
တရုတ် အစိုးရသည် နိုင်ငံ အနောက်ပိုင်း ရှင်းကျန်း ပြည်နယ်တွင် ဘာသာရေး အစွန်းရောက် ၀ါဒများကို ဖြန့်ဝေလျက် ရှိသူ ၁၃၉ ဦးကို နှစ်လအတွင်း ဖမ်းဆီး ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
ယင်း ဒေသသည် လူနည်းစု ယူဂါ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ ဒေသတစ်ခု ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား လာဖွယ် ရှိသည့် အန္တရာယ်များ မြင့်တက်လျက် ရှိသော်လည်း တရုတ် အစိုးရ သည် ယင်း ကိစ္စရပ် နှင့် စပ်လျဉ်း၍ သတင်းများကို ကျယ်ကျယ် ပြန့်ပြန့် ထုတ်ပြန် ခဲ့ခြင်း မရှိပေ။
အဆိုပါ ဒေသအတွင်း ရှိ ဘာသာရေး အစွန်းရောက် ၀ါဒီများ သည် အင်တာနက် ပေါ်တွင် အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်ရန် လှုံ့ဆော် ခြင်းများကို ပြုလုပ် ခဲ့ကြပြီး ၄င်းတို့ကို ရဲတပ်ဖွဲ့ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းကျန်း နေ့စဉ် သတင်းစာ တွင် ဖော်ပြ ထားသည်။
ရှင်းကျန်း ပြည်နယ်တွင် အစ္စလာမ် ဘာသာဝင် များသည် တရုတ် အစိုးရ ၏ အုပ်ချုပ်မှု အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းလျက် ရှိပြီး ယခုနှစ် ဇွန်လ အတွင်းက အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြမှု များနှင့် အကြမ်းဖက် မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ အကြမ်းဖက် မှုများတွင် ပါဝင် ခဲ့သူများကို တရုတ်အစိုးရ က ဖမ်းဆီးခဲ့ပြီး ယင်းတို့အနက် ၃ ဦးကို သေဒဏ် ချမှတ်၍ အခြား တစ်ဦးကို ထောင်ဒဏ် ၂၅ နှစ် ချမှတ် ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment