မိုးပြေးတစ်ချက် နမ်းရှိုက်ရုံနဲ့
ရွှေဝါရောင်ပိတောက် တန်ခူးကို ပြေးဆောင့်တော့တာပဲ။
“ဟယ်လို!!! မာစတာသင်္ကြန် လာခြင်းကောင်းပါစ”
မြို့မငြိမ်း၊ တူးပို့တူးပို့၊ ယိမ်းအက၊ မဏ္ဍပ်များ
သင်္ကြန်မင်းသားကြီး၊ သံချပ်အဖွဲ့၊ မုန့်လုံးရေပေါ်
စတုဒီသာအကျွေးအမွေး၊ ကုသိုလ်ယူပွဲများ၊ ပိတောက်နဲ့ငုဝါ
ရေပက်ခံကား၊ သင်္ကြန်စာ၊ အတာအိုး စသည်ဖြင့်
ရာသီစာများ မီးစိမ်းနဲ့အတူ ခေါင်းတိုးဝင်လာတယ်။
ခေတ်အဆက်ဆက် လက်ပြောင်းလက်လွှဲမှာ သရုပ်ပျက်လည်းရှိရဲ့။
မိနစ်တိုင်း
သောက်စားမူးရူး အပျော်ကြူး ဒုက္ခရှာသူနဲ့
မိနစ်တိုင်း
ဥပုပ်သီလဆောက်တည်၊ ရဟန်းဝတ်၊ ရသမျှကုသိုလ် သဲ့ယူသူနဲ့
မိနစ်တိုင်း
ပန်းတစ်ဖက်၊ မီးတစ်ဖက် လင်းပြသူနဲ့
နှစ်ဟောင်းကို ချေး(ဂျီး)ချွတ်ပုံခြင်းမတူ
နှစ်သစ်ကို ရင်ဖွင့်ကြိုပုံခြင်း ကွဲလို့
လေးရက်..................အရှုံး
လေးရက်..................အမြတ်
လေးရက်..................အရင်း
တစ်နှစ်စာ
ပိတောက်က သူ့တာဝန် သူကျေပွန်သွားသလို
တစ်နှစ်စာ
ငါတို့က ငါတို့တာဝန် ငါတို့ကျေပွန်ရဲ့လား
ဖြေကြည့် ။
No comments:
Post a Comment