Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 1 September 2012

ကြွေလွင့်ခဲ့သော ပန်းတစ်ပွင့်


ပန်းလေးများ လှပစွာပွင့်နေသည်ကို ငေးမောကြည့်နေမိသည်။ ရောင်စုံဖြာ၍ လှပနေကြသည်။
ပန်းတို့အလယ်မှာ ပျားပိတုန်းတို့ ၀ဲကာပျံနေကြသည်။ တစ်ချို့သော ပန်းကလေးများက ဖူးပွင့်စ။ ငုံဖူးစ။
တစ်ချို့ကား ၀င့်ဝင့်ကြွားကြား။ မားမားမတ်မတ် အလှတရားအတွက် လောကအလယ်တွင် တင့်တယ်နေပေ၏။
အချို့သည်ကား သွေ့ခြောက်နေပေပြီ။ နွမ်းကြေနေပေပြီ။ အချိန်တန်လို့ ကြွေကျသည့် ပန်းတို့အတွက် မည်သူမျှ
သတိထားကြမည်မဟုတ်။ အချို့ကား အချိန်မတိုင်ခင် ဆွတ်ခူးကြပေမည်။ ဘုရားမှာ လေးလေးစားစား ပူဇော်သူက
ပူဇော်ကြပေမည်။ အချို့ကား ခေါင်တွင် မြတ်မြတ်နိုးနိုးပန်ဆင်ကြပေမည်။



ရုတ်တရက် တယ်လီဖုန်းလာသဖြင့် ကိုင်လိုက်သည်။ ဟုတ်မှဟုတ်ပါ့မလား။ စနေတာလားဟု သံသယဖြစ်မိသည်။
သေချာအောင်ထပ်မေးလိုက်သည်။


“စည်သူကျော်…ဆုံးပြီ”

“ဟုတ်မှဟုတ်ရဲ့လား”

“ဟုတ်တယ်…ကိုကျော်”

“ဘယ်လိုဖြစ်တာလဲ”

“ကားအက်ဆီးဒင့်ဖြစ်လို့”

“ဘယ်လို”

“တောင်ပြုံးပွဲက အပြန်မှာဖြစ်တာ”



ရင်ထဲမှာ ဆို့နင့်သွားသည်။ သူ့အမေရဲ့မျက်နှာကို ချက်ချင်းသတိရလိုက်သည်။
စည်သူကျော်ဆိုတာ အခုမှ မူလတန်းကျောင်းသားလေး။ မိဘကို ဆိုးနွဲ့လို့ကောင်းတဲ့အချိန်။ အဒေါ်တွေရဲ့ ချစ်ခင်မှု
အခံရ ဆုံးကလေး။ ထမင်းစားလျှင် ဟင်းရည်သောက်ပါမှ စားတတ်သူ။ မျက်စိထဲမှာ ပြန်ပြီးမြင်ယောင်မိ သည်။
ကျောင်းဝတ်စုံလေးဖြင့် ကျောင်းသွားသည်ကို ပြန်လည်မြင်ယောင်မိသည်။ ဒီနှစ် အတန်းတင် စာမေးပွဲမှာ ဆုတက်ယူ
ရမည့်ကလေးငယ်ဖြစ်သည်။



ဘယ်လိုမှ မခံစားနိုင်တော့။ ရင်ထဲမှာ သူ့မျက်နှာလေးကို ပြန်လည်မြင်ယောင်မိသည်။ အပြစ်ကင်းစင် သော၊
အနာဂတ်အတွက် အလားအလာရှိသော ကလေးငယ်ကလေး အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ ရသည်။



တစ်အိမ်လုံး ပွက်လောရိုက်အောင် ဟစ်အော် ငိုကြွေးနေသည်မှာ ကမ္ဘာပျက်သည့်အလား ထင်မှတ် မှားစရာဖြစ်နေ
သည်။ မိသားစုဝင်တိုင်း မျက်နှာပြင် တစ်ခုလုံး မို့မို့နီနေကြသည်။ မျက်ရည်စိုစိုဖြင့် လာသမျှ မိတ်ဆွေတွေကို အသိ
အမှတ်ပြုရုံသာပြုပြီး ဆက်လက်ငိုကြွေးနေကြသည်။ နာရေးလာမေး ကြသူများမှာလည်း စိတ်မကောင်းကြ။ မငိုသော်
လည်း မျက်ရည်ဖြိုင်ဖြိုင် ကျနေကြသည်။ ယောက်ျား များမှာလည်း မျက်ရည်တွေ စို့နေကြသည်။



ဆေးရုံကြီးကို လိုက်သွားကြသည်။ စည်သူကျော့် ရုပ်အလောင်းမှာ မြင်ရက်စရာမရှိ။ ကြမ္မာဆိုးက အငြိုးနဲ့ နှိပ်စက်
လေပြီ။ အတူသွားသူတို့မှာ ဒဏ်ရာရသူက ရနေသည်။ မေ့နေသူက မေ့နေသည်။ ကွယ်လွန်သူအတွက် လိုအပ်တာ
တွေကို လုပ်ကြရသည်။ ဆေးကုသနေသူအတွက် တစ်ဖက်ကလည်း ခွဲစိပ်ကုသရေးလုပ်ငန်းတွေ စီစဉ်ကြရသည်။



လူ့ဘောင်လောကကြီးက ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက်။ အရွယ်ငယ်သည်။ အရွယ်ကြီးသည် မခွဲခြား။ သေခြင်း
တရားက ရှောင်လွဲလို့မရ။ ယခုအဖြစ်အပျက်က သံဝေဂရစရာ။ သေမင်းက ငယ်ငယ်ရွယ်ရွယ်ကလေးငယ်ကို မညှာ
မတာ၊ ရက်ရက်စက်စက် ခေါ်ယူသွားသည်။ အတူသွားသူတို့မှာ သူ့ကို အဖိုး၊ အဖွားလိုနေသူများဖြစ်သည်။ သူတို့
မှာ သားသမီး မရှိတော့။ ဆွေမျိုးမတော်သော်လည်း ချစ်အားပိုခဲ့သည်။ သူ့ကို မြေးငယ်ကလေးလို တွယ်တာသည်။
သွားလေရာခေါ်တတ်သည်။ ပေးစရာရှိပေးသည်။ ကျွေးစရာရှိကျွေးသည်။ ပူဆာလျှင် ၀ယ်ပေးသည်။ စည်သူကျော်
ကလည်း လက်သာရာကို ခင်တွယ်နေသည်။



ကျောင်းပိတ်ရက်တွင် တောင်ပြုန်းပွဲ့သို့ သွားရာမှ အပြန်တွင် ကြမ္မာဆိုးဝင်ခဲ့မိသည်။ ဆေးရုံရောက် တော့
တောင်ပြုန်းပွဲသို့ အသွားအပြန်တွင် မော်တော်ယာဉ်၊ ဆိုင်ကယ် မတော်တဆဖြင့် ဆေးရုံ ရောက်နေရသူများကို ထပ်
တွေ့ရသည်။ အချို့က မိသားစုလိုက် ထိခိုက်ဒဏ်ရာရကြသည်။ ကြည့်မကောင်း၊ ရှုမကောင်း၊ မြင်မကောင်း၊ စိတ်
မကောင်းစရာတွေ ပါလား။



လူရယ်လို့ဖြစ်လာလျှင် သေရမည်မှာ မလွဲပါ။ သေခြင်းတရားက မျက်နှာမလိုက်ပါ။ ငယ်ငယ်ကြီးကြီး၊ ရုပ်ချောချော၊
ရုပ်ဆိုးဆိုး၊ ပစ္စည်းရှိရှိ-မရှိရှိ၊ အာဏာရှိရှိ-မရှိရှိ၊ ချစ်ခင်သူများများ-မများများ၊ မုန်းသူ များများ-မများများ၊ အခြွေအရံ
များများ-မများများ။ ခွဲခြားခြင်းမရှိပါ။



ငယ်ငယ်ရွယ်ရွယ်နှင့် အကြွေစောခဲ့ရသည့် စည်သူကျော်လို ကလေးငယ်အတွက် ကိုယ်တိုင် ခံစားကြရသည့်
အဖေ နှင့် အဖေ၊ အဖိုးအဖွား၊ ဆွေမျိုးအသိုင်းအ၀ိုင်းများရဲ့ရင်မှာ မည်မျှခံစားကြရမည် ကို ကြုံဖူးသူတိုင်း ကိုယ်ချင်း
စာမိကြမည်ဖြစ်ပါသည်။



ကွယ်လွန်သူက ကောင်းရာမွန်ရာ ရောက်နေပေလိမ့်မည်။ မိဘနှစ်ပါးက သူ့အတွက် ကုသိုလ်ကောင်းမှု လုပ်ပေးဖို့
စီစဉ်ကြသည်။ ဆွေမျိုးအသိုင်းအ၀ိုင်းက ကူညီကြသည်။ ခံစားရသမျှ သောက ဝေဒနာကို တရားနဲ့ဖြေနိုင်ဖို့ အားပေး
နှစ်သိမ့်ကြသူများကို ရီဝေစွာ ငေးမောကြည့်ရင်း စဉ်းစားခန်းဝင်မိသည်။ ကိုယ်လဲ တစ်နေ့ သေရမှပဲ။ အချိန်မတိုင်ခင်
သေနိုင်သည်။ သက်တမ်းကုန်အောင် အိုမင်းရင့်ရော် အောင်နေရပြီးမှ သေနိုင်သည်။ အကြောင်းအကြောင်းကြောင့်
သေရမည်မှာမှန်သော်လည်း ယခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့စေချင်ပါ။




သံဝေဂ ...

ဖြစ်လာသမျှ
ပျက်ရမည်မှာ
ဓမ္မတာတည်း။


သာယာအေးချမ်း၊ ဘ၀လမ်း၌
မသမ်း ဘယာ၊ ရှိနေပါသော်
ပျော် တမွေ့မွေ့၊ မေ့ တလျော့လျော့
ပေါ့ တဆဆ၊ နေခဲ့ကြပြီး
ဖိစီးအပူ၊ ကျွမ်းဆူလောင်မြိုက်
ဖြစ်လာခိုက်မှ၊ ဗုဒ္ဓ ဓမ္မ
သံဃာ့အားကိုး၊ ရှိလျှင်ခိုးကာ
ကိုးကွယ်ရာကို ရှာကြသည်။


သံသရာဝဲ၊ သြဃထဲ၌
ရှင်ကွဲတလီ၊ တွေ့မည်သေကွဲ
မမြဲနိစ္စ၊ ကြုံရမည်ချည်း
ဖြစ်ပြီးလျှင် ပျက်၊ နှိပ်စက်တတ်သော
ဤသဘောဟု၊ ကြံ-တွေး-ပြု-ကြည့်
ကပ်သတိဖြင့်၊ မှတ်-သိနေဖို့ လိုပေသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့