နှလုံးသားတစ်ခုရဲ့ အဆုံးမဲ့ ချစ်သံစဉ်
အငွေ့သေစပြုပြီး မျက်နှာပြင်တင်းနေတဲ့ ကော်ဖီခွက်ကို ဇွန်းသေးသေးလေးနဲ့ မွှေနှောက်ကစားသော သူ့လက်ချောင်းရှည်ရှည်လေးတွေကို ငေးကြည့်မိတော့ သူက ချက်ချင်းဆိုသလိုတွန့်သွားပြီး သူမကို အနေရခက်တဲ့မျက်နှာပေးနဲ့လှမ်းကြည့်တယ်။
သူမတချက်ပြုံးလိုက်ပြီ သူမရှေ့စားပွဲပေါ်မှ ဖန်ခွက်လှလှတစ်ခုထဲက တဝက်ကျိုးခါနီးကျန်တဲ့ သောက်လက်စ အေးစက်စက် Cappuccino ကို တကျိုက်ယူသောက်လိုက်ပြီး “မိုးငယ် ပြန်တော့မယ်” ဟုပြောတော့ ကိုကအလိုက်တသိနဲ့ခေါင်းညိတ်ပြသည်။ ခုံလက်ရန်းပေါ်တင်ထားတဲ့ ကုတ်အင်္ကျီ အဝါနှစ်ရောင်လေးကို ယူလိုက်ပြီး သူမ ဆိုင်ထဲကထွက်လိုက်တော့ အပြင်က အချမ်းပိုနေတဲ့ဆောင်းညနေခင်းမှာ မိုးဖွဲလေးတွေထပ်ဆင့်လို အေးစက်တိတ်ဆိတ်လွန်းနေသည်။
ကားထဲရောက်တော့ သူမ မျက်ဝန်းထဲက စိုစွတ်မှုတွေကို စတင်ခံစားမိလာသည်….. ဆိုင်ကောင်တာဆီ ငွေရှင်းနေတဲ့ သူ့ကို ဆိုင်ရဲ့မှန်ပြတင်းတွေက တဆင့်လှမ်းမြင်နေရသည်။
(မိုးငယ်..အခုလိုအချိန်မှာ နင်မျက်ရည်ကျလို့မဖြစ်ဘူးနော် …. )
ကိုယ့်ကိုယ်ကို အားတင်းရင်းမှ မျက်ရည်တွေထိန်းနိုင်ဖို့ သူမမျက်တောင်တွေကို အတင်းပုတ်ခတ်နေမိသည်။
သူ့ကားတံခါးကိုလာဖွင့်ချိန်မှာပဲ ကားစက်နှိုးတော့ လာတုန်းက မပိတ်ဖြစ်ခဲ့တဲ့
ကားကက်ဆက် ထဲက CD မှ ကျားပေါက်ရဲ့ ဗီလိန် သီချင်းသံပြင်းရှရှလေးထွက်ပေါ်လာသည်။
“မိုးငယ်က ဒီသီချင်းလေးကို အခုထိကြိုက်တုန်းနော် ….”
သူ့စကားကြောင့် သူမ နှုတ်ခမ်းတွန့်ရုံပြုံးဖြစ်သွားသည်။
သီချင်းသံခပ်သဲ့သဲ့ရယ် သူရဲ့တခါတရံ မရေမရာချတဲ့ သက်ပြင်းသံရှည်ရှည်တွေကလွဲလို့ ကားထဲမှာတိတ်ဆိတ်မှုသာကြီးစိုးနေသည်။
ဒီတစ်ကြိမ်က ကိုဆိုတဲ့ သူမတသက်တာ ချစ်ခဲ့ရတဲ့ သူနဲ့ သူမတို့ နောက်ဆုံးသောအကြိမ် အတူတူရှိနေခြင်းတဲ့လား???
(မိုးတိမ်ငယ်ဆိုတဲ့ ကျွန်မရဲ့ဘဝ စာမျက်နှာတွေက အခုထိလည်း ဆိုးရွားစွာ နဲ့ ဖြစ်တည်မှုတွေမှားနေဆဲပါပဲ ကိုရယ် …။)

==================================================================================
အခန်း (၁)
(ကို နဲ့မိုးငယ် စတင်တွေ့ဆုံခဲ့တဲ့ နေ့လေးကလည်း လှပမှုတွေမရှိခဲ့ဘူးနော် …)
မိုးသည်းညရဲ့ လမ်းပေါ်တစ်နေရာမှာ လူသေအလောင်းတွေအကြား ကြောင်စီစီငိုကြွေးနေတဲ့ သွေးကွက်အလိမ်းလိမ်း မိုးကာအင်္ကျီ အဝါရောင်လေးဝတ်ဆင်ထားတဲ့ ၆ နှစ်ကလေးမအရွယ် သူမကို စမြင်မြင်ချင်း ကိုက အရမ်းကို သနားခဲ့တာတဲ့။ အဲဒီတုန်းက ကိုက ၁၅နှစ်။
အင်း ……..လောကကြီးတစ်ခုလုံးရဲ့သနားခြင်းကိုခံရတာ ခံပြင်းဖို့ကောင်းပေမယ့်
ကို့ ရဲ့ “my poor girl” လို့ ခဏခဏရေရွတ်သံတွေကိုတော့ တသက်လုံးရင်းနှီး ပြီး စွဲလန်းနေခဲ့တယ်လေ။
Car accident နဲ့တမိသားစုလုံးဆုံးပါးကွယ်လွန်သွားတဲ့အချိန်မှာ တစ်ဦးတည်းကျန်ခဲ့တဲ့ သူမက ကံကောင်းသူလား ဒါမှမဟုတ် အများတကာက သတ်မှတ်ထားသလို သနားစရာကောင်းတဲ့ ကံဆိုးသူလားလို့ ကို့ ကို မေးမိတိုင်း…….
“ကိုကို့အတွက်တော့ မိုးငယ်ဆိုတဲ့ ညီမလေးတစ်ယောက်ပိုင်ဆိုင်ခွင့်ရတာ ဆုလာဒ်တစ်ခုပဲ….မိုးငယ်အတွက်ရောဟင်” တဲ့။
မေးမိတဲ့ မေးခွန်းအတွက် နောင်တရလောက်အောင် ကိုက ပြန်မေးတတ်သေးတယ်နော်။
**************** ******************** ************
ကို့အဖေနဲ့အမေရဲ့တကျက်ကျက်ရန်ဖြစ်သံတွေ တစ်ဦးနဲ့တစ်ဦးအပြစ်တင်မုန်းတီးမှုတွေထဲ သူမတို့နှစ်ယောက်စလုံး

အားကိုးတကြီး တစ်ယောက်လက် ကို တစ်ယောက်ဆုပ်ကိုင်ထားခဲ့တဲ့ နေ့ရက်တွေ ကိုဘယ်တော့မှမမေ့လိုက်ကြဖို့ ပြောခဲ့ကြတယ်နော်။
“တကယ်တော့ ကိုကို့ ကို ငဲ့ညှာနေလို့သာ အဖေနဲ့အမေတို့မုန်းတီးမှုတွေမြိုသိပ်ပြီး ဒီမိသားစုကို ရှေ့ဆက်နေကြတာ …. အဖေနဲ့အမေက ကိုကို့ကို သူတို့ဘဝတွေအဆုံးခံပြီချစ်တာ ….ကိုကိုသိပ်သနားတာပဲ သူတို့ကို” လို့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တွေးခေါ်တတ်တဲ့ကိုက သူမဘဝရဲ့ သူရဲကောင်းလေးပါ။
(ယုံပါတယ်ကိုရယ် …… )
“သား သူ့ကိုချစ်တယ် …. ဒီကလေးလေးကို သားတို့နဲ့အတူခေါ်ထားရအောင်နော်” လို့ပြောတဲ့ ကို့ကြောင့်ပဲ သူမဘဝမှာလုံခြုံတဲ့နေရာတစ်ခုရှိခဲ့တာလေ။

===================================================================================
အခန်း(၂)
“မိုးငယ် … နင့်ကိုငါတို့ စောင့်ရှောက်လာခဲ့တာ ကျေးဇူးကန်းဖို့မဟုတ်ဘူး ….
ငါက နင့်ကို အဆိပ်မရှိဘူးထင်လို့ ဒီအတိုင်းထားတာ ..နင်က ကိုယ့်အစ်ကိုကို ပြန်ပြီး ရည်းစားလုပ်ချင်နေတာ…..ရှက်တတ်ရင် သေသင့်တယ် …ဒီမှာရော့  နင့်ရဲ့ အောက်တန်းစား စိတ်ဓာတ်တွေနဲ့ ငါ့သားအပေါ်သာယာမှုတွေကို တသက်တာ ဝှက်ထားပေးတဲ့ နင့် ဒိုင်ယာရီ
…. ဒီကိစ္စကို ငါ့တို့နှစ်ယောက်အပြင် ဘယ်သူမှ မသိစေနဲ့ … ရှက်ဖို့ကောင်းလိုက်တာ ….. ဒီကိစ္စအတွက် ငါ တစ်ခုခုစီစဉ်ရလိမ့်မယ်”
*************** ***************** ***************
(မိုးငယ်ကိုခွင့်လွှတ်ပါ ကို …..မိုးငယ်ကိုခွင့်လွှတ်ပါကို )လို့သူမတတွတ်တွတ်ရေရွတ်ရင်း က အကို့အမေပြောသလိုပဲ အရှက်တစ်ခုအတွက် မိုးငယ်ဘဝကိုအဆုံးသတ်ဖို့ ကြိုးစားမိခဲ့တယ်…
(တကယ်ဆို မိုးငယ်တစ်ဘဝလုံး သိုဝှက်ထားမယ်လို့ဆုံးဖြတ်ထားခဲ့တာပါ။ အဲဒီအတိုင်းလည်းမိုးငယ်နေခဲ့ပါတယ်။ဒါပေမဲ့ ကိုရယ် ဘယ်အရာမှဖုံးကွယ်ထားလို့မရဘူးဆိုတဲ့စကားကို မိုးငယ်နားလည်တဲ့အချိန်မှာရေအောက်ကြမ်းပြင်တစ်နေရာဆီမှာ မိုးငယ်ပုန်းဖို့ကြိုးစားမိတယ်။)
************** ********************* **************
“my poor girl” လို့ ရင်နင့်တဲ့အသံနဲ့ ကိုကသူမလက်ဖျားတွေနာကျင်အောင်အထိ ဖျစ်ညစ်ပြီးပြောတဲ့အခါသူမ မျက်ရည်တွေအလိုလိုကျဆင်းမိတယ်။ဆေးရုံတစ်ခုရဲ့အခန်းတစ်ခုထဲမှာ သူမအသက်ဆက်ရှင်သန်တုန်းဆိုတာ သူမသိလိုက်ရတယ်။ အခန်းထောင့်တစ်နေရာက ကို့မေမေက သူမကို …ခါးသီးတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသလို ဖေဖေကတော့ မိုက်လိုက်တာ မိုးငယ်ရယ်တဲ့ ။ (မိုးငယ် သေချင်ခဲ့တယ် ကို .. အခုမှ မဟုတ်ဘူး …..မိုးငယ် ကို့ကိုစွဲလန်းမှုတွေဖြစ်လာကတည်းကပါ။ဒါပေမယ့် ကိုရယ် …. မိုးငယ်အခုသိလိုက်တာက မိုးငယ်ကို သေခွင့်မပေးခဲ့တဲ့ကံကြမ္မာကိုကျေးဇူးတင်ပါတယ်ဆိုတာပဲ။ ကို့ကို မိုးငယ်တွေ့နေချင်သေးတယ်ကိုရယ်။)
“မငိုပါနဲ့ မိုးငယ်ရယ် …… တိတ်နော် ညီမလေး … အားအရမ်းနည်းနေသေးတယ်..အရမ်းမငိုနဲ့ဦးလေ။ မိုးငယ်ဘေးမှာကိုကိုရှိတယ် ….လူတစ်ယောက်ကိုချစ်မိတာအပြစ်မဟုတ်ပါဘူး ညီမလေးရယ်….. ညီမလေးကိုတကယ်ချစ်တယ်ဆို သူပြန်လာမှာပါညီမလေးရယ် …”ကို့စကားသံအဆုံးသူမ တအံ့တသြနဲ့အမေဆီလှမ်းကြည့်မိတော့ အမေက သူမကို နှုတ်ခမ်းတချက်တွန့်ပြပြီး မဲ့ပြုံး နဲ့အတူ လှည့်ထွက်သွားတယ်။ ဒါဆို အမေဆင်တဲ့ဇာတ်ကို သူမဆက်က ရမှာပေါ့လေ။ သူမ မျက်ဝန်းတွေကို ပိတ်ပစ်လိုက်တယ်။ ကို့ကိုချစ်မိတဲ့အမှားတစ်ခုအတွက် သူမပေးဆပ်ရဖို့တာဝန်ရှိတာကို လက်ခံဖို့အဆင်သင့်ဖြစ်အောင်ကြိုးစားရမယ်။
=====================================================================================

အခန်း(၃)
ဆိတ်ဖလူးပန်းရနံ့သင်းသင်းညနေခင်းတွေက အရင်လိုမချိုမြတော့ပါ…… ကိုမှုတ်ထုတ်လိုက်တဲ့ဆေးလိပ်မီးခိုအနံ့တွေကို တစိုက်မက်မက်ရှုသွင်းလိုက်တဲ့ သူမရှိုက်သံကြောင့် ကိုက နောက်လှည့်ကြည့်သည်…
“အကို မိုးငယ်ကိုခြံထဲစောင့်နေတယ်ဆို အမေပြောလို့”
“အင်း”
လို့လေးတွဲ့တွဲ့ဖြေရင်း မှတဝက်ကျန်သေးတဲ့ဆေးလိပ်တိုကို ကိုက ဆေးရောင်ပြယ်နေတဲ့ ဒန်းဘေးဘောင်ပေါ်ထိုးချေပြီး မီးငြိမ်းသတ်လိုက်တယ်။ သူမက ကို့ဘေးနားချထားတဲ့ဂီတာကြိုးကို တချက်ဖိဆွဲလိုက်ပြီး ဒန်းရဲ့တဘက်စွန်းမှာမှီထိုင်လိုက်သည်။
“ဆေးလိပ်နံ့တွေကို မရှုပါနဲ့ဆို အခုထိအကျင့်ကမပျောက်သေးဘူး ဘယ်လိုညီမလေးမှန်းကိုမသိ” လို့ခါတိုင်းလိုပဲ ပွစိပွစိရေရွတ်ပြန်တယ်။
ပြီးတော့ သူမတို့တစ်ယောက်ကိုတစ်ယောက် အမှောင်ထဲမှာငေးကြည့်နေခဲ့တယ် …. နောက်တော့ သူမဆိတ်ဖလူးပန့်ရနံ့တွေကို မျက်စိအစုံမှိတ်ပြီးရှုရှိက်ကာ ဆိုနေကျ သီချင်းဖြစ်တဲ့ ကျားပေါက်ရဲ့ဗီလိန်ကို
စဆိုမိတယ် ……ကိုက အလိုက်တသိနဲ့ဂီတာလေးတီးပေးပါတယ်….နောက်တော့ သူတို့နှစ်ယောက်အတူတူအော်ဆိုမိတယ်။
(ခါတိုင်းလိုပါပဲ …မိုးငယ်နဲ့ကို့တို့ကြားက နားလည်မှုက ခါတိုင်းလိုပဲမဟုတ်လား ကို ……)
သီချင်းဆုံးတော့ ကို့ကို သူမ ကြည့်လိုက်တော့ ကို့မျက်ဝန်းထဲ အရည်ကြည်တချို့ဖွဲ့သီရစ်ဝဲလို့အမှောင်ထဲတလက်လက်တောက်ပနေတယ်။
“ကိုကိုနက်ဖြန်မန္တလေးပြန်မယ် မိုးငယ်…. အလုပ်မှာအရေးတကြီးကိစ္စပေါ်လာလို့”
“အင်း …မိုးငယ်အတွက်အလုပ်ရှုပ်စေတဲ့အတွက် တောင်းပန်ပါတယ် ကိုကို”
“မိုးငယ် ကိုယ့်ကိုကတိတစ်ခုပေးပါ …….”
“ဘာလဲကိုကို….. နောက်ထပ်သေကြောင်းမကြံဖို့အတွက်လား”
“အင်း …ဘာကိစ္စပဲကြုံလာကြုံလာ အဲလိုတွေထပ်မလုပ်ဖို့ … ညီမလေးကို မစောင့်ရှောက်နိုင်တဲ့ ကို့ကိုယ်ကို မုန်းချင်တယ် မိုးငယ်ရယ် …”
တုန်အက်နေတဲ့အစ်ကို့သံတွေကြောင့် ဒန်းထိုင်ခုံအစွန်းကို သူမလက်တွေဖြင့်
တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။
သူမ ဒီအတိုင်းဆို စိတ်တွေပေါက်ကွဲသွားနိုင်တယ်လေ။
“မိုးငယ် က ကိုကိုအတွက် အသက်ရှင်နေရမယ် ….. ဟုတ်တယ် မိုးငယ် မရှိရင် ကိုကိုဘယ်လိုနေမလဲ လို့ဘာလို့မတွေးတာလဲ ..မိုးငယ်အတွက် မိုးငယ်ချစ်သူမရှိရင် အဓိပ္ပာယ်မဲ့တယ်ထင်ပြီး သေဖို့ကြိုးစားခဲ့တယ်ဆို…ကိုကိုရော သေသင့်လား???”
တုန်ရီနေတဲ့ သူမရဲ့နှုတ်ခမ်းတွေကို ကြိုးစားထိန်းချုပ်ရင်း (ဆက်မပြောနဲ့တော့ ကို) လို့စိတ်ထဲကအကြိမ်ကြိမ် တားမြစ်နေမိသည်။ ဒါပေမယ့်သူမ ရင်ခုန်လှုပ်ရှားစွာနဲ့ကို့ရဲ့စကားသံတွေကို နားထောင်ချင်သေးသည်။ အရွယ်ရောက်ကတည်းက နားခိုခွင့်မရှိတော့တဲ့ ကို့ရဲ့ရင်ခွင်ထဲမှာ ကလေးဘဝကလို အားပါးတရငိုချင်သေးသည်။ (ကို မိုးငယ်တို့ထွက်ပြေးရအောင် …) စိတ်ထဲကအဲလိုလည်း လျှပ်တပြက်အဓိပ္ပာယ်မဲ့တွေးမိသေးသည်။ ကို့ဆီက အသက်ရှုသံပြင်းပြင်းတွေကို နားထောင်ရင်း တစ်စုံတစ်ရာကို သူမမျှော်လင့်နေမိသလိုပဲ ။ နောက်ဆုံးတော့ ကိုက သက်ပြင်းရှည်တစ်ခုကို ဆွဲချလိုက်ရင်း
“မိုးငယ်ကို တသက်လုံးလုံခြုံစေရမယ့် တာဝန် ကိုကိုမှာရှိတယ် … ဘာလို့လဲဆို မိုးငယ်က ကိုကိုရဲ့ညီမလေးမို့လိုပဲ…..”
လစ်ဟာသွားတဲ့ရင်ထဲမှာ တစ်ခုခုပျောက်ဆုံးသွားသလိုလိုပဲ ……… ထိန်းထားတဲ့ကြားက မျက်ရည်တစ်စက် က တိတ်တဆိတ် သူမပါးပေါ်လိမ့်ဆင်းလာခဲ့တယ်။
“ရော့ ..ဒါမေမေ ကိုကို့ ကိုပေးဖတ်တဲ့ ညီမလေးရဲ့စာ …. ကိုကိုဖတ်လိုက်တဲ့အတွက် ဆောရီးနော် …. ပိုင်ရှင်ဆီမှာပဲ ရှိသင့်တယ်ထင်လို့ ညီမလေးကိုပြန်ပေးတာ …ပြီးတော့ ညီမလေးစိတ်ကို ကိုကိုသိတယ်..
ညီမလေး သူ့ကို ခဏရူးတာမဟုတ်ဘူး.. တသက်လုံးချစ်မယ်ဆိုတာကိုပဲ ..ဒါပေမဲ့ ညီမလေးရယ် ….
တစ်ဘဝလုံးအတွက်အထိအခိုက်မခံပါနဲ့ …..”
ပြောပြီးပြီးချင်းထထွက်သွားတဲ့ ကိုကိုကျောပြင်တဆုံးကိုငေးကြည့်ရင်း ဒန်းပေါ်တင်ထားခဲ့သော စာလေးကိုလှမ်းယူလိုက်မိသည်။
သြော် ………… အမှောင်တွေထဲမှာပေမဲ့ သူမစာရွက်လေးကို ကိုင်မိကတည်းကမှတ်မိနေခဲ့ပါသည်။
သူမဒိုင်ယာရီရဲ့ပထမဆုံးစာမျက်နှာလေးက အကွက်ကျကျ စီစဉ်တတ်တဲ့အမေအတွက် ထွက်ပေါက်တစ်ခုဖြစ်နေခဲ့တယ်။
(ကိုရေ …. မိုးငယ်နဲ့ကို ရဲ့ကြားကနားလည်မှုတံတိုင်းတွေ ပြိုတဲ့နေ့ဆိုတာ ရှိခဲ့ရင်
အဲဒီနေ့က မိုးငယ်ဒီကမ္ဘာမှာ မရှိတော့တဲ့တနေ့ပဲ …
ကို့ကိုမိုးငယ် တသက်လုံးအတွက်ချစ်တယ် ……
ကိုအချစ်တွေလည်းမိုးငယ်နဲ့ထပ်တူရှိမယ်လို့ယုံကြည်နေမိသေးတယ်…….
ဘယ်လောက်ဝေးဝေး မိုးငယ်တို့စိတ်တွေမဝေးဘူးမို့လားဟင် ……..
စကားလုံးတွေမလိုပါဘူး ကိုရယ် ..နှလုံးသားချင်းပဲ နားလည်ဖို့လိုတယ်
ကို အတွက် မိုးငယ်အမြဲရှင်သန်မယ် …….…………………………………………………………………..။)
အဲဒီစာထဲက ကို ဆိုတာဘယ်သူလဲလို့ဘာလို့မမေးခဲ့တာလဲ ။မေးခဲ့ရင်ရော သူမဘယ်လိုပြန်ဖြေရမှာလဲနော်။
(ကိုရေ ………မိုးငယ်ကို ညီမတစ်ယောက်လိုပဲချစ်ခဲ့တယ်လို့ ကိုဆိုလိုချင်ခဲ့တယ်နော်။ ဒါတွေက ကို့ရင်ထဲက မဟုတ်ဘူးဆိုတာ မိုးငယ်အလိုလိုသိနေသေးပြန်တယ်။)

====================================================================================
အခန်း (၄)
“မိုးငယ်ဘယ်သူ့ကိုမှလက်မထပ်ချင်ဘူး အဖေနဲ့အမေ”
သူမအဖြေကြားတော့ အမေကခနဲ့တဲ့တဲ့ရယ်ပြီး
“ရှင့်သမီးရှင် ရအောင်ပြော…. ကျွန်မခေါင်းညိတ်ပြီးသားကို မျက်နှာပျက်အောင်ထပ်လုပ်ရင် လွန်လွန်းနေပြီ…..
ဘယ်နှစ်ကြိမ်လောက်များအရှက်ကွဲအောင်လုပ်နေတာပါလိမ့် …….ကျေးဇူးရှင် မိဘတွေကို”
လို့ သူမမျက်ဝန်းတွေထဲ ဖောက်ခွင်းမတတ်စိုက်ကြည့်ပြောကာ လှည့်ထွက်သွားသည်။
အဖေကတော့ ထုံးစံအတိုင်းပဲ ကျွန်မကိုခေါင်းထဲသိပ်မထည့်ထားသူမို့
“မင်းအမေကောင်းလို့စီစဉ်ပေးတာ ကလန်ကဆန်လုပ်မနေနဲ့
ဟိုတခါလည်း သေကြောင်းကြံလို့ ဟိုလေးတကျော်ကျော်အရှက်ကွဲပြီးပြီ…”
“အဖေ… သမီး အဖေနဲ့အတူကလေးတွေစာပြပြီးအေးဆေးပဲနေချင်တယ်…
အမေ့ကိုပြောပေးပါ သမီးလက်မထပ်ချင်ဘူးလို့”
“Oh silly girl ,,,,, don’t u know that u can’t help me anymore ???
Everyone is still so much inquisitive about your stupid suicide…Don’t disturb me anymore."
အဖေက ကပြားသွေးနှောထားလို့လားတော့မသိ။ စိတ်တိုလာတိုင်း အင်္ဂလိပ်စကားလုံးတွေနဲ့ဆူတတ်ပြန်သေးသည်။ သူမက အဖေကိုအမေထက်ပိုရင်းနှီးကာ အဖေဘယ်လောက်ဆူဆူ သူမစိတ်မဆိုးတတ်ပါ။ အဖေက မသာယာသောအိမ်ထောင်တစ်ခုအတွက် အပြုံးတွေ စကားလုံးလှလှတွေ ရှားပါးပေမယ့် သူ ရဲ့အင်္ဂလိပ်စာသင်တန်းမှာတော့ အဖေက တပည့်တိုင်းချစ်တဲ့ စေတနာအရမ်းကောင်းတဲ့ ဆရာတစ်ဦးပါ။
******** ************* ******************
“အမေ … မိုးငယ်ကိုခွင့်လွှတ်ပါ…. ဒီတကြိမ်က မိုးငယ် အမေ့ကျေးဇူးကိုကန်းတာ နောက်ဆုံးအကြိမ်ပါ…မိုးငယ်မချစ်တဲ့ သူတစ်ယောက်နဲ့နေရတဲ့ဒုက္ခကို မခံစားချင်ဘူး အမေ။ မိုးငယ် ကိုကို နဲ့ဘယ်တော့မှ နီးစပ်ဖို့မကြိုးစားဘူး ဆိုတာ မိုးငယ်ကတိပေးပါတယ်။ မိုးငယ် ဘဝအတွက်လုံခြုံစေခဲ့တဲ့ အမေတို့ကို တသက်တာအတွက် ကျေးဇူးတင်နေမှာပါ။ အမေတို့ကို ဒီစာနဲ့အတူနှုတ်ဆက်ခဲ့ပါတယ်။
မိုးငယ်
********** ************** *******
(ကိုရေ ဘဝဆိုတာ ခက်ခဲမှန်း သိပေမယ့် တစ်ယောက်တည်းရုန်းကန်တဲ့အချိန်ကျတော့မှ မိုးငယ် ထင်ထားခဲ့တာထက် ပိုပြင်ထန်းတယ်ဆိုတာ သိရတယ် ။ ဒါပေမဲ့ ကိုရယ် …လွတ်လပ်စွာ ကို့ကို တိတ်တခိုးချစ်နေရတဲ့ဘဝ ကို မိုးငယ်ကျေနပ်တယ်။မိုးငယ်ကြောင့် ကို ခံစားနေရမှာပဲနော် …။ ဒါပေမယ့် မိုးငယ်ကို ချစ်သူတစ်ယောက်အတွက် မိုက်မဲလွန်းတဲ့ သူလို့ ကို ထင်နေခဲ့တယ်မဟုတ်လား။ အဲဒီအတွေးတွေနဲ့အတူ ကို မိုးငယ်ကို စိတ်လျှော့ပြီးခွင့်လွှတ်နေမှာလည်း မိုးငယ်သိပါတယ်။ဖြစ်တည်မှုမှားတဲ့ မိုးငယ်အတွက် အရာရာဟာ မှားယွင်းစွာ ဆက်လက်ပြီး ဖြစ်တည်နေဦးမှာပါလေ။ )

အခန်း (၅)
ကိုနဲ့ဝေးခဲ့ရတဲ့ ငါးနှစ်ဆိုတဲ့ အချိန်က သူမအတွက် ကို့ကိုလွတ်လပ်စွာ တိတ်တဆိတ်လွမ်းခွင့်တွေနဲ့ ဖြေသာခဲ့ပေမယ့် ကို့ကိုပြန်တွေ့ရတဲ့အချိန်မှာမှ သိပ်ကြာသွားခဲ့ပြီဆိုတာသိရတယ်။
နူးညံ့နွေးထွေးနေတဲ့ ကို့မျက်ဝန်းတွေက မှိုင်းညို့ရီဝေနေခဲ့ပြီ။ အမြဲရှင်းသန့်နေတဲ့ ကိုရဲ့ဆံပင်ညိုညိုပျော့ပျော့တွေကပခုံးကျော်ကျော် ဖိုသီဖတ်သီကပိုကရိုကျလို့… မုတ်ဆိတ်မွေးရေးရေးတွေကလည်း ကို့ရဲ့ကြံ့ခိုင်တဲ့မေးရိုးတွေကို ဖုံးကွယ်ထားလိုက်ပြီ။
ကပြားသွေးနှောထားသူမို့ ကို့ရဲ့ ပန်းသွေးရောင်လုနေတဲ့အသားအရေ က အခုတော့ နေတော်တော်လောင်ထားပုံပဲ ကြေးနီရောင်ဘက်လုနေပြီ။
(ကိုသိပ်ပင်ပန်းနေခဲ့တယ်ပေါ)့ … အတွေးနဲ့အတူ ဝေ့တက်လာတဲ့မျက်ရည်တွေကို သိမ်းလိုက်ပြီး
“ကိုကို ….မိုးငယ် လာတာနောက်ကျသွားတယ် ….. ” လို့ပြောတော့ ကိုက သူမကို ခပ်ဆွေးဆွေးကြည့်ပြီး နွမ်းလျစွာပြုံးတယ်။ ခွင့်လွှတ်တဲ့သဘော။
“အမေ အုတ်ဂူ သွားကြည့်ချင်တယ်ဆို ကိုကို လိုက်ပို့ပေးမယ် …
ခုတော့ မိုးငယ်ခရီးပန်းလာတယ်မဟုတ်လား ..ခဏနားလိုက်ဦး ….” လို့ပြောပြီး သူမကို သူမအရင်နေခဲ့တဲ့အခန်းလေး ဆီလိုက်ပို့ပေးတယ်။
ဘာတစ်ခုမှလက်ရာပျက်ယွင်းမှုမရှိအောင်အရင်လိုပဲ သူမအခန်းလေးက သူမကိုနွေးထွေး စေတုန်းပဲ။
တစ်ခုပဲ နှင်းဆီရနံ့တွေက မွှေထုံကြိုင်နေခဲ့တယ်။သူမ ခပ်ပြင်းပြင်းလေးရှုရှိုက်ပြီး အခန်းထဲဝေ့ဝဲကြည့်တော့ ကိုက နားလည်သလို သူမလက်ကလေးဆွဲယူပြီး
ခြံအနောက်ဘက်လှမ်းမြင်ရတဲ့ ကုတင်ခေါင်းရင်းပြတင်းပေါက်ရှိရာကိုဆွဲခေါ်သွားတယ်။
အိုး ….. လှလိုက်တဲ့ နှင်းဆီနီနီခင်းရယ်လေ…
ရင်ထဲလှိုက်တက်လာမှုနဲ့အတူ မျက်ရည်တွေဝေဝါးနေတဲ့ မျက်ဝန်းထဲမှာ
နှင်းဆီနံ့ထုံတဲ့ သွေးခင်းတစ်ခုလိုပဲမြင်မိတယ်။
“ကိုကို မိုးငယ်ထွက်သွားပြီးကတည်းက အိမ်ပြန်လာနေခဲ့တာ …..
မိုးငယ်မရှိတော့ပေမဲ့ ဒီအခန်းလေးထဲမှာ မိုးငယ်စိတ်ဝိဥာဉ်တွေကျန်နေသေးတယ်လို့
ယုံကြည်တယ်မိုးငယ် ….. ကိုနောင်တတစ်ခုအတွက်ပေးဆပ်ချင်နေခဲ့တယ် ….
ကို မိုးငယ်လိုချင်တဲ့အရာတွေဘာမှ မပေးခဲ့ရဘူးလေ ….. မိုးငယ်ရူးသွပ်တဲ့ နှင်းဆီခင်းတစ်ခု
မိုးငယ်အတွက် ကိုကိုမဖန်တီးဖြစ်ခဲ့ဘူး …..မိုးငယ်အရမ်းဖြစ်ချင်တဲ့ဆရာဝန်ဖြစ်ဖို့အတွက်လည်း မိုးငယ်ဆယ်တန်းအောင်အမှတ်မှီရဲ့သားနဲ့ ဆေးကျောင်းမတက်ခဲ့ရဘူး…. ကိုကိုသိပ်ညံ့ခဲ့တယ်မိုးငယ် ...ပြီးတော့ …………”
“ကျေးဇူး ကိုကို …. မိုးငယ် အရမ်းကျေနပ်ပါတယ် …. ဒါမိုးငယ်အတွက်ဆို မိုးငယ်ညနေကျမှ ခေါင်းတစ်ခုလုံးဝေနေအောင် နှင်းဆီနီတွေပန် လိုက်ဦးမှ ….ဒါနဲ့ဖေဖေရော သင်တန်းမှာပဲလား”
သူမစကားလမ်းကြောင်းအလျင်အမြန်လွှဲလိုက်ပြီး အရွှန်းဖောက်သလိုပြောတော့ ကိုက နားလည်သလိုပြုံးတယ်။
“ညီမလေးနားလိုက်ဦးနော်...ဖေဖေကတော့ကိုကိုဒီပြန်ရောက်ကတည်းက သူ့သင်တန်းမှာပဲနေတာလေ…………ကိုကို ဆီတော့ ခဏခဏလာပါတယ်။ ကိုကို ဖုန်းဆက်ထားလိုက်မယ် .ညနေကျရင်မေမေအုတ်ဂူဆီက တို့သားအဖတွေ
တူတူသွားကြတာပေါ့ …နော်”
“ဟုတ် ….. ကိုကို မိုးငယ်နက်ဖြန်ပဲ ပြန်မယ်နော်”
“စောလှချည်လား မိုးငယ်ရယ် …အင်း ဒါပေမဲ့ မိုးငယ်သဘောပါ”
ပြောပြီးချင်း လှည့်ထွက်သွားတဲ့ ကိုကိုကျောပြင်ကို သူမငေးကြည့်ရင်း ကျန်ခဲ့သည်။
=====================================================================================
အခန်း (၆)
ထပ်မံဝေးကွာမှုအတွက် ဝမ်းနည်းမှုတွေမရှိတော့ပေမယ့် ကို့ကို လွမ်းတဲ့စိတ်တွေ နဲ့အတူ ချစ်တဲ့ စိတ်တွေကပိုလို့သာရင့်သန်လာခဲ့တယ်။
သူမရဲ့စိမ်းသက်မှုတွေအတွက် ကိုစိတ်မကောင်းတွေဖြစ်နေခဲ့တာ သူမနားလည်နေခဲ့ပါတယ်။
(ဒါပေမယ့်ကိုရယ် …သေသူအတွက် ပေးထားတဲ့ကတိတွေကို မိုးငယ်မဖောက်ဖျက်ချင်တော့ပါဘူးလေ…
ဒီတော့ ဒီအတိုင်းလေးပဲဝေးကြရဦးမယ် ကို)
************* **************** ********************
မိုးငယ် ကို့ဆီဖုန်းဆက်တော့ ကိုက တအံ့တသြဖြစ်နေခဲ့တယ်နော်…။
“ညီမလေး ဘာဖြစ်လို့လဲ …ညီမလေး နေကောင်းလား ”
လို့အလောတကြီးမေးလို့။
“မဟုတ်ဘူးကိုကို …မိုးငယ် ကိုကို နဲ့ဖေဖေကို နှုတ်ဆက်ချင်လို့ပါ….
မိုးငယ် Scholarship လျှောက်ထားတာ အခု အဆင်ပြေသွားလို့
မိုးငယ် နိုင်ငံခြားထွက်ရလိမ့်မယ် ….”
ဖုန်းထဲက ကိုကိုအသက်ရှုသံပြင်းပြင်းကို သူမကြားနေရသည်။
အတန်သင့်ကြာတော့မှ ကိုက
“Congratulation ပါညီမလေး …ဖေဖေလည်းဝမ်းသာမှာပါ …စာရွက်စာတမ်းကိစ္စတွေအတွက် လိုအပ်တာရှိတာပြောလေ ..

ကိုကို ကူညီပေးမယ် ဟုတ်ပြီလား ….”
အဲလိုနဲ့ပဲ ညတွေတော်တော်များများမှာ စာရွက်စာတမ်းကိစ္စအကြောင်းပြုပြီး
ကိုနဲ့ဖုန်းပြောဖြစ်လာခဲ့တယ်နော် ။

(ကိုရယ်………. မိုးငယ် စိတ်ကူးထဲမှာတော့ ကိုနဲ့မိုးငယ်တို့နှစ်ယောက် အဝေးဆုံးကိုခဏခဏထွက်ပြေးနေတုန်းပဲ။)
**************** *************** ***************
နိုင်ငံခြားထွက်ရမယ့်နေ့မှာ သူမလေဆိပ်ရောက်တော့ မျှော်လင့်ထားသလိုပဲ ကိုကို ကြိုရောက် နေခဲ့ပါတယ်။
မထူးခြားတဲ့ သူမအပြုံးကို တွေ့တော့ ကိုကိုက ရှက်ရယ်ရယ်ပြီး
“နည်းနည်းလေးတောင်ဟန်ဆောင်ပြီး အံ့သြမပြဘူး” လို့ဆိုရှာသည်။
“ကိုကို မိုးငယ်သွားမယ့်နေ့ကိုမေးကတည်းက မိုးငယ်သိပါတယ် ”
သူမအပြောကို ကိုကသဘောကျသလိုပြုံးရင်း မှ သူမကိုခဏခဏခိုးကြည့်နေသေးသည်။
ကိုက အသက်သုံးဆယ်ကျော် ရင့်ကျက်တည်ငြိမ်တဲ့လူကြီးပေါက်စလေးပေမဲ့ သူမနဲ့ပတ်သက်လာရင် မဝံ့ရဲမှုတွေရှိနေတုန်းပင်။
“အချိန်နီးနေပြီ ..ကိုကို ..ညီမလေး check in လုပ်ဖို့ဝင်တော့မယ် ”လို့ပြောတော့ ကို့ မျက်ဝန်းတွေက ပြိုတော့မယ့် မိုးလို့အုံ့မှိုင်းလို့။ သူမရောဘာထူးလဲ တစ်စုံတစ်ရာက သူမလည်မျိုကိုဖျစ်ညှစ်ထားသလိုမျိုး တင်းကျပ်လို့။
“ကိုကို ….ညီမလေးကို တစ်ခုမေးချင်တယ် …..”
“အင်း မေးပါကိုကို …”
“ကိုဆိုတဲ့သူကို ညီမလေး ခုထိချစ်နေတုန်းမဟုတ်လား …”
မထင်မှတ်ထားတဲ့မေးခွန်းမို့သူမ ကို့ကိုလှမ်းကြည့်မိသည်။ မျှော်လင့်တကြီးရှိနေတဲ့ ကို့အတွက် ညီမလေးအဖြေက အမှန်တရားတစ်ခုကိုရှာပေးနိုင်မလား လို့တွေးမိရင်း သက်မောကိုချမိတယ်။ (မဟုတ်ဘူးနော်။မိုးငယ်မဖြေချင်ဘူးကို ……. ကိုနဲ့မိုးငယ်တို့ရဲ့နားလည်မှုတွေအတွက် အဲဒါအဆိပ်တစ်ခုပဲမဟုတ်လားကို။ ဒါပေမယ့် ကို့ဘဝလေးကို မိုးငယ်ကိုလွမ်းရင်းနဲ့ မကုန်ဆုံးစေချင်ဘူး ….. ဆက်ပြီးအထင်လွဲနေလိုက်ပါတော့ ကိုရယ်… )
“ဟုတ်တယ် ကိုကို ….. မိုးငယ်ကို့ကို တစ်သက်လုံးအတွက်ချစ်နေမှာ…..”
သူမရဲ့စကားအဆုံးမှာ မျှော်လင့်ချက်တွေပြိုပျက်သွားတဲ့ ကို့ကိုကြည့်ပြီး သူမ မျက်ရည်တွေထိန်းသိမ်းမရနိုင်တော့။
ကိုကတော့ …. သူမကို နောက်ဆုံးအကြိမ်နှစ်သိမ့်မှုတွေပေးဖို့အတွက် သူမအကြာကြီးလွမ်းခဲ့တဲ့ ကို့ရင်ခွင်ထဲ ခဏတာ နားခိုခွင့်ပေးပြီး ချော့နေခဲ့သည်။
====================================================================================
အခန်း (၇)
အလုပ်ပင်ပန်းမှုကြောင့် ဖျားနာပြီး အခန်းကျဉ်းလေးတစ်ခုထဲက ကုတင်ပေါ်မှာ ငိုညည်းနေတဲ့ ညလေးတစ်ခုမှာ မထင်မှတ်ပဲ ကို မိုးငယ်ကိုဖုန်းခေါ်ခဲ့တယ်နော်။ ကို သြစတြေးလျလာမည်ပြောတော့ သူမအံ့သြနေခဲ့သည်။ ဒီရောက်ပြီးပြီးချင်း ဖုန်းစဝယ်ဖြစ်တဲ့နေ့ကတည်းက“အဆင်ပြေတယ်ကိုကိုရေ …စိတ်မပူနဲ့”ဆိုတဲ့ စကားလေးပဲပြောဖြစ်ပြီး သူမတို့နှုတ်ဆက်ခဲ့တာအခုဆို အချိန်သုံးနှစ်ကျော်ကုန်ဆုံးသွားပြန်ပြီ ။ ကိုတောင်အခုဆို အသက်က ၄၀နားကပ်နေပြီနော်။
သူမအတွက်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့အတိတ်တွေနဲ့အတူ ကို့အပေါ်ထားရှိတဲ့အလွမ်းတွေ အချစ်တွေကရိုးအီဟောင်းနွမ်းမှု ဆိုတာမရှိခဲ့ပါဘူး။
“အရေးကြီးတဲ့ ကိစ္စတစ်ခုရှိလို့ …. ပြီးတော့ ညီမလေးကိုလည်း တွေ့ချင်လို့”
လို့ကိုပြောတော့ သူမယဲ့ယဲ့လေးကြည်နူးစွာပြုံးမိသေးတယ်။
(ကိုရယ် ..ချစ်လိုက်တာ ….. မိုးငယ်လည်းအရေးကြီးတဲ့ ကိစ္စတစ်ခု ကို့ကို ပြောချင်သေးတယ်။ကိုရယ်….အရာရာကိုအရှိအတိုင်းလက်ခံလိုက်ဖို့အချိန်တန်ပြီလို့
မိုးငယ်ယူဆချင်ပြီ။ မိုးငယ် ဖုန်းထဲက ကို့အသံကြားမှ နားလည်မိတယ် ..မိုးငယ်ကိုနဲ့နောက်တစ်ကြိမ်တွေ့ဆုံမှုဆိုတာကိုအမြဲ မျှော်လင့်ရင်း အသက်ရှင်နေခဲ့တယ်လို့။

ကိုရယ်….အဲဒီနောက်တကြိမ်ဆိုတာတွေ နည်းလာမှာကို မိုးငယ်ကြောက်နေပြီ။ အမေရယ် …… မိုးငယ်ကို ခွင့်မလွှတ်ပါနဲ့တော့။)
***************** ****************** *************
Western Australia ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ Fremantle ကမ်းခြေရဲ့ တနေရာက သဲစပ်ပေါ်ကွေးထိုင်ရင်း သူမ စီးမျောလာတဲ့ လှိုင်းလုံးလေးများကိုအဓိပ္ပာယ် ငေးကြည့်နေမိသည်။ လွန်ခဲ့တဲ့ တစ်နာရီက စားသောက်ဆိုင်တစ်ခုမှာ ကိုပြောခဲ့တဲ့စကားလုံးတွေကခုထိသူမနားထဲမှာ ပြင်းထန်စွာပေါက်ကွဲပြီးစမီးတောင်တစ်ခုက ချော်ရည်တွေစိမ့်ထွက်နေသလိုမျိုး ပူလောင်နေတုန်းလို့ခံစားမိသည်။
လေဆိပ်မှာသွားကြိုတဲ့နေ့တုန်းကစစတွေ့ချင်းကို့ရဲ့ညာဘက်လက်သူကြွယ်မှာဝတ်ဆင်ထား
တဲ့ လက်စွပ်လေးကို သတိထားမိခဲ့ပေမယ့် သူမရဲ့ ကို့အပေါ်တသက်တာ ယုံကြည်မှုအတွက် မဖြစ်နိုင်ဘူးလို့ထင်ပြီး (မြန်မာတွေက အဲလို လက်စွပ်ဝတ်တာ အစွဲမထားဘူး) လို့ခပ်တုံးတုံးတွေးမိသေးတယ်။
“ကိုကို လွန်ခဲ့တဲ့ သုံးလကတည်းက သဇင်လှိုင် နဲ့ စေ့စပ်ခဲ့တယ်”လို့အပြောမှာ သူမ ဟန်ဆောင်မှုကင်းစွာ တုန်လှုပ်ခဲ့ရတယ်။ အခုအချိန်မှာ သူမဘာလုပ်သင့်သလဲ ??? သူမအစီအစဉ်တကျလှလှပပ ပြင်ဆင်ထားတဲ့ ဇာတ်သိမ်းခန်းတစ်ခုကို ဗီလိန်ဇာတ်နဲ့ဝင်သိမ်းလိုက်ရမှာလား။
သူမတသက်စာလုံး ချစ်မြတ်နိုးတဲ့ကိုနဲ့ တခြားမိန်းကလေးတစ်ယောက် ရဲ့ လက်ထပ်ပွဲဖိတ်စာကို သူမလက်ခံရရှိတဲ့ ဒီအချိန်ဒီနေရာ ကို ကျွန်မအရမ်းမုန်းတယ် ကို။
“ကိုကို ညီမလေးကို လက်မထပ်ခင်အရမ်းတွေ့ချင်တာလည်းပါတယ်… ပြီးတော့ ကိုကို ညီမလေးနဲ့စကားတွေအများကြီးပြောချင်တယ် ……ညီမလေးဘဝကို အလွမ်းတွေထဲက ရုန်းထွက်နိုင်အောင်ကိုကိုကူညီချင်ခဲ့တယ် ……ဒါပေမဲ့ ညီမလေးအကြောင်းကို ကိုကိုသိတယ်… ညီမလေး ဒီအလွမ်းတွေနဲ့မို့ပဲအသက်ရှင်နေသေးတယ်ဆိုတာကိုပဲ …..။”
သူမ အသံခပ်အက်အက်နဲ့ရယ်မိတော့ ကိုက သူမကိုသနားသလိုလှမ်းကြည့်တယ်။
“မချမ်းဘူးလား ညီမလေးရယ် …အပေါ်ကကုတ်အင်္ကျီထပ်ဝတ်လိုက်ဦး” လို့ပြောပြီး မနက်က shoppingအတူတူ သွားဝယ်တုန်းက သူမနဲ့အရမ်းလိုက်ဖက်ပြီး လှပတယ်လို့ မှတ်ချက်ပြုရင်း လက်ဆောင်အဖြစ် ကို ဝယ်ပေးခဲ့တဲ့ ကုတ်အင်္ကျီအဝါလေးကိုလှမ်းပေးပါတယ်။ (မိုးငယ်ရင်ထဲကအပူတွေက ဒီဆောင်း ဒီလှိုင်း ဒီလေတွေ မနိုင်လောက်အောင် တောက်လောက်နေတယ် ကိုရယ်။)သူမ ကိုလှမ်းပေးတဲ့ ကုတ်အင်္ကျီလေးကိုပြီးစလွယ် ဝတ်လိုက်ရင်းလှိုင်းတွေရိုက်ခတ်နေတဲ့ကမ်းစပ်အထိ ပြေးဆင်းပြီး သူမ ဆော့နေမိတယ်။ ကိုက သဘောတကျနဲ့သူမပုံရိပ်တွေကို ကင်မရာနဲ့တဖျတ်ဖျတ်ရိုက်လို့။ ထိန်းမနိုင်သိမ်းမရ လျှံကျလာတဲ့မျက်ရည်စက်တွေက သူမခန္ဓာကိုယ်အနံ့ရိုက်ခတ်ပေးတဲ့လှိုင်းရေစက်တွေနဲ့အတူ လွင့်မျောနေခဲ့တယ်။
(ကိုရေ ..အရမ်းချစ်တယ်.............
ဘယ်တော့မှမမေ့နိုင်တဲ့ အချစ်နဲ့ နောက်ဆုံးထွက်သက်ထိ ချစ်နေဦးမှာပါကို.... ။)

ချစ်ရသူနှင့် ကွေကွင်းရသောဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
(မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်ပါ။ အကြောင်းအရာ နာမည်တိုက်ဆိုင်မှုရှိပါက နားလည်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
No comments:
Post a Comment