Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 16 February 2013

လယ်သမားများ ထမင်းတစ်နပ်လျော့စားရန် အစီအစဉ် မရှိကြောင်းပါခင်ဗျား

ယခုတစ်လော စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများမှာ ၀န်ကြီးတစ် ဦးရဲ့ တောင်သူလယ်သမားများ အကြွေး ပြန်ဆပ်နိုင်ဖို့ ထမင်းတစ်နပ်လျှော့စား သင့်ကြောင်း အကြံပြုပြောကြားသွား ချက်နဲ့ပတ်သက်ပြီး စတင်ကြားရကတည်း က မောင်တင့်တော်တော်တင်းနေမိပါ သည်။ လယ်သမားများကြားနဲ့ လူထု ကြားမှာ တော်တော်ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေပြုနေတာလည်း ကြားနေရ ပါတယ်။ အချက်အလက်အကျဉ်းကတော့

ပြောသည့်နေရာ – ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့နယ်။
ပြောသည့်ရက်စွဲ – ၁၇-၁-၂၀၁၃
ပြောသည့်ပုဂိ္ဂုလ် – လယ်၊ ဆည် ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်
ပြောသည့်ခရီးစဉ် – လယ်ယာ ကဏ္ဍဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေး မည့်လုပ်ငန်းများကို သွားရောက်ဆွေးနွေး ခဲ့သည့်ခရီးစဉ်
ပြောသည့်အကြောင်းအရာ – တောင်သူလယ်သမားများအနေဖြင့် ကြွေးမြီများပြန်ဆပ်နိုင်ရန်အတွက် တစ် နေ့လျှင် ထမင်းတစ်နပ်လျှော့စားသင့် ကြောင်း

ကြားကြားချင်းပဲ ဒီဝန်ကြီးတော့ ဒုတိယအကြိမ်လုပ်ချလိုက်ပြန်ပြီ။ ဒုတိယ အကြိမ်မှားပြန်ပြီလို့လည်း တစ်ဆက် တည်းတွေးမိပါတယ်။ မောင်တင့်စိတ်ဆိုး ရတဲ့အကြောင်းက မောင်တင့်က လယ် သမားစစ်စစ်ကနေ ဘယ်လိုမှ ကြီးပွားတိုး တက်ရာတိုးတက်ကြောင်းလမ်းမမြင်လို့ တပ်ထဲကို တပ်သားသစ်ဘ၀နဲ့ဝင်လာတဲ့ သူဆိုတော့ တပ်အကြောင်းသိသလို၊ လယ်အကြောင်း၊ လယ်သမားအကြောင်း ကိုသိပါတယ်။ နယ်ဘက်မှာ ခရိုင်လူကြီး ဘ၀နဲ့ (၇)နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ ဖူးတာဆိုတော့ အရပ်ဖက်အကြောင်း လည်း သိသင့်သလောက်သိလို့ စိတ်ဆိုး မိတာပါ။

မောင်တင့်လယ်လုပ်ခဲ့စဉ်ကာလက ၁၉၇၃၊ ၁၉၇၃၊ ၁၉၇၅ ခုနှစ်များဆီက ဖြစ်ပါတယ်။ အစိုးရက တာဝန်ကျေစပါး ဆိုပြီး တစ်ဧက ၁၂ တင်းနှုန်း (ပျမ်းမျှ) နဲ့ ၀ယ်ခဲ့လို့ မောင်တင့်တို့ဘ၀တွေ ဆင်း ရဲနွမ်းပါးခဲ့ရပါတယ်။ စပါးမထွက်လို့ စပါး ကိုပြင်ပဈေးနဲ့ဝယ်ပြီး အစိုးရဈေးနဲ့စပါး ဒိုင်ကို ပေးသွင်းခဲ့ရဘူးတဲ့အကြောင်းတွေ ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ မောင် တင့်တို့ရဲ့ညာင်လေးပင်မြို့နယ် ထဲမှာပါပြီး လယ်တွေက ကျောက်တံခါး မြို့နယ်ထဲမှာရှိပါတယ်။ ညောင်လေးပင် မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်ကို မိုင် တိုင်အမှတ် (၁၀၈/၆)မှာရှိတဲ့ အုတ်နှဲ သာချောင်း၊ အုတ်နှဲသာတံတားနဲ့ ပိုင်း ခြားထားပါတယ်။ မောင်တင့်တို့အဖေ ဘက်က အဖိုးက သူ့သားသမီး(၄) ယောက်ကို လယ်တစ်တုံးထွန်စီခွဲပေး ထားပါတယ်။ တစ်တုံးထွန်ဆိုတာက အရပ်ခန့်မှန်းစကားပါ။ နွားတစ်ရှဉ်း၊ ထယ်တစ်တန်၊ ထွန်တုံးတစ်တုံးနဲ့ တစ်ပိုင် တစ်နိုင် လုပ်နိုင်ကိုင်နိုင်ရှိလို့ တစ်တုံးထွန် လို့ခေါ်ပါတယ်။ လယ်သမားများဆင်းရဲ မွဲတေရခြင်း အကြောင်းရင်းက (အဲဒီ အချိန်က)တာဝန်ကျေစပါးရောင်းပေးရ ခြင်းအပြင် ဟိုဟာမစိုက်ရဘူး၊ ဒီဟာ စိုက်ရမယ်၊ စီမံကိန်းဝင်သီးနှံပဲစိုက်ရမယ် ဆိုတဲ့ အစိုးရရဲ့ ကြိုးနီစိုက်ပျိုးရေးစနစ် ကြောင့်ဆိုရင်လည်း မှားမယ်မထင်ပါ ဘူး။

အစိုးရအဆက်ဆက်ဒီလိုနည်းလမ်း မျိုးစုံနဲ့ နှိပ်စက်ခံခဲ့ရတဲ့ အောက်ခြေလူ တန်းစားနင်းပြားလယ်သမားတွေရဲ့ ပါး စပ်ထဲက ထမင်းကိုနှိုက်ယူဖို့ပြောခဲ့တဲ့ ဒီမိုကရေစီအစိုးရရဲ့ အစိုးရအဖွဲ့ဝင်ဝန် ကြီးတစ်ဦးအနေနဲ့ မညှာမတာ၊ မစူး မစမ်း၊ မဆင်မခြင်၊ ကိုယ်ချင်းရယ်တဲ့မှ မစာနာ၊ လမ်းညွှန်မှုပြုပြောသွားတာကို မောင်တင့်ခံပြင်းလို့မဆုံးပါဘူး။

လယ်သမားတစ်ယောက်ဟာ နံနက် (၄)နာရီ(၄)နာရီခွဲမှာအမြဲတမ်း အိပ်ယာကထရပါတယ်။ ဘုရားတရား ကြည်ညိုတဲ့လယ်သမားဆို ဘုရားရှိခိုး ကန်တော့ပါတယ်။ ပြီးတော့ ရေနွေး ကြမ်း၊ ထမင်းကြမ်းခဲကို ပဲပြုတ်ဆီဆမ်း၊ ညကဟင်းကျန်ကိုနွှေး၊ ဟင်းမကျန်ရင် လည်း အကြော်တစ်မျိုးမျိုးနဲ့ဖြစ်သလို စားပြီး နွားများကို အိပ်ယာကနှိုးရပါ တယ်။ နွားတွေအကြောဆန့် အပေါ့ အလေးသွားပြီးတော့ နွားချေးစပြီး ကျုံးရတော့တာပါပဲ။ ပြီးမှ နွားကိုတံပိုး တုံးမှာတတ်ပြီး ထယ်/ထွန်တံတွေကို အဲဒီတံပိုးတုံးပေါ်မှာ မျှတစွာတင်ပြီး လယ်ထဲကိုသွားရပါတယ်။ တစ်ချို့လည်း ထယ်/ထွန်တွေကို လယ်ထဲမှာထားခဲ့လို့ နွားချည်းမောင်းသွားရပါတယ်။ လယ် ကွင်းထဲရောက်တဲ့အခါ လယ်သမားလုပ် ငန်းများဖြစ်တဲ့ ထယ်ထိုးခြင်း၊ ထွန်မွှေ ခြင်း၊ စက်တုံးခုတ်ခြင်း၊ ဓားဂျမ်းတုံးရိုက် ခြင်း စတဲ့လုပ်ငန်းတွေကို နွားနဲ့အတူ တွဲလမ်းလျှောက်ပြီးလုပ်ရပါတယ်။ နံနက် (၈)နာရီခွဲ(၉)နာရီလောက်မှာ ခဏတစ် ဖြုတ်နား၊ နွားတွေအနားပေးပြီး လုပ်ငန်း ပြန်စရာမှ (၁၁)နာရီ (၁၁)နာရီခွဲလောက် မှာ နွားလုပ်ငန်းနားပါတယ်။ နွားနားတဲ့ အခါ နွားတွေကို လွှတ်ကျောင်း၊ လှန် ကျောင်းစနစ်များနဲ့ အစာစားစေပြီး လူကတော့ အိမ်ကလာပို့တဲ့ထမင်းကို တစ်ဦးတည်းဖြစ်စေ၊ လယ်နားနီးချင်း များနဲ့ စုဝေးပြီးဖြစ်စေ စားရတာပါပဲ။ စားရတဲ့ဟင်းက ပဲဟင်း၊ ဒန့်ဒလွန်ဟင်း ချို၊ ချဉ်ပေါင်ဟင်း တစ်မျိုးမျိုးနဲ့ ငါးပိ ရည်၊ ငါးပိထောင်း၊ ငါးပိကြော်၊ ငါးပိ ချက်တို့ပါပဲ။ အသားဟင်းကစားရခဲပါ တယ်။ ထွန်မွှေတဲ့နေ့များဆို ထွန်ဈေးခါ ရတာမောလို့ နို့ဆီဗူး(၂)ဗူးခွဲ(၃)ဗူးချက် လောက်ကတောပ့ ဗိုက်တောာင်မတင်း ပါဘူး။ ထမင်းစားပြီးတော့ သင့်တော် ရာလယ်ထဲရှိရင်လည်း လယ်တဲ၊ လယ်တဲ မရှိရင်လည်း အခြားလယ်နီးချင်းတွေရဲ့ တဲမှာ ခဏနားစကားပြောပြီး တစ်မှေး မှေးကြပါတယ်။ ပြီးတော့မှ ညနေပိုင်း လယ်သမားက သူတစ်ယောက်တည်း လုပ်ရမယ့် ကန်သင်းမျက်နှာသစ်ခြင်း၊ တူးပေါက်များပိတ်ဆို့ခြင်း၊ ကန်းသစ် အသစ်ဆယ်ခြင်း၊ အမှိုက်ကောက်ခြင်း၊ ပျိုးနှုတ်ခြင်းစတဲ့လုပ်ငန်းများကို ဆက် တိုက်လုပ်ရတာပါ။ အဲဒီလိုအလုပ်ကြမ်း တွေပင်ပင်ပန်းပန်းလုပ်ပြီးမှ ညနေ (၅) နာရီခွဲ(၆)နာရီလောက်ဆို နွားတွေနဲ့ အတူ အိမ်ကိုပြန်ကြပါတယ်။

အိမ်ရောက်တဲ့အခါ နားလို့မရသေး ပါဘူး။ နွားတွေမှာပါလာတဲ့မှက်တွေ၊ မျှော့တွေဖယ်ပေး၊ နွားတွေကို ကောက် ရိုး၊ မြက်၊ ပဲရိုးစတာတွေ နွားစားကျင်းထဲ ထည့်ကျွေး၊ နွားမီးဖို၊ နွားခြင်ထောင် (ဂုံနီအိပ်ပါး)ချပြီးမှ ရေမိုးချိုး အိမ်ပေါ် တက်ရတော့တာပါပဲ။ ပြီးမှ ညစာစားရ တာပါ။ တောဟင်းတောထမင်းပါ။ ထမင်းစားပြီး နားမယ်မကြံပါနဲ့ထယ်သွား၊ ထွန်တံပြင်ဆင်ခြင်း၊ နွားအတွက်ကြိုး ကျစ်ခြင်း၊ မျိုးအတွက်နှီးဖျာခြင်း၊ မျှော့ မတွယ်ရန်ထုံးနှင့်ဆေးရွက်ကြီးကြိတ်၍ ရောနှောခြင်းများလုပ်ပြီးမှ (၉)နာရီခွဲ (၁၀)နာရီမှာ အိပ်ယာဝင်ရပါတယ်။

စပါးရိတ်သိမ်းချိန် ဆောင်းဦးပေါက် မှာ ဦးစွာစပါးရိတ်ရပါမယ်။ ရိတ်ပြီးတာ နဲ့ တလင်းပြုပြင်ရပါတယ်။ ရိတ်သိမ်း ပြီးသားစပါးတွေကို တလင်းထဲပို့ထားရ ပါတယ်။

စပါးတွေ တလင်းထဲမှာ စုပုံထား တုန်း နယ်လှေ့တာ ခဏရပ်ထားပြီး ဆောင်းသီးနှံအတွက် ထယ်ရေးပြင်ရပါ တယ်။ ကြံ၊ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံတွေစိုက်ပြီးမှ စပါးနယ်လှေ့ဖို့ စပါး ဘက်တစ်ဖန်ပြန်လှည့်ရပြန်ပါတယ်။

တတိယလုပ်ငန်းမှ နွေလများဖြစ် တဲ့ မတ်၊ ဧပြီ၊ မေလဆန်းပိုင်းများမှာ ဆောင်းသီးနှံတွေရိတ်သိမ်းရမယ်။ အိမ် ပြင်ရတယ်။ နွားတင်းကုတ်ပြင်ရတယ်။ကောက်ရိုးပုံပြင်ရတယ်။ ထင်းတဲ၊ ဖွဲတဲ များပြင်ဆင်စုဆောင်းပြီး လယ်ထဲကို နွား ချေးချရပါတယ်။

အဲဒါကြောင့် နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်းဘယ်လိုမှ နားချိန်မရှိတဲ့ လယ်သမား၊ လယ်သမားများသက်သာ တဲ့၊ လုပ်ငန်းနားတဲ့အချိန်ကို ၀န်ကြီး ထောက်ပြစေချင်ပါတယ်။ မြန်မာပြည် အနေနဲ့ စက်မှုလယ်ယာဆိုတာ စာထဲက ပုံပြင်တစ်ပုဒ်ပဲရှိပါသေးတယ်။ နေပြည် တော်တစ်ဝိုက်၊ ရန်ကုန်နားတစ်ဝိုက်က မတက်ဘဲ ပြည်နယ်နဲ့တိုင်းမြို့များမှာ ဖော်ရှိုးပြဖို့အဆင့်လောက်သာရှိပါတယ်။ နွားနဲ့ဖက်ပြီး ရုန်းကန်လှုပ်ရှားနေရဆဲပါ။

ဝန်ကြီးက စစ်သားဘ၀ကလာသူ၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ကလာသူဆို တော့ စစ်သားတွေကို အမိန့်ပေးညွှန် ကြားသလို လုပ်လိုက်တာနဲ့တူပါရဲ့။ တပ် ထဲမှာတော့ (ရှေ့တန်းတပ်များမှာပါ) ရိက္ခာအခက်အခဲဖြစ်ရင်၊ ရိက္ခာထုတ်ဖို့ ခက်ခဲရင်၊ ရိက္ခာထုတ်ရက်မှာ ရိက္ခာ မထုတ်နိုင်ရင် “မင်းတို့(၇)ရက်တစ်ပတ် စာကို (၁၀)ရက် (၁၁)ရက် “ဆန့်စား” ကြကွာလို့ပြီးစလွယ် ညွှန်ကြားတတ် ကြပါတယ်။ တစ်ချို့စစ်သည်တွေက “ဆန့်စား”ဆိုတာ “ခါးဆန့်စားတာကိုပြော တာ”လို့ နောက်သလို၊ တစ်ချို့ကလည်း “ဆန့်စားပြီးကွေးအိပ်”လို့ နောက်တက် ကြပါတယ်။”

အမှန်က အဲဒီ “ဆန့်စား”ဆိုတာကြီး က အထက်ဌာနချုပ်များဖြစ်တဲ့ ဗျူဟာ တို့ တပ်မဌာနချုပ်တို့၊ တိုင်းတို့ကတော့ မဆန့်စားပဲနဲ့ တကယ်လှုပ်ရှားနေရတဲ့ ရှေ့တန်းစစ်သည်များကိုသာ အုပ်ချုပ်မှု နှိမ်နင်းအောင် မလုပ်ပေးနိုင်လို့ “ဆန့်စား” ဆိုပြီး ပြီးစလွယ်တစ်ဖက်သတ်အမိန့်ပေး ညွှန်ကြားခြင်းဖြစ်ပါတယ်။ စခန်းထိုင်တပ် များအနေနဲ့ အခက်အခဲသိပ်မရှိနိုင်ပေမဲ့ လှုပ်ရှားစစ်ကြောင်း၊ တပ်ရင်းများအနေနဲ့ ဒီ “ဆန့်စား”ဆိုတဲ့ အမိန့်ကတော်တော် ဒုက္ခရောက်ပါတယ်။ အဲဒီတော့ လှုပ်ရှား စစ်ကြောင်းတပ်ရင်းများက ရွာတွေမှာ၊ တောင်ယာတဲတွေမှာ၊ ရေရဟတ်မောင်း ဆုံတွေမှာ ပြည်သူတွေရဲ့ ဆန်စပါးတွေ ခိုးယူစားသုံးကြတော့တာပါပဲ။ အခုလည်း ၀န်ကြီးက လယ်သမားတွေကို “ဆန့်စား” ခိုင်းပြန်ပါပြီ။

ထမင်းတစ်နပ်လျှော့စားခိုင်းသည့် လယ်/ဆည်ဝန်ကြီးကို သမ္မတကခေါ်ယူ သတိပေးဆိုတဲ့သတင်းကို ဖတ်ရပါတယ်။ သမ္မတကတော့ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးကို “ကြို/ကာ”လုပ်ထားတာ လို့ယူဆပါတယ်။ ကြို/ကာဆိုတာ ရဲတပ် ဖွဲ့မှာ အသုံးများတဲ့စကားပါ။ ပြည်သူ ကျေနပ်အောင်လုပ်ပြထားတာလို့ ထင် ပါတယ်။ ဒီလို “ကြို/ကာ”လုပ်ထားတာ လုံလောက်ပါရဲ့လားလို့လည်း မောင်တင့် စဉ်းစားမိပါတယ်။

ခုလည်း လယ်သမားများမှာလယ် မြေတွေ အသိမ်းခံရ၊ ၀ယ်တဲ့သူတွေက အလေး/ကတ္တား၊ တင်းတောင်းတွေခိုး၊ ပြုပြင်ပြီးသားဓာတ်မြေသြဇာအိတ်တွေ ၀ယ်သုံးနေရ၊ စိုက်ပျိုးတဲ့လယ်သမားတွေ အနေနဲ့ မိုးမရွာမှာကို ကြောက်ရ၊ မျိုးမ မှန်မှာကိုကြောက်ရ၊ ပိုးကိုက်မှာကို ကြောက်ရ၊ သူခိုးခိုးမှာကိုကြောက်ရနှင့် ခုထပ်ပြီး အစိုးရကို ကြောက်နေရမယ် ဆိုရင်ဖြင့်
အစ်ကိုကြီးခင်ဗျာ-
အဘခင်ဗျာ-
ဗိုလ်ချုပ်ကြီးခင်ဗျာ-
ဝန်ကြီးခင်ဗျာ-
လွှတ်တော်မှာဖြေသလို၊ ဖြေခွင့် ရှိလို့၊ ပြောခွင့်ရှိလို့ပြောရမယ်ဆိုရင် မောင်တင့်ပြောခဲ့တဲ့အကြောင်းကြောင်း သော အကြောင်းကြောင်းများကြောင့် ဆင်းရဲမွဲတေ ပင်ပန်းကြီးလှသော လယ် သမားများအနေဖြင့် ထမင်းတစ်နပ် လျှော့စားရန် အစီအစဉ်မရှိကြောင်းပါ ခင်ဗျာ။

လှတင့်ဆွေ(ပိန်းဇလုပ်)
The Hot News


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့