ငမိုးရိပ် တံတား ပါရမီအား ယခုလ နောက်ဆုံးပတ်တွင် ဖွင့်လှစ် သွားမည်

လက်ရှိမှာ ဆောက်လုပ်မှု အချောသတ် ပြီးစီးနေပြီ ဖြစ်တဲ့ ငမိုးရိပ် တံတား ပါရမီကို ယခုလ နောက်ဆုံးပတ်မှာ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ အဆိုပါ
စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ငမိုးရိပ် တံတား ပါရမီ တံတားသစ်ကြီးကို လက်ရှိ မှာတော့ လုပ်ငန်း ဆောင်ရွက်မှုပိုင်း အနေနဲ့ ကတ္တရာ ခင်းခြင်း၊ ဆေးသုတ်ခြင်း အစရှိတာ တွေကို ဆောင်ရွက်ဖို့သာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ဒီလို ကျန်ရှိရတာ ဟာလည်း လက်ရှိ ကာလ မိုးရွာသွန်းမှုဟာ အဆက်မပြတ် ရွာသွန်း နေတာကြောင့် လမ်းခင်းမှု အပိုင်းမှာ အခုလို ကြန့်ကြာမှု ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။ အခုလို ဆောက်လုပ် လျက်ရှိတဲ့ ငမိုးရိပ် တံတား ပါရမီ တံတား သစ်ကြီးကို ဒဂုံမြို့သစ် မြောက်ပိုင်းက  ပြည်သူများ အနေနဲ့ ရန်ကုန် မြို့တွင်းသို့ ၀င်ရောက်မှု အနေနဲ့ အသုံးပြုရမှာ ဖြစ်ပြီး ရန်ကုန်မြို့တွင်း ကနေ ဒဂုံမြို့သစ် မြောက်ပိုင်းသို့ သွားမယ် ဆိုပါက တံတားဟောင်း ကနေ သွားရမှာ ဖြစ်ပါတယ်။ အဆိုပါ ငမိုးရိပ် တံတား ပါရမီ တံတား အသစ်ကြီး ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ပထမအပတ်က စတင် ဆောင်ရွက် ခဲ့တာဖြစ်ပြီး ယခုလက်ရှိ မှာတော့ တည်ဆောက်မှု လုပ်ငန်း ဆောင်ရွက်မှု အနေနဲ့ အချောသတ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။


အဆင့်မြင့် School Bus များ အောက်တိုဘာလတွင် စမ်းသပ် ပြေးဆွဲမည်

အဆင့်မြင့် မီနီဘတ်စ်ကား တွေကို School Bus တွေအဖြစ် စမ်းသပ် ပြေးဆွဲ ပေးမှုကို လာမယ့် အောက်တိုဘာ လက စတင်ကာ
Great Father Land ကုမ္ပဏီမှ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ School Bus တွေမှာ အဲကွန်း ပါဝင်မှာဖြစ်ပြီး အယောက် ၃၀ စီးနင်း လိုက်ပါနိုင်တဲ့ ကားတွေ ဖြစ်ပါတယ်။ ဒီလို School Bus တွေအဖြစ် စတင် စမ်းသပ် ပြေးဆွဲရာ မှာတော့ ယာဉ် ၄ စီးကို စတင် ပြေးဆွဲမှာ ဖြစ်ပါတယ်။

အခုလို စမ်းသပ် ပြေးဆွဲမှုကို ၄ လကြာ ပြုလုပ်မှာ ဖြစ်ပြီး လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဆက်လက် ပြေးဆွဲ ပေးသွားဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ ကုမ္ပဏီမှ အခုလို ကျောင်းကားတွေကို စမ်းသပ် ပြေးဆွဲရ တာဟာ ကျောင်းသားတွေ နေ့စဉ်ကြုံ တွေ့ နေရတဲ့ ကျောင်းကား အခက်အခဲ တွေကို ကူညီ ဖြေရှင်း ပေးဖို့အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီလို ပြေးဆွဲမှု အတွက် ကျောင်းကားခ ကိုလည်း လက်ရှိပြေးဆွဲမှု ရှိနေတဲ့ ကျောင်းကားတွေ ကောက်ခံတဲ့ ဈေးနှုန်းအတိုင်းသာ ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Developer Conference 2012-Yangonကို စက်တင်ဘာ လလယ်တွင် ကျင်းပမည်

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းမှ ကြီးမှူးပြီး Developer Conference 2012-Yangon ကို စက်တင်ဘာ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ
မြန်မာ အင်ဖိုတက်ခ်မှာ ပြုလုပ် သွားမယ်လို့ အဆိုပါပွဲ ကျင်းပမှုနဲ့ ပတ်သက်ပြီး သြဂုတ်လ ၂၃ ရက်နေ့ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အဆိုပါ ရှင်းလင်းပွဲမှာ ပြောကြားချက်အရ ကွန်ဖရန့်စ်ကို တက်ရောက် လိုသူတွေဟာ သြဂုတ်လ ၂၂ ရက်နေ့က စတင်ကာ ငွေကျပ် ငါးထောင် ပေးသွင်းပြီး စာရင်းပေး နိုင်တာ ဖြစ်ပါတယ်။

ဒီလို စာရင်း ပေးသွင်းမှုကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း ရုံးခန်းမှာ စာရင်းသွင်း နိုင်သလို အွန်လိုင်း ကလည်း စာရင်းပေးသွင်း နိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထည့်ဝင်ငွေ ကိုလည်း အသင်း ရုံးခန်းမှာ သာမက နီးစပ်ရာ ကမ္ဘောဇဘဏ် ကနေ တစ်ဆင့်လည်း ပေးပို့နိုင်တယ်လို့ သိရပါတယ်။ ဘဏ်မှ ပေးပို့မယ် ဆိုရင်တော့ MCPA(Yangon) 0211160000427 current account နဲ့ပေးသွင်း နိုင်တာ ဖြစ်ပါတယ်။

အခုလို Developer Conference 2012-Yangon ကို ကျင်းပပြုလုပ် ရတာဟာ အိုင်တီနယ်ပယ် အတွင်း အသိပညာ ဗဟုသုတ တိုးပွားစေဖို့နဲ့ တက်ရောက်သူ အချင်းချင်း အသိပညာ ဖလှယ် နိုင်ဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုင်တီ အသုံးချ ဆော့ဖ်ဝဲလ်ကောင်း တွေကို တီထွင် ဖန်တီးရေးဆွဲ နိုင်တဲ့ Developer တွေပေါ်ထွက် လာစေဖို့လည်း ရည်ရွယ် တယ်လို့ သိရပါတယ်။ အခု ပြုလုပ်မယ့် Conference ဟာ ဒုတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပထမအကြိမ် မှာတော့ လူပေါင်း တစ်ထောင်နီးပါး တက်ရောက် ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာပြပွဲ ဒုတိယအကြိမ် ပြုလုပ်မည်

မြန်မာနိုင်ငံ ရိုးရာပန်း ပညာရှင်များ အစည်းအရုံး ဗဟိုက ကြီးမှူးပြီး ပြည်လုံးကျွတ် ပန်းချီ၊ ပန်းပု အနုပညာ ပြပွဲကို ဒုတိယ အကြိမ်အဖြစ် အခုနှစ် ဒီဇင်ဘာလမှာ
ကျင်းပ သွားဖို့စီစဉ်လျက် ရှိတယ်လို့ အဆိုပါ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပြပွဲကို ဦးဝိစာရ လမ်းရှိ တပ်မတော် ခန်းမမှာ ကျင်းပဖို့အတွက် စီစဉ်ထားပြီး မြန်မာနိုင်ငံ ရိုးရာပန်း ပညာရှင်များ အစည်းအရုံး ဗဟိုမှာ အသင်းဝင်ပြီး သူတွေ ပါဝင်ပြသခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီလို အသင်းဝင်ထားရာ မှာလည်း အခု ၂၀၁၂ ခုနှစ်မှာ အစည်းအရုံး အသင်းဝင် ကတ်ပြားကို အသစ် လဲလှယ်ပြီး သူတွေသာ ပါဝင်ပြသခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြပွဲမှာ ပြသလိုသူ တွေဟာ အဆိုပါ ပြပွဲမှာ ပြသမယ့် အနုပညာ ပစ္စည်း တစ်ခုခုကို သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၁၀ ရက်နေ့အတွင်း ပုံစံပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ ရာမှာတော့ ကမ္ဘာအေး ဘုရားလမ်း ပေါ်ရှိ  အနုပညာ အထက်တန်းကျောင်း ချင်းချောင်းကို သတ်မှတ်ရက် အတွင်း ပေးပို့ရမှာ ဖြစ်ပြီး ပေးပို့တဲ့ ပုံတွေကို ကတ်တလောက်မှာ ထည့်သွင်း ပြသပေးမှာ ဖြစ်ပါတယ်။

ပုံပေးပို့တဲ့အခါ ပန်းချီကား၊ ပန်းပုအနုပညာ ပစ္စည်း၊ ပုံစံထွင် ရေးဆွဲထုလုပ်သူရဲ့ အမည်၊ အနုပညာ ပစ္စည်းအမည်၊ ပြသမယ့် အမျိုးအစား၊ အရွယ်အစား၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ရေးသား ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိပြသမယ့် ပစ္စည်းကို ရေးသား ဖော်ပြမှု အတွက် အသင့် ချိတ်ဆွဲနိုင်မယ့် ဘောင်၊ ကွင်း၊ ချိတ် စတာတွေလည်း ပြည့်ပြည့်စုံစုံ ပါဝင်ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။