Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 23 August 2012

သတင်းတိုများ


ထိုင်းနိုင်ငံသို့ လုပ်သား တရားဝင် စေလွှတ်မှု အေဂျင်စီများကို ရွေးချယ် ထားပြီး

အလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ တရားဝင် စေလွှတ်ခွင့် အတွက် အလုပ်အကိုင် အေဂျင်စီများ တင်ဒါ ခေါ်ခဲ့ပြီး အခုအခါ အေဂျင်စီ ၄၉ ခုကို ရွေးချယ်
ပေးခဲ့ပြီး ဖြစ်တယ်လို့ ပြည်တွင်း အလုပ်အကိုင် အေဂျင်စီ အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ အခုလို ရွေးချယ်ရာမှာ အုပ်စုလိုက် မဟုတ်ဘဲ တစ်ဦးချင်း ၀င်ရောက် တင်ဒါပေး ထားတဲ့ အေဂျင်စီ တွေကိုသာ အဓိကထား ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

တင်ဒါ တင်ထားတဲ့ အေဂျင်စီ ၅၀ ကျော်ရှိပြီး အဲဒီထဲကမှ ၄၉ ခုကို ရွေးချယ်ပြီး ထိုင်းနိုင်ငံကို လုပ်သား တရားဝင် စေလွှတ်မှု အေဂျင်စီ အဖြစ် သတ်မှတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ အခုလို ရွေးချယ် သတ်မှတ် ပေးရာမှာ အေဂျင်စီတွေ အနေနဲ့ ၀န်ကြီး ဌာနမှ သတ်မှတ် ထားတဲ့ အချက် ၁၂ ချက်ကို လိုက်နာရမှာ ဖြစ်ပါတယ်။ လိုက်နာရမယ့် အချက် အချို့ ကတော့ အေဂျင်စီ တစ်ခုဟာ ၀န်ကြီး ဌာနကို ကျပ်သိန်း ၅၀ ဒစ်ပို့ဇစ် တင်ရခြင်း၊ အလုပ်သမားတွေကို ကာကွယ် စောင့်ရှောက်မှု ပေးရမှာ ဖြစ်သလို နေထိုင် စားသောက်မှုတွေ အတွက် ကိုလည်း တတ်နိုင် သလောက် အခမဲ့ စီစဉ် ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တာချီလိတ်၊ မြ၀တီ အစရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်ရှိ မြို့တွေမှာ အေဂျင်စီ ရုံးခွဲတွေ ဖွင့်လှစ် ထားရှိ ပေးထားရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

အခုလို အေဂျင်စီ တွေကို တရားဝင် သတ်မှတ်ပြီး ရွေးချယ်ခဲ့ တာကတော့ ထိုင်းနိုင်ငံမှာ သွားရောက် လုပ်ကိုင် လိုသူတွေ အတွက် တာဝန်ယူ ဆောင်ရွက် ပေးနိုင်တဲ့ ပြည်ပ အလုပ်အကိုင် အေဂျင်စီကို သတ်မှတ် ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။ ရွေးချယ် ခံရတဲ့ အေဂျင်စီတွေ ကိုလည်း ထိုင်းနိုင်ငံသို့ တရားဝင် စေလွှတ်ခွင့် အေဂျင်စီ အသိအမှတ်ပြု လိုင်စင် ကဒ်ပြားများ ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ နေပြည်တော်မှာ သြဂုတ်လ ဒုတိယပတ်က ပြုလုပ်ခဲ့တဲ့ အေဂျင်စီများ ရွေးချယ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင် အေဂျင်စီ လုပ်ကိုင်သူ တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။

အခုလို ရွေးချယ် ထားတဲ့ အေဂျင်စီ တွေကို တစ်နှစ်တာ အတွက် တရားဝင် စေလွှတ်ခွင့် အေဂျင်စီ အသိအမှတ်ပြု လိုင်စင် ကတ်ပြားများ ထုတ်ပေး ထားမှာဖြစ်ပြီး တစ်နှစ် အတွင်းကို လုပ်သား ၅၀၀ စေလွှတ်ပေး နိုင်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ပေး နိုင်မှာသာ အသိအမှတ်ပြု လိုင်စင် ကတ်ပြား ထပ်မံ သက်တမ်း တိုးပေးရာမှာ ထည့်သွင်း စဉ်းစား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်တွင် ပြည်တွင်းရှိ ဂျီဒီပီ ၆.၃ ရာခိုင်နှုန်း ဖွံ့ဖြိုး တိုးတက် လာနိုင်

မြန်မာနိုင်ငံရှိ ဂျီဒီပီ ဖွံ့ဖြိုး တိုးတက်မှုမှ အခု ၂၀၁၂ ခုနှစ်မှာ ၆ ရာခိုင်နှုန်း ရှိပြီး လာမယ့် ၂၀၁၃ ခုနှစ်မှာ ဂျီဒီပီ ဖွံ့ဖြိုး တိုးတက်မှုဟာ ၆.၃ ရာခိုင်နှုန်း ရှိလာ
နိုင်တယ်လို့ သြဂုတ်လ ၂၁ ရက်နေ့ Traders Hotel မှာ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှ (ADB) မှ ဘောဂဗေဒ ပညာရှင် Cyn- Young Park က ခန့်မှန်း ပြောကြား လိုက်ပါတယ်။

ပြည်တွင်းမှာ ဖွံ့ဖြိုးရေး အတွက် အားကောင်းတဲ့ ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် ဆောင်ရွက် သွားပါက တစ်နှစ် ဖွံ့ဖြိုး တိုးတက်မှုဟာ ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိ ရှိလာနိုင်ပြီး ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံဟာ အလယ်အလတ် ၀င်ငွေရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာ နိုင်တယ်လို့ သုံးသပ် ပြောဆို ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အာရှမှာ ဂျီဒီပီ အချိုးအရ အစိုးရ ၀င်ငွေ၊ အခွန် ကောက်ခံမှု၊ အနိမ့်ဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုတွင် လျှပ်စစ်ဓါတ်အား ပိုမိုရရှိစေရန် ၅၀၀ ကေဗွီ မဟာဓါတ်အားလိုင်းကို ပြောင်းလဲ တပ်ဆင်မည်

ဧရာဝတီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ကရင်ပြည်နယ် တို့ကို လျှပ်စစ် ဓါတ်အား ပိုမို ပို့လွှတ်နိုင်ပြီး
လျှပ်စစ်ဓါတ်အား ပိုမိုရရှိ နိုင်ဖို့အတွက် ၅၀၀ ကေဗွီ မဟာဓါတ်အား လိုင်းကို ပြောင်းလဲ တပ်ဆင်ပေး သွားဖို့ရှိတယ်လို့ နေပြည်တော်ရှိ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ ပြောကြား ချက်အရ သိရပါ တယ်။ ဒီလို တပ်ဆင်မှုကို မိတ်္ထလာမှ ပဲခူးကြားရှိ လက်ရှိ တပ်ဆင် ထားတဲ့ ၂၃၀ ကေဗွီ ဓါတ်အား လိုင်းကို ၅၀၀ ကေဗွီ မဟာဓါတ်အား လိုင်းနဲ့ ပြောင်းလဲ တပ်ဆင်မှာ ဖြစ်ပါတယ်။

အခုလက်ရှိ တပ်ဆင် ထားတဲ့ ၂၃၀ ကေဗွီ ဓါတ်အား လိုင်းက ပို့လွှတ်နေတဲ့ ဗို့အားမှာ ဗို့အားနိမ့် နေတာကြောင့် ပိုပြီးတော့ ဓါတ်အား များများ သယ်နိုင်ဖို့ ၅၀၀ ကေဗွီ မဟာ ဓါတ်အား လိုင်းကို ပြောင်းလဲ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိ အသုံးပြုနေတဲ့ ၂၃၀ ကေဗွီ ဓါတ်အား လိုင်းမှာ သဘာဝ အလျောက် ဓါတ်အား လေလွင့် ဆုံးရှုံးမှု ၉ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ သိရပါတယ်။ မိတ္ထီလာမှ ပဲခူးကြား ၅၀၀ ကေဗွီ မဟာဓါတ်အား လိုင်းပြောင်းလဲ တပ်ဆင်မှုကို အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနမှ စတင် ဆောင်ရွက် နေပြီး အဆိုပါ ၅၀၀ ကေဗွီမဟာ ဓါတ်အားလိုင်း ပြောင်းလဲ တပ်ဆင်ပြီး သွားပါက ဓါတ်အား လေလွင့် ဆုံးရှုံးမှာ ၅ ရာခိုင်နှုန်းခန့်ပဲ ရှိတော့မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။




လာမည့် ၂၀၁၅ ၌ ပြည်တွင်းရှိ လမ်းများ အားလုံး နီးပါးကို ၂၄ ပေ အကျယ်ရှိ ကတ္တရာလမ်းများ အဖြစ် ခင်းကျင်း သွားရန် စီစဉ်သွားနေ

ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးတင်ရဲ့ ပြောကြားချက် အရ လာမယ့် ၂၀၁၅ ရောက်ရင် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ စီမံခန့်ခွဲတဲ့
လမ်းများ အားလုံးကို ၂၄ ပေ အကျယ်ရှိ ကတ္တရာ လမ်းအဖြစ် ခင်းကျင်း သွားဖို့ စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ၂၄ ပေအကျယ်ရှိ ကတ္တရာ လမ်းများ အဖြစ် ခင်းကျင်း သွားမယ့် လမ်းတွေပေါ်ရှိတဲ့ တံတားတွေ အားလုံး ကိုလည်း ကွန်ကရစ် တံတားများ အဖြစ် တည်ဆောက် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ လမ်းများ၊ တံတားများကို ပြုပြင် တည်ဆောက် သွားဖို့ ကိုလည်း BOT ကုမ္ပဏီများနဲ့ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပြုလုပ် ဆောင်ရွက် သွားမယ့် ဆောက်လုပ်ရေးပိုင်း လမ်းများဟာ မိုင်ပေါင်း နှစ်သောင်း လေးထောင် ရှိတယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေး ၀န်ကြီး ဌာန၊ ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ အဆိုပါ ၀န်ကြီး ဌာနမှ စီမံခန့်ခွဲတဲ့ မိုင်ပေါင်း နှစ်သောင်း လေးထောင် အားလုံးကို ပြုပြင် ခင်းကျင်းမှုတွေ မပြုလုပ်နိုင် တောင်မှ မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံတွေကို ဆက်သွယ် ထားတဲ့ လမ်းပိုင်းတွေ ကိုတော့ အဆိုပါ ပြုပြင် ခင်းကျင်း တည်ဆောက်မှု တွေကို ဖြစ်အောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

DIL ကုန်သေတ္တာ သိုလှောင်ရေး စခန်းနှင့် ကုန်သေတ္တာယာဉ် ရပ်နားစခန်းကို စတင်ဖွင့်လှစ်

ဒဂုံဆိပ်ကမ်း အပြည်ပြည် ဆိုင်ရာ ထောက်ပို့ လုပ်ငန်း ၀န်ဆောင်မှု ကုမ္ပဏီ လီမိတက်ရဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ရွှေလီ လမ်းပေါ် မှာရှိတဲ့ မြေဧရိယာ ၅၀ ပေါ်မှာ
DIL ကုန်သေတ္တာ သိုလှောင်ရေး စခန်းနဲ့ ကုန်သေတ္တာတင်ယာဉ် ရပ်နား စခန်းကို သြဂုတ်လ ၂၂ ရက်နေ့က စတင် ဖွင့်လှစ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ကုန်သေတ္တာ သိုလှောင်ရေး စခန်း ဖွင့်လှစ်ရ ခြင်းဟာ တိုးတက် ပြောင်းလဲ လာတဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နဲ့အညီ ကုန်စည် စီးဆင်းရေး ချောမွေ့ လွယ်ကူစေရန်၊ ခေတ်မီ ဆိပ်ကမ်းများ တိုးချဲ့ရန်၊ သတ်မှတ် ထားတဲ့ အတွက် ကုန်သေတ္တာများ သယ်ယူ ပို့ဆောင်ရေးနှင့် ကုန်သေတ္တာ အခွံများ ထားရှိ သိုလှောင်ရေးများ အတွက် လိုအပ်နေ ခြင်းကြောင့် ယခုလို ဖွင့်လှစ် ရခြင်း ဖြစ်တယ်လို့ အဆိုပါ စခန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဆိုပါ စခန်းမှာ ကုန်သေတ္တာ အခွံ ငါးထောင် ခန့်နဲ့ ကုန်သေတ္တာတင် ယာဉ်အစီးရေ ၈၀၀ မှ ၁၂၀၀ အထိ သိုလှောင်ထား နိုင်ပြီး ၂၄ နာရီ ၀န်ဆောင်မှု စနစ်နဲ့ ကုန်သေတ္တာများကို လျင်မြန်စွာ တင်ချပေး နိုင်ရန်လည်း စီစဉ်ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုန်သေတ္တာ ပြုပြင်ခြင်း ၀န်ဆောင်မှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန် မြို့တော်ဝန်နှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်္ဘောလိုင်းများ၊ ဆိပ်ကမ်း များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

ရေထွက်ပစ္စည်း ပို့ကုန်များ နိုင်ငံခြားငွေ ပိုမိုရရှိရေး အတွက် တရားမ၀င် လုပ်ကိုင်နေမှု များကို ကြီးကြပ် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ရေထွက် ပစ္စည်း ပို့ကုန်များ ပြည်ပ နိုင်ငံများသို့ တင်ပို့ရာမှာ နိုင်ငံခြားငွေ ပိုမိုရရှိဖို့ အတွက် နိုင်ငံခြားသားများမှ မြန်မာပြည်တွင်း စီးပွားရေး
လုပ်ငန်းများ တရားမ၀င် လုပ်ကိုင်နေမှုများကို တရားဝင် လမ်းကြောင်း ပေါ်သို့ ရောက်အောင် ကြီးကြပ် ဆောင်ရွက်ဖို့ အတွက် သြဂုတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့တဲ့ အပတ်စဉ် သားငါး ကဏ္ဍ ဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ ပါတယ်။

အဆိုပါ အစည်းအဝေးမှာ ပို့ကုန် လုပ်ငန်းရှင်များ အတွက် ဘဏ်ချေးငွေ အတိုးနှုန်း များကို အထူး သက်သာစွာနဲ့ ကူညီ ဆောင်ရွက် ပေးရန်၊ Export Earning များ မြန်မာ့ ဘဏ်များသို့ ၀င်ရောက် လာပါက ဘဏ်များမှ မြန်မာ့ ကျပ်ငွေဖြင့် သင့်လျော်တဲ့ ဈေးနှုန်းများနဲ့ ထုတ်ယူ ခွင့်ပြုရန်၊ နိုင်ငံသား လုပ်ငန်းရှင် များအား နိုင်ငံခြား ကုမ္ပဏီများနဲ့ ယှဉ်ပြိုင် နိုင်ဖို့ ပံ့ပိုး ကူညီမှုများ ပြုလုပ် ပေးရန်၊ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များနဲ့ နိုင်ငံတော် ဘက်မှ တာဝန်ရှိ သူများ စဉ်ဆက်မပြတ် တွေ့ဆုံ ဆွေးနွေးပွဲများ ပြုလုပ် ပေးရန်၊ ဘဏ်များမှ ၀ယ်ဈေးနဲ့ ရောင်းဈေး ကွာဟမှု များနေခြင်းအား ညှိနှိုင်း ဆောင်ရွက် ပေးရန် စတဲ့ အချက်အလက် များကို ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်း စီးပွားရေး လုပ်ငန်းများမှာ နိုင်ငံခြားသား များဟာ ပုစွန်၊ ဂဏန်း၊ ငါးများကို မြန်မာ ကုမ္ပဏီ နာမည်နဲ့သော် လည်းကောင်း၊ အခြား ကုမ္ပဏီ နာမည်များ အသုံးပြု၍ သော်လည်းကောင်း၊ ကုန်ကြမ်းများ ၀ယ်ယူလာတဲ့ အတွက် မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ အတွက် ကုန်ကြမ်း ပစ္စည်းများ ၀ယ်ယူရာမှာ အခက်အခဲများ ကြုံတွေ့ နေရတယ်လို့ အဆိုပါ အစည်းအဝေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

FDI ဥပဒေ လာမည့် ၃ လအတွင်း ထွက်ရှိလာဖွယ်ရှိ

နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ ဖြစ်တဲ့ Foreing Direct Inversement Law (FDI) Law ကို ၃ လအတွင်း ထွက်ရှိလာဖို့ ရှိတယ်လို့
ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးစိုးတင့်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ FDI ဥပဒေမှာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီး မြှပ်နှံမယ့် ပြည်ပ လုပ်ငန်းရှင်တွေ အတွက် အခွန် ၅ နှစ် ကင်းလွတ်ခွင့် ပါဝင်မှာ ဖြစ်သလို မြေဂရမ် ငှားရမ်းမှု သတ်မှတ် ထားတဲ့ နှစ်ကိုလည်း သက်တမ်း ပိုမိုခွင့်ပြု ပေးသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုလက်ရှိ အဆိုပါ ဥပဒေဟာ လွှတ်တော်မှာ တင်ပြနေဆဲ ဖြစ်ပြီး အဆိုပါ ဥပဒေ ထွက်ရှိလာပါက မြန်မာနိုင်ငံကို ပြည်ပမှ လုပ်ငန်း ရှင်များ ရင်းနှီး မြှုပ်နှံမှု ပိုမိုဝင်ရောက် လာမှာ ဖြစ်တယ်လို့ ပြည်တွင်း လုပ်ငန်းရှင် တွေမှ သုံးသပ်ထား ပါတယ်။ ဒါ့အပြင် ပြည်ပမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု များလည်း  ယခုထက် ပိုမို ပွင့်လင်း ထင်သာ လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းရှိ လုပ်သားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းများနဲ့ လုပ်ငန်းရှင်တွေ အတွက် နည်းပညာ အသစ်များ၊ အတွေ့အကြုံ အသစ်များ ရရှိလာမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးက ပြောကြားခဲ့ ပါတယ်။

ယခုလက်ရှိ မှာတော့ ပြည်ပမှ စီးပွားရေး လုပ်ငန်း ဆိုင်ရာ ဆွေးနွေးမှု များကို မကြာခဏ လာရောက် ပြုလုပ်လျက် ရှိပေမယ့် လက်တွေ့ ချက်ခြင်း ရင်နှီးမြှုပ်နှံတဲ့ သူဟာတော့ နည်းပါး နေသေးပြီး အဆိုပါ နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဥပဒေ အပေါ်မှာ လေ့လာမှုများ ပြုလုပ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်း ဆိုင်ရာ လာရောက် ဆွေးနွေးမှု များမှာ အာရှဒေသတွင်း နိုင်ငံများနဲ့ အာဆီယံ နိုင်ငံများမှ အများဆုံး ဖြစ်ပြီး အဲ့ဒီတွေ့ဆုံမှု များထဲမှ နိုင်ငံရဲ့ စီးပွားရေး အတွက် အကောင်းဆုံး အထောက်အကူ ပြုနိုင်မယ့် စီးပွားရေး လုပ်ငန်းရှင်နဲ့ မည်သည့် ကုမ္ပဏီမျိုး ကိုမဆို နိုင်ငံတော်မှ လက်ခံ သွားမှာ ဖြစ်တယ်လို့လည်း သတင်း ရရှိပါတယ်။

အိမ်၊ ခြံ၊မြေလုပ်ငန်း ကိစ္စရပ်များ အပါအ၀င် လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာ-မလေးရှား လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေး

မလေးရှား နိုင်ငံ၊ ကလန်ပြည်နယ် တရုတ်ကုန်သည် အသင်း ဥက္ကဋ္ဌ Dr.Leong Kai Hin ဦးဆောင်တဲ့ စီးပွားရေး ကိုယ်စားလှယ် အဖွဲ့ဟာ အိမ်ခြံမြေ
လုပ်ငန်း ကိစ္စရပ်များ အတွက် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနဲ့ သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ UMFCCI မှာ တွေဆုံခဲ့ ပါတယ်။ အဆိုပါ မလေးရှား နိုင်ငံ ကလန်ပြည်နယ် တရုတ် ကုန်သည် အသင်း ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၃ ဦးဟာ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနဲ့ အိမ်၊ ခြံ၊ မြေ လုပ်ငန်းများကို အဓိက ဆွေးနွေး ကြပြီး သတင်း အချက်အလက်နဲ့ နည်းပညာ ဆိုင်ရာ လုပ်ငန်း၊ ကွန်ပျူတာ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ကိုလည်း ဆွေးနွေးခဲ့ ပါတယ်။

ဒါအပြင် သစ်နဲ့ သစ်ပရိဘောဂ ပစ္စည်းထုတ် လုပ်ငန်း၊ ဥပဒေအကြံပေး လုပ်ငန်းနဲ့  ကုန်ပစ္စည်း သိုလှောင်ခြင်းနဲ့ သယ်ယူ ပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်း တွေကိုလည်း ဆွေးနွေးခဲ့ ပါတယ်။ ဆက်လက်ပြီး စိုက်ပျိုးရေးနဲ့ ဓာတ်မြေသြဇာ လုပ်ငန်း၊ ကြော်ငြာ လုပ်ငန်း၊ မီးငြိမ်းသတ် ကိရိယာနဲ့ လုပ်ငန်း လုံခြုံရေးသုံး ပစ္စည်း ကိရိယာများ လုပ်ငန်းများ၊ ကားအပို ပစ္စည်းထုတ် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ကုန်ထုတ်ပိုးမှု အပြင်အဆင် လုပ်ငန်းနဲ့ အားဖြည့် ငှက်သိုက် ဆေးဝါးဖြန့်ဖြုး ရောင်းချခြင်း လုပ်ငန်း၊ ပညာရေး လုပ်ငန်းတွေ ကိုပါ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် များနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့ ပါတယ်။

ဒါ့အပြင် လျှပ်စစ်နဲ့ လျှပ်စစ် ဆိုင်ရာ အပိုပစ္စည်းများ၊ ၀န်ဆောင်မှု လုပ်ငန်း၊ စက်မှုဇုံ ဆောက်လုပ်ရေး လုပ်ငန်း၊ အလူမီနီယံ လုပ်ငန်းများ ကိုပါ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံမှု မှာတော့ မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၃၃ ဦးနဲ့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၄၀ ဦးခန့် တက်ရောက် ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့တွင် ဆိုင်ခန်း ၇၀ ကျော် ပါဝင်သည့် ကျောက်မျက် ဈေးကွက်သစ် တစ်ခု ဖွင့်လှစ်

ကျောက်မျက် ရတနာနဲ့ ရွှေများကို တစ်နေရာ တည်းမှာ ရွေးချယ် ၀ယ်ယူ နိုင်ရန် ရည်ရွယ်ပြီး မန္တလေးမြို့ရဲ့ ပထမဆုံး ကျောက်မျက်ဆိုင်ခန်း ၇၀ ကျော်ပါ
ကျောက်မျက် ရတနာ ဈေးတန်း တစ်ခုကို ယခုလ ၂၁ ရက်နေ့က စတင် ဖွင့်လှစ် လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကျောက်မျက် ရတနာ ဈေးဖွင့်လှစ်မှု ကိုတော့ ၈၄ လမ်း၊ ၈၅ လမ်းနဲ့ ၂၆/၂၇ လမ်းကြား အဆင့်မြင့် ဈေးချိုတော် တတိယထပ် ယုဇန ဒီ ရုံမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဈေးဖွင့်လှစ်မှုဟာ မန္တလေး မြို့အတွင်း မှာရှိတဲ့ ကျောက်မျက် ရတနာ ရွှေဆိုင် အများစုကို တစ်နေရာ တည်းမှာ စုစည်း ဖွင့်လှစ်တာ ဖြစ်ပြီး ဈေးချိုတော် ကျောက်မျက်ရတနာ ကုန်သည် အဖွဲ့မှ ဦးဆောင် ဖွင့်လှစ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကျောက်မျက် ရတနာ ရွှေဆိုင်တန်း ဖွင့်လှစ်မှု ကိုတော့ မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိ သူများနဲ့ ကျောက်မျက် ရတနာ ရွှေဆိုင်တန်းမှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မျက် ရတနာ အများစုဟာ မြန်မာနိုင်ငံ အထက်ပိုင်း ဒေသမှာ အများဆုံး ထွက်ရှိပြီး မြန်မာနိုင်ငံမှ ကျောက်မျက် ရတနာများကို ဈေးကွက် တစ်ခု အနေနဲ့ ပေါ်ထွက် လာဖို့ ယခုလို ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ကျောက်စိမ်း များကို အရည်အသွေး ပြည့်မီအောင် ဆောင်ရွက် နိုင်ဖို့နဲ့ ပြည်ပ နိုင်ငံများသို့ တရားဝင် တင်ပို့နိုင်ရေး အတွက်ကို မန္တလေးမြို့မှာ ကျောက်စိမ်း စင်တာတစ်ခု ကိုလည်း ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့