Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 1 September 2012

သတင်းတိုများ


ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ရေလွှမ်းမိုး မှုကြောင့် ယာယီ ပိတ်ထားသည့် အခြေခံပညာ ကျောင်းများ အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်

ဧရာဝတီတိုင်း ဒေသကြီး အတွင်း သြဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ရေလွှမ်းမိုးမှုကြောင့် ယာယီ ပိတ်ထားခဲ့ရတဲ့ အခြေခံပညာ ကျောင်းများကို ယခုအခါ
မှာတော့ အားလုံး နီးပါးကို ပြန်လည် ဖွင့်လှစ် လိုက်ပြီ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေကြီးမှု များကြောင့် ရေလွှမ်းမိုး ခံရမှုများ ဖြစ်ပေါ်ခဲ့ပြီး  မြို့နယ် ၁၃ မြို့နယ်မှ အခြေခံပညာ ကျောင်းပေါင်း ၄၈၇ ကျောင်းကို ယာယီ ပညာသင်ကြားမှု ရပ်ဆိုင်း ထားခဲ့ရတာ ဖြစ်ပါတယ်။

ယခုလက်ရှိ မှာတော့ သြဂုတ်လ ၃၀ ရက်နေ့ အထိ ရရှိတဲ့ စာရင်းများအရ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ အိမ်မဲမြို့နယ်၊ ညောင်တုန်းမြို့နယ်များ ယာယီပညာ သင်ကြားမှု ရပ်ဆဲထားတဲ့ ကျောင်းများ အားလုံး ပြန်ဖွင့် နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကံကြီးထောင့် မြို့နယ်မှာ ၃၈ ကျောင်း၊ ကျောင်းကုန်း မြို့နယ်မှာ ၄၆ ကျောင်း၊ ကျုံပျော် မြို့နယ်မှာ ၁၇ ကျောင်း၊ ရေကြည် မြို့နယ်မှာ ၄၄ ကျောင်း၊ ပန်းတနော်မြို့ နယ်မှာ ၂၉ ကျောင်း၊ ဓနုဖြူမြို့နယ်မှာ ၁၀ ကျောင်း ပြန်လည် ဖွင့်လှစ်ထားပြီး ဖြစ်ပြီး စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၄၃၆ ကျောင်းကို ပြန်လည် ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

အထည်ချုပ် လုပ်ငန်းမှ ထုတ်လုပ်မှုစွမ်းအား ၁၀ ရာခိုင်နှုန်း လျှော့ကျ လျက်ရှိ


မြန်မာနိုင်ငံရဲ့ ပြည်ပသို့ လက်ခစား စနစ်နဲ့ တင်ပို့နေတဲ့ အထည်ချုပ် လုပ်ငန်းပာာ ယခုလက်ရှိ အချိန်မှာ ထုတ်လုပ်အားမှု စွမ်းအား ၁၀ ရာခိုင်နှုန်း
လျော့နည်း သွားတယ်လို့ အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ ယခုလို ကျဆင်းရမှုဟာ လုပ်အားခ မြင့်တက်လာမှုနဲ့ အထွေထွေ ကုန်ကျစရိတ် မြင့်တက် လာမှုများ ကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အချိန်ပို လုပ်ကိုင်ခွင့် မှာလည်း ယခင်က သတ်မှတ် ထားတဲ့ အလုပ်ချိန်ထက် လျော့ချကာ အချိန်ပိုဆင်းတဲ့ အလုပ်ချိန်ကို သတ်မှတ် လိုက်တဲ့ အတွက် သတ်မှတ် ထားတဲ့ အထည်တွေ ချုပ်မပြီးတဲ့ အတွက်ကြောင့်လည်း အခုလို လျော့ကျလာတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလို အထည်ချုပ် လုပ်ငန်းများ ထုတ်လုပ်မှု လျော့ကျ လာမှုဟာ ပြည်တွင်း အလုပ်သမားများ ဆန္ဒပြ ထုတ်ဖော်မှု များနဲ့လည်း သက်ဆိုင်တယ် လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းမှာ အလုပ်သမားများ အနေနဲ့ အထည် အရေအတွက် များများ ထုတ်လုပ်ခဲ့ပြီး သတ်မှတ် ထားတဲ့ အထည် အရေအတွက်ထက် ကျော်လွန် သွားကာ အရည်အသွေး ပိုင်းမှာ လိုအပ်မှုတွေ ရှိလာတာ ကြောင့်လည်း ပြည်ပမှ အမှာစာများ ပေးပို့မှုဟာ လျော့ကြ သွားတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒါ့အပြင် အပ်ထည်များ ကျဆင်းနေတဲ့ အခြေအနေမှာ အလုပ်အကိုင် ရရှိမှုတွေဟာ လျော့နည်း နေပြီး မြန်မာနိုင်ငံ ဘက်က တောင်းဆိုတဲ့ အထည်ချုပ်ခ ကိုလည်း ပြည်ပနိုင်ငံရှိ လုပ်ငန်းများက လိုက်လျော ပေးခြင်း မရှိတာကြောင့် အပ်ထည်၊ အော်ဒါ နည်းပါး လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရေးကြီးဆုံး ဖြစ်တဲ့ အမေရိကန် ငွေလဲလှယ် နှုန်းဟာ ယခုလက်ရှိ ပေါက်ဈေးထက် အနည်းငယ် မြင့်တက် မှသာ အထည်ချုပ် လုပ်ငန်း အတွက် အဆင်ပြေမှာ ဖြစ်တယ်လို့ အထည်ချုပ် လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် များတွင် ပြည်တွင်း ဆိပ်ကမ်းများ တိုးချဲ့ တည်ဆောက်ရန် လျာထား


ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် များမှာ ပြည်တွင်း ဆိပ်ကမ်းသစ်များ တည်ဆောက်ရန် နေရာများ လျာထား တယ်လို့ သြဂုတ်လ ၃၁ ရက်နေ့က အလုံ
သင်္ဘော ကျင်းမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကဏ္ဍ အလိုက် ဆွေးနွေးပွဲမှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ပြည်တွင်း ဆိပ်ကမ်းများ တိုးချဲ့ရာ မှာတော့ ဧရာဝတီမြစ်မှာ စင်းခန်း ဆိပ်ကမ်း၊ မန္တလေး ဆိပ်ကမ်း၊ မကွေးဆိပ်ကမ်း၊ ပခုက္ကူ ဆိပ်ကမ်း တို့ဖြစ်ပြီး ချင်းတွင်းမြစ်မှာ မုံရွာ ဆိပ်ကမ်း၊ ကလေးဝ ဆိပ်ကမ်း တို့ကို တည်ဆောက်ဖို့ လျာထား တယ်လို့ သိရပါတယ်။ အဲ့ဒီဆိပ်ကမ်း တွေထဲမှ စင်းခန်း ဆိပ်ကမ်းကို တည်ဆောက်မှုဟာ တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ အကြား နယ်စပ် ဖြတ်ကျော် ကုန်သွယ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေဖို့နဲ့  တရုတ်နိုင်ငံမှ ကုန်စည်များကို ရန်ကုန်မြို့အထိ ဧရာဝတီ မြစ်ရေ လမ်းကြောင်းကို အသုံးပြုပြီး သယ်ဆောင် နိုင်ဖို့ ရည်ရွယ်ကာ ကုန်သေတ္တာ လက်ခံ ကိုင်တွယ် နိုင်မယ့် အဆင့်ရှိ  ပြည်တွင်း ဆိပ်ကမ်း တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်မှာ တည်ဆောက်မယ့် ကလေးဝ ဆိပ်ကမ်း ဟာလည်း အိန္ဒိယ နယ်စပ်နဲ့ ကုန်စည်များ သယ်ယူ ပို့ဆောင်ရာမှာ စခန်းထောက် နေရာဖြစ်တဲ့ မြစ်သာမြစ်နှင့် ချင်းတွင်း မြစ်ဆုံရာ နေရာမှာရှိတဲ့ အတွက် ကုန်သေတ္တာ လက်ခံ ကိုင်တွယ် နိုင်မယ့် ဆိပ်ကမ်း အဖြစ် တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်ရှိ ကော့ဂွန်းဂူအား ယဉ်ကျေးမှု ဇုန်အဖြစ် သတ်မှတ်


ကရင်ပြည်နယ်၊ ဘားအံ မြို့နယ် ကော့ဂွန်း ကျေးရွာ အနီးမှာ တည်ရှိတဲ့ ကော့ဂွန်းဂူကို ယဉ်ကျေးမှု ဇုန်အဖြစ် သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ ယဉ်ကျေးမှု
ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကော့ဂွန်းဂူဟာ သဘာဝ ကျောက်လိုဏ်းဂူ အမျိုးအစား တစ်ခုဖြစ်ပြီး ဂူအတွင်း မွန်းမံ တန်ဆာဆင် ထားတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် လက်ရာ အုတ်ခွက် ဘုရားများကြောင့် ထင်ရှားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေမီးဖုတ် အုတ်ခွက် ရုပ်ပွားတော်များကို ကော့ဂွန်းဂူ အတွင်း နံရံမျက်နှာပြင် တစ်လျှောက် စီတန်း ကပ်ထားခြင်းနဲ့ မူရင်း သဘာဝသုံး ကျောက်နံရံ မျက်နှာပြင်ကို ထွင်းထု ပုံဖော်ထားကာ ဂူအတွင်းမှာ အတိုင်းအတာမှာ ၃ လက်မ၊ ၃ လက်မခွဲ၊ ၄ လက်မ၊ ၆ လက်မ၊ ၈ လက်မအရွယ် အုတ်ခွက် ရုပ်ပွားတော်များကို ဂူအတွင်း နံရံမျက်နှာပြင် ဧရိယာ တစ်လျှောက် မွမ်းမံတန်ဆာဆင် ထားတယ် လို့လည်း သိရဖြစ် ပါတယ်။ အဆိုပါ ကော့ဂွန်းဂူကို အေဒီ ၁၉ ရာစု အစောပိုင်း ကတည်းက ရှေးဟောင်း သုတေသန ပညာရှင်များ မှစတင် ကွင်းဆင်း သုတေသန ပြုခဲ့ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ ၁၉၅၈ ခုနှစ်မှ စတင်ကာ တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန အနေနဲ့ ကော့ဂွန်းဂူ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းကို နှစ်စဉ် ပြုပြင် မွန်းမံ ထိန်းသိမ်းခဲ့ပြီး ကော့ဂွန်းဂူနဲ့ အနီးရှိ ရသေ့ပျံဂူ တို့ကိုပါ ဌာနမှ အစောင့် ၀န်ထမ်း ခန့်အပ်ထားပြီး ပြုပြင် ထိန်းသိမ်း စောင့်ရှောက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကော့ဂွန်းဂူကို မြန်မာ့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ဥပဒေအရ ဇုန်သတ်မှတ်ကာ ကာကွယ် ထိန်းသိမ်း လျက်ရှိတယ်လို့ သိရပါတယ်။



ရော်ဘာပစ္စည်း ထုတ်လုပ်သူ လုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းသွားရန် ရှိ

ရော်ဘာနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်သူ ပုဂ္ဂလိက လုပ်ငန်းရှင်များ စုစည်းပြီး   မြန်မာနိုင်ငံ ရော်ဘာနှင့် ရော်ဘာ ပစ္စည်း ထုတ်လုပ် ရောင်းချဝယ်ယူ သူများ
အသင်းကို ဖွဲ့စည်း တည်ထောင်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိနေ တယ်လို့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။  လာမယ့် စက်တင်ဘာလ ၂ ရက်နေ့ မှာလည်း မင်းရဲကျော်စွာ လမ်းရှိ UMFCCI အသင်းချုပ်မှာ အသင်း တည်ထောင်ဖို့ အတွက် အစည်းအဝေးများ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးရှိ ရော်ဘာနှင့် ရော်ဘာ ပစ္စည်း ထုတ်လုပ်သူများ၊ ဆက်စပ် လုပ်ငန်းရှင် များကို ဆွေးနွေးဖို့ ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။

အဆိုပါ အသင်း ဖွဲ့စည်း ရခြင်းဟာ ပြည်တွင်း ပြည်ပ ဈေးကွက်များ ရှာဖွေခြင်း၊ နည်းပညာ ဖြန့်ဖြူး ပေးခြင်း၊ နိုင်ငံတကာ စံချိန် စံညွှန်းများ သတ်မှတ် နိုင်ဖို့ အတွက် ပုဂ္ဂလိက ဓာတ်ခွဲခန်းများ ဖွင့်လှစ်ပေးပြီး အရည်အသွေး ပြည့်မီတဲ့ ရော်ဘာ ပစ္စည်းနဲ့ ရော်ဘာများကို ရရှိလာအောင် ပြုလုပ်ပေးခြင်းနဲ့ အရည်အသွေး ပြည့်မီတဲ့ ရော်ဘာတု ထုတ်လုပ်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက် ပေးမှုတွေ ပြုလုပ်ပေးဖို့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် ရော်ဘာ စိုက်ပျိုးသူများ အတွက် ပြည်တွင်း၊ ပြည်ပ အတတ်ပညာရှင် များမှ အကူအညီများ ရရှိစေရေးနဲ့ လုပ်ငန်းအတွက် ချေးငွေ ရရှိစေရေး အတွက် ဆောင်ရွက် ပေးခြင်း၊ နည်းပညာ ဖြန့်ဖြူးပေးခြင်း များကိုပါ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အစည်းအဝေး မှာတော့ မြန်မာနိုင်ငံ ရော်ဘာနှင့် ရော်ဘာပစ္စည်း ထုတ်လုပ်သူ၊ ရောင်းချသူများ အသင်းဖွဲ့စည်းဖို့ အတွက် အသင်း အဖွဲ့စည်း မျဉ်းမှတ်တမ်း မူကြမ်းများကို အတည်ပြုရေးနဲ့ အသင်းဝင် လျှောက်လွှာများကို လက်ခံပေးဖို့ အတွက် ယာယီ အလုပ် အမှုဆောင် ၁၀ ဦး ရွေးချယ်ရေး များကို အဆိုပါ ညှိနှိုင်း အစည်းအဝေးတွင် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ အသင်း ကိုတော့ နောက်ပိုင်းမှာ အများပိုင် ကုမ္ပဏီအဖြစ် ဆက်လက် ထူထောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့ လေကြောင်းမှ ဘရာဇီးလ် နိုင်ငံထုတ် လေယာဉ် ၂ စီးအား ၀ယ်ယူ

သြဂုတ်လ ၃၁ ရက်နေ့က မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့ လေကြောင်းရဲ့ လေယာဉ်များ ပြည်တွင်း၊ ပြည်ပ တိုးချဲ့
ပြေးဆွဲနိုင်ရေး အတွက် ဈေးကွက် ဆိုင်ရာ ဆွေးနွေးပွဲမှာ မြန်မာ့ လေကြောင်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းရဲ့ ပြောကြားချက် အရ ဘရာဇီးလ် နိုငံထုတ် လေယာဉ် အသစ် ၂ စီးကို မြန်မာ့ လေကြောင်းမှ ၀ယ်ယူ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ဘရာဇီးလ် နိုင်ငံ SAO JOSE JOS မြို့ရှိ Embraer လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်တဲ့ E-190 လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။ အဆိုပါ လေယာဉ် အသစ် ၂ စီးဟာ ပြည်တွင်းသို့ နိုဝင်ဘာလမှာ ရောက်ရှိမှာ ဖြစ်ပြီး ဒီဇင်ဘာလ ပထမ အပတ်မှာ စတင် ပျံသန်း ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြေးဆွဲ သွားမယ့် ခရီးစဉ်တွေ ကတော့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ ခရီးစဉ်များနှင့် ပြည်တွင်း ခရီးစဉ်များမှာ ပျံသန်း ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို အသစ်ဝယ်ယူ လိုက်တဲ့ လေယာဉ်သစ် ၂ စီးဟာ ခရီးသည် ၁၀၀ ၀န်းကျင် တင်ဆောင် နိုင်တယ်လို့ သိရပါတယ်။ အခုလက်ရှိ မှာတော့ မြန်မာ့ လေကြောင်းဟာ F-28, ATR, MA, Beech 1900 စတဲ့ လေယာဉ် ၄ မျိုး ပျံသန်း ပြေးဆွဲ လျက်ရှိပြီး F-28 လေယာဉ် များဟာ သက်တမ်း ကြာမြင့်စွာ အသုံးပြုပြီး ဖြစ်သဖြင့် လိုအပ်တဲ့ ပြင်ဆင်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါ F-28 လေယာဉ်များ နေရာမှာ ဘရာဇီးလ် နိုင်ငံမှ ထုတ်ပြန်လုပ်တဲ့ Embraer E-190 လေယာဉ် အသစ် ၂ စီးကို အစားထိုး ပြေးဆွဲ သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆိုပါ လေယာဉ် အသစ် ၂ စီးရဲ့ ပြည်တွင်း ခရီးစဉ် ပျံသန်းရာတွင် F-28 လေယာဉ်များ ဆင်းသက် လို့ရတဲ့ လေယာဉ်ကွင်းတိုင်း ဆင်းသက်ပြီး ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိ ပါတယ်။

Historical Park ဆောင်ရွက်ရန် အတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များကို အိတ်ဖွင့်တင်ဒါ ခေါ်ယူ

ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ရဲ့ ကြီးကြပ်မှု လက်အောက် မှာရှိတဲ့ နန်းတော်ကြီးများ၊
ကျုံးမြို့ရိုးများနဲ့ သမိုင်းဝင် ခံတပ်ကြီး များကို Historical Park အဖြစ် ဆောင်ရွက်ဖို့ အတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် များကို အိတ်ဖွင့် တင်ဒါခေါ်ယူ လျက်ရှိတယ်လို့ သက်ဆိုင်ရာ ၀န်ကြီး ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

အခုလို Historical Park ကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနဲ့ ပူးပေါင်း ဆောင်ရွက် ရာမှာလည်း အဆိုပါ Historical Park အဖြစ် ဆောင်ရွက်မယ့် နန်းတော်ကြီးများ၊ ကျုံးမြို့ရိုးများ နဲ့ သမိုင်းဝင် ခံတပ်ကြီးများ အတွင်း အနှေးယာဉ် သွားလမ်းများ၊ လူသွား လမ်းများ ဖောက်လုပ်ခြင်း၊Landscaping မြေယာ ရှုခင်း ပြုလုပ်ခြင်း၊ Information Centerl ဧည့်သည်များ လှည့်လည် ကြည့်ရှုနိုင်ရန် Guide နှင့် Audio Guide ၀န်ဆောင်မှုများ၊ အဆိုပါ ဒေသများ အတွင်း ရိုးရာ ယာဉ်များ၊ ဘက်ထရီ ယာဉ်များနှင့် အနှေးယာဉ် အမျိုးမျိုး ငှားရမ်း ၀န်ဆောင်မှု ပေးခြင်း အစရှိတာတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

ဒီလို Historical Park အဖြစ် ဆောင်ရွက်မှု ကိုတော့ မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ နန်းမြို့ရိုးနဲ့ကျုံး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာ နန်းတော်၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီ နန်းတော်နဲ့ ရှေးဟောင်း သမိုင်းဝင် ခံတပ်များမှာ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ Historical Park အဖြစ် ဆောင်ရွက် လိုတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် တွေအနေနဲ့ အောက်တိုဘာလ ၂၀ ရက်နေ့ အထိ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း နေပြည်တော် ရုံးအမှတ် ၃၅ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှာ ၀ယ်ယူနိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။



ရာသီဥတု ပြောင်းလဲခြင်း ခေတ်တွင် ရေကို စီမံခန့်ခွဲခြင်း၏ အရေးကြီးပုံ အကြောင်းကို Intellectual Talk တွင် ဆွေးနွေးခဲ့

နယ်ပယ် အသီးသီးရှိ သိသင့်၊ သိထိုက်တဲ့ အကြောင်းအရာ များကို ပညာရှင် နှစ်ဦးနဲ့ ပရိသတ်မှ အပြန်အလှန် ဆွေးနွေး တင်ဆက်တဲ့ Intellectual Talk
အစီအစဉ်ကို သြဂုတ်လ ၃၁ ရက်နေ့က UMFCCI မှာ ကျင်းပခဲ့ ပါတယ်။ အဲ့ဒီ ဆွေးနွေးမှု မှာတော့ ပြောင်းလဲ လာတဲ့ ရာသီဥတုနဲ့ ခေတ်တွင်းရေကို စီမံခန့်ခွဲခြင်းရဲ့ အရေးကြီးပုံ အကြောင်းကို အဓိက ဆွေးနွေး တင်ဆက်မှုများ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆွေးနွေးမှု မှာတော့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု များကြောင့် ရေကြီး ရေလျှံမှုများ၊ ဖြစ်ပေါ်ပြီး စိုက်ပျိုးရေး၊ နိုင်ငံရေးနဲ့ လူမှုရေး အစရှိတာတွေကို ထိခိုက်စေခြင်း၊ ရေကို စနစ်တကျ စီမံခန့်ခွဲခြင်း အစရှိတာတွေကို ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဆွေးနွေးမှု မှာတော့ ရေသုတေသန နှင့် လေ့ကျင့်ရေး ပညာဌာနမှ ပါမောက္ခ ဒေါက်တာ ခင်နီနီသိန်းနဲ့ ဦးကိုကိုလှိုင် တို့က ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခု ရာသီဥတုတွေ မငြိမ်မသက် ဖြစ်ပြီး ရေကြီး ရေလျှံမှုများ ဖြစ်လာပုံ၊ လူသားတို့ အတွက် ရေ၊ စားနပ်ရိက္ခာနဲ့ စွမ်းအင်တို့ ဆက်စပ်နေပုံ ၊ ရေနဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တဲ့ အကြောင်းအရာ တွေကိုပါ ထည့်သွင်း ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဗဟုသုတရ ဖွယ်ရာများ ဟောပြောတဲ့ Intellectual Talk အစီအစဉ်ကို အပတ်စဉ် ပြုလုပ်ပေး နေတာဖြစ်ပြီး ယခုပြုလုပ်တဲ့ ပွဲကတော့ ၁၉ ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ် မိုးစပါးချေးငွေ ငွေကျပ် သန်း ၄၀၀ ကျော်ခန့် ပြန်လည် ပေးဆပ်ရန် ကျန်ရှိနေသေး

သြဂုတ်လ ၂၇ ရက်နေ့အထိ စာရင်းများ အရ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ၂၀၁၁ ခုနှစ် မိုးစပါးအတွက် တောင်သူများသို့ ထုတ်ချေး ထားတဲ့
မိုးစပါးချေးငွေများ ထဲမှာ ချေးငွေ ငွေကျပ် ၄၀၅ သန်းကျော်ခန့်ကို တောင်သူများမှ ပေးဆပ်ရန် ကျန်ရှိနေ သေးတယ်လို့ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ မိုးစပါး အတွက် စိုက်စရိတ် ထုတ်ချေးငွေမှာ ပြီးခဲ့တဲ့ နှစ်အတွင်း စုစုပေါင်း ငွေကျပ် သန်းပေါင်း သုံးသောင်း ကျော်ကို ထုတ်ချေးပေး ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီချေးငွေ များဟာ ပုံမှန်အရ ၂၀၁၂ ခုနှစ်၊ မတ်လမှာ နောက်ဆုံး ပေးဆပ်ရမှာ ဖြစ်ပေမယ့် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူများရဲ့ အခက်အခဲ့ကြောင့် နောက်ထပ် အချိန် တစ်လ၊ ထပ်မံတိုးမြှင့် ပေးခဲ့တာ ဖြစ်ပေမယ့် အဆိုပါ ချေးငွေထဲမှ ချေးငွေ အချို့ဟာ ယခုအချိန်အထိ ပေးဆပ်ရန် ကျန်ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို တောင်သူများ အနေနဲ့ ပေးဆပ်ရန် ကျန်ရှိမှုဟာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲ မှုကြောင့် စိုက်ပျိုးမှုများ ထိခိုက် ပျက်စီး ခဲ့ရပြီ ယခုအချိန် အထိ ကြွေးကျန်များ ပေးဆပ်ရန် ကျန်ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါ ချေးငွေ များကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ရှိ မြို့နယ် ဘဏ်ခွဲ ၂၀၅ ခုမှာ သက်ဆိုင်ရာ ဘဏ်အလိုက် တောင်သူများမှ ပေးဆပ် ရတာဖြစ်ပြီး မြို့နယ် ဘဏ်ခွဲ အခု ၂၀ မှာ ယခုလို တောင်သူများမှ ကြွေးဆပ်ရန် ချေးငွေများ ကျန်ရှိနေ သေးတာ ဖြစ်ပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေနဲ့တော့ ၂၀၁၁ မိုးစပါး ချေးငွေကို အကြေပြန်လည် ပေးသွင်းပြီးတဲ့ တောင်သူများကို ၂၀၁၂ မိုးစပါး အတွက် ချေးငွေ များကို ထပ်မံ ထုတ်ချေး ပေးနေတာ ဖြစ်ပါတယ်။ အဆိုပါ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေနဲ့ ယခုနှစ်မှ စတင်ကာ စပါးစိုက် တောင်သူများ အတွက် လယ်ဧက ၁ ဧကကို ငွေ ငါးသောင်း ကျပ်နှုန်းနဲ့ ထုတ်ချေး ပေးတာဖြစ်ပြီး အတိုးနှုန်း ကတော့ ငွေကျပ် ၁၀၀ ကို တစ်နှစ်လုံး အတွက် ငွေကျပ် ၈.၅ ကျပ် ပေးဆောင်ရတာ ဖြစ်တယ်လို့ သိရပါတယ်။





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့