Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 17 August 2012

သတင်းတိုများ


ရန်ကုန်-ပုသိမ် အဝေးပြေး ကားများ အခေါက်ရေ လျော့ချပြေးဆွဲ လျက်ရှိ


မိုးတွင်းကာလ မြစ်ရေကြီးမှု ရေလျှံမှုတွေ ဖြစ်ပေါ် လျက်ရှိရာ ရန်ကုန်-ပုသိမ် လမ်းမကြီး ပေါ်မှာ လွန်ခဲ့တဲ့

 ရက်အနည်းငယ်က ရေကြီးမှုကြောင့် ပြေးဆွဲနေတဲ့

အဝေးပြေး ကားများ အခေါက်ရေ လျော့ချပြေးဆွဲ နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြေးဆွဲရာမှာ ပုသိမ်ကား လမ်းမပေါ်မှာ ရေကြီးတဲ့ အတွက် ယခင် ၆ ကြိမ် ထွက်တာကို ယခု ၃ ကြိမ်ပဲ ပြေးဆွဲပေး နေတာဖြစ်ပြီး ဒီလို အခေါက်ရေ လျော့ပြီး ပြေးဆွဲတာဟာ လမ်းမပေါ်မှာ ရေတက်နေတဲ့ အတွက် ရောက်တာ နောက်ကျတော့ အခေါက်ရေ နည်းသွားတာ ဖြစ်တယ်လို့ ဒဂုံဧရာ အဝေးပြေးမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒါ့အပြင် အခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပေမယ့် ကားလက်မှတ် နှုန်းထားတွေ ကတော့ ပုံမှန် အတိုင်းပဲ ရောင်းချ သွားမှာဖြစ်ပြီး ကားတွေ ကိုလည်း အပြီးမရပ်ပဲနဲ့ ခရီးသွားများ အဆင် ပြေစွာ သွားလာနိုင်ရေး အတွက် ပုံမှန်ထက် အကြိမ်ရေ လျော့ပြီး ပြေးဆွဲပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရတနာပုံဒိုင်းမွန်း ပလာဇာ ဖွင့်လှစ်


မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ MGW ဆောက်လုပ်ရေး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောက်လုပ် ခဲ့သည့် ရတနာပုံ စူပါစင်တာနှင့်
ဒိုင်းမွန်း ပလာဇာဖွင့်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက မန္တလေးမြို့၊ ချမ်းအေးသာဇံ မြို့နယ်၊ ၇၈ လမ်း၊ ၃၃-၃၄ လမ်းကြားမှာ ကျင်းပခဲ့ ပါတယ်။ အဆိုပါ ပလာဇာ ဖွင့်လှစ်မှုကို မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းက စက်ခလုတ်နှိပ်  ဖွင့်လှစ်ပေး ခဲ့တယ်လို့ သိရပါတယ်။
 အဲ့ဒီ ရတနာပုံ ဒိုင်းမွန်း ပလာဟာ နိုင်ငံတကာ အဆင့်မီ ပလာဇာ ဖြစ်သည် နှင့်အညီ စိတ်အေးချမ်း သက်သာစွာဖြင့် ခေတ်မီ အသုံးအဆောင် ပစ္စည်းမျိုးစုံ ၀ယ်ယူနိုင်ခြင်း၊ မိသားစု နှင့်အတူ အပန်းဖြေ အနားယူ နိုင်ခြင်းနှင့် ဧည့်ခံ ဖျော်ဖြေပွဲများ၊ အခမ်းအနားများ၊ ကုန်စည်ပြပွဲများ ပြုလုပ် ကျင်းပ နိုင်အောင် စီစဉ်ထား တယ်လို့ သိရပါတယ်။ အဲ့ဒီ အခမ်းအနားကို မန္တလေးတိုင်း ဒေသကြီး တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးစိုင်းမောင်လှ၊ တိုင်းဒေသကြီး စာရင်း စစ်ချုပ် ဦးကျော်ဝင်း၊ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမြင့်သိန်း၊ MGW ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ရတနာပုံဈေး အကျိုးတော်ဆောင် အတွင်းရေးမှူး ဦးမြင့်နိုင် တို့က တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။



ထာဝရ မန္တလေး မြန်မာ ဒရမ်မာ ဇာတ်လမ်းတွဲအား လာမည့် စက်တင်ဘာလမှ စတင်ကာ ရိုက်ကူးမည်


Forever နဲ့ BEC-TERO တို့ ပူးပေါင်း စီစဉ် ထုတ်လုပ်တဲ့ ထာဝရ မန္တလေး မြန်မာ ဒရမ်မာ ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာလမှ စတင်ပြီး
ရိုက်ကူး သွားမှာ ဖြစ်တယ်လို့ သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ အဆိုပါ မြန်မာ ဇာတ်လမ်းတွဲ ရိုက်ကူးရေး ကန်တော့ပွဲနှင့် စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားမှ သိရပါတယ်။ ဒီလို ရိုက်ကူးရာမှာ အဆိုပါ ဇာတ်ကားကို လာမယ့် စက်တင်ဘာ လမှ စတင်ကာ ရိုက်ကူး မှာဖြစ်ပြီး ဒီဇင်ဘာလမှာ အပြီး ရိုက်ကူး သွားဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ ကိုတော့ မြန်မာနိုင်ငံရဲ့ အထင်ကရ ယဉ်ကျေးမှု ဒေသဖြစ်တဲ့ မန္တလေး အပါအ၀င်၊ ပုဂံ၊ ပြင်ဦးလွင်၊ တောင်ပြုံး အစရှိတဲ့ နေရာတွေ အပြင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာပါ သွားရောက် ရိုက်ကူး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဇာတ်ကား မှာတော့ မြန်မာ လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ၊ ရိုးရာပွဲတော်တွေ ဖြစ်တဲ့ ရတနာ့ဂူပွဲ၊ ပုဂံမနုဟာ ဘုရားပွဲ၊ တောင်ပြုန်းပွဲ အစရှိတဲ့ ပွဲတော်ဓလေ့တွေ အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၀န်းကျင်ခန့်က လူတွေရဲ့ လှုပ်ရှား သွားလာမှု ခံစားမှုနဲ့ အခုခေတ် လူငယ်တွေရဲ့ ဘ၀ စိန်ခေါ်မှု ကြိုးစား အားထုတ်မှု အစရှိတဲ့ ခေတ်ကာလ နဲ့အညီ ကြိုးစားမှုတွေကို Drama ဇာတ်ကား အဖြစ် ရိုက်ကူး ပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ရိုက်ကူးရာ မှာတော့ ပြည်တွင်းမှ အကယ်ဒမီဆုရှင် ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဆရာငြိမ်းမင်းနဲ့ BEC-TERO ဘက်မှ ဒါရိုက်တာ တစ်ဦး၊ Art ဒါရိုက်တာတွေ အပြင် လူငယ် အဖွဲ့ဝင်တွေ ကပါ ပူးပေါင်း ပါဝင် ရိုက်ကူး သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ ဇာတ်လမ်းတွဲ မှာတော့ ၀ါရင့် သရုပ်ဆောင်များ ဖြစ်တဲ့ အကယ်ဒမီ နေအောင်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မေသဉ္ဇာဦး၊ အကယ်ဒမီ အောင်ခိုင်၊ အကယ်ဒမီ ၀ါဝါအောင်၊ သန်းသန်းစိုး အစရှိတဲ့ ၀ါရင့် သရုပ်ဆောင်တွေ အပြင် Forever BEC-TERO မှ ရွေးချယ်ပြီး သင်တန်းပေး ထားတဲ့ တက်သစ်စ သရုပ်ဆောင် များနဲ့ အခြားသော အနုပညာရှင် များစွာ ပါဝင် သရုပ်ဆောင် ထားတာ ဖြစ်ပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲ ကိုတော့ Forever BEC-TERO မှ စီစဉ်ရိုက်ကူး တာဖြစ်ပြီး အပိုင်း ၃၀ ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဇာတ်လမ်းတွဲ ရိုက်ကူး ပြီးစီးပါက Channel-7 Free to Air ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ထာဝရ မန္တလေး ဒရမ်မာ စီးရီး စာနယ်ဇင်း မိတ်ဆက်ပွဲနဲ့ ရိုက်ကူးရေး ကန်တော့ပွဲ အခမ်းအနား ကိုတော့ Forever Group မှ တာဝန်ရှိသူများ၊ BEC-TERO မှ တာဝန်ရှိ သူများနှင့်  ပါဝင် သရုပ်ဆောင် ကြတဲ့ အနုပညာရှင်များ၊ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော်များ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။


မြန်မာစာ ဂုဏ်ထူးရ ကျောင်းသားများအား ဆုများ ချီးမြှင့်


မရမ်းကုန်းမြို့နယ် စာရေးဆရာ အသင်းက ၂၀၁၁-၂၀၁၂ ခုနှစ် ပညာသင်နှစ်မှာ မြန်မာစာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့
မြန်မာစာ ဂုဏ်ထူးရအောင် သင်ကြား ပေးခဲ့တဲ့ ဆရာ၊ ဆရာမများ အတွက် ဂုဏ်ပြုဆု ပေးအပ်ပွဲနဲ့ မရမ်းကုန်း မြို့နယ် စာရေးဆရာ အသင်းဝင်များရဲ့ သားသမီး များကို ပညာသင်စရိတ် ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ်ရှိ အမှတ် ၅ အခြေခံပညာ အလယ်တန်း ကျောင်းမှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆုများကို မရမ်းကုန်း မြို့နယ် အထက်တန်းကျောင်း ၄ ကျောင်းမှ မြန်မာစာ ဂုဏ်ထူးနဲ့ အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးကို တစ်ဦးလျှင် ဂုဏ်ပြုငွေ ၃၈၀၀၀ ကျပ်နဲ့ ဂုဏ်ထူးရအောင် သင်ကြားပေးတဲ့ ဆရာ၊ ဆရာမ ၁၆ ဦး အတွက် တစ်ဦးလျှင် ဂုဏ်ပြုငွေ ၄၉၀၀၀ ကျပ်တိတိကို ပေးအပ် ခဲ့တာဖြစ်ပြီး မရမ်းကုန်း မြို့နယ် စာရေးဆရာ အသင်းဝင် တွေရဲ့ သားသမီး ပဉ္ဓမတန်းမှ ဒသမတန်း အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆ ဦးကို ပညာသင်စရိတ် ထောက်ပံ့ငွေများ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးများ စုစည်းပြီး ကဗျာစာအုပ် ထုတ်ဝေ


ကဗျာဆရာမ ပန်ဒိုရာ စီစဉ်ပြီး မြန်မာ အမျိုးသမီးများ စုစည်း ထုတ်ဝေတဲ့ ကြိုးညှိခြင်း ကဗျာစာအုပ် မိတ်ဆက်ပွဲနဲ့ လက်မှတ်ရေးထိုး ရောင်းချပွဲကို
သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် လမ်းရှိ House of Media & Entertaiment မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အခုလို အမျိုးသမီး သီးသန့် ကဗျာ စာအုပ်ကို ပထမဆုံး အကြိမ် ထုတ်ဝေတာ ဖြစ်ပြီး နှစ်ကာလများ စာပေမှ မြန်မာ တစ်နိုင်ငံလုံးကို ဖြန်ချိသွားမှာ ဖြစ်ပါတယ်။

အခုလို အမျိုးသမီး သီးသန့်ကဗျာ စာအုပ်ထုတ်ဝေ ရတာဟာ အမျိုးသမီး ကဗျာတွေ သီးသန့် စုစည်း ထားတဲ့ စာအုပ်တွေ နိုင်ငံ အတော် များများမှာ ထုတ်ဝေခဲ့ ကြပေမယ့် မြန်မာပြည် မှာတော့ ထုတ်ဝေခြင်း မရှိတာကို တွေ့မြင်ရတဲ့ အတွက် ယခုလို ထုတ်ဝေ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကဗျာရေး နေတဲ့ အမျိုးသမီးတွေ ရှိနေကြပြီး ဘယ်လို ကဗျာတွေ ရေးသားနေ ကြတယ် ဆိုတာကို တက်နိုင်သမျှ စုစည်းပြီး အရှိအတိုင်း မှတ်တမ်းတင် ထင်ဟပ် ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြိုးညှိခြင်း ကဗျာ စာအုပ်ကို ထုတ်ဝေခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ရှမ်းလမ်းဈေး ဈေးဆိုင်ခန်းများ ပြန်လည် တည်ဆောက်မှုတွင် ဈေးဆိုင်ရှင် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်း ထုတ်ချေးပေး

ပြီးခဲ့တဲ့ လပိုင်း အတွင်း မီးလောင်ခဲ့တဲ့ ရှမ်းလမ်း ဈေးမှာ ဈေးဆိုင်ခန်းများ ပြန်လည် တည်ဆောက်ဖို့ အခက်အခဲ ရှိနေတဲ့ ဈေးသူ၊ ဈေးသားများ အတွက်ကို
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ဈေးသူ၊ ဈေးသား တစ်ဦးကို ငွေကျပ် ၂ သိန်းနှုန်း ထုတ်ချေးပေး သွားမှာ ဖြစ်တယ်လို့ အဆိုပါ ဈေးတာဝန်ခံရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ဈေးဆိုင်ခန်း တည်ဆောက်ဖို့ အတွက် ထုတ်ချေးမှု ကိုတော့ အတိုးနှုန်း အနေနဲ့ ၁၃ ရာခိုင်နှုန်းနဲ့ တစ်နှစ် အချိန်ယူ ပေးဆပ် သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မှာတော့ အခုလို ချေးငွေ အကူအညီနဲ့ဈေးဆိုင်ခန်း တည်ဆောက်ဖို့ အတွက်ကို လာရောက် စာရင်းပေး ထားတဲ့ ဈေးသူ၊ ဈေးသား ၉၃ ဦး ခန့်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ရှမ်းလမ်း ဈေးဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယခု လက်ရှိ မှာတော့ အဲ့ဒီ ရှမ်းလမ်းဈေးကို ပြန်လည် ဆောက်လုပ် လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီး နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုလို ရှမ်းလမ်းဈေး ပြန်လည် ပြုပြင် ဆောက်လုပ်မှုကို ယခုလ အတွင်း အပြီးပြုလုပ် သွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ လဆန်းပိုင်းမှ စတင်ကာ စတင် ရောင်းချခွင့်ပြု သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ပြည်တွင်းတွင် ဖွဲ့စည်းပေး သွားရန်ရှိ

ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ တည်ထောင်ဖို့ အတွက် ဂျပန်နိုင်ငံ အစိုးရမှ စီစဉ်လျက် ရှိတယ်လို့ သြဂုတ်လ ၁၃ ရက်နေ့က Park Royal
ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Stock Exchange ဈေးကွက် ဆိုင်ရာ ဆွေးနွေးပွဲမှာ Daiwa PI Partners Co.Ltd မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ကို အခု ၂၀၁၂ ခုနှစ်အတွင်း ဖွဲ့စည်း တည်ထောင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ဟာ ဆိုရင် ပြည်တွင်းက ဖွံ့ဖြိုး တိုးတက်ဖို့ အလားအလာ ရှိတဲ့ ကုမ္ပဏီတွေကို ချေးငွေများ၊ စီမံခန့်ခွဲမှု အပိုင်းတွေကို ဂျပန်နိုင်ငံ အစိုးရက ကူညီပေးဖို့ အတွက် ဆွေးနွေး ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အဖွဲ့ တည်ထောင်ဖို့ ဆောင်ရွက် တာဟာ ၂၀၁၅ ခုနှစ်မှာ တည်ထောင် သွားမယ့် Stock Exchange ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီများ ပါဝင်နိုင်ဖို့ အတွက် ကိုလည်း အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှု အပိုင်းနဲ့ ပတ်သက်ပြီး UMFCCI မှာ စက်တင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုပါ ပြုလုပ် သွားဖို့ ရှိတယ်လို့ သတင်း ရရှိပါတယ်။


Intellectual Talk အစီအစဉ်တွင် Mobile နှင့် ITအကြောင်းကို အဓိက ဆွေးနွေးခဲ့

နယ်ပယ် အသီးသီးရှိ သိသင့်၊ သိထိုက်တဲ့ အကြောင်းအရာ များကို ပညာရှင် နှစ်ဦးနဲ့ ပရိသတ်မှ အပြန်အလှန် ဆွေးနွေး တင်ဆက်တဲ့ Intellectual Talk
အစီအစဉ်မှာ အခုတစ်ပတ်မှုကို ဘြဂုတ်လ ၁၆ ရက်နေ့က UMFCCI မှာ ကျင်းပခဲ့ပြီး အဲ့ဒီဆွေနွေးမှု မှာတော့ ပြောင်းလဲ လာတဲ့ Mobile နှင့် IT လမ်းကြောင်း သုံးစွဲမှု အကြောင်း များကို အဓိက ဆွေးနွေး တင်ဆက်မှုများ ပြုလုပ် ခဲ့ပါတယ်။ အဲ့ဒီ ဆွေးနွေးမှုမှာ ITပစ္စည်းများကို သုံးစွဲမှု အဆင့်ဆင့် ပြောင်းလဲ လာပုံများ၊ ယခင်က သုံးစွဲခဲ့ရတဲ့ ကွန်ပျူတာနှင့် ယခုလက်ရှိ ထွက်ပေါ်နေတဲ့ Tablet သုံးစွဲမှု ကွာခြားပုံ တွေကို ပြည်သူများ သိရှိအောင် ဆွေးနွေး ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးမှုကို KMD Computer Group ရဲ့ Chairman and CEO အဖြစ် တာဝန်ယူ ထားတဲ့ ဆရာ ဦးသောင်းတင်နဲ့ ဆရာ ဦးမျိုးမြတ်သူ တို့မှ ဆွေးနွေးပေး ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုခေတ်မှာ တိုးတက် လာတဲ့ ခေတ်နဲ့ အညီ စာပေများ ကိုလည်း အင်တာနက်မှ တစ်ဆင့် ဖတ်ရှုမှု များပြား လာပြီး IT ခေတ်စနစ် ထွန်းကား လာတဲ့ အတွက် IT နဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တဲ့ အကြောင်းအရာ တွေကိုပါ ထည့်သွင်း ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အခုလို ဗဟုသုတရ ဖွယ်ရာများ ဟောပြောတဲ့ Intellectual Talk အစီအစဉ်ကို အပတ်စဉ် ပြုလုပ်ပေး နေတာ ဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ပညာရှင်များ ဆွေးနွေး လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

ဂျပန် ရုပ်ရှင်ပွဲတော်အား ၁၃ ကြိမ်မြောက် ပြုလုပ် သွားမည်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက ကြီးမှူးပြီး ကျင်းပမယ့် ၁၃ ကြိမ်မြောက် ဂျပန်ရုပ်ရှင် ပွဲတော်ကို  ဘြဂုတ်လနဲ့ စက်တင်ဘာလ အတွင်းမှာ
မြို့ကြီး ၃ မြို့ရှိ ရုပ်ရှင်ရုံတွေမှာ အခမဲ့ ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြသမှုတွေ ထဲမှာ သြဂုတ်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တို့မှာ ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့်မြင့် ရုပ်ရှင်ရုံမှာ ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြသရာ မှာတော့ Dear Doctor ဇာတ်ကားနဲ့ Double Trouble ဇာတ်ကား တို့ကို သြဂုတ်လ ၁၈ ရက်နေ့မှာ ပြသ သွားမှာဖြစ်ပြီး Mai Mai Miracle ဇာတ်ကားနှင့် At River's Edge ဇာတ်ကား တို့ကို သြဂုတ်လ ၁၉ ရက်နေ့မှာ ပြသ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ရုပ်ရှင်ကား ၄ ကားကိုပဲ မန္တလေးမြို့ရှိ ၀င်းလိုက် ရုပ်ရှင်ရုံမှာ သြဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ ပြသ သွားမှာဖြစ်ပြီး နေပြည်တော်ရှိ အောင်သပြေ ရုပ်ရှင်ရုံ မှာလည်း စက်တင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ဆက်လက် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဇာတ်ကား များကို ကြည့်ရှုလိုသူများ အနေနဲ့ သက်ဆိုင်ရာ ရုပ်ရှင်ရုံများမှာ မိမိကြည့်ရှု လိုတဲ့ ရုပ်ရှင်ကား မပြသမီ တစ်နာရီ ကြိုတင်ပြီး လက်မှတ်များကို တစ်ဦးလျှင် ၂ စောင်နှုန်း အခမဲ့ ထုတ်ယူ ကြည့်ရှု နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့