သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသော သဝဏ်လွှာတွင် ဝန်ကြီးဌာန လေးခုက ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၂၆၁ ဒသမ ၅၀ သန်း ချေးယူနိုင်ရေးအတွက် လွှတ်တော်က အတည်ပြုပေးရန် ဖော်ပြ ထားသည်။
ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ၂၆၁ သန်းကျော်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ၃၁ ဒသမ ၅၀ သန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ၁၂၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက် စီမံကိန်းအတွက် သန်း ၁၄၀၊ ပညာရေး ဝန်ကြီးဌာန၏ ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းနှင့် ပညာသင် ထောက်ပံ့ကြေးနှင့် ပညာသင်ဆု ပေးအပ်ခြင်း စီမံကိန်းအတွက် သန်း ၆၀ နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ပြည်သူ့ဘဏ္ဍာရေး စီမံ ခန့်ခွဲရေး စီမံကိန်း အတွက် သန်း၃၀ တို့ အသီးသီး ချေးယူမည် ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။
အဆိုပါ ချေးငွေများနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက “ဒီကဏ္ဍတွေက နိုင်ငံရဲ့ စီးပွားရေး အသွင် ကူးပြောင်းမှု အရေးကြီးတယ်။ အစိုးရက ဒီချေးငွေတွေကို ထိထိရောက်ရောက်သုံးမှ တိုင်းပြည် အကျိုးရှိနိုင်မယ်။ ဘယ်လို ထိထိရောက်ရောက် သုံးမလဲဆိုတဲ့ပေါ် မှုတည်တယ်” ဟု သုံးသပ် ပြောကြား သည်။
အဆိုပါ ချေးငွေကို ပြန်လည် ပေးဆပ်ရန် ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ရန် ကာလ နှစ် ၃၀ စုစုပေါင်း ချေးငွေ ကာလ နှစ် ၄၀ အတွင်း ပြန်ဆပ်ရမည် ဖြစ်ပြီး အတိုးနှင့် ကတိကြေးများ ပေးဆောင်ရန် မလိုဘဲ ဝန်ဆောင်ခအဖြစ် ချေးငွေ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကိုသာ ပေးချေ ရမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၅၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ကမ္ဘာက မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်အထိ စီမံကိန်းပေါင်း ၃၅ အတွက် ငွေကြေး ထောက်ပံ့ပေးခဲ့ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်း တွင် မြန်မာ အစိုးရက အကြွေးများ ပြန်မဆပ်နိုင်တော့သောကြောင့် ကမ္ဘာ့ဘဏ်က ထောက်ပံ့ရေး အစီအစဉ်များကို ဖြတ်တောက်ခဲ့သည်။
နှစ်ပေါင်း ၂၅ ကျော်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီးနောက် ဂျပန် အစိုးရ၏ ရက်တိုချေးငွေ အကူအညီဖြင့် ကမ္ဘာ့ဘဏ်ပေါ်တွင် ကျန်ရှိနေသော မြန်မာ့ကြွေးဟောင်း အမေရိကန် ဒေါ်လာ သန်း ၄၅၀ ကျော် ကို မြန်မာ အစိုးရက ပြန်လည် ပေးချေခဲ့သည်။

No comments:
Post a Comment