★ ကော်ဖီတခွက် နဲ့ အိပ်ပျက်ည ♪♫
နွေအကူးမို့လား မသိ
လေရူးတွေကလည်းမြူးပါ့
ကြယ်မစုံတဲ့ လမိုက်ည
မှောင်နက်မဲမဲမှာ
လေပူတွေက ဆော့ကစားလို့
အလွမ်းတခုက ရင်ထဲကို
နင့်ကနဲဝင်ရောက်လာတယ်
သြော်....
အတာကြူးတဲ့ လတန်ခူးတောင်
ရောက်တော့မှာပ
ဝေးကွာခဲ့ရတဲ့ နှစ်တွေကလည်း
အတော်ကြာခဲ့ပြီ
ပြည်တော်မပြန်နိုင်သေးတဲ့ ကျွန်တော်
မြန်မာပြည်ကို တွေးလို့သာ
လွမ်းမိပါသည်။
ကော်ဖီတခွက်ကိုသောက်
ဘယ်လိုအတွေးမျိုး
တွေးရင်ကောင်းမလည်း စဉ်းစားရင်း
ကျွန်တော့ရဲ့ မျက်ဝန်းထဲမှာ
နတ်သမီးလို လှပတဲ့မိန်းကလေး
ညင်သာစွာလမ်းလျှောက်လို့
ရှေ့မှောက်ကို ရောက်လို့လာ
သူမ နှုတ်ဖျားမှ အသံသဲ့သဲ့လေး
ကျွန်တော့အတွက်
တီးတိုးစွာ ထွက်ပေါ်လာတယ်
"နင်က အရူး" တဲ့..။
သြော်...
ငါဘာတွေ တွေးနေပါလိမ့်
ဒီည အိပ်လို့မရခြင်းက
ငါ့ကိုငါဒဏ်ခတ်တာလား
ကော်ဖီနဲ့ ညက မတည့်သလို
မဖြစ်နိုင် တဲ့ ကောင်မလေးကို
ချစ်နေမိလို့
ညစဉ်တိုင်းမှာ အတွေးတစနဲ့
ငါအိပ်မပျော်နိုင်တာလား..
စဉ်းစားရင်း စဉ်းစားရင်း
အတွေးအပိုင်းအစတွေကို
ကဗျာအဖြစ် ပြောင်းလည်းခဲ့တာကလွဲလို့
ဒီတညလည်း ကော်ဖီတခွက်နဲ့
အိပ်ရေးပျက်ပြန်ပြီ....။
ကြိုးစားပါအုံးမည်
No comments:
Post a Comment