Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 26 December 2012

ဤမြေနှင့် ဤအရပ်တွင် စိတ်ချလက်ချ နာဖျားခွင့် မရှိ


ဆေးခန်းရှေ့မှ ခုံလေးပေါ်တွင် သူမ ထိုင်နေပုံက စိတ်ပျက် အားငယ် နေသည့် ဟန်ဖြင့် လျော့ရိလျော့ရဲ။

ကိုယ်ဝန် ဆိပ်တက်နေ၍ လောမသိ။ ခပ်နွမ်းနွမ်း အဝတ် အစားများ အောက်မှ သူမခန္ဓာက အနည်းငယ် အမ်းနေ သည်ဟု ထင်ရသည်။

''ကျွန်မမှာက ဒီကလေးကို မွေးဖို့ ပိုက်ဆံ မရှိပါဘူး'' ဟု ဝဲ တက်လာသော မျက်ရည်များကို မျက်တောင် တဖျပ်ဖျပ် ပုတ်ခတ် ထိန်းရင်း သူမကပြောပါသည်။

သူမကမှော်ဘီမြို့တွင် နေထိုင် သည့် အသက်၃၁ နှစ်ရှိ မညိုနွဲ့။


သူမ၏ သားဦးမွေးခဲ့စဉ်တုန်း ကတော့ ဂန္ဒီဆေးရုံမှာ၊ ထိုစဉ်က ယခင်ဝန်ကြီးချုပ်ဟောင်းဦးခင်ညွန့် ၏ ဇနီးဒေါ်ခင်ဝင်းရွှေတို့ အဖွဲ့မှ အခမဲ့မွေးပေးခဲ့၍ ပိုက်ဆံမကုန်ခဲ့ဟု သူမကပြန်ပြောင်းပြောသည်။ ယခု ဒုတိယကိုယ်ဝန်အတွက်မူ ရန်ကုန်မှ သူငယ်ချင်း၏ လမ်းညွှန်မှုဖြင့် ဤနေရာသို့လာပြရခြင်းဟု ဆိုပါသည်။

''လောလောဆယ်မှာ အရင် တစ်ခါလို ဂန္ဒီမှာမွေးဖို့တော့ အဆင်မပြေတော့ဘူးဆိုတာ ကျွန်မသိတယ်။ ခုတစ်ခေါက်ဆိုရင်တော့ မီးဖွားဖို့ ကုန်တော့မှာလေ။ ဒါ့ ကြောင့် အခမဲ့ကိုလာရတာပေါ့'' ဟု မညိုနွဲ့က ပြောသည်။ သူမ အမျိုးသားက စားသောက်ဆိုင် တစ်ခုတွင် အလုပ်လုပ်သည်။  ရရ စားစားဟူသည့် မရိုးနိုင်သော ဘဝများ။ သို့သော် သူမအတွက် ထိုကံတရားသည်လည်း မရှိတော့ပါ။

''သူနဲ့ကွဲသွားတာ သုံးလ လောက်ရှိပါပြီ''ဟု သူမကခပ်ယဲ့ ယဲ့ ဆိုပါသည်။

အဆင်မပြေမှုဟူသည် ပြည်သူအများစုအတွက် ဖန်တရာတေ နေပြီဖြစ်သောမဲပြာပုဆိုးဟု သုံးနှုန်း ကြသော်လည်း သေချာသည်ကတော့ ထိုပုဆိုးစုတ်ကလေးကိုသာ လက်ရှိဝတ်ဆင်နေကြရဆဲ ဖြစ်သည်။

ဆူးလေမီးပွိုင့် အစိမ်းမှာ ကိုမြင့်ကျော်က ဆိုက်ကားကိုအားဖြင့် နင်းထွက်လိုက်ရင်း ''အခုတော့ ကျော်သူရှိနေလို့ သေဖို့လွယ်သွားပေမယ့် နေဖို့ကျတော့ အဆင်မပြေ ကြသေးဘူး။ မကျန်းမာလို့ ဖျား နာပြီဆိုရင် တော့ငွေကုန်လူပန်းပဲ။ ဆေးခန်းသွားပြဖို့ မတတ်နိုင်လို့ လမ်း ဘေးဆေးဆိုင်ကပဲ ဆေးဝယ် သောက်တာနဲ့ပဲ သက်သာသွားတာ ပဲ။ အင်း ကြီးကြီးမားမားဖြစ်ရင်တော့ ငွေမရှိရင် သေဖို့ပဲရှိတယ်''ဟု မော ဟိုက်သံဖြင့် သူက ဆိုပါသည်။

ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီး တွင် ဆေးခန်းများ၊ အထူးကုဆေး ခန်းနှင့်၊ ဆေးရုံများ ပေါများသော် လည်း ဘဝများစွာ အတွက်တော့ ယောင်လို့မှ အနား မကပ်နိုင်။ မကျန်းမာ၍ သွားရောက်ပြသပါက သူတင်မက မှီခိုနေရသည့်မိသားစု တစ်ခုလုံးပါ ကျပ်တည်းသွားနိုင်မည့် အရေးမို့ ဖျားနာပြီဆိုပါလျှင် နီးစပ် ရာလမ်းဘေး ဆေးဆိုင်သို့သွား၊ ဖြစ်တာပြော ၍ ဆေးစပ်ခိုင်းကာ ကျပ် သုံးလေးရာဖြင့် ကိစ္စပြီးလိုက်ရ သည်ချည်းဟုကိုမြင့်ကျော်က ပြော သည်။ ထိုဇာတ်လမ်းသည်လည်း မဆန်း။ သာမန် လက်လုပ်လက်စားများပင် မဆိုထားနှင့် လူလတ်တန်း စားဟု အမည်ခံရုံသာ သတ်မှတ် နိုင်သော ပုံမှန်ဝင်ငွေရှိသူများပင် မကျန်းမမာဖြစ်ပါက စမ်းသပ်ခပင် သောင်းဂဏန်းနီးသော အထူးကု ဆေး ခန်း၊ ဆေးရုံများသို့ ဆယ်ရေးတစ်ရေးမှသာ သွားနိုင်ကြသည်။ ကြုံရာကျပန်း လမ်းဘေးဆေး တက္ကသိုလ်များတွင်သာ အများစုက ယုံယုံကြည်ကြည် ထိုးအပ်လိုက်ကြ စမြဲ။

ထိုသို့ဖြင့် စပ်ဆေးများ၏ နောက်ဆက်တွဲ အန္တရာယ်ကြောင့် အခြေအနေဆိုးကာ မသွားချင်သော ဆေးရုံဆေးခန်းများသို့ ရောက်ခဲ့ရ သူလည်း မနည်းတော့ပါ။ ထိုအချက်ကို လည်း ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုပါလျှင် ---

''ပုဂ္ဂလိက ဆေးခန်းတွေနဲ့ အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းတွေကို လာပြတဲ့ လူနာအများစုမှာ ၈ဝ ရာ ခိုင်နှုန်းလောက်က စပ်ဆေးသောက် ပြီးမသက်သာဘဲရောဂါ အခြေအနေ ပိုဆိုးမှ ရောက်လာကြတာများ တယ်''ဟု ထိန်လင်းအခမဲ့ ကုသိုလ် ဖြစ်ဆေးခန်းတွင် လာရောက်ကုသမှု ပေးနေသောဒေါက်တာစိုးမင်းထက် က ပြောသည်။

''ဒါက ကျန်းမာရေးနဲ့ ပတ် သက်တဲ့ ဗဟုသုတနည်းပါးမှုအပြင် ငွေးကြေးချို့တဲ့မှုကြောင့် ဆေးကုသ စရိတ်မတတ်နိုင်လို့ပဲ။ စပ်ဆေးဆို တာကလည်း ပြီးပြီးရောဆိုတဲ့ သဘော ဆိုတော့ ဥပမာ ဝမ်းလျှော တဲ့သူကို မက်ထရိုပေးလိုက်တယ်။ ဒါပေမယ့် မက်ထရိုနဲ့ အရက်နဲ့ မတည့်တဲ့အတွက် အဆိပ်ဖြစ်ပြီး ရောက်လာတာတွေလည်းရှိတယ်'' ဟု ၄င်းက အတွေ့အကြုံကို ရှင်းပြသည်။


သို့ရာတွင် ကုသိုလ်ဖြစ်ဆေး ခန်းများသည်လည်း သူတို့စွမ်းသ လောက်အားနှင့်သာ ရပ်တည်နေရ ခြင်းဖြစ်ရာ ခေတ်မီရောဂါရှာဖွေရေး ပစ္စည်းများ လုံလောက်စွာ မရှိမှု၊ ရန်ပုံငွေ မလုံလောက်မှုတို့ကလည်း လိုအပ်နေသူများအတွက် ရပ်တည်ရခက်ခဲမှုအပြင် ကျန်းမာရေး စောင့်ရှောက်မှုလည်း အပြည့်အဝမပေးနိုင်ဟု သုခအခမဲ့ကုသိုလ်ဖြစ် ဆေးခန်း မှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင် မောင်က ပြောသည်။

''လာပြတဲ့လူနာတွေက အခမဲ့ ကုသိုလ်ဖြစ်ဆေးခန်းတွေကို အကုန်လုံး တာဝန်ယူနိုင်မယ်ထင်လို့ အားကိုးပြီးလာကြတာ။ ဆေးခန်း အနေနဲ့ ခွဲစိတ်ကုသမယ့်ကိစ္စမျိုးမှာ ကြီးကြီး မားမား မဟုတ်ရင်တော့ ဆေးရုံတွေမှာရှိတဲ့ ဆေးလူမှုဆက်ဆံရေးတွေနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ပေးနိုင်ပေမယ့် အကြီးစားခွဲစိတ်ကုသမှုမျိုး ဆိုရင်တော့ ကိုယ်ချင်းစာစိတ် မရှိလို့မဟုတ်ဘူး။ မတတ်နိုင်တဲ့ အနေအထားမို့ သူတို့ နားလည် အောင် ဖျောင်းဖျပြီး မကူညီနိုင်ဘူး ဆိုတာကို အားနာနာနဲ့ ပြန်ပြော ရတယ်။ ဒီလို လူနာမျိုးတွေလည်း မြန်မာနိုင်ငံ မှာ သန်းနဲ့ချီရှိနေတယ်'' ဟု ၄င်းက ဆိုပါသည်။

ဗဟန်းမြို့နယ်မှသားအိမ်ခေါင်း ကင်ဆာဖြစ်ပွားနေသူ ဒေါ်မြင့်မြင့် က  ''ဆေးရုံတက်ပြီးကုမှ ရမယ် ဆိုရင် တော်တော်လေး စဉ်းစား ရတယ်။ ဘာကြောင့်လဲဆိုတော့ စရိတ်မျှပေး ဆိုပေမယ့် ဆေးဝါး ပစ္စည်းတွေအကုန်လုံး ဝယ်နေရတဲ့ အပြင် ဆေးရုံဝန်ထမ်းတွေရဲ့ ဆက် ဆံရေးမပြေပြစ်မှုတွေ၊ လူနာစောင့် မရှိမှုတွေအပြင် ဆေးရုံတက်လိုက် ရင် အလုပ်မလုပ်နိုင်လို့ မိသားစုဝင် ငွေထိခိုက်မှာကို တွေးပြီး အခုထိ ဆေးရုံမတက်ဖြစ်ဘူး''ဟု သူမ ရောင်းချနေသော လက်သုတ်စုံကို နယ်ဖတ်ရင်း ပြောသည်။

ယခင်ကာလများက ကျန်းမာ ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော ဒေသန္တရ ဆေးခန်းများ ရှိသော် လည်း နောက်ပိုင်းတွင် ကျန်းမာရေး ဝန်ဆောင်မှုအားနည်းချက်၊ ဆရာ ဝန်အရေအတွက်နည်းပါးမှုနှင့်ဆေး ပါးပစ္စည်းများအား ကာယကံရှင်မှ စိုက်ထုတ်ကုန်ကျခံရမှု တို့ကြောင့် အားကိုးစရာအဖြစ်မှ သက်လျှောခဲ့သည်မှာ ကြာခဲ့ပြီ။

လက်ရှိ အစိုးရလက်ထက် ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ချ ထားပေးခဲ့သော်လည်း သာမန် ဆေးဝါး၊ ပတ်တီးနှင့် ဂွမ်းစသည့် အပယိကများကိုသာ အခမဲ့ပေးဝေ နိုင်ရန် စီစဉ်နေဆဲဖြစ်သည်ဟု ရန် ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ရန်ကုန်မှာတော့ ဒေသန္တရ ဆေးခန်းတွေ မြို့နယ်တိုင်းလိုလို မှာရှိပါတယ်။ ဒီဆေးခန်းတွေမှာ လည်း သာမန်ဖျားနာတာလောက်ပဲ ကုလို့ရပေမယ့် သိပြီးလာပြတဲ့သူ နည်းတယ်။ များသောအားဖြင့် ဒီ ဆေးခန်းတွေကို မိခင်နှင့်ကလေး ရောဂါကာကွယ်ရေးအတွက် ဆေး တိုက်တဲ့နေရာလို့ပဲ အသိများကြ တယ်။ ဒီမှာတော့ တတ်နိုင်သူတွေ အတွက် စရိတ်မျှပေး စနစ်နဲ့သွား နေတုန်းပါပဲ''ဟု ၄င်းကဆိုသည်။

နေပူကြဲကြဲထဲ တစ်လမ်းဝင် တစ်လမ်းထွက်၊ ခေါင်းပေါ်မှ အကြော်ဗန်းကြောင့် ပြေကျနေသာ ဆံပင်ကိုလည်းသူမပြန်မစည်းအား။

''ကလေး နေမကောင်းဖြစ်ရင် တော့ ဒီလိုပဲလိုက်ချေးငှားပြီး ဆေး ရုံပဲသွားရတာပေါ့။ ဘာတတ်နိုင် မှာလဲ''ဟု သာကေတတွင် နေထိုင် သည့် အသက် ၄၃ နှစ်အရွယ်ရှိ သူမက ပြောသည်။ သူမ ပုံစံက နောက်တစ်လမ်းသို့ မြန်မြန်ကူးသွား ချင်သည့်ပုံ။ မကုန်သေးသည့် အကြော်တွေအတွက် ရင်မအေး ရသလို အလျင်လိုနေသည့်ပုံ ဖြစ် သည်။

''အခမဲ့ဆေးခန်းတွေ ရှိလား မရှိလားတော့မသိပါဘူး။ အရမ်းနေ မကောင်းဖြစ်ရင်တော့ မရှိရှိတာနဲ့ ဆေးခန်းသွား ဒါမှမဟုတ် ဆေးဝယ် သောက်တော့ လုပ်ဖြစ်ပါတယ်''ဟု တစ်ခွန်းမေးတစ်ခွန်းဖြေကာ ဆံထုံး ကိုပြန်စည်းရင်း ခပ်သုတ်သုတ်ထွက် သွားသည်။

တကယ်တော့ ပြည်သူသည် ကိုယ့်အသက်ကိုယ်ကြံဖန်မွေးနေရ ခြင်းထက် မပို။ သာမန်ခေါင်းကိုက် နှာစေးလောက်ကို စာမဖွဲ့။ နီးစပ်ရာ ဆေးဆိုင်သွား၍ ကြော်ငြာများဖြင့် နားရည်ဝနေသော ဆေးတစ်ခုခုကို ဝယ်ကာ သဗ္ဗေသတ္တာကမ္မသကာ ဟုရွတ်၍ ပါးစပ်ထဲပစ်ထည့်လိုက် ကြစမြဲ။ အကယ်၍ တစ်စုံတစ် ယောက်သည် စေတနာပို၍ ဆေး ခန်းသွားသင့်ကြောင်း အကြံပေး မည်ဆိုပါက ဒေါသမျက်စောင်းတို့ အား ရင်ဆိုင်ရမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူ အများစုသည်ကျန်းမာရေးနှင့် ပတ် သက်၍ ဘာမှမဖြစ်ပါစေနှင့်ဟု ဆု တောင်းခြင်း ကျင့်သားဝနေသည့် အပြင် ဗျာဓိဆိုသော အနာအဖျားနှင့် အသပြာသည်ခွဲမရသော အရာဟု သိနေသောကြောင့် ဖြစ်ပါသည်။

လက်ရှိအချိန်အထိ ရန်ကုန် မြို့တွင် ကိုယ်ထူကိုယ်ထ ကုသိုလ် ဖြစ် ဆေးခန်း ၂၆ခုရှိပြီး ¤င်းတို့ အနက် ပြည်ထောင်စုကြံ့ခိုင်ရေး  နှင့်ဖွံဖြိုးရေးပါတီမှ ဖွင့်လှစ်ထားသော ဖြိုးစေတနာ ဆေးခန်းမှာ ၁၉ ခု ရှိသည်။ အခြားထင်ရှားသည့် ကုသိုလ်ဖြစ်ဆေးခန်းများအနက် ကျောက်တံတားမြို့နယ်၊ မဟာ ဗန္ဓုလပန်းခြံလမ်းအလယ်ရှိ မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံလည်းပါဝင် ပြီး ထိုဆေးရုံမှာ ၁၉၃၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့၌ အစောဆုံးဖွင့်လှစ် သည်ဟုပြောနိုင် သည့်ဆေးရုံတစ်ခု ဖြစ်သည်။

''လူမျိုးမရွေး ကူညီပေးပါတယ်။ ပိုက်ဆံ တစ်ပြားမှ ပေးစရာမလိုပါဘူး။ အကုန်စီစဉ်ပေးတယ်။ တစ်ရက်ကို လူနာ လေးရာကျော် လောက်ရှိမယ်။ မြန်မာပြည် တစ်ပြည်လုံးက လာတဲ့လူနာတွေရှိပါ တယ်။ ဆရာသိသလောက်တော့ ပိုက်ဆံတစ်ပြားမှမပေးရတာ ဆရာ တို့ ဆေးရုံတစ်ခုပဲ ရှိမယ်လို့ထင် တယ်'' ဟု အဆိုပါဆေးရုံအုပ် ဒေါက်တာ S.Madhn (M.S) က ပြောသည်။

''အစိုးရရဲ့ ထောက်ပံ့မှုက လည်းလိုအပ်ပါသေးတယ်။ ဆရာ တို့က အုတ်တစ်ချပ် သဲတစ်ပွင့် လောက်ပဲ ပံ့ပိုးပေးနိုင်တာပါ။ အခု အစိုးရတိုးပေးတဲ့ ဘတ်ဂျက်က နည်းသေးတယ်။ ဆရာဝန်တွေ မလုံလောက်တဲ့နေ့ကျရင်ဆရာကိုယ် တိုင်လည်း ကုသပေးပါတယ်''ဟု ၄င်းက ပြုံးရွှင်စွာပြောသည်။

ယင်းကဲ့သို့ ပြည်သူလူထု အတွက် ကျန်းမာရေးစောင့်ရှောက် မှုလွန်စွာ နည်းပါးသောအခြေအနေ တွင် အဆိုပါ ကုသိုလ်ဖြစ်ဆေးခန်း များမှာ လိုအပ်ချက်အရ ဖြစ်တည် လာခြင်းဖြစ်သော်လည်း သူတို့တွင် လည်းပြဿနာက ဒုနှင့်ဒေး။

''အစိုးရဝန်ထမ်း ဆရာဝန် တွေအနေနဲ့ ကုသိုလ်ဖြစ်ဆေးခန်း တွေမှာ လာကုပေးတာ တော်တော် လေးနည်းတယ်။ အခုလာကုနေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အများစုက ပင်စင်စားဆရာဝန် ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေပဲ။ ဒါပေမဲ့ အစိုးရနဲ့ပတ်သက် တဲ့ အစိုးရ လခစားဆရာဝန်တွေ ထဲမှာ ကုသိုလ်ဖြစ်ဆေးခန်းကို လာပြီး ကုပေးတဲ့ ဆရာဝန်တွေကျ တော့ တကယ့်ကိုလူမှုရေး စိတ် ဓာတ်ရှိပြီး ကိုယ်ထိခိုက်ရင်လည်း ထိခိုက်ပါစေ၊ ပြည်သူလူထုကျန်းမာ ရေးအတွက် ကိုယ်ကျိုးစွန့်မယ်ဆို တဲ့ ဆရာဝန်တွေပဲ လာတာများ တယ်'' ဟု နာရေးကူညီမှုအသင်း သာမက သုခကုသိုလ်ဖြစ်ဆေးခန်း ပါ ဖွင့်လှစ်ထားသည့် ဦးကျော်သူက ပြောသည်။

''အဲဒါက ကျန်းမာရေးဝန်ထမ်း တွေကို ရုံးချိန်အတွင်း အပြင်မှာ အလုပ်လုပ်ခွင့်မပြုဘူးဆိုပြီး အမိန့်ထုတ်ထားလို့ပဲ'' ဟု ၄င်းက ပြော သည်။

ထို့ပြင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းများအတွက် ငွေကြေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းသူ အလှူရှင်များမှာလည်း အာဏာ ပိုင်အချို့၏ စစ်ဆေးမေးမြန်းခြင်း များကို ခံနေရဆဲဖြစ်သည့်အပြင် ပြည်ပမှ ပေးပို့လှူဒါန်းသောရောဂါရှာဖွေရေး စက်ပစ္စည်းများမှာ လည်း ထုတ်ယူရန် အခက်အခဲများ နှင့် ရင်ဆိုင်နေရဆဲဖြစ်သည်ဟု ၄င်းက ရင်ဖွင့်သည်။ ထိုကဲ့သို့ ပြဿနာများသည် ပြည်သူလူထု ကျန်းမာရေးအတွက် တစ်ဖက်တစ် လမ်းမှ အားဖြည့်ကူညီနေသော စေတနာရှင်များအတွက် အားပျက်စေပြီး အခမဲ့ကုသိုလ်ဖြစ်ဆေး ခန်းများအား ယိုင်နဲ့သွားစေသည်ဟု ၄င်းက ထပ်လောင်းဆိုသည်။

ထိန်လင်း ကုသိုလ်ဖြစ်အခမဲ့ ဆေးခန်းတွင် ကုသမှုပေးနေသော ဒေါက်တာ စိုးမင်းထက်ကလည်း  ''ပြည်သူတွေရဲ့ကျန်းမာရေးစောင့် ရှောက်မှုအတွက် နိုင်ငံတော်မှာ တာဝန် အများကြီးရှိတယ်။ သူတို့ တွေက နိုင်ငံတော်ရဲ့ အားပဲလေ။ နိုင်ငံမှာ ပညာရှင်တွေအရမ်းလို တယ်။ ပညာရှင်တွေက ရောဂါရဲ့ ဖိနှိပ်မှုအောက်မှာ ရောက်နေရင် နိုင်ငံတော်အတွက် အရမ်းနစ်နာ တယ်။ ကျန်းမာရေးက နိုင်ငံတစ် နိုင်ငံအတွက် အရမ်းအရေးပါတယ်။ ကျန်းမာရေးမကောင်းရင် အမျိုး ပြုတ်မှာ'' ဟုဆိုရင်း စောင့်ဆိုင်း နေသော လူနာများရှိရာသို့ ကပျာ ကယာဝင်သွားသည်။

တကယ်တော့ ဆေးရုံဇာတ်လမ်းများက များစွာရှိပါသည်။ မရိုး နိုင်သော၊ မပြီးဆုံးနိုင်သော အဖြစ် အပျက်များစွာ၊ နေရာဒေသများ စွာတွင်ဖြစ်ပျက်နေဆဲ။ အဓိက ပြဿနာမှာ ငါ့ဝမ်းပူဆာမနေသာ သည့် ကျောရိုးသာဖြစ်ပါသည်။ ဆရာဝန်များကလည်း ဆရာဝန်များ အလျောက်၊ ပြည်သူများကလည်း ပြည်သူများအလျောက် လိုအပ်ချက် များက မဆုံးနိုင်သည့်အပြင် နိုင်ငံ ရေးအခင်းအကျင်း ပြောင်းသော် လည်းအသားကျနေသောစနစ်ဟောင်း ကြီးကတော့ မဟောင်းသေး။ ပြည် သူတို့၏ဘဝသည်လည်း မကောင်းသေး သည်က အမှန်။ တခြားသော အရေးများစွာထက် ကျန်းမာရေးဆို သည်မှာ မည်သူမှ ကြိုတင်မျှော်လင့်ထား၍ မရသော အခြေအနေလည်းဖြစ်ရာ ရုတ်တရက်ရောက်လာ တတ်သော ကံတရားတွင် အသပြာ သံမချွင်ပါကဟူသော အတွေးဖြင့် ဘဝများစွာကတော့ ထိတ်လန့်နေဆဲ ဖြစ်ပါသည်။

ပြည်သူ့ကျန်းမာရေး စောင့် ရှောက်မှုအတွက် ရည်ရွယ်ပြီး ရွှေ ပါရမီတောရဆရာတော် အရှင်ဆန္ဒာ ဓိကကြီးမှူး၍ ထူထောင်ထားသော ရွှေပါရမီဖောင်ဒေးရှင်း သည်လည်း နိုင်ငံ တစ်ဝန်း စောင့်ရှောက်မှုပြုလုပ် ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

''သွားကုတဲ့ နေရာမှာတော့ တော်တော်လေး ထူးထူးခြားခြားက ရှမ်းပြည်မှာပေါ့။ လူနာ ၉ဝဝဝ ကျော်လောက်ထိများတယ်။ ပထမရက်မှာကျတော့ လာမကုကြဘူး။ ပြန်ကြားရတာ ကတော့ တချို့ဖောင် ဒေးရှင်းတွေက ဒီလိုလာကုတယ်ဆို တဲ့ အခါမှာ စာအုပ်ဖိုး၊ ဘာဖိုး တောင်းခံတာမျိုးတွေ ရှိခဲ့ဖူးတယ်။ အဲဒါကြောင့် မလာကြဘူးပေါ့။ နောက်ရက်ဘာမှ မယူဘူးဆိုတဲ့ အခါကျမှရောက်လာတာပေါ့''  ဟု ဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးဇော်ဝင်းအောင်က အတွေ့အကြုံကို ရှင်းပြသည်။ ထိုအချက်သည်ပင် ပြည်သူ၏ ကျန်းမာရေး စောင့်ရှောက်မှုငတ်မွတ်နေခြင်းကို လှစ်ပြ ခြင်းဖြစ်သည့်အပြင် မလိုလားအပ်သော အမြတ်ထုတ်မှုများကြောင့်သာ၍ ဝေးရာဆီသို့ပါဟူသည့် အခြေအနေများ၏ အနံ့အသက်ကိုလည်း ရစေပါသည်။

အဆိုပါ ဖောင်ဒေးရှင်းအနေ ဖြင့် ရန်ကုန်တွင်ဖွင့်လှစ်ရန် လတ် တလော အစီအစဉ်မရှိသေးကြောင်း ၄င်းက ပြောပြီး ''ရန်ကုန်မှာကတော့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိကကတော့ ငွေလိုအပ်တာမျိုး ပေါ့။ ငွေမရှိတဲ့အခက်အခဲတစ်ခု ကြောင့် အခမဲ့ကျန်းမာရေးစောင့် ရှောက်မှုမျိုး လိုချင်ကြတာမျိုးပါ'' ဟု သုံးသပ်သည်။

တာဝန်ကတော့ အားလုံးတွင် ရှိကြသည်ချည်း။ သို့သော် လိုအပ် ချက်နှင့်အားနည်းချက်ကို ထောက် ပြသည့်အခါ အများစုက ဆတ် ဆတ်ခါနာ တတ်ကြပါသည်။ ဆရာ ဝန်များကလည်း ဝေဖန်မှုမခံနိုင်။ အစိုးရကလည်း ထောက်ပြမှုများ အပေါ် မည်သို့သဘောထားသည် ကို မသဲကွဲသေး။ စားဝတ်နေရေးနှင့် အခြားသော မြင့်မားနေဆဲအရာများ ကလည်း နိုင်ငံတွင် ခေတ်ကောင်း နေမြဲဖြစ်ရာ ပြည်သူသည်လည်း အဘက်ဘက်မှ မြေစာပင်ဖြစ်နေတုန်းပင်။

''အမှန်အတိုင်း ပြောရရင်  ကျွန်တော်တို့ ဒီလူမှုရေးလုပ်နေတဲ့ သူတွေ လူမှုရေးတောင် မလုပ်ချင် တော့ဘူး။ လူမှုရေးသမားတွေ အဖွဲ့အစည်းတွေရှိတဲ့ နိုင်ငံဆိုတာ အစိုးရရဲ့ အားနည်းချက်ကြောင့် ဖြစ်လာရတာပေါ့။ အစိုးရက မနိုင် လို့ တစ်ပိုင်တစ်နိုင် ဝင်လုပ်ပေးနေ တာမျိုးပါ။ လူမှုရေးသမားတွေ မရှိတဲ့နိုင်ငံဆိုတာ အားလုံးပြည့်စုံ နေလို့ပါ။ ဒါကြောင့် အစိုးရကို လည်းဘက်စုံပြည့်စုံတဲ့ အစိုးရဖြစ် စေချင်တယ်'' ဟု နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ဆိုပါသည်။

၎င်းအပြင် ''ဒီမှာဆေးခန်းတွေ မှာ ဖြစ်နေတာက တချို့ဆေးခန်း တွေမှာ ပိုက်ဆံလည်း ပေးရသေး တယ်။ ရောဂါ ပျောက်သွားရင် အကြောင်းမဟုတ်ဘူး။ လူနာကို လူနာလို ကိုယ်ချင်းစာစိတ်လေးနဲ့ဆက်ဆံဖို့လိုတယ်။ အခုဖြစ်နေ တာက ဆက်ဆံရေး မောက်မာ တယ်ဆိုတာမျိုးတွေကတော့ လူနာ ရော လူနာရှင်ရောတော်တော်လေး အခံရခက် တယ်''ဟု ၄င်းကဝေဖန်ခဲ့ သည်။

အကယ်၍သင်သည် မနက် စောစောအချိန် အနည်းငယ်ရမည် ဆိုပါက မြောက်ဒဂုံရှိ နာရေးကူ ညီမှုအသင်းသို့ ခေတ္တခဏလာ ရောက်စေချင်ပါသည်။ အသင်း၏ ရှေ့တွင်ရှိသော သုခကုသိုလ်ဖြစ် ဆေးခန်းတွင် တန်းစီ၍စောင့်ဆိုင်း နေသော လူအုပ်ကိုမြင်သောအခါ သင်မည်သို့တွေးမည်ကို စိတ်ဝင်စား မိပါသည်။ ထိုနည်းတူ တခြားတခြားသော ကုသိုလ်ဖြစ်ဆေးခန်းများ၊ အခြားအခြားသော ဆေးရုံ ဆေးခန်းများသို့ ရောက်ခဲ့ပါက လည်း သင်မည်သည့်မြင်ကွင်းများ ကိုမြင်၍ မည်သို့ခံစားတွေးတောနေ မည်ကို သိချင်မိပါသည်။

သေချာသည်မှာရန်ကုန်သည် ဘတ်စ်ကားကျပ်၊ စားဝတ်နေရေး ကျပ်၊ တိုက်ခန်းကျပ်၊ လူကျပ်စ သည့် ကျပ်များစွာအပြင် အသေ ကျပ်ခြင်းနှင့် စိတ်ချလက်ချဖျားနာရန်ခပ်ကျပ်ကျပ်ဖြစ်နေသော အရပ် ဒေသတစ်ခုဖြစ်ပြီး ၄င်းသည်ပင် မြို့ပြ၏ သီးခြားအနက်ဟု ယူသော် ရ၏ဟု ဆိုရန်မှတစ်ပါး ......။


သတင်းအချက်အလက်။ သူရထွန်း၊

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့