လောကဓံ တရား ရှစ်ပါးအကြောင်း သိကောင်းစရာ အကျယ်ရှင်းလင်းတင်ပြချက်
လောက = လောက+ဓမ္မ = ဓမ္မတာ (ထုံးစံ)
ထိုလောကဓံသည်..
၁။ လာဘ ပစ္စည်းဥစ္စာရခြင်း
၂။ အလာဘ ပစ္စည်းဥစ္စာမရခြင်း
၃။ ယသ အခြွေအရံများခြင်း
၎။ အယသ အခြွေအရံမရှိခြင်း
၅။ နိန္ဒာ အကဲ့ရဲ့ခံရခြင်း
၆။ ပသံသာ ချီးမွမ်းခံရခြင်း
၇။ သုခ ကိုယ်-စိတ်- ချမ်းသာခြင်း
၈။ ဒုက္ခ ကိုယ်-စိတ်-ဆင်းရဲခြင်း
ဤသို့အားဖြင့် ရှစ်ပါးရှိ၏။
ဤလောကဓံများ၌ မကောင်း ၄ ပါး၊ ကောင်း ၄ ပါးပါဝင်၏။
ကောင်းသောလောကဓံနှင့် ကြုံတွေ့ရသောအခါ ၀မ်းသာရွှင်ပျ တကြွကြွ ဖြစ်နေခြင်း၊ မကောင်းသော လောကဓံနှင့် ကြုံတွေ့ရသောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။
ဝမ်းသာလွယ်သူသည်ဝမ်းနည်းလွယ်၏။ ၀မ်းသာအားကြီးသူသည် ၀မ်းနည်းအားကြီး၏။ ၀မ်းနည်းမှု ဆိုသည်မှာ ဒေါမနဿ သဘောပင်ဖြစ်သည်။ ထို့ကြောင့် အမြဲစိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံ ရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာကြီး စိတ်မပြောင်းဖို့ အထူးသတိထား သ့င့်ကြပေသည်။ ချဲ့ဦးအံ့။
လာဘ - အလာဘ
မိမိနှင့် ထိုက်တန်သော လာဘ်ကို တရားသဖြင့် ရအောင်ကြိုးစားရမည်။ ရသည့်အခါလည်း သူတစ်ပါး မြင်ပြင်းကတ်အောင် ၀မ်းသာရွှင်ပျ တကြွကြွ မရှိစေသင့်။ တချို့ ရှာဖွေမှုကား ရှာဖွေ၍ မရသည့်အပြင် “ဘူးထဲက ရေပါ၍ ” အရင်းပင် ရှုံးတတ်သေးသည်။ ထိုကဲ့သို့ ဆုံးရှုံးမှုကြောင့်လည်း ၀မ်းနည်းပူဆွေး၍ မနေနှင့်၊ ထိုသို့ ဆုံးရှုံးသူတွေ မရေတွက်နိုင်အောင် ရှိကြသည့်အပြင် ထီးနန်းကိုပင် စွန့်လွှတ်၍ တစ်မျိုးလုံး သခင်ဘ၀မှ ကျွန်ဘ၀သို့ ဆင်းကာ “မောင်မောင်ခေါ်တုန်းက ဗျာ လို့မျှ ထူးဖော်မရဘဲ အောင်ကျော်လို့ ခေါ်ကာမှ ဘုရား ထူးရသူတွေ အများပင်” ရှိရှာကြပေသည်။ သို့ဖြစ်၍ ရမှု -မရမှု လောကဓံ နှစ်ခုကြောင့် မတုန်လှုပ်ဖို့ရာ ခိုင်မာသော စိတ်ကိုသ အမြဲထားသင့်ကြပေသည်။
ယသ-အယသ
ဆရာသမား လူကြီးလူကောင်းတို့၌ အထိုက်အလိုက် အခြွေအရံရှိမှ တင့်တယ်သည်။ အခြံအရံဟူသည် အိမ်ဝင်းအိမ်ခြံတို့ကဲ့သို့ ဘေးဆီးရန်ကာ အရာရာမှာပင် စောင့်ရှောက်လုပ်ကျွေး အကူအညီ ပေးသူများတည်း။ ထိုကဲ့သို့ အခြံအရံ ပေါများအောင် မိမိ၏ ပစ္စည်းများကို ချွေတာဝေငှ မစချီးမြှောက်ရမည်။ ထို့ကြောင့် ‘‘ခြွေမှ ရံသည်” ဟု ပြောလေ့ရှိသည်။ ထိုအခြွေအရံများကိုလည်း အစေခံလို သဘောထား၍ အားမနာ ပါးမနာ များစွာ မစေခိုင်းသင့်ပေ။ မိမိကို မှီခို၍ ကြီးပွားစေလိုသော စိတ်သာ ရှိသင့်ပေသည်။ အခိုင်းအစေကို ခိုင်းဖို့ရာ ငှားရမ်းထားသော အစေခံများကိုပင် အခြွေအရံလို သဘောထားလျက် မိမိကို အမှီပြု၍ တစ်နေ့ထက်တစ်နေ့ ကြီးပွားအောင် စောင့်ရှောက်သင့်ပေသည်။ ထိုကဲ့သို့ သဘောထားကောင်းပါလျက် အခြွေအရံ မရှိပြန်လျှင် စိတ်နှလုံး မပူပန်လေနှင့်။ အခြွေအရံ ပေါများသည့်အတွက်လည်း မာန်မာန မတက်စေသင့်။
ကျော်စောမှု၊ ဂုဏ်သတင်း ပျံ့နှံ့မှုများသည်လည်း ယခုဘ၀သာမက ဘ၀တိုင်း အရေးကြီး၏။ မြင့်မြတ်သော အလုပ်ကို လုပ်မည်ကြံလျှင် ဂုဏ်ရှိမှ နာမည်ကြီးမှ အထမြောက်နိုင်သည်ကို ရှေးဦးစွာ သတိပြုသင့်ပေသည်။ ဂုဏ၀န္တေ ၀ဿန္တိ ဇနာ = ဂုဏ်ရှိသူမှ လူထင်ကြသောအခါ ဖြစ်သည်။ သို့ဖြစ်၍ ရသင့်သော ကျော်ကြားမှု ဂုဏ်အတွက် မကြွားမမော်လေနှင့်။ ရသင့်ပါလျက် မရပြနှ်လျှင်လည်း စိတ်အားမငယ်လေနှင့်။
နိန္ဒာ-ပသံသာ
မလိုမုန်းတား ဣသာများသူ သို့မဟုတ် အလုပ်မရှိ အလုပ်ရှာ၍ ကဲ့ရဲ့စရာ ကြံစည်သူတွေ ပေါများသော ယခုကာလ၀ယ် အချီးမွမ်းခံရဖို့ ခဲယဉ်းသော်လည်း အကဲ့ရဲ့ခံရဖို့မှာ သေချာပြီး ဖြစ်၏။ ထို့ကြောင့် ကဲ့ရဲ့စရာ မရှိအောင် ရှေးဦးစွာ သတိထားရမည်။ သို့ရာတွင် သိကြားမင်း ဖန်ဆင်းအပ်သော နွားသော်မှ မစင်ပျော့သည်ဟု နော့တော့တော့ အဆိုခံရသေးသောကြောင့် ‘ မုန်းအပြစ်၊ ချစ်အကျိုး မြတ်နိုးမှ သဒ္ဒါ ’ နိုင်သော ယခုကာလ၀ယ် မုန်းသူလည်း မရှားသဖြင့် အပြစ်မြင်ချင်သူတွေလည်း အများပင် ရှိပေမည်။
သို့သော် သူတစ်ပါး၏ အပြစ်ကို လွယ်ကူစွာ မြင်နိုင်သော ဆိုသူများသည် အမရာ၊ ကန္နရီ၊ မဒ္ဒီ၊ သမ္ဗူလာ တို့အလား သို့မဟုတ် မဟော်သဓာ ၊ ဝေဿန္တရာ တို့တမျှ သို့မဟုတ် အရှင်မဟာ ကဿပ၊ အရှင်သရိပုတ္တရာ၊ အရှင်အာနန္ဒာတို့လို့ ခြောက်ပြစ်ကင်း၍ စင်းလုံးချော ဟု ဆိုနိုင်ပါမည်လော။ ရွာတစ်ရွာ၌ တောင်ဘက်အိမ်က မိန်းမကြီးတစ်ယောက် စကားထစ်ကြောင်း ပြောလာသော သားငယ်က … အ… အ… အဖေ၊ ဟို… ဟို .. ဟို ဘက်အိမ်က မိန်း….. မိန်း….. မိန်းမကြီးဟာ၊ စ … စ…စကား ထစ် …. ထစ်…. ထစ်လိုက်တာ ဟု ပြောသလို ထိုသူကိုယ်တိုင်မှာ အကဲ့ရဲ့ ခံရပြီးဖြစ်၍ သူခိုးသေဖော်ညှိများ ဖြစ်တတ်ကြသည်။
သို့မဟုတ် မိမိကဲ့ရဲ့ဖွယ်ကို အစွမ်းကုန် ဖုံးကွယ်ထားသော ကြောင်သူတော်များ ဖြစ်တတ်ကြသည်။ ဘာကြောင့်နည်း။ ခိုးတတ်လျှင် ရိုးတတ် သောကြောင့်တည်း။ အချို့အချက်ကား ကိုယ့်ထက်သာလို့ မနာလို လို့ ကဲ့ရဲ့သော်လည်း ထိုအကဲ့ရဲ့မျိုးကို သူကိုယ်တိုင်ပင် ခံချင်ကောင်း ခံချင်ပါလိမ့်မည်။ ဘာကြောင့်နည်း။ မိန်းကလေးတစ်ယောက်အိမ်သို့ ဂုဏ်သရေရှိ ယောက်ျားလေး တစ်ယောက် ထွက်ဝင်နေရာဝယ် တစ်နယ်လုံး ကဲ့ရဲ့ကြရာ၌ အမှန်စင်စစ်မှာ မိမိတို့ဆီ မလာသော ကြောင့်သာ ဖြစ်သကဲ့သို့တည်း။ ဤသို့လျှင် အကဲ့ရဲ့ ခံရမှုသည် မကင်းနိုင်သော လောကဓံဖြစ်သည့်အပြင် အမှန်အားဖြင့် ကဲ့ရဲ့သလောက် အပြစ်ရှိချင်မှ ရှိမည်။ အပြစ်ရှိသည်ပင်ထားဦးတော့၊ ကြောက်သင့် ရှက်သင့်သလောက်ထက် မိမိစိတ်ကို မိမိ ခြောက်နေခြင်းက ပိုဖြစ်ကောင်းပိုဖြစ်ပါလိမ့်မည်။
တစ္ဆေကြောက်တတ်သူသည် ညဥ့်အမှောင်မိုက်ထဲတွင် ထန်းပင် ငုတ်တိုကို မြင်ရာ၌ ထန်းပင်ငုတ်တိုက လုံးဝ မခြောက်သော်လည်း သူ့စိတ်ထဲက တစ္ဆေပဲ တစ္ဆေပဲ ဟု အသေအလဲ စွဲလမ်း၍ တစ္ဆေကမဋ္ဌာန်း စီးဖြန်းသောကြောင့် ကမဋ္ဌာန်းပေါက်ပြီးလျှင် သူ့နောက်သို့ လိုက်နေသည်ထင်ကာ မစင်ပါအောင် ပြေးရှာသကဲ့သို့တည်း။ ထို့အတူ အချို့ကိစ္စ၌ မိမိစိတ်မှ မိမိခြောက်ကာ အလွန့်အလွန် ကြောက်စရာဟု ထင်လာတတ်သည်။ ထို့ကြောင့် သံယုတ်ပါဋိတော်၌ တောထဲမှာ ချွတ်ချွတ်သံကြားတိုင်း မောကြီးပန်းကြီးပြေးရှာသော သမင်ပျိုကဲ့သို့ အကဲ့ရဲ့ခံရမည်ကို ကြောက်နေသူကိုလည်း စိတ်မတည်သူ၊ စိတ်မခိုင်သူ၊ ပေါ့ဆစိတ်ရှိသူ ဟု မိန့်တော်မူသည်။ ချွတ်ချွတ်သံကြားတိုင်း ပြေးရသဖြင့် သမင်ပျိုမှာ အစာရေစာ မ၀သကဲ့သို့ ထိုကြောက်တတ်သူမှာလည်း မည်သည့်အကျိုးကိုမျှ မရချေ။ နဂိုကပင် အရှက်ရစေတော့ဟု သဘောထား၍ ကဲ့ရဲ့ရကား ထိုသို့ ရှက်မှန်း ကြောက်မှန်းသိလျှင် ကဲ့ရဲ့သူတို့အတွက် မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်ပေလတ္တံ့။
တစ်နည်းတစ်ဖုံ စဉ်းစားပြန်လျှင် အကဲ့ရဲ့ခံနေရသည်မှာ တစ်မျိုးအားဖြင့် အားတက်စရာ ဖြစ်၏။ အဘယ့်ကြောင့်နည်း။ ခွေးလှေးကြမ်းပိုး အုတ်ကြားမြက်ပေါက် အတန်းအစားမျိုးကို အရေးလုပ်၍ မပြောလိုကြ။ အတော်ထင်ရှားသူကိုမှ ကဲ့ရဲ့ကြသောကြောင့်တည်း။ ထို့ကြောင့် သစ်ပင်အများရှိရာတွင် အမြင့်ဆုံးသစ်ပင်သည် လေတိုက်အခံရဆုံး ဖြစ်သကဲ့သို့ ထို့အတူ အထက်တန်းကျလေ လောကဓံမုန်တိုင်း အတိုက်ခံရလေ ဖြစ်ရကား အကဲ့ရဲ့ခံရမှုကို ဂရုစိုက်၍ ၀မ်းမနည်းထိုက်လှသင့်အပြင် အချို့ ကဲ့ရဲ့ခြင်းမှာ မိမိအထက်တန်းရောက်နေခြင်း၏ အမှတ်လက္ခဏာဖြစ်၍ ၀မ်းသာဖွယ် ကောင်းပေသည်။
ထို့ကြောင့် မည်သူမဆို ကဲ့ရဲ့မှုများကို အရေးစိုက်ကာ အရာရာ မတုန်လှုပ်အောင် ခွေးဟောင်တိုင်း ထ၍ မကြည့်မိရန်၊ မြဲမြံသောစိတ်ထား ခိုင်မာလောက်သော သမာဓိတရားရှိအောင် ကြိုးစား၍ လေ့လာကြရမည်။ အကဲ့ရဲ့ခံရသည့်အခါတိုင်း ငါ့စိတ်များ ဘယ်အခြေရောက်အောင် ခိုင်မာနေပါလိမ့် မည်နည်း ဟု စဉ်းစဉ်းစားစား သတိထားကာ အကဲ့ရဲ့ဒဏ်ကို အရသာ တစ်မျိုး ခံကြည့်ပါလေ။ သို့သော်လည်း အကဲ့ရဲ့မခံရအောင် လူတကာလက်ညှိုးထိုးလောက်အောင် ကဲ့ရဲ့ဖွယ်အပြုအမူမျိုးကို မရှိအောင်ကား သတိဆောင်ရပေလိမ့်မည်။
ကဲ့ရဲ့ခံရာ၌ မတုန်လှုပ်သကဲ့သို့ ချီးမွမ်းခံရသည့်အခါ၌လည်း သိသိသာသာကြီး မပြုံးမိစေဘဲ အလုပ်ကောင်း၍ အကျိုးရသည်မှာ ဓမ္မတာပဲ ဟု နှလုံးသွင်းလျက် သန့်ရှင်းသော စိတ်ထားဖြင့် အခြားသူများကိုလည်း ငါကဲ့သို့ ဂုဏ်သရေရှိကာ အချီးမွမ်းခံရပါစေ ဟု အမျှဝေသဘောဖြင့် စိတ်မနော ကောင်းသင့်ကြပေသည်။
သုခနဲ့ ဒုက္ခတို့သဘောကား ထင်ရှားလောက်ပြီ ဟု ထင်ပါသည်။
အချုပ်အားဖြင့်…. လောကဓံ ၈ ပါးတွင် အကောင်း ၄ ပါးကို ဣဋ္ဌာရုံ (အလိုရှိအပ်သော အာရုံ) ဟု ခေါ်သည်။ မကောင်းလေးပါးကို အနိဋ္ဌာရုံ (အလိုမရှိအပ်သော အာရုံ) ဟု ခေါ်သည်။ ရှေးရှေးဘ၀များစွာ သံသရာက ကံကောင်း ကံဆိုး (ကုသိုလ်-အကုသိုလ်) ၂ မျိုးကို ပြုလာခဲ့သော ငါတို့ဆီမှာ ထို ဣဋ္ဌာရုံ အနိဋ္ဌာရုံအမျိုးစုံနှင့် အမှန်တွေ့ကြုံကြရတော့မည်။ ထိုကဲ့သို့ တွေ့ကြုံရာ၌ ထို ဣဋ္ဌာရုံ အနိဋ္ဌာရုံ လောကဓံ လေမုန်တိုင်းကို မိမိ၏ လုံ့လစွမ်း ဥာဏ်စွမ်းတို့ဖြင့် နည်းလမ်းရှိသမျှ ခုခံကာကွယ်ကြပြီးလျှင် အကြင်သို့သော နိဗ္ဗာန် ဆိပ်ကမ်းသို့ မျှော်မှန်း ကူးခပ်ရမည်။
ဥပမာ- ပင်လယ်ကို ကျော်ဖြတ်နေသော မာလိန်မှူးတို့၌ အခါခပ်သိမ်း ငြိမ်သက် အေးချမ်းစွာ ကျော်လွန်ရလိမ့်မည်ဟု မမျှော်လင့်နိုင်။ မကြာမကြာပင် သာမန်လှိုင်းလေ၊ ပြင်းထန်သော လှိုင်းလေ၊ သင်္ဘောကိုပင် အန္တရာယ်ဖြစ်စေနိုင်လောက်သော လှိုင်းလေများကို တွေ့ကြုံရပေသည်။ ထိုသို့ တွေ့ကြုံရာဝယ် ကျွမ်းကျင်သော မာလိန်မှူးတို့မှာ မိမိတို့ လုံ့လစွမ်း ဥာဏ်စွမ်းတို့ဖြင့် ထိုလှိုင်းလေများကို ခုခံ၍ မိမိလိုရာ ဆိပ်ကမ်းသို့ ရောက်နိုင်ကြသကဲ့သို့တည်း။
ကတတ္တာ နာနာကမ္မာနံ၊
ဣဋ္ဌာနိဋ္ဌေပိ အာဂတေ။
ယောနိသော တိတ္ထံ သန္ဓာယ၊
တရေယျ နာဝိကော ယထာ။
နာနာကမ္မာနံ၊ ကံဟောင်းကံဆိုး အမျိုးမျိုးတို့ကို၊ ကတတ္တာ ဘ၀များစွာ သံသရာက မကွာထပ်ကြပ် ပြုအပ်နှံသောကြောင့်။ ဣဋ္ဌာနိဋ္ဌေ အကာင်းအဆိုး အာရုံ ၂ မျိုးသည်။ အဂတေပိ၊ အကြောင်းအားလျော်စွာ ပေါ်လာခဲ့သော်လည်း၊ န၀ိကော ယထာ၊ ပင်လယ်ကိုကူး မာလိန်မှူးကဲ့သို့။ ယောနိသော၊ သင့်တင့်လျော်ကန် တော်မှန်ထုံးအရ အသုံးကျမည့် လုံ့လပညာ အလိမ္မာဖြင့်။ တိတ္ထံ၊ ဒုက္ခမီးစက် ဆူဆူပွက်သည့် ဤဘက်ကမ်းမှ စခန်းထဖို့ နန်းမခေမံ ရေဗဏ်နန်း ဟိုဘက်ကမ်းကို။ သန္ဓာယ၊ စိတ်စဉ်ဖြောင့်တန်း ကောင်းစွာမှန်း၍။ တရေယျ၊ လောကဓံလှိုင်း လေမုန်တိုင်းကြောင့် မဆိုင်းမလှုပ် ဥာဏ်အားထုတ်လျက် သုတ်သုတ်လျင်စွာ ကူးခပ်ရာသတည်း။
ဤသို့ဆိုလျှင် လောကဓံ ၈ ပါးကြောင့် စိတ်လှုပ်ရှားခြင်း မရှိ။ အရှည်ကို မြော်မြင်၍ ကြိုတင်စီမံလေ့လည်းရှိ၊ မိမိစီမံသည့်အတိုင်း အကျိုးရှိအောင် ၀ီရိယလည်း ရှိသူတို့မှာ ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿတို့မှ ကင်းကွာ၍ ချမ်းချမ်းသာသာနှင့် ပါရမီကုသိုလ်များကို ကြိုးစားဖြည့်ကျင့်ကာ လူဖြစ်ရကျိုး နပ်သူ ဖြစ်ပါလိမ့်သတည်း။
လောကဓံတွေ့ရိုးမို့၊ အမျိုးမျိုးတွေ့ရမယ်။
စိတ်အနေ မတုန်လှုပ်အောင်၊ ထိန်းချုပ်ပါ့ကွယ်။
အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မကျမ်းစာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။

No comments:
Post a Comment