Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 15 October 2012

သတင်းတိုများ

နေပြည်တော်၊ မန္တလေးတို့၌ နိုင်ငံပိုင် သတင်းစာများအား ရောင်စုံကာလာဖြင့် နေ့စဉ်ထုတ်ဝေ သွားမည်

အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ကာ ရောင်စုံ ကာလာနဲ့ ထုတ်ဝေမယ့် နိုင်ငံပိုင် သတင်းစာများကို ရန်ကုန်မြို့ မှာတော့ တစ်ပတ်ခြား စီသာ ထုတ်ဝေ
သွားမှာ ဖြစ်ပေမယ့် နေပြည်တော် နဲ့ မန္တလေး တို့မှာတော့ နေ့စဉ် ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ထုတ်ဝေရာမှာ မန္တလေးနဲ့ နေပြည်တော် တို့မှာ  မြန်မာ့ အလင်း သတင်းစာ၊ ကြေးမုံ သတင်းစာနဲ့  The News Light of Myanmar အင်္ဂလိပ် သတင်းစာ ၃ မျိုးလုံးကို ရောင်စုံ သတင်းစာ အဖြစ် နေ့စဉ် ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာတော့ မြန်မာ့ အလင်းနဲ့ ကြေးမုံ သတင်းစာ ၂ မျိုးတည်း ကိုသာ ရောင်စုံ ကာလာနဲ့ ထုတ်ဝေမှာ ဖြစ်ပြီး The News Light of Myanmar အင်္ဂလိပ် သတင်းစာ ကိုတော့ အဖြူ၊ အမဲနဲ့သာ ဆက်လက် ထုတ်ဝေ မှာဖြစ်ပါတယ်။ အခုလို ရန်ကုန်တိုင်း ဒေသကြီး အတွင်း တစ်ပတ်ခြားစီ ရောင်စုံ ကာလာနဲ့ ထုတ်ဝေမှုကို အောက်တိုဘာလ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ထုတ်ဝေ သွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက် နောက်ပိုင်း မှာတော့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The News Light of Myanmar သတင်းစာ အားလုံးကို နေပြည်တော်၊ မန္တလေးမှာ ကဲ့သို့ ရောင်စုံ သတင်းစာ အဖြစ် နေ့စဉ် ထုတ်ဝေ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံပိုင် သတင်းစာ များကို ရောင်စုံ သတင်းစာများ အဖြစ် ပြောင်းလဲ ထုတ်ဝေပေမယ့် သတင်းစာ ဈေးနှုန်း ကိုတော့ တိုးမြှင့် ပြောင်းလဲမှု မရှိဘဲ လက်ရှိ ရောင်းချနေတဲ့ ဈေးနှုန်း အတိုင်းသာ ဆက်လက် ရောင်းချ ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလို သတင်းစာ ဈေးနှုန်းကို ပြောင်းလဲမှု မရှိပေမယ့် သတင်းစာ အတွင်း ထည့်သွင်းမယ့် ကြော်ငြာခများ ကိုတော့ နှုန်းထား အသစ်နဲ့ သတ်မှတ် လက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာ များတွင် နိုင်ငံခြားငွေ ရောင်းဝယ်မှုကို လိုသလောက် ၀ယ်ယူ ရောင်းချ နိုင်ရန် ပြုလုပ်ပေး သွားမည်

ပြည်တွင်းရှိ နိုင်ငံခြား ငွေလဲလှယ်ရေး ကောင်တာတွေမှာ နိုင်ငံခြား ငွေများ ရောင်းဝယ်မှုကို အသုံးပြုသူတွေ အတွက် လိုသလောက် ရောင်းဝယ်မှုတွေ
ပြုလုပ်ပေး နိုင်အောင် စီစဉ် ဆောင်ရွက် သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ရောင်းဝယ် သူတွေရဲ့ လိုအပ်ချက်ကို အပြည့်အ၀ ဖြည့်ဆည်းပြီး ရောင်းဝယ်မှု ပြုလုပ် ပေးနိုင်ဖို့ အတွက် နိုင်ငံခြား ငွေဈေးကွက်ကို ဖွံ့ဖြိုးဖို့ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ အခုလို ဈေးကွက် ဖွံ့ဖြိုးရေး လုပ်ဆောင်ဖို့ ကိုတော့ နည်းလမ်း ရှာဖွေ ဆောင်ရွက်ဖို့ လိုအပ်ပြီး အဆိုပါ ဈေးကွက် ဖွံ့ဖြိုးမှသာ တစ်ဆင့်ပြီး တစ်ဆင့် ထပ်မံ တိုးမြှင့်မှုတွေ လုပ်ဆောင် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆက်လက် ရှိနေဆဲ ဖြစ်တဲ့ နိုင်ငံခြား ငွေရောင်းဝယ်မှု ပြင်ပ ဈေးကွက် ကျဉ်းမြောင်း လာဖို့ အတွက်လည်း ပြင်ပ ဈေးကွက်နဲ့ နိုင်ငံခြားငွေ ရောင်းဝယ်တဲ့ ပုဂ္ဂလိက ဘဏ်တွေရှိ ကောင်တာ တွေရဲ့ ဈေးနှုန်းတွေ ကွာခြားမှု မရှိအောင် လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် လက်ရှိမှာ နိုင်ငံခြား ငွေရောင်းဝယ်ခွင့် ရရှိထားတဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့လိုအပ်ချက် တွေကို ဖြည့်ဆည်းပြီး ဈေးကွက် ကောင်းမွန် လာအောင် လိုသလောက် ရောင်းဝယ်မှု ပြုလုပ်ပေး နိုင်အောင် ညှိနှိုင်း ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက အောက်တိုဘာလ ၉ ရက်နေ့ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘဏ်များ အသင်းရဲ့ အစည်းအဝေးမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တွေ အနက် ဘဏ် ၁၇ ကို နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် လိုင်စင်ချ ပေးထားပြီး ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ပုဂ္ဂလိက ဘဏ် ၂ ခုကိုလည်း အဆိုပါ ဘဏ်တွေက နိုင်ငံခြားငွေ ရောင်းဝယ်ဖို့ အတွက် ရောင်းဝယ်ခွင့် တင်ပြလာတဲ့ အခါ ခွင့်ပြုချ ထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။


သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းတွင် ဖြစ်နိုင်ချေ လေ့လာမှုများ ပြီးစီးသွားပြီ ဖြစ်

ရန်ကုန်တိုင်း ဒေသကြီးရှိ လှော်ကား၊ အလုံ၊ ရွာမ တို့မှာ ဆောက်လုပ်မယ့် သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေး စက်ရုံများ အတွက် ဖြစ်နိုင်ချေ လေ့လာမှုတွေ
အတွက် အခုအချိန်မှာ ပြီးစီးသွားပြီ ဖြစ်တယ်လို့ နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဖြစ်နိုင်ချေ လေ့လာမှုများ ပြီးစီးသွားပြီ ဖြစ်တဲ့ အတွက် လက်ရှိမှာ ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာ ပြည်ပ ကုမ္ပဏီ တို့ဟာ ဓါတ်အားခ နှုန်းထားများနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်လျက် ရှိပါတယ်။

အဲ့ဒီလို ဆွေးနွေးမှုတွေ ပြီးစီးရင်တော့ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းတွေ အနက် လှော်ကားမှာ ဆောက်လုပ်မယ့် သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေး စက်ရုံကို တရုတ် နိုင်ငံမှ ပညာရှင် တွေက ဆောက်လုပ်မှာ ဖြစ်ပြီး အလုံမြို့နယ်မှာ ဆောက်လုပ်မယ့် စက်ရုံ ကိုတော့ ထိုင်းနိုင်ငံ တိုယိုထိုင်း ကုမ္ပဏီက ဆောက်လုပ်သွား မှာဖြစ်ပါတယ်။ ရွာမ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ ကိုတော့ ထိုင်းနိုင်ငံ အီးဂျီအေတီ ကုမ္ပဏီက ဆောက်လုပ်မှာ ဖြစ်ပါတယ်။

အဲ့ဒီ ရွာမ သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ အတွက် လိုအပ်တဲ့ စက်ကို ထိုင်းနိုင်ငံမှ ပေးပို့မှာ ဖြစ်ပါတယ်။ အခုလို စီမံကိန်းတွေ ဆောင်ရွက် ပြီးပါက လှော်ကားမှာ ဆောက်လုပ်မယ့် သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံမှ လျှပ်စစ် ဓါတ်အား ၅၄၃ မဂ္ဂါဝပ် ပိုမိုထွက်ရှိ လာမှာ ဖြစ်ပါတယ်။ အလုံမြို့နယ်မှာ ဆောက်လုပ်မယ့် သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေး စက်ရုံ မှာတော့ ၁၀၀ မဂ္ဂါဝပ်နဲ့ ရွာမမှာ ဆောက်လုပ်မယ့် ဓါတ်အားပေး စက်ရုံမှ မဂ္ဂါဝပ် ၁၁၀ ထပ်မံ ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


ပုဂ္ဂလိက ဘဏ်များ၌ပါ အီးပင်စင် စနစ်ဖြင့် ထုတ်ယူ နိုင်ရန် စီစဉ်မည်

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘဏ်များ အသင်း အစည်းအဝေးမှာ မြန်မာ့ စီးပွားရေးဘဏ်၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ဘဏ်များ
အသင်း အမှုဆောင် အဖွဲ့ဝင် ဦးစံသောင်းရဲ့ ပြောကြားချက် အရ အီးပင်စင် စနစ်နဲ့ ပင်စင်လစာ ထုတ်ပေးတဲ့ Smart Card တွေကို ပုဂ္ဂလိက ဘဏ်များနဲ့ ဘဏ်အားလုံးမှာပါ ထုတ်ယူ နိုင်အောင် စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အီးပင်စင် စနစ် ဆောင်ရွက်မှုမှာ ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အီးပင်စင် Smart Card များ စတင်ဖြန့်ဝေ ပေးလျက် ရှိတာ ဖြစ်ပါတယ်။

ဒီလို ဖြန့်ဝေပြီးပါက လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မှာတော့ အီးပင်စင် ကဒ်ပြား တစ်ခုတည်းနဲ့ နှစ်သက်ရာ ဘဏ်မှာ ပင်စင် ထုတ်ယူ နိုင်အောင် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပုဂ္ဂလိက ဘဏ်တွေမှာပါ ထုတ်ယူ နိုင်အောင် အဆင့်ဆင့် စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ ဈေးဝယ်စင်တာ တွေမှာပါ အီးပင်စင်ကဒ် အသုံးပြုနိုင်အောင် စီစဉ်လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အီးပင်စင် စနစ်ကို သြဂုတ်လ ၂၁ ရက်နေ့က စတင်ကာ ထုတ်ဝေ ဆောင်ရွက်ပေး ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အီးပင်စင် စနစ်နဲ့ ဆောင်ရွက်ရာမှာ ပင်စင်စာများ အနေနဲ့ ပင်စင်စာအုပ် ထပ်ခြင်းနဲ့ ပင်စင်လစာ ထုတ်ယူခြင်း တို့အတွက် ဘဏ်သို့ ၂ ကြိမ် လာရောက်ဖို့နဲ့ ဘဏ်မှာ ကြာရှည်စွာ စောင့်ဆိုင်းဖို့ မလိုအပ်တော့ဘဲ ဘဏ်ဖွင့်ရက်တိုင်း ပင်စင် ကောင်တာမှာ Smart Card တင်ပြပြီး ထုတ်ယူ နိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


ပြည်တွင်းရှိ ရုပ်သံလိုင်းများအား Analog စနစ်မှ Digital စနစ်သို့ ပြောင်းလဲ သွားမည်

ပြည်တွင်းမှာရှိတဲ့ TV-Channel တွေကို Analog စနစ်မှ Digital စနစ်ကို ပြောင်းလဲ ထုတ်လွှင့် သွားဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ ပြန်ကြားရေး
ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို Analog စနစ်မှ Digital စနစ် ပြောင်းလဲဖို့ အတွက် ကိုတော့ အာဆီယံ နိုင်ငံတွေမှာ သတ်မှတ် ထားတဲ့ အချိန်အတိုင်း ပြောင်းလဲ သွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လာမယ့် ၂၀၁၄-၂၀၁၅ မှာအပြီး ပြောင်းလဲ သွားဖို့ ပြုလုပ် ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ အခုလို ဒစ်ဂျစ်တယ် စနစ် ပြောင်းလဲဖို့ အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ ပုဂ္ဂလိက အဖွဲ့များ ဆွေးနွေး ဆောင်ရွက်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။ လက်ရှိမှာ ထုတ်လွှင့်မှုပိုင်း အတွက် ဘာသာ ၁၈ မျိုးနဲ့ ထုတ်လွှင့် လျက်ရှိပြီး နောက်ပိုင်းမှာ ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ မြန်မာဘာသာ စကားနဲ့ သာမက ဘာသာ ပေါင်းစုံနဲ့ PSB စနစ် အထိ တိုးမြှင့် လုပ်ဆောင် နိုင်ဖို့ကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ တိုးချဲ့ထားတဲ့ တိုင်းရင်းသား အစီအစဉ် တွေကို ပိုမိုတိုးချဲ့ လုပ်ဆောင် သွားဖို့ စီစဉ် လျက်ရှိပြီး ဒီလိုပြုလုပ် ဖို့မှာတော့ အခက်အခဲများ ရှိတာကြောင့် နိုင်ငံတကာ အကူအညီတွေ  လိုအပ်မှာ ဖြစ်ပါတယ်။

အခုလို ရုပ်သံလိုင်း တွေကို အဆင့် မြှင့်တင်ရာမှာ ပြည်တွင်းရဲ့ စတုတ္ထ မဏ္ဍိုင်ကို ပိုမို ကောင်းမွန်အောင် ပြုလုပ် ဆောင်ရွက်တာ ဖြစ်တာကြောင့် မီဒီယာ ဥပဒေကို ရေးဆွဲနေပြီ ဖြစ်ပါတယ်။ ဒီလို ရေးဆွဲ လျက်ရှိတဲ့ မီဒီယာ ဥပဒေ ပြီးသွားပါက Myanmar Broadcasting ကော်မတီ MBC ကို ဖွဲ့စည်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ရေလုပ်သားငယ်များ အတွက် ရပိုင်ခွင့် အခွင့်အရေးများ အကြောင်း အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ခဲ့

ပြည်တွင်းရှိ ရေလုပ်သားငယ်များ အတွက် ရပိုင်ခွင့်များ၊ အခွင့်အရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံ ရေလုပ်သားငယ်များ ဆိုင်ရာ
အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ အနောက် ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှာ ကျင်းပ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး တို့မှ ရေလုပ်သား ကိုယ်စားလှယ် များက ရေလုပ်သား တွေရဲ့ သက်မွေးမှု ဘ၀နဲ့ တွေ့ကြုံရတဲ့ အခက်အခဲများကို ပြောကြားခဲ့ ပါတယ်။

ဒါ့အပြင် ပြည်တွင်းရှိ ရေလုပ်သား တွေဟာ ငါးမဖမ်းရ ကာလမှာ ပြည်ပက ရေလုပ်သား တွေလို ထောက်ပံ့ကြေး ရရှိခြင်း မရှိတာ ကိုလည်း ပြောကြားခဲ့ ပါတယ်။ ဒါတင်မကဘဲ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရေ လုပ်သားများဟာ သက်ဆိုင်ရာမှ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက် တွေကို သိရှိမှု မရှိဘူး လို့လည်း သိရပါတယ်။ ပြည်တွင်းမှာ ရေလုပ်ငန်း ကဏ္ဍဟာ စိုက်ပျိုးရေး ကဏ္ဍပြီးရင် အရေးပါဆုံး စီးပွားရေး ကဏ္ဍ ဖြစ်ပေမယ့် ကျေးလက်နေ ရေလုပ်သားတွေရဲ့ အသက်မွေးမှုမှာ လုပ်ပိုင်ခွင့်၊ ငွေကြေး အရင်းအနှီး၊ ဈေးကွက်နဲ့ သဘာဝဘေး အန္တရာယ် အစရှိတဲ့ လွှမ်းမိုးမှုတွေကို ရင်ဆိုင်နေ ရတာ ဖြစ်ပါတယ်။

ဒီလို ရင်ဆိုင်နေရတဲ့ အပြင် အသက်မွေးမှု အာမခံချက် နည်းပါးနေပြီး စီးပွားရေး၊ လူမှုရေး အခြေအနေ နိမ့်ပါးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ရေလုပ်သားငယ် တွေရဲ့ လိုအပ်တဲ့ အထောက်အကူ ပြုလုပ်ငန်းများကို ဖော်ဆောင်နိုင်ဖို့ အတွက် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာနိုင်ငံငါး လုပ်ငန်း အဖွဲ့ချုပ်၊ ပေါင်းစု လုပ်အား အကူအညီ ပေးရေး အဖွဲ့ (NAG) International Collective in Support of Workers (ICSF) တို့က ပူးပေါင်းပြီး ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။


ပြည်တွင်းဘဏ် လုပ်ငန်းများ လူထု နှင့် ဆက်သွယ် ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သင့်

ပြည်တွင်းမှာ လုပ်ကိုင် ဆောင်ရွက် နေတဲ့ ဘဏ်လုပ်ငန်း တွေဟာ လူထုနဲ့ ဆက်သွယ် ဆောင်ရွက်မှုများ ပိုမို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ IMF အဖွဲ့ရဲ့
အကြံပြု ပြောကြားချက်ကို အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘဏ်များ အသင်းရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါI MF မစ်ရှင် အဖွဲ့ရဲ့ အကြံပြု ပြောကြားချက် အရ ပြည်တွင်းရှိ ဘဏ်လုပ်ငန်း တွေဟာ လူထုနဲ့ ဆက်သွယ်မှု အားနည်းနေ တာကြောင့် ဘဏ်လုပ်ငန်း ဆိုင်ရာ များမှာ ဆောင်ရွက် နေတဲ့ လုပ်ငန်းတွေကို အများပြည်သူများ သိရှိမှု မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် လက်ရှိမှာ ဘဏ်လုပ်ငန်းတွေ အနေနဲ့ ၀န်ဆောင်မှု အစီအမံတွေ အမြောက်အများ ရှိပေမယ့် လူထုနဲ့ ဆက်သွယ်မှု အားနည်း နေတာကြောင့် ဘဏ်လုပ်ငန်းကို သိရှိသူ နည်းပါး နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဏ်တွေမှာ Public Relation Department သီးသန့် ဖွဲ့စည်းပြီး လူထုနဲ့ ဆက်သွယ် ဆောင်ရွက်မှု တွေကို လုပ်ဆောင် သင့်တယ်လို့ IMF မစ်ရှင် အဖွဲ့က အကြံပြု ထားပါတယ်။ ဒါ့အပြင် ဘဏ်တွေနဲ့ အသုံးပြုသူတွေ အကြား အချင်းချင်း စိတ်ချ ယုံကြည်မှု ရှိစေဖို့လည်း အဆိုပါ ဌာနမှ သတင်းအချက် အလက်များ ထုတ်ပြန်ပြီး ဆက်သွယ်မှု ပေးဖို့လည်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းဘဏ် လုပ်ငန်းတွေရဲ့ အားနည်းချက် တွေကို ပြုပြင်ကာ ဘဏ်လုပ်ငန်း ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ လမ်းညွှန်ချက်နဲ့ လူထုကို သတင်း အချက်များ၊ အသိပညာများ ပေးရာ မှာလည်း မှန်ကန်ဖို့ လိုသလို ကြားခံ မီဒီယာ တွေက တဆင့် ဘဏ်လုပ်ငန်း ဆိုင်ရာ အချက်အလက် တွေကို ထုတ်ပြန်ရာ မှာလည်း မှားယွင်းမှု မရှိစေဖို့ အတွက် သက်ဆိုင်ရာ ဘဏ်တာဝန်ရှိ သူတွေက ကြီးကြပ် ဆောင်ရွက် သင့်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌမှ ထပ်မံ အကြံပြု ပြောကြားခဲ့ တယ်လို့ သိရပါတယ်။
 

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားဝင်း အတွင်း၌ လုံခြုံရေး ကင်မရာများ တိုးချဲ့ တပ်ဆင်သွားမည်

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နား စခန်းဝင်း အတွင်းမှာ လုံခြုံရေး ကင်မရာများ တပ်ဆင် အသုံးပြု လျက်ရှိရာ လာမယ့် ပွင့်လင်း ရာသီမှာ လုံခြုံရေး
ကင်မရာတွေ ထပ်မံတိုးချဲ့ တပ်ဆင် သွားဖို့ ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အခွန် ဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အောင်မင်္ဂလာ အဝေးပြေး ၀င်းအတွင်း အခုလို လုံခြုံရေး ကင်မရာတွေ တပ်ဆင် ထားရခြင်းမှာ ယာဉ်ရပ်နား စခန်း အတွင်း ခရီးသွား ပြည်သူတွေ နေ့စဉ် ၀င်ထွက် သွားလာမှုမှာ လုံခြုံစိတ်ချ ရစေဖို့နဲ့ ယာဉ်မျိုးစုံ ၀င်ထွက် သွားလာမှုကို စစ်ဆေး နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

ဒါ့အပြင် အမှုအခင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ပစ္စည်း ပျောက်ရှတာ တွေကို အလွယ်တကူ ပြန်လည် ကြည့်နိုင်ဖို့ အတွက် တပ်ဆင် ထားတာ ဖြစ်ပါတယ်။ ဒီလို ကင်မရာ တပ်ဆင်မှုကို အောင်မင်္ဂလာ ကားဝင်း အတွင်းရှိ ဂိတ် ၁၅ ခုမှာ လုံခြုံရေး ကင်မရာ ၅၇ လုံး တပ်ဆင်ပြီး သတ်မှတ် နေရာ အသီးသီးမှာ အသုံးပြု စစ်ဆေး လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကားဝင်း အတွင်းရှိ တက္ကစီကွင်း ၁ ၊၂ နဲ့ အခြား သတ်မှတ်နေရာ အသီးသီးမှာလည်း တပ်ဆင်ထား ပါတယ်။ ဒီလို ကင်မရာ စတင် တပ်ဆင် အသုံးပြုမှု ကိုတော့ အောက်တိုဘာ ၅ ရက်နေ့က စတင်ကာ လုံခြုံရေး မှတ်တမ်းများ ထားရှိ ဆောင်ရွက် နေတာဖြစ်ပြီး ထပ်မံ တိုးချဲ့မှု ကိုတော့ လိုအပ်ချက်ရှိတဲ့ နေရာအပေါ် မူတည်ကာ စီစဉ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


မြန်မာ့သမိုင်း မြတ်နိုးသည့် စိတ်ဓာတ်များ ပေါ်ပေါက်စေရန် စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့

ပြည်တွင်းမှာ မြန်မာ့ သမိုင်း မြတ်နိုးတဲ့ စိတ်ဓါတ်များ ပေါ်ပေါက်စေဖို့ အတွက် ယဉ်ကျေးမှု ၀န်ကြီးဌာန၊ သမိုင်း သုတေသန ဦးစီးဌာနနဲ့ ပညာရေး ၀န်ကြီးဌာန
တက္ကသိုလ် များရှိ သမိုင်း ဌာနများ ပူးပေါင်း ကျင်းပတဲ့ မြန်မာ့သမိုင်းခေတ် အဆက်တွင် နိုင်ငံတော် တည်တံ့ ခိုင်မြဲရေးနဲ့ စည်းလုံး ညီညွတ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုများ စာတမ်း ဖတ်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက်မှာ ကျင်းပ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စာတမ်း ဖတ်ပွဲမှာ စာတမ်း ၉ စောင် ဖတ်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို စာတမ်း ဖတ်ပွဲဟာ မြန်မာ့ သမိုင်းကို မြတ်နိုးတဲ့ စိတ်ဓာတ်များ တက်ကြွနိုးကြား လာစေဖို့ သာမက သမိုင်း သုတေသန ပြုစုချက်များ အရည်အသွေး မြင့်တက်စေဖို့ ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်။ အဲ့ဒီ စာတမ်းဖတ်ပွဲမှာ ပညာရေး ၀န်ကြီးဌာနမှ တက္ကသိုလ်များရှိ သမိုင်းဌာန များနဲ့ သမိုင်း သုတေသန ဦးစီးဌာနတို့ အကြား သမိုင်း သုတေသန ဆိုင်ရာ အတွေ့အကြုံနဲ့ အမြင်များ ပိုမိုဖလှယ်ခြင်း၊ မြန်မာ့ သမိုင်းအဖွဲ့ဝင်များ ထံမှ အတွေ့အကြုံ၊ အသိအမြင်၊ ဗဟုသုတများ ဖြန့်ဝေ ပညာပေးခြင်း အစရှိတာ တွေလည်း လုပ်ဆောင်တာ ဖြစ်ပါတယ်။

ဖတ်ကြားခဲ့တဲ့ စာတမ်းတွေ ကတော့ ရှေးခေတ် မြန်မာမင်းများ လက်ထက်က ထင်ရှားခဲ့တဲ့ ပုဂံခေတ်၊ တောင်ငူခေတ်၊ ကုန်းဘောင် ခေတ်ဦးပိုင်း တွေမှာ ကြိုးပမ်း ဆောင်ရွက်ချက်များ၊ စစ်တပ် ဖွဲ့စည်းပုံနဲ့ စစ်ရေး ဆောင်ရွက်ချက်များ၊ စည်းလုံးရေး အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ ပုံများကို ရေးသား ပြုစုဖတ်ကြား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲ အခမ်းအနားကို ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ ၀န်ကြီး၊ မြန်မာ့ သမိုင်း အဖွဲ့ဝင်များ၊ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များနဲ့ စာတမ်းရှင်များ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့