Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 28 August 2012

သတင်းတိုများ


ပြည်တွင်း တယ်လီဖုန်း လုပ်ငန်းအား ရွေးချယ်မှုနှင့် ယှဉ်ပြိုင်မှု ပါရှိသော ဈေးကွက်အဖြစ် ပြောင်းလဲ သွားမည်

ပြည်တွင်းရဲ့ ဆက်သွယ်ရေး Reform Plan အရ ယခင်က ရွေးချယ်မှုနဲ့ ယှဉ်ပြိုင်မှု မရှိတဲ့ တယ်လီဖုန်း ဈေးကွက် လုပ်ငန်း အစား အခု နောက်ပိုင်းမှာ
ရွေးချယ်မှုရော ယှဉ်ပြိုင်မှုပါ ရှိစေတဲ့ ဈေးကွက် တစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်လျက် ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ရွေးချယ်မှုကော ယှဉ်ပြိုင်မှုပါ ရှိလာမယ့် တယ်လီဖုန်း ဈေးကွက် လုပ်ငန်း တစ်ခုဖြစ်ပေါ်ဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ တို့ကို ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေတဲ့ ကုမ္ပဏီကြီးတွေနဲ့အကျိုးတူ ပူးပေါင်းခြင်း၊ အပြည်ပြည် ဆိုင်ရာ တင်ဒါ ခေါ်ယူခြင်း တို့ကို လက်ရှိမှာ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် တယ်လီဖုန်း ၀န်ဆောင်မှု ဖြစ်တဲ့ မိုဘိုင်း၊ PSTN , IT, Internet ၀န်ဆောင်မှုတို့ကို ယှဉ်ပြိုင် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ ဒီလို ယှဉ်ပြိုင် ဆောင်ရွက် စေရာမှာ မြန်မာ တယ်လီကွန်း ကုမ္ပဏီကို ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ ရန်ပုံငွေ နဲ့အတူ နိုင်ငံတကာ အဖွဲ့အစည်းများ ထံမှ ချေးငွေ၊ အထောက်အပံ့များ၊ နည်းပညာများ ရယူကာ လုပ်ငန်း လည်ပတ် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ တယ်လီကွန်း၊ ရတနာပုံ တယ်လီကွန်း တို့နဲ့ အပြိုင် Separate Operator Co.,Ltd  နှစ်ခုကို နည်းဥပဒေ နဲ့အညီ တယ်လီကွန်း ၀န်ဆောင်မှုကို ယှဉ်ပြိုင် ဆောင်ရွက်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ ဖုန်းလိုင်းပေါင်း ၃ သန်းကျော် ချထားပေးပြီး အဆိုပါ လိုင်း ၃သန်း ကျော်မှာ မိုဘိုင်းဖုန်း လိုင်း တစ် သန်းကျော်နဲ့ ကြိုးဖုန်းလိုင်း နှစ်သန်းကျော် ချထားပေးပြီး ဖြစ်ပါတယ်။  ပြည်တွင်း မှာရှိတဲ့ လူဦးရေဟာ သန်း ၆၀ ကျော်ရှိပြီး ဖုန်းလိုင်း အင်အား ၃ သန်းကျော် ရှိတာကြောင့် တယ်လီဖုန်း သုံးစွဲနိုင်မှုဟာ အခုအချိန်မှာ ၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း အချက်အလက်များ အရ သိရပါတယ်။

အစ္စရေးနှင့် အိန္ဒိယနိုင်ငံများမှ ပညာရှင်များမှ လေဖြတ် ရောဂါဆိုင်ရာ သိကောင်းစရာများ လာရောက် ဆွေးနွေး

မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ မြန်မာနိုင်ငံ ဦးနှောက်နဲ့ အာရုံကြော အထူးကု အဖွဲ့မှ လေဖြတ် ရောဂါဆိုင်ရာ စာတမ်း ဖတ်ပွဲကို သြဂုတ်လ ၂၆ ရက်နေ့က
ပါ့ရိုင်ရယ် ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဲ့ဒီ စာတမ်း ဖတ်ပွဲမှာ အစ္စရေး နိုင်ငံနဲ့ အိန်္ဒိယနိုင်ငံမှ ပညာရှင်များက နိုင်ငံတကာရှိ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆေးပညာသစ် များကို အဓိက ဆွေးနွေး ပို့ချခဲ့တာ ဖြစ်ပါတယ်။

လေဖြတ်ရောဂါ ဆိုင်ရာ စာတမ်း ဖတ်ပွဲမှာ လေဖြတ်ခြင်း ဆိုင်ရာ ရောဂါ အကြောင်း၊ ကာကွယ်ခြင်းနဲ့ ကုသခြင်း ဆိုင်ရာများ၊ ရုတ်တရက် လေဖြတ်တဲ့ အခါမှာ သွေးတွင်း အချိုဓာတ် မြင့်မားမှုကို ကုသခြင်း၊ လေဖြတ်ရောဂါမှ ကာကွယ်ခြင်း ဆိုင်ရာ နည်းလမ်းများ၊ Strocit ဆေးကို အသုံးပြုပြီး လေဖြတ် ရောဂါကို ကုသခြင်း ဆိုင်ရာ အကြောင်းအရာ တွေကို ဆွေးနွေးခဲ့ ပါတယ်။ ဒါ့အပြင် လေဖြတ်ပြီးတဲ့ အခါ သင်ယူလေ့လာ နိုင်တဲ့ စွမ်းအား လျော့နည်း သွားမှုကို ပြန်လည် ကုသခြင်းနဲ့ Strocit ဆေးကို အသုံးပြုပြီး မတော်တဆ ထိခိုက်မှုမှာ ရရှိတဲ့ ဦးနှောက် မှတ်ဉဏ် ထိခိုက်မှုကို ကုသခြင်း စတဲ့ အကြောင်းအရာ များကို ဆွေးနွေး တင်ပြ သွားပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဆရာဝန်များ အသင်း၊ မြန်မာနိုင်ငံ ဦးနှောက်နဲ့ အာရုံကြော အထူးကု အဖွဲ့မှ ဆရာဝန်များ စုစုပေါင်း ၂၅၀ ခန့် တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။


မော်တော်ယာဉ်များ ပိုမိုဝယ်ယူ လာနိုင်ခြင်းနှင့် လက်ရှိ သယ်ယူ ပို့ဆောင်ရေး စနစ် အားနည်းချက်ကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်

သြဂုတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ဒေသတွင်း သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲမှာ စာတမ်းရှင်
တစ်ဦးရဲ့ ပြောကြားချက် အရ လက်ရှိ ရန်ကုန် မြို့တွင်းမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေမှု တွေဟာ မော်တော်ယာဉ်များ ပိုမိုဝယ်ယူ လာနိုင်ခြင်းနဲ့ လက်ရှိ သယ်ယူ ပို့ဆောင်ရေး စနစ်ရဲ့ အားနည်းချက် အချို့ တို့ကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဆန်းစစ် လေ့လာခြင်း စာတမ်းမှာ ဖော်ပြထားချက် အရ သိပါတယ်။

အဆိုပါ စာတမ်းအရ ဒီလို ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပွားရာမှာ ရုတ်တရက် ဖြစ်ပွားရတဲ့ အကြောင်းအရင်းနဲ့ ပုံမှန်ဖြစ်ပွား နေတဲ့ အကြောင်းအရင်း ဆိုပြီး နှစ်ပိုင်း ခွဲခြား လေ့လာ ထားတာကို တွေ့ရပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှု ရုတ်တရက် ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေ ထဲမှာ မတော်တဆမှုများ ပေါ်ပေါက်ခြင်း၊ ယာဉ်အသွားအလာများတဲ့ အချိန်မှာ လမ်းတံတားများ ပြုပြင်ခြင်း၊ ရာသီဥတု ရုတ်တရက် ဆိုးရွားခြင်း တို့ကြောင့် ရုတ်တရက် ယာဉ်ကြော ပိတ်ဆို့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်စေတဲ့ ပုံမှန် အကြောင်းအရင်းတွေ ကတော့  လက်ရှိ လမ်းပန်း ဆက်သွယ်မှု ကွန်ယက်မှာ တိုးတက်လာတဲ့ ယာဉ်အစီးရေကို မပံ့ပိုးနိုင်ခြင်း၊ မော်တော်ယာဉ် လိုအပ်ချက်နဲ့ ၀ယ်လိုအား မြင့်မားလာခြင်း၊ အချက်ပြ မီးပွိုင့် စနစ်များ ပျက်ယွင်းခြင်း၊ အချိန်မမှန်ခြင်း တို့ကြောင့် ဖြစ်ပွားရတယ် လို့လည်း စာတမ်းမှာ ဖော်ပြထား ပါတယ်။ အဆိုပါ အချက်များ အပြင် လမ်းသွယ်များ အတွင်း ယာဉ်အမြောက်အများ ရပ်နားခြင်း၊ အခြေခံပညာ ကျောင်းများမှာ ကျောင်းကြို/ ပို့ချိန် တွေမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ စာရင်း အရ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းမှာ မော်တော်ယာဉ် စီးရေ သုံးသိန်း တစ်ထောင် စီးရှိပြီး အဆိုပါ အစီးရေ ထဲကမှ ၂၀၁၂ ခုနှစ် အတွင်းမှာ အသားတင် တိုးပွားလာတဲ့ ယာဉ်အစီးရေ ကတော့ နှစ်သောင်း သုံးထောင့် သုံးရာကျော် တိုးပွားလာတာ ဖြစ်ပါတယ်။

ရန်ကုန် မြို့တွင်းရှိ ယာဉ်အစီးရေ သုံးသိန်း တစ်ထောင်ကျော်မှာ ကိုယ်ပိုင်ယာဉ် အစီးရေ နှစ်သိန်း တစ်သောင်း ကျော်ရှိပြီး အငှားယာဉ်နဲ့ ခရီးသည်တင် ဘတ်စ်ကား ကတော့ ခုနှစ်သောင်း နှစ်ထောင် ကျော်ရှိတာ ဖြစ်ပါတယ်။ ဌာနဆိုင်ရာ ယာဉ်အစီးရေ ကတော့ တစ်သောင်း ငါးထောင် နီးပါးရှိပြီး ယာဉ်ဟောင်း အပ်နှံမှုမှာ အစီးရေ နှစ်သောင်း ရှစ်ထောင် ခန့်ရှိပြီး ယာဉ်အသစ် ၀င်ရောက်မှုမှာ ငါးသောင်း တစ်ထောင် ကျော်ရှိတယ်လို့ သိရပါတယ်။ ဒီလို မော်တော်ယာဉ်များ တိုးပွား လာတာ နဲ့အမျှ ရန်ကုန် မြို့တွင်းရှိ ခရီးသွားလာ သူများရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ အခြားမြို့နယ် များမှဖြစ်ပြီး ခရီးသည်တင် ဘတ်စ်ကား သုံးစွဲသူမှာ ၈၅ ရာခိုင်နှုန်း ခန့်နဲ့ ကိုယ်ပိုင်ယာဉ်နဲ့ အခြား နည်းလမ်းများနဲ့ သွားလာသူ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှု ဧရိယာသို့ နေ့စဉ် ၀င်ရောက်တဲ့ မော်တော်ယာဉ် စီးရေ တစ်သောင်း ကျော်ခန့် ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။

ဒီလို ယာဉ်ကြော ပိတ်ဆို့မှုတွေကို လျော့ပါး နိုင်ဖို့အတွက် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ်တဲ့ ပုံမှန် အကြောင်းအရင်းကို ဖြေရှင်းရာမှာ အဓိက လမ်းမကြီးများ ထပ်မံ တည်ဆောက်ခြင်း၊ ခေတ်မီ နည်းလမ်းများနဲ့ ကျွမ်းကျင် ၀န်ထမ်းများ သုံးစွဲပြီး ယာဉ်ကြော ပိတ်ဆို့မှုကို စီမံခန့်ခွဲခြင်း စတဲ့ နည်းလမ်း တွေနဲ့လျှော့ချ နိုင်တယ်လို့ စာတမ်းမှာ ဖော်ပြထား ပါတယ်။ ဒါ့အပြင် ယာဉ်ကြော ပိတ်ဆို့မှု ရုတ်တရက် ပေါ်ပေါက် စေတဲ့ အကြောင်းအရင်း တွေကို ဖြေရှင်းရာ မှာတော့ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လမ်းကြောင်း လွှဲနိုင်မယ့် မဟာဗျူဟာများ ချမှတ်ခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်း နိုင်မယ့် စီမံချက်များ ချမှတ် အကောင်အထည် ဖော်ခြင်း၊ ပြပွဲများ၊ အားကစား ပြိုင်ပွဲများစတဲ့ အထူး အစီအစဉ်များ အတွက် ကြိုတင် စီမံခြင်းတို့ကို ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန် ဟင်းသီးဟင်းရွက် ဈေးကွက် ဈေးနှုန်း ၂ ဆမြင့်တက်

ပြည်နယ် အရပ်ရပ်မှ ရန်ကုန်သို့ တင်ပို့ရောင်းချ လျက်ရှိတဲ့ ဟင်းသီး ဟင်းရွက် ဈေးနှုန်းတွေဟာ အခုရက်ပိုင်း အတွင်း ဈေးနှုန်း ၂ ဆမြင့်တက် ခဲ့တယ်လို့
သီရိမင်္ဂလာ ဈေးရှိ ဟင်းသီးဟင်းရွက်ဒိုင် တွေရဲ့ပြောကြားချက် အရ သိရပါတယ်။ အခုလို ဈေးနှုန်းများ မြင့်တက်လာ ရတာဟာ အခုလပိုင်း အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်ရေမြင့်တက် မှုများ၊ ရေကြီးရေလျှံမှု များကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ဟင်းသီးဟင်းရွက် ဈေးနှုန်း များမြင့်တက် ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် လမ်းပန်း ဆက်သွယ်ရေး အခြေအနေ တွေကြောင့် ယခင် သယ်ယူရမှု မရှိခဲ့တဲ့ ခေါက်တို သယ်ယူ ပို့ဆောင်မှု တွေကိုပါ ပြုလုပ်ရ တာကြောင့်လည်း အခုလို ဈေးနှုန်း မြင့်တက် လာရတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဈေးမြင့်တက် လာတာဟာ မှော်ဘီ၊ ထောက်ကြန့် ဘက်မှ တင်သွင်း ရောက်ရှိလာတဲ့ ကုန်စိမ်းတွေမှာသာ ဈေးနှုန်းမြင့်တက် လာတာဖြစ်ပြီး ရှမ်းပြည်ဘက်မှ တင်သွင်း ရောက်ရှိတဲ့ ကုန်စိမ်း များကတော့ ဈေးတက်ခြင်း မရှိဘူးလို့ သိရပါတယ်။ ဒီလို ဟင်းသီးဟင်းရွက် ဈေးနှုန်း မြင့်တက်မှုမှာ ယခုရက်ပိုင်း အတွင်း ခဏမျှသာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ဈေးနှုန်းတွေ ပြန်လည် ကျဆင်းပြီး ပုံမှန် ဈေးနှုန်းတွေ ဖြစ်လာမှာ ဖြစ်တယ်လို့ ကုန်စိမ်းရောင်းချ သူများထံမှ သိရပါတယ်။

အခုလို ကုန်စိမ်း ဈေးနှုန်း မြင့်တက်မှုဟာ ကုန်စိမ်းဒိုင်တွေမှာ သာမက သီရိမင်္ဂလာဈေးမှ တစ်ဆင့် ပြန်လည် ၀ယ်ယူ ရောင်းချတဲ့ ဈေးငယ်တွေ မှာပါ ဟင်းသီး ဟင်းရွက် ဈေးနှုန်းတွေ လိုက်လံ မြင့်တက် လာပါတယ်။ အဆိုပါ ဈေးငယ်တွေ မှာတော့ ဈေးနှုန်းတွေဟာ ယခင်ကထက် သုံးဆနီးပါး မြင့်တက် လာတယ်လို့ နေ့စဉ် ဈေးဝယ်ယူ နေတဲ့ အိမ်ရှင်မတွေရဲ့ ပြောကြားမှု အရ သိရပါတယ်။ အဲ့ဒီလိုမြင့်တက် မှုဟာ ၀ယ်ယူရတဲ့ ဈေးနှုန်း မြင့်တက်မှု သာမက သီရိမင်္ဂလာဈေးမှ တစ်ဆင့် သက်ဆိုင်ရာ ဈေးတွေ၊ ဆိုင်တွေကို ပို့ဆောင်ဖို့ အတွက် လိုင်းကားတွေ ဂိတ်ရှိရာ နေရာကို သွားရောက် တင်ပို့ရာမှာ စရိတ် ကုန်ကျတာကြောင့် အခုလို ဈေးနှုန်းတွေ မြင့်တက် လာရတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ပြည်တွင်းရှိ လမ်းများ ပြုပြင် တည်ဆောက်မှုတွင် အိန္ဒိယနိုင်ငံမှ ကူညီပေး သွားမည်

ပြည်တွင်းရှိ လမ်းပိုင်းများ ပြုပြင် ခင်းကျင်းရာမှာ အိန္ဒိယနိုင်ငံ အစိုးရမှ ကူညီပေး သွားမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး
လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်လင်းက သြဂုတ်လ ၂၀ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ လမ်းပန်း ဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ ထည့်သွင်း ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ကူညီ ဆောင်ရွက်ပေး သွားမယ့် လမ်းပိုင်းတွေ ကတော့ ကလော-ယာကြီး ၂၆ မိုင် လမ်းပိုင်း၊ ကလေး-ယာကြီး ၇၅ မိုင် လမ်းပိုင်း၊ တမူး-ကလေးဝ လမ်းပိုင်းနဲ့ တီးတိန်-ရိဒ် ၃၁မိုင် ၅ဖာလုံ လမ်းပိုင်းတို့မှာ ကူညီပေး သွားမှာ ဖြစ်ပါတယ်။

အဆိုပါ လမ်းပိုင်းတွေ ထဲကမှ တမူး-ကလေးဝ လမ်းပိုင်း ကိုတော့ ပြုပြင် ခင်းကျင်းမှုတွေ ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ကျန်ရှိ နေတဲ့ လမ်းပိုင်းတွေ ကိုတော့ အိန္ဒိယနိုင်ငံမှ အဝေးပြေး လမ်းမကြီးတွေ အဖြစ် အဆင့်မြင့် တိုးချဲ့ ပြုပြင် ခင်းကျင်း ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို အဆင့်မြှင့်တင်မှု တွေဟာ မြန်မာ-အိန္ဒိယနဲ့ ထိုင်း ၃ နိုင်ငံ အဝေးပြေး လမ်းဖောက် လုပ်ရေး အတွက် ဖြစ်ပြီး ကုန်စည်များ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တင်ပို့ရာမှာ အထောက်အကူပြု စေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ် ခရီးသွား ၀င်ရောက်မှုအား ယခင်နှစ်ထက် ၅၀ ရာခိုင်နှုန်း နီးပါး ပိုမိုဝင်ရောက် လာရန် မျှော်မှန်းထား

လက်ရှိ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုကို ယခင်နှစ်များက ၀င်ရောက်မှုထက် ၅၀ ရာခိုင်နှုန်း နီးပါး ပိုမိုဝင်ရောက် လာဖို့ မျှော်မှန်းထား
တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ရန်ကုန်မြို့ဟာ လက်ရှိ အခြေအနေမှာ ပြည်ပ ခရီးသွားများ အတွက် လေဆိပ် အဓိက ၀င်ပေါက် တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသည် ၄သိန်း နီးပါး ၀င်ရောက် လည်ပတ် ခဲ့ကာ ယခု ၂၀၁၂ ခုနှစ် မှာတော့  ပြည်ပ ခရီးသွား ၆ သိန်းခန့် ပိုမိုတိုးတက် ၀င်ရောက်မှု ရှိနိုင်တယ်လို့  သက်ဆိုင်ရာ တာဝန်ရှိ သူတွေမှ ခန့်မှန်းထား ပါတယ်။

ဒါ့အပြင် မြန်မာ တစ်နိုင်ငံလုံးကို ကမ္ဘာလှည့် ခရီးသွား ဧည့်သည် လာရောက်မှုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော် စတဲ့ လေဆိပ်များမှ ၀င်ရောက်မှုနဲ့ နယ်စပ်ဒေသ များမှ ၀င်ရောက် လာကြတာ ဖြစ်ပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု တွေကြောင့် နယ်စပ် ဒေသမှ စီးပွားရေး လုပ်ငန်းရှင်များ ၀င်ရောက်မှုမှာ ယခင်နှစ်ထက် ပိုမိုများပြား လာပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြည်တွင်းကို ပြည်ပခရီးသွား ရှစ်သိန်း တစ်သောင်း ခြောက်ထောင့် သုံးရာကျော် ကျော်ဝင်ရောက်ခဲ့ပြီး  လေဆိပ်နဲ့ ဆိပ်ကမ်း များမှ ပြည်ပ ခရီးသွား ၃သိန်း ၉သောင်း ကျော်နဲ့ နယ်စပ် ဒေသမှ ခရီးသွား လေးသိန်း နှစ်သောင်း ကျော်ဝင်ရောက် ခဲ့ပါတယ်။

မြန်မာနိုင်ငံကို နယ်စပ်မှ ခရီးသွား ၀င်ရောက်မှု တွေဟာ  ခရီးသွားများ နေ့ချင်းပြန် ၀င်ရောက်မှုတွေ သာရှိပြီး ပြီးခဲ့တဲ့နှစ် နယ်စပ်မှ ၀င်ရောက်ခဲ့တဲ့ ပြည်ပ ခရီးသွား ၄ သိန်းကျော်မှာ နယ်စပ်မှ တဆင့် ကုန်တွင်းမြို့ကြီး များသို့ ဆက်လက် ၀င်ရောက် လာတဲ့ ခရီးသွားမှာ ထောင်ဂဏန်း အရေအတွက် မျှသာ ရှိတယ်လို့ သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

၅၀၀ ကေဗွီ ဓာတ်အား လိုင်းကို ပြည်ပနိုင်ငံများမှ ချေးငွေရယူ ဆောင်ရွက် သွားမည်

မိတ္ထီလာမြို့နဲ့ ပဲခူးမြို့ ကြားမှာ တည်ဆောက်မယ့် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက် မှုအတွက် လိုအပ်တဲ့ ချေးငွေကို ပြည်ပ နိုင်ငံများမှ ရယူ
ဆောင်ရွက် သွားမှာဖြစ်ပြီး လက်ရှိမှာ ချေးငွေ ရယူ ဆောင်ရွက်ဖို့ အတွက် ညှိနှိုင်း ဆွေးနွေးမှုတွေ ဆောင်ရွက်လျက် ရှိတယ်လို့ နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ  ၅၀၀ ကေဗွီ ဓာတ်အားလိုင်း စနစ် တည်ဆောက်ရေး လုပ်ငန်းကို အပိုင်း ၃ ပိုင်း ခွဲခြားပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒီလို တည်ဆောက်ရာမှာ အပိုင်း ၁  သပြေ၀ မိတ္ထီလာ တောင်ငူ ဓာတ်အား လိုင်း ၁၄၆ မိုင်အထိ တည်ဆောက် သွားမှာဖြစ်ပြီး အဆိုပါ အပိုင်း ၁ ကို နိုင်ငံတော် ဘတ်ဂျက်နဲ့ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်း ၂ အနေနဲ့ တောင်ငူ-ကမာနတ် ပဲခူး ဓာတ်အားလိုင်း ၁၁၇ မိုင်၊ အပိုင်း ၃ ဖြစ်တဲ့ သပြေ၀၊ တောင်ငူ၊ ကမာနတ် အစရှိတဲ့ နေရာတွေမှာ ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံ ၃ ရုံကို တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အပိုင်း ၂ နဲ့ အပိုင်း ၃ တည်ဆောက်မှု အတွက် လိုအပ်တဲ့ ငွေကြေး ကိုတော့ ပြည်ပ နိုင်ငံများမှ ချေးငွေရ ယူကာ  ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ချေးငွေ ရယူ ဆောင်ရွက်မယ့် အပိုင်း ၂ ဖြစ်တဲ့ ၅၀၀ ကေဗွီ တောင်ငူ- ကမာနတ် ပဲခူး ဓာတ်အားလိုင်း ၁၁၇ မိုင်အတွက် ဓာတ်အားလိုင်း ပစ္စည်းများ ၀ယ်ယူဖို့ အမေရိကန် ဒေါ်လာ ၈၇.၇၅ သန်းခန့် လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းများ ၀ယ်ဖို့ လိုအပ်တဲ့ ချေးငွေ အတွက်ကို ကိုရီးယား နိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေး ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်း ၃ ဖြစ်တဲ့ ၅၀၀ ကေဗွီ သပြေ၀၊ တောင်ငူ၊ ကမာနတ် ဓာတ်အားခွဲ ရုံသုံးရုံ အတွက် ချေးငွေ ကိုတော့ ဂျပန်နိုင်ငံနဲ့ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်း ဆွေးနွေးဖို့ ပြင်ဆင် လျက်ရှိပြီး အမေရိကန် ဒေါ်လာ ၇၈ သန်း လိုအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ၅၀၀ ကေဗွီ ဓာတ်အား လိုင်းဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး တည်ဆောက်မယ့် ဓာတ်အား လိုင်းဖြစ်ပြီး အဆိုပါ ဓာတ်အားလိုင်း တည်ဆောက် ပြီးပါက လက်ရှိ ဖြန့်ဖြူးပေး လျက်ရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ခုရှိ မြို့နယ်များကို ဗို့အား ပိုမိုထုတ်လွှတ် ပေးနိုင်မှာ ဖြစ်တဲ့အပြင် အလိုအလျှောက် ဓာတ်အား ဆုံးရှုံးမှု ရာခိုင်နှုန်းလည်း လျော့ကျ သွားမှာ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ရန်ကုန်မြို့တွင် ညပိုင်း ၁၁ နာရီအထိ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအား အရေးယူ

ရန်ကုန်မြို့တွင်းမှာ စည်းကမ်းမဲ့ ယာဉ်များ စည်းကမ်း ဖောက်ဖျက်မှု တွေကို ညပိုင်း ၁၁ နာရီ အထိ ယာဉ်ထိန်း ရဲများ တာဝန်ချ ထားကာ အရေးယူမှုများ
ပြုလုပ်လျက် ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ ကြေးနန်းနဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ မှူးရုံးနဲ့ မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်မောင်းများ ထံမှ သိရပါတယ်။ အဲ့ဒီလို အရေးယူ ဆောင်ရွက်ဖို့ အတွက် ယာဉ်ထိန်းရဲ များကို ယခုလ သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ ည ၁၁ နာရီ အထိ တာဝန် ထမ်းဆောင်မှု များကို စတင် ထမ်းဆောင် စေခဲ့တယ်လို့ သိရပါတယ်။

ယခင်ကတော့ ယာဉ်ထိန်း ရဲများကို ညပိုင်း အထိ တာဝန်ချ ထားခြင်း မရှိဘဲ ညနေပိုင်းအထိသာ တာဝန်ချ ထားပြီး ယာဉ်စည်းကမ်း ဖောက်ဖျက်မှု များကို အရေးယူ ခဲ့ပါတယ်။ ဒီလို ည ၁၁ နာရီ အထိ ယာဉ်ထိန်းရဲများကို တာဝန်ချထား ရခြင်းဟာ ရန်ကုန်မြို့ အတွင်း မောင်းနှင် လျက်ရှိတဲ့ ယာဉ်များ ညအချိန် မတော် စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်းနဲ့ မှတ်တိုင် မဟုတ်ပဲ လူအတင်အချ လုပ်တဲ့ ဘတ်စ်ကား များကို စည်းကမ်းရှိစွာ မောင်းနှင်ကြဖို့ အတွက် ကြပ်မတ် နိုင်အောင် အခုလို ည ၁၁ နာရီအထိ တာဝန်ချထား ရခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုများ ဖြစ်ပေါ် ပါကလည်း အဆိုပါ မော်တော် ယာဉ်ကို အချိန်မီ ဖမ်းဆီးနိုင်ဖို့ အတွက် အဓိက ရည်ရွယ်ပြီးလည်း အခုလို တာဝန်ချ ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ တွင်း ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့ ယာဉ်များကို အရေးယူရာမှာ သတ်မှတ် ထားတဲ့  မှတ်တိုင် တွေမှာ ခရီးသည် အတင်အချ မပြုလုပ်ဘဲ မှတ်တိုင် မဟုတ်တဲ့ နေရာမှာ ပြုလုပ်ပါက ငွေဒဏ် ပေးဆောင် ရခြင်းနဲ့ ယာဉ်မောင်း လိုင်စင် ပိတ်သိမ်း အရေးယူမှုတွေ အပြင် မော်တော်ယာဉ် ပြေးဆွဲခွင့်ပါ ရက်ပိုင်း ရပ်နားစေခြင်းစတဲ့ အရေးယူမှုတွေ ဆောင်ရွက် လျက်ရှိတယ် လို့သိရပါတယ်။



ရန်ကုန်မြို့တွင် ကျောက်မျက်ရတနာ ဓာတ်ခွဲခန်း ဖွင့်လှစ်ရန် စီစဉ်

ကျောက်မျက်ရတနာ တွေကို နိုင်ငံတကာ အဆင့်မီ ရောင်းချနိုင်ဖို့အတွက် ရန်ကုန်မြို့မှာ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်း ဖွင့်လှစ် သွားဖို့ စီစဉ်လျက်
ရှိတယ်လို့ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကျောက်မျက် ရတနာ ဓာတ်ခွဲခန်း ဖွင့်လှစ်ဖို့ အတွက် လက်ရှိမှာ နေရာ ရွေးချယ်မှုတွေ ဆောင်ရွက်နေပြီး ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ဖို့ အတွက်လည်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၊ သင်တန်း ကော်မတီမှ သင်တန်းသား များကို ဟောင်ကောင်သို့ ပညာတော်သင် ပို့လွှတ်မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းပေါင်း ၁၀ ခုခန့်ရှိပါတယ်။ အခု ရန်ကုန်မှာ ဖွင့်လှစ်ဖို့ စီစဉ်လျက် ရှိတဲ့ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းကိုတော့ နိုင်ငံတော် အဆင့် ဖွင့်လှစ်မှာ ဖြစ်ပြီး နောက်ဆုံးပေါ် အဆင့် စက်ပစ္စည်းများကို ၀ယ်ယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ခွဲခန်း ဖွင့်လှစ်မှု ကိုတော့ သင်တန်းသား များကို ဟောင်ကောင်သို့ ပညာတော်သင် ပို့လွှတ်ပြီး ပြန်ရောက် လာမှသာ စီစဉ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိ နေပြည်တော် ရွှေကြာပင် ရပ်ကွက်မှာ ဆောက်လုပ် လျက်ရှိတဲ့ ရွှေကြာပင် ကျောက်မျက်ရတနာ ဈေးကြီး မှာလည်း နောက်ပိုင်းမှာ ကျောက်မျက်ရတနာ ဓာတ်ခွဲခန်းများ ထည့်သွင်း သွားဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့