Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 29 August 2012

သတင်းတိုများ


တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Tourist Information Counter များ ထပ်မံဖွင့်လှစ် သွားရန်ရှိ

ပြည်တွင်းကို လာရောက် လည်ပတ်တဲ့ ပြည်ပ ခရီးသွား ဧည့်သည်များ အနေနဲ့ နေရာဒေသ ဆိုင်ရာ သတင်း အချက်အလက်များ ပြည့်စုံ မှန်ကန်စွာနဲ့
အလွယ်တကူ သွားလာ နိုင်ရေး၊ လိုအပ်တဲ့ အကူအညီ များရယူ နိုင်ရေးတို့ အတွက် ဆက်သွယ် နိုင်မယ့် Tourist Information Counter တွေကို ဖွင့်လှစ် ပေးလျက်ရှိရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အနှံ့ အဆိုပါ ကောင်တာ များကို ထပ်မံ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ Tourist Information Counter များကို ပြည်ပ ခရီးသွားများ ပိုမို သွားရောက်တဲ့ အချက်အချာ နေရာများ ဖြစ်တဲ့ လေဆိပ်၊ ကားဂိတ်၊ သင်္ဘောဆိပ်၊ မီးရထား ဘူတာရုံ စတဲ့ နေရာတွေမှာ ဖွင့်လှစ် ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် များမှာ Tourist Information Counter ၁၃ ခုရှိပြီး ထပ်မံ တိုးချဲ့ ဖွင့်လှစ်မှုတွေကို ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ယခုရှိပြီးတဲ့ Tourist Information Counter ၁၃ ခုမှာတော့ မန္တလေးတိုင်း ဒေသကြီးမှာ ၃ ခု၊ ပုဂံမှာ ၃ ခု၊ ရန်ကုန်တိုင်း ဒေသကြီးမှာ ၃ ခု၊ တောင်ကြီးမှာ ၃ ခုနဲ့ ချောင်းသာမှာ ၁ ခု ဖွင့်လှစ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ အခုလို ပြည်ပ ခရီးသွားတွေ အလွယ်တကူ ဆက်သွယ် အသုံးပြု နိုင်မယ့် Tourist Information Counter များ ထပ်မံ ဖွင့်လှစ်ဖို့စီစဉ်ထားမှု သာမက ခရီးသွား ၀င်ရောက်မှုတွေ များပြား လာတာကြောင့် ပြည်ပ ခရီးသည်များ ၀င်ထွက်မှု စနစ်တကျ လွယ်ကူ အဆင်ပြေစေရေး၊ ခရီးသွား လုပ်ငန်း ဆိုင်ရာ သယ်ယူ ပို့ဆောင်ရေး ယာဉ်များ စနစ်တကျ ဖြစ်စေရေး၊ ဟိုတယ်နဲ့ စားသောက်ဆိုင် များရဲ့ ၀န်ဆောင်မှု အဆင့်အတန်း မြင့်မားရေး စတဲ့ အချက်တွေ ကိုလည် သက်ဆိုင်ရာ တာဝန်ရှိ သူများက ကြပ်မတ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

ယာဉ်ကြော ပိတ်ဆို့မှုကြောင့် သီရိမင်္ဂလာဈေး မှတ်တိုင်အား ပြောင်းလဲ သတ်မှတ်

သီရိမင်္ဂလာဈေး အနီးအနားမှာ နေ့စဉ် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ ခြင်းကြောင့် သီရိမင်္ဂလာဈေးရှေ့ လမ်းမရှိ ယခင် မှတ်တိုင်ကို ယခုအခါ ဘုရင့်နောင်
ဈေးဘက် သို့သွားတဲ့ ပိတောက် ချောင်းခုံး တံတား အလွန် စစ်ကြောရေး မှတ်တိုင် အနီးသို့ လည်းကောင်း၊ အနောက်ဘက် ခြမ်းကားလမ်း မြို့ထဲသို့သွားရာ ကားမှတ်တိုင်ကို အိုဝမ်းမှတ်တိုင် အနီးသို့ လည်းကောင်း ပြောင်းရွှေ့ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို သီရိမင်္ဂလာ ဈေးသစ် အသွားအပြန် ကားမှတ်တိုင် ပြောင်းရွှေ့ခြင်းဟာ ဈေးမှာ ကားအ၀င်အထွက်နဲ့ စည်းကမ်းမဲ့ ကုန်တင်ချမှု တွေကြောင့် ဖြစ်ပေါ်နေတဲ့ ကားလမ်း ပိတ်ဆို့မှု အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အတွက် ပြောင်းရွေ့ လိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ကားမှတ်တိုင် ပြောင်းရွေ့တဲ့ အတွက်လည်း ကုန်ပစ္စည်း သယ်ယူမှုကို ခရီးသည်တင် ယာဉ်များနဲ့ တဆင့် သယ်ယူရတဲ့ ဈေးသည်တွေဟာ ကားမှတ်တိုင် အထိ ဆိုက်ကားများ၊ ခါလီများနဲ့ ကုန်များ တဆင့် ထပ်မံ သယ်ဆောင် ရပြီး ကုန်ပစ္စည်း သယ်ဆောင်ခများ ပိုမိုပေးဆောင်ရတဲ့ အတွက်  ကုန်ကျစရိတ် ပိုမိုမြင့်တက်မှုတွေ ဖြစ်ပေါ် လာတယ်လို့ ဈေးရောင်းချ သူများထံမှ သိရပါတယ်။

သီရိမင်္ဂလာ ဈေးသစ်မှာ မှတ်တိုင် နေရာသစ်များ သတ်မှတ်ပေးထား ပေမယ့်လည်း ခရီးသည် တင်ယာဉ် အချို့ဟာ  တာဝန်ရှိ သူများနဲ့ ယာဉ်ထိန်းရဲများ ရှိချိန်မှသာ မှတ်တိုင်မှာ ရပ်ပြီး စစ်ဆေးမူ အားနည်းတဲ့ ညပိုင်းအချိန်များ မှာတော့ ဈေးရှေ့မှာ စည်းကမ်းမဲ့ ကုန်တင်ဆောင် နေမှုများ၊ ရပ်နားမှု တွေကတော့ ဆက်လက် ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာ-ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ

ဗီယက်နမ်နိုင်ငံ၊ ဗီယက်နမ် ကုန်သည်ကြီးများ အသင်းမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင် ၂၀ ဦးခန့် ပါဝင်တဲ့ ကိုယ်စားလှယ်
အဖွဲ့ဟာ ပြည်တွင်းမှာ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်း တွေကို အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် သြဂုတ်လ ၂၈ ရက်နေ့က UMFCCI မှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ အခုလို လာရောက် တွေ့ဆုံရာမှာ သဘာဝထွက် အလှကုန် ပစ္စည်းများ ထုတ်လုပ်တဲ့ လုပ်ငန်း၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်း၊ အအေးခန်း သိုလှောင်ရုံ လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း ကိရိယာများ ထုတ်လုပ်တဲ့ လုပ်ငန်း၊ အထည်အလိပ် လုပ်ငန်း၊ ဖိနပ် လုပ်ငန်း၊ စာရေး ကိရိယာ လုပ်ငန်းနဲ့ ကလေးကစား စရာထုတ်ခြင်း လုပ်ငန်းတို့ကို ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတုပစ္စည်းများနဲ့ ဓာတ်ခွဲခန်းသုံး ကိရိယာများ၊ ပုံနှိပ်လုပ်ငန်းသုံး ပစ္စည်း ကိရိယာများ၊ ရေချိုးခန်းသုံး ပစ္စည်းများ၊ အိမ်တွင်း အလှဆင်မှုများ၊ အလူမီနီယံနဲ့ စတီးလ် ပစ္စည်းများ၊ သစ်တောနဲ့ သစ်တောထွက် ပစ္စည်းများ၊ ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများ စတာတွေ မှာလည်း ပူးပေါင်း လုပ်ဆောင်မှု တွေပြုလုပ်ဖို့အတွက် ဆွေးနွေးခဲ့ ကြပါတယ်။ အခုလို ဆွေးနွေးမှု မှာတော့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း၊ ဓာတ်ငွေ့သုံး စက်ကိရိယာများ၊ ရေစုပ်စက်နဲ့ ကောက်ရိတ်သိမ်း စက်ကိရိယာများ ထုတ်လုပ်တဲ့ လုပ်ငန်း တွေမှာလည်း ပူးပေါင်းဖို့ဆွေးနွေး ခဲ့သလို နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်နိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ အတွက်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ၃၀ ဦးခန့် လာရောက် တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံရာ မှာတော့ ဗီယက်နမ် နိုင်ငံဟာ ပြည်တွင်းရဲ့ စိုက်ပျိုးရေး လုပ်ငန်းနဲ့ စက်မှု ထုတ်ကုန် လုပ်ငန်းတွေမှာ စိတ်ဝင်စားမှု များပြားပြီး အများဆုံး ရင်းနှီးမြှုပ်နှံ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


ဆန်တင်ပို့မှု ဈေးကွက် ပိုမိုကောင်းမွန် စေရန် အရည်အသွေး ကောင်းမွန်သည့် စပါးမျိုး အနည်းငယ် ကိုသာ ရွေးချယ် စိုက်ပျိုးရန် လိုအပ်

ပြည်တွင်းမှာ ရှိတဲ့ စပါးစိုက် တောင်သူတွေ အနေနဲ့ လယ်ယာ စိုက်ပျိုးမှုမှာ မျိုးကွဲပေါင်း များစွာကို စိုက်ပျိုးမှုထက် အရည်အသွေး ကောင်းမွန်တဲ့ စပါးမျိုး
အနည်းငယ် ကိုပဲ ရွေးချယ် စိုက်ပျိုးပြီး ပြည်တွင်းရဲ့ ဆန်တင်ပို့မှု ဈေးကွက်ကို ကောင်းမွန်အောင် ဆောင်ရွက် သင့်တယ်လို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလိုမျိုး ရွေးချယ် စိုက်ပျိုးရာ မှာတော့ ဒေသနဲ့ ကိုက်ညီတဲ့ စပါးမျိုးကောင်း၊ မျိုးသန့်တွေကို ရွေးချယ် စိုက်ပျိုးဖို့ အတွက် ၀န်ကြီးဌာနမှ စပါးစိုက် တောင်သူတွေထံ နှိုးဆော်မှုတွေ ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

အဲ့ဒီလို နှိုးဆော်ရတာ ကတော့ ပြည်တွင်းမှာ ဆန်စပါး အဓိက စိုက်ပျိုး ထုတ်လုပ်ရာ အဓိက ဒေသ ဖြစ်တဲ့ ဧရာဝတီတိုင်း ဒေသကြီး မှာတောင် စပါးမျိုးကွဲပေါင်း ၅၄ မျိုး၊ ပဲခူးတိုင်း ဒေသကြီးမှာ မျိုးကွဲပေါင်း ၅၀ ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ မျိုးကွဲပေါင်း ၂၉ မျိုး အစရှိတဲ့ အတိုင်း စပါးမျိုးတွေ တူညီမှု မရှိဘဲ အများအပြား စိုက်ပျိုးနေ တာကြောင့် ဖြစ်ပါတယ်။ ဒီလို စပါး စိုက်ပျိုးမှုမှာ အမျိုးအစား ပေါင်းများစွာကို စိုက်ပျိုးနေကြတဲ့ အတွက် မျိုးများ ရောနှောပြီး ဆန်အရည်အသွေး ကျဆင်းခြင်း၊ ဈေးကွက် ၀ယ်ယူလိုအား ပမာဏ မလုံလောက်ခြင်း အစရှိတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရ တယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် စိုက်ပျိုးနေတဲ့ စပါးမျိုးတွေကို ကောင်းမွန်တဲ့မျိုး အနည်းငယ် ကိုသာ ရွေးချယ် စိုက်ပျိုးစေပြီး စပါးမျိုးကောင်း မှသာ အရည်အသွေး ကောင်းမွန်တဲ့ ဆန်ကို ထုတ်လုပ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ရွေးချယ်ရာ မှာလည်း ဒေသရေမြေ ရာသီဥတုနဲ့ ကိုက်ညီ ဖြစ်ထွန်းတဲ့ ဈေးကွက်ဝင် စပါးမျိုး ထဲကမှ မျိုးသန့်၊ စပါးမျိုး တစ်မျိုးမှ သုံးမျိုး အထိသာ ရွေးချယ်ပြီး မျိုးသန့်မျိုးပွား ဇုန်များကို တည်ထောင် စိုက်ပျိုးဖို့ လိုအပ်တယ်လို့ သိရပါတယ်။


ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်သည့် စာတိုက်လုပ်ငန်း ၀န်ဆောင်မှုအား ရွေးချယ် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်ရှိ

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၊ မြန်မာ့ စာတိုက် လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာ့ စာတိုက် လုပ်ငန်းကို ဈေးနှုန်း
ချိုသာပြီး အရည်အသွေး ကောင်းမွန်တဲ့ နှစ်သက်ရာ စာတိုက် လုပ်ငန်း ၀န်ဆောင်မှုများကို ပြည်သူတွေ အနေနဲ့ ရွေးချယ် အသုံးပြုခွင့် ရရှိစေဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ မြန်မာ့စာတိုက် လုပ်ငန်းရဲ့ Postal Reform ဆောင်ရွက်မှုကိုပါ ပြုလုပ်မှာဖြစ်ပါတယ်။

ဒီလိုပြုလုပ်ရင်တော့ အရည်အသွေးပြည့်ဝတဲ့ပြည်သူ့ ဗဟိုပြုစာတိုက်ဝန်ဆောင်မှုတွေကို လွတ်လပ်တဲ့ Business Model အဖြစ် ဖြည့်ဆည်း ပေးနိုင်ခြင်း၊ နိုင်ငံတော် အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အကျိုးအမြတ် ရရှိတဲ့ စာတိုက်လုပ်ငန်း ကုမ္ပဏီ အဖြစ် ရပ်တည် သွားနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တည်ဆောက် ထားပြီး ဖြစ်တဲ့ Postal Infrastructure များပေါ်မှာ လွတ်လပ်တဲ့ စီမံခန့်ခွဲမှု များနဲ့ ခေတ်မီ အိုင်တီ နည်းပညာများ အသုံးပြုကာ နိုင်ငံတကာ အဆင့်မီ အွန်လိုင်း စာတိုက် ၀န်ဆောင်မှု များကို အချိန်နဲ့ တပြေးညီ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မှု တွေကိုပါ ရရှိလာမှာ ဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ မှာတော့ စာပို့တိုက် လုပ်ငန်းရဲ့ ပြည်တွင်း၊ ပြည်ပချောပို့ဆောင်ရေး လုပ်ငန်း ၀န်ဆောင်မှု လုပ်ငန်းတွေကို Public Private Partinership (PPP) ပုံစံနဲ့ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်များ ခွင့်ပြုပြီး ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။


ဝယ်လိုအားကြောင့် ငါးရှဥ့်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ငါးထောင်ကျော် အထိ ဈေးနှုန်း မြင့်တက်

ပြည်တွင်းမှ ထွက်ရှိတဲ့ ငါးရှဥ့်တွေကို ပြည်ပတင်ပို့ရောင်းချလျက်ရှိရာ အခုလပိုင်း အတွင်း တရုတ် နိုင်ငံမှ ငါးရှဥ့်ဝယ်ယူမှု များပြားလာတဲ့ အတွက်
ငါးရှဥ့်ဈေးနှုန်း တွေမှာ တစ်တန်ကို အမေရိကန် ဒေါ်လာ ငါးထောင် ကျော်အထိ မြင့်တက်လာ ခဲ့တယ်လို့ မြန်မာနိုင်ငံ ငါးရှဥ့် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ငါးရှဥ့်ဈေးနှုန်း များမှာ သြဂုတ် လဆန်းပိုင်းက တစ်တန်ကို အမေရိကန် ဒေါ်လာ သုံးထောင့် ရှစ်ရာ ကျော်ရှိခဲ့ပြီး ယခု လကုန်ပိုင်းမှာ တစ်တန်ကို အမေရိကန် ဒေါ်လာ ငါးထောင် ကျော်အထိ ထပ်မံမြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ငါးရှဥ့်ဈေးနှုန်း မြင့်တက်မှုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ကာလ အတွင်း အမြင့်ဆုံး ဈေးနှုန်း ရရှိမှု ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှ ပြည်ပနိုင်ငံ တွေကို ငါးရှဥ့် တင်ပို့မှု အနေနဲ့ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော် တို့မှ အများဆုံး တင်ပို့ရပြီး တစ်နေ့ကို တန်ချိန် ၄၀ ခန့် တင်ပို့မှု ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း မှငါးရှဥ့်များကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့သို့ တင်ပို့ရာ မှာတော့ လေလံစနစ်နဲ့ တင်ပို့ ရောင်းချမှုများ ပြုလုပ်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှငါးရှဥ့် ဖမ်းဆီးရရှိမှု အများဆုံး ဒေသ ကတော့ ဧရာဝတီတိုင်း ဒေသကြီး ဖြစ်ပြီး အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၀ ခုကလည်း ဖမ်းဆီး ရမိတာ ဖြစ်ပါတယ်။ ဒီလိုဖမ်းမိတဲ့ ငါးရှဥ့်တွေ ကတော့ မွေးမြူရေး လုပ်ငန်းများမှ ဖမ်ဆီးရမိတာ 

မဟုတ်ဘဲ အင်းအိုင်၊ မြစ်ချောင်း၊ လယ်ကွင်းများမှ ဖမ်းဆီး ရမိတာ ဖြစ်တယ်လို့သိရပါတယ်။



ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေဆွဲမှုတွင် ပါဝင်သင့်သည့် အချက်များ စာတမ်းကို ယခုနှစ်အတွင်း အပြီးရေးဆွဲ သွားမည်

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ စီစဉ်ရေးဆွဲတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ အတွက်
နည်းဥပဒေ ရေးဆွဲမှုမှာ ပါဝင်သင့်တဲ့ အချက်များ စာတမ်းကို ယခု နှစ်ကုန်ပိုင်းမှာ အပြီးရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ ရေးဆွဲနိုင်ဖို့ အတွက်ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီး ဌာနမှ ပြင်ပမှ သစ်တောရေးရာ ပညာရှင်များကို ဖိတ်ခေါ် ခဲ့ပါတယ်။

ယခုအခါ အဆိုပါ ဥပဒေမှာ ပါဝင်သင့်တဲ့ အချက်များ ရေးဆွဲးဖို့ အတွက် ကိုတော့ ကော်မတီ ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီမှာ ပါဝင်ဖို့ ပြည်တွင်းရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ၄ ခုကိုလည်း  သက်ဆိုင်ရာ ၀န်ကြီး ဌာနမှ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အဆိုပါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ၄ ဖွဲ့ဟာ  နည်းဥပဒေ ရေးဆွဲရာမှာ ပါဝင်သင့်တဲ့ အချက်များ စာတမ်းကို ပြုစုရေးဆွဲ လျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလမှာ အပြီး ရေးဆွဲနိုင်ဖို့ မျှော်မှန်းထား တယ်လို့ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြည်သူ အစုအဖွဲ့ ဖွံ့ဖြိုးရေး အသင်း ECCDI  မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 အဲ့ဒီလို စာတမ်း ပြုစုလျက်ရှိတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ၄ ဖွဲ့ကတော့ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြည်သူအစု အဖွဲ့ ဖွံ့ဖြိုးရေး အသင်း၊ ဇီဝမျိုးကွဲ သဘာဝ ထိန်းသိမ်းရေး အသင်း ဘန်ကာ ၊ သစ်တော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေး အသင်း ဖရီဒါ နဲ့ မြန်မာပြည် ပြည့်မြဲစွမ်းအင် အသင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့ လေးဖွဲ့ဟာ ယခုလို စာတမ်း ရေးဆွဲးမှု အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ကိုလည်း သက်ဆိုင်ရာ ၀န်ကြီး ဌာနများနဲ့ ပူးပေါင်းကာ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။ 

ကြွေးကျန် တောင်သူများအား ဆန်စပါး အထူးပြု ကုမ္ပဏီများမှ ထပ်မံ ထုတ်ချေးပေး

ပြည်တွင်းမှာ ဆန်စပါး အထူးပြု ကုမ္ပဏီ ၅၇ ခုရှိတဲ့အနက် အထူးပြု ကုမ္ပဏီ အခု ၂၀ ခန့်က ယခင်နှစ်က တောင်သူ လယ်သမားများ ထံမှ ကြွေးကျန်များ
ရဖို့ ရှိနေ ပေမယ့်လည်း ယခုနှစ် မိုးစပါး အတွက်  စိုက်ပျိုးစရိတ် ထုတ်ချေးငွေ များကို ထပ်မံ ထုတ်ချေးပေး လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ကုမ္ပဏီများ အနေနဲ့ ချေးငွေ များကို ထပ်မံ ထုတ်ချေး ပေးမှုဟာ  တောင်သူများ အနေနဲ့ ယခု လက်ရှိမှာ မိုးရွာသွန်းမှုများနဲ့ မြစ်ရေကြီးမှု တွေကြောင့် လယ်မြေများ ရေလွှမ်းမိုးမှု ခံရပြီး စိုက်စရိတ် အခက်အခဲ ဖြစ်နေတဲ့ အတွက် ယခုလို ချေးငွေများ ထပ်မံ ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။

ချေးငွေ ပမာဏ ကိုတော့ ယခင် ၂၀၁၁ ခုနှစ်က ထုတ်ချေးပေးခဲ့တဲ့ ချေးငွေ ပမာဏရဲ့ ၅၀ ရာခိုင်နှုန်း ခန့်ကိုသာ ထုတ်ချေး ပေးတာဖြစ်ပြီး ယခုလို ထပ်မံ ထုတ်ချေး ပေးတဲ့ ချေးငွေများ ကိုတော့ ယခင်နှစ်များက ထုတ်ချေးထားတဲ့ ချေးငွေ စာချုပ်မှာသာ ထပ်မံ ပေါင်းထည့် သွားမှာဖြစ်ပြီး စာချုပ် အသစ် ထပ်မံ ချုပ်ဆိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဆန်စပါး အထူးပြု ကုမ္ပဏီများ အနေနဲ့ တောင်သူများကို ယခုလက်ရှိ ကူညီထားမှုတွေ အပြင် ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ၃ နှစ်တာ ကာလ အတွင်း မှာလည်း ကုမ္ပဏီ ၅၇ ခုမှ တောင်သူများ အတွက် ချေးငွေ ပမာဏ ငွေကျပ်ဘီလီယံ ၁၀၀ ခန့် ထုတ်ချေး ပေးခဲ့ပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ယခင်နှစ် ကလည်း ဒေသ အချို့ရှိ တောင်သူများ အနေနဲ့ မိုးလေ၀သ အခြေအနေကြောင့် စပါးစိုက်ခင်း ပျက်ခြင်း၊ စပါး ပေါ်ချိန်မှာ စပါးဈေးများ အဆမတန် ကျဆင်းခြင်း တာတွေကြောင့် အထူးပြု ကုမ္ပဏီများကို ချေးငွေ ပြန်လည် ပေးသွင်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။


ယာဉ်ကြော ပိတ်ဆို့မှုအား နည်းပညာ အသုံးပြုကာ စနစ်တကျ ဖြေရှင်းရန် လိုအပ်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လမ်းတွေ ပေါ်မှာ ယာဉ်ကြော ပိတ်ဆို့မှု များစွာ ဖြစ်ပေါ်နေပြီး ယာဉ်ကြော ပိတ်ဆို့မှု တွေကို နည်းပညာများ အသုံးပြုကာ
စနစ်တကျ ဖြေရှင်းနိုင်ဖို့ လိုအပ် တယ်လို့ သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒေသတွင်း သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဌေးဌေးလွင်ရဲ့ ယာဉ်ကြော ပိတ်ဆို့မှုများ ဆန်းစစ် လေ့လာခြင်း စာတမ်းမှ သိရပါတယ်။

ယာဉ်ကြော ပိတ်ဆို့မှု တွေကို ဖြေရှင်းဖို့ အတွက် အားနည်းချက် များစွာ ရှိနေပြီး အဓိက အကြောင်းရင်းတွေ ကတော့ လမ်းဆုံရှိ မီးပွိုင့်များကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ခြင်း၊ အချို့သော လမ်းဆုံများရှိ မီးပွိုင့်တွေဟာ ကောင်းစွာ အလုပ် မလုပ်ခြင်း၊ ယာဉ်များ စည်းကမ်းမဲ့စွာ ကျော်တက် ခြင်းနဲ့ ခရီးသည်တင် ယာဉ်ကြီးများရဲ့ မဆင်မခြင် ယှဉ်ပြိုင် မောင်းနှင်မှု များကို ထိရောက်စွာ ထိန်းချုပ်ခြင်းတို့ လိုအပ်တာ ဖြစ်ပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုဟာ စီးပွားရေး အပေါ် အကျိုး သက်ရောက်မှု၊ ဆုံးရှုံးမှု များလည်း ဖြစ်ပေါ်စေ ပါတယ်။

အဲ့ဒီလို ဆုံးရှုံမှုတွေ ကတော့ ယာဉ်ကြော ပိတ်ဆို့မှုကြောင့်  ခရီးသွား လာရာမှာ ခရီးစရိတ်များ ပိုမိုကုန်ကျခြင်း၊ အချိန်ကြန့်ကြာမှုကြောင့် ကုန်ထုတ်လုပ်မှု စွမ်းရည်နဲ့လုပ်အားများ လျော့ကျခြင်း၊ ကုန်စည်နဲ့ ၀န်ဆောင်မှု များကို ဆောင်ရွက်ရာမှာ မလိုအပ်ပဲ ဆုံးရှုံး ကုန်ကျမှုများ ဖြစ်ပေါ်နိုင်တဲ့ အတွက် စီးပွားရေးပါ ထိခိုက် နိုင်တာ ဖြစ်ရပါတယ်။ အခုလို ယာဉ်ကြော ပိတ်ဆို့မှု လျှော့ချနိုင်ဖို့ အတွက် ကိုတော့ အဓိက လမ်းမကြီးများ ထပ်မံ တည်ဆောက်ခြင်း၊ ခရီးသွားလာမှုနဲ့ သယ်ယူ ပို့ဆောင်ရေး လိုအပ်ချက်ကို စီမံခန့်ခွဲခြင်း၊ ခေတ်မီ နည်းလမ်းများနဲ့ ကျွမ်းကျင် ၀န်ထမ်းများ သုံးစွဲပြီး ယာဉ်ကြော ပိတ်ဆို့မှုကို စီမံခန့်ခွဲ ဖြေရှင်းခြင်း အစရှိတာတွေ ပြုလုပ်ဖို့ လိုအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့