Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 1 September 2012

ဒါပေမယ့်…ကြိုးစားပါ…မောင်ရယ်


“မောင်” နဲ့“မ”တို့ သုံးနှစ်သုံးမိုး ချစ်ကြိုးသွယ်မိခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မျိုထားမတတ် ချစ်ခဲ့ကြသည်။
သာယာလှပသော မိသားစုဘ၀လေးတစ်ခုကို တည်ဆောက်နိုင်ရန် မျှော်လင့်ချက်တွေထားခဲ့ကြသည်။ တစ်ယောက်
အကြိုက်တစ်ယောက်လိုက်ကာ နားလည်မှုများ ရှိခဲ့ကြသည်။



“မ” သည် “မောင်”ကို ချစ်မိသည့်အချိန်မှစ၍ မောင့်ပါရမီဖြည့်ဖက်ကလေး ဖြစ်ချင်ခဲ့သည်။



မောင့် ဝေယျာဝစ္စများကို ဆောင်ရွက်ပေးခဲ့သည်။ မောင့်ကို ချစ်မိသည့်အချစ်သည် ၀သုန်ဤမြေ သက်သေ တည်လိုက်
ချင်ပေသည်။ “မ” နှင့် “မောင်” တို့၏အချစ်ခရီးမှာ သာယာဖြောင့်ဖြူး ငြောင့်စူးမရှိကင်းစင်ခဲ့သည်။ မေတ္တာစစ် မေတ္တာ
မှန်ဖြင့် ချစ်ခဲ့ကြသည့် “မ”နှင့် “မောင်”မိုးမမြင် လေမမြင် ချစ်ခင်ကြင်နာခဲ့ကြသည်။ တစ်မိုးအောက်မှာ “မောင်”သည်
“မ”ကို တစ်ယောက်ထဲသာ ထင်ခဲ့သည်။



“မောင်”သည် စီးပွားရေးလုပ်ငန်းဖြင့် အနယ်နယ်အရပ်ရပ်ကို မကြာခဏ သွားနေရသည်။


“မောင်” ခရီးမထွက်ခွါခင် အချိန်များတွင် “မ”သည့် မောင့်အိမ်တွင် ကိုယ်တိုင်လာမလုပ်ပေးနိုင်သော်လည်း တယ်လီဖုန်း
ဖြင့် လိုအပ်သည့် ပစ္စည်းများ အပြည့်အစုံသူသွားရန်၊ နေပူပူ၊ မိုးရွာရွာ ထီးတစ်လက် ဆောင်သွားရန် တိုက်တွန်းသည်။
ကျန်းမာရေးအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း မကျန်စေ ရအောင် အကြံပေးသည်။ အမြန်ယာဉ်များဖြင့် ခရီး
သွားရသည့်အခါတွင် အဲယားကွန်းအအေးဒဏ်ကို ခံနိုင်စေရန်အတွက် မောင့်ကို အနွေးထည် မမေ့ရန် သတိပေးသည်။



“မ”သည့် “မောင့်”ကို ကလေးလေးတစ်ယောက်လို သတ်မှတ်နေသည်။ အစစအရာရာ စိုးရိမ်ပူပန် နေတတ်သည်။



အစားအသောက်မှန်စေရန်၊ ရေချိုးမှန်စေရန်၊ အအိပ်အနေ မှန်စေရန် အစဉ်အမြဲ ပြောဆိုနေတတ်သည့် “မ”ကို
“မောင်”က တိုး၍ကြင်နာ ချစ်ခဲ့ရပါသည်။ “မ”ချိန်းဆိုသည့် ရတနာပုံပန်းခြံသို့ “မောင်”ရောက်သွားချိန်တွင် “မ”၏
မျက်နှာကို မြင်တွေ့လိုက်ရ သဖြင့် အထူး အံ့သြသွားသည်။ “မ”သည်အရင်ကလို မဟုတ်။ “မ”သည် “မောင်”ကိုမြင်လျှင်
ယခင်ကလို ပြုံပျော်မနေ။ “မောင့်”ရင်ထဲမှာ ဘလောင်ဆူဝေသွားသည်။



“မ…နေမကောင်းဘူးလား”

“ကောင်းပါတယ်…မောင်”

“ဘာဖြစ်လို့ မျက်နှာမကောင်းတာလဲ…ဟင်”

“မ…လက်ထပ်တော့မယ်”

“ဘယ်လို…ပြောလိုက်တာလဲ…မရယ်”

“မိဘတွေ ပေးစားတဲ့ ကိုရွှေမောင် နဲ့ လက်ထပ်တော့မယ်…မောင်”

“မ…မောင့်ကို အရမ်းချစ်ခဲ့မယ်၊ မောင်နဲ့ မခွဲနိုင်ဘူးဆို…”

“အင်း…”

“ဒါနဲ့များ မရယ်…မောင့်မှာ ဘာအပြစ်ရှိလို့လဲ”

“မောင်…”

“ပြောလေ…မ”

“မောင်က မချမ်းသာဘူးလေ”


“မောင် နဲ့ မ မချစ်ခင်ကတည်းက ဒါတွေ သိပြီးပြီလေ၊ မောင်က ဘ၀ကို ရုန်းကန်လှုပ်ရှားနေရတဲ့သူ ဆိုတာ
မ လက်ခံပြီး ချစ်ခဲ့တာပဲ”


“ဟုတ်ပါတယ်….မောင်”

“ဒါနဲ့များ မရယ်”

“ဘာမှ မမေးတော့နဲ့မောင်…မက မောင့်ဆီလာတာ နောက်ဆုံးပါ”



“မ”သည် ရုတ်တရက် အနားက ကသုတ်ကရက် ထွက်ပြေးသွားသဖြင့် “မောင်”က နောက်မှ အပြေးအလွှားလိုက်သွား
လေသည်။ “မ”သည် ပန်းခြံရှေ့တွင် ရပ်ထားသော Surf ကားနက်ကြီးပေါ်သို့ အပြေးကလေးတက်သွားသည်။ “မောင်”
အနား ရောက်သွားချိန်တွင် “မ”သည် မောင့်ကို စကားတစ်ခွန်းလှမ်း၍ပြောလိုက်ချိန်တွင် “မောင်”သည် အရုပ်ကြိုးပြတ်
သလိုဖြစ်သွားရလေ သည်။



“မောင်….ချမ်းသာအောင် ကြိုးစားနော်”


Surf ကားနက်ကြီးသည် စက်နှိုးကာ ထွက်ခွါသွားလေတော့သတည်း။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့