ပြည်ထဲရေး ပြောမရရင် ဝန်ကြီးချုပ်တွေ ပြောပြီး မဖြစ်ဖြစ်အောင် လုပ်နိုင်သမျှတော့ လုပ်မယ်” ဟု ဦးအုန်းမြင့်က ဆိုသည်။

ကျေးလက်ဒေသများတွင် အရက်သေစာ၊ နှစ်လုံးထီ၊ သုံးလုံးထီ လုပ်ငန်းများ သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအလွန် ကာလ၌ ခေတ္တ မှေးမှိန် ခဲ့သော်လည်း ယခုအခါ ပုံမှန်အတိုင်း လုပ်ကိုင်နေကြကြောင်း မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်အတွင်း နေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

“နှစ်လုံး၊ သုံးလုံးတွေ တစ်ခုမှ မပျောက်တဲ့အပြင် ဘယ်နေရာ ကြည့်ကြည့် အရက်ဆိုင်တွေ တိုးလာတာပဲ။ သူတို့က အရက်ဖြူဆိုင်တွေ ခွင့်ပြုထား တာကိုး” ဟု ၎င်းက ဆိုသည်။

နှစ်လုံးထီနှင့် သုံးလုံး ချဲထီ လောင်းကစားများအပြင် ဥရောပ ဘောလုံးရာသီ စတင်ပြီ ဖြစ်၍ တစ်လုံးခေါ် ဘောလုံးပွဲ လောင်းကစားများပါ အလောင်းအစား ပြုလုပ်ကြကြောင်း အဆိုပါ ဒေသခံက ဆက်လက် ပြောကြားသည်။

တစ်လုံး၊ နှစ်လုံးနှင့် သုံးလုံး လောင်းကစားများမှာ ရန်ကုန်မြို့ပေါ်တွင် နီးစပ်ရာ၌ အလွယ်တကူ လောင်းကစားခြင်း ပြုလုပ်နိုင်ပြီး စီမံချက်ရှိသည့် ကာလမျိုး၌ ခေတ္တခဏ ဆိုင်းငံ့ခြင်းမှအပ ပုံမှန် လည်ပတ်နေ ကြကြောင်း လောင်းကစား ဒိုင်များမှာ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးစပ်ခြင်း၊ အာဏာပိုင်များကို လာဘ်ငွေ ပုံမှန် ပေးသွင်းနေခြင်းကြောင့် အထူးတလည် တိုင်ကြားသူလည်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အတွင်းရှိ လောင်းကစားဒိုင်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လောင်းကစားခြင်းမှာ အဓိက အတားအဆီး တစ်ခု ဖြစ်နေပြီး အစိုးရ၏ အသေးစား ချေးငွေ အများစုမှာ ယင်းလောင်းကစား လုပ်ငန်းများ၌သာ ပြုန်းတီးသွားကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်းကို လက်ရှိ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းသို့ လျှော့ချ မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့