Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 25 August 2012

ကွန်ဒိုအသုံးပြု ခရီးသွား လုပ်ငန်း အစပျိုး


မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုသည် ယခင်နှစ် များထက် ၅၀ ရာခိုင်နှုန်း တိုးလာခဲ့သော ယခုနှစ် ခရီးသွားရာသီ မှစ၍ ခရီးသွား ကုမ္ပဏီ အများဆုံး အသုံးပြုသော ပြည်ပ ရင်းနှီး မြှုပ်နှံသော ဟိုတယ် အချို့၏ အခန်းခ ဈေးမြင့် တက်လာခြင်း၊ အခန်းရရန် အခက်အခဲများ ဖြစ်လာခြင်း တို့ကို ဖြေရှင်းသည့် အနေဖြင့် ခရီးသွားကုမ္ပဏီ အချို့သည် မိမိ ဧည့်သည်များကို ကုမ္ပဏီ အစီအစဉ်ဖြင့် ငှားရမ်း ထားသော ကွန်ဒိုတိုက်ခန်း များတွင် နေထိုင်ရန် နေရာ စတင် ချထား ပေးလာမှုများ ရှိလာကြောင်း ခရီးသွား လုပ်ငန်း နယ်ပယ်က စုံစမ်း သိရသည်။

ရန်ကုန်မြို့တော် ကမ္ဘာအေး စေတီလမ်း ဟာမစ်တစ် မီးပွိုင့်အနီးရှိ နာမည်ကျော် ကွန်ဒို အပါအ၀င် ကွန်ဒိုအချို့ကို ငှားရမ်း သုံးစွဲလျက် ရှိသည်ဟု ယင်းသတင်း ရပ်ကွက်က ဆိုသည်။

အဆိုပါကွန်ဒိုသို့ ကမ္ဘာလှည့် အဖြစ် လာရောက် နေထိုင်သူများတွင် အနောက်တိုင်းသားများ ပါဝင်ပြီး မြန်မာနိုင်ငံအတွင်း ဟိုတယ် ဈေးနှုန်းများ အလွန်အမင်း မြင့်တက်လာမှု ကြောင့် ဖြစ်နိုင်သည် ဟုလည်း ခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကြီးများ၏ အခြေခံ အခန်းခ ဈေးနှုန်းကို ဒေါ်လာ ၁၅၀ ထက် ကျော်လွန် ရောင်းချခြင်း မပြုရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနက ဖြေရှင်း ညှိနှိုင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ ယင်းဈေးနှုန်း အတိုင်း စာချုပ်ချုပ်ဆို ရောင်းချပေးသော်လည်း အခန်းကြိုတင် မှာယူ၍ မရခြင်း၊ လိုအပ်သော အခန်း အရေအတွက်ထက် လျော့နည်း ရရှိကာ ဈေးကြီးမြင့်သော အခန်းများကိုသာ ရောင်းချပေးခြင်း၊ ယင်းသို့ ကြိုတင် အခန်းမှာ ယူသောကြောင့် အခန်း ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းကို တစ်လခွဲ၊ နှစ်လခွဲကြိုပြီး စရန်ငွေ ပေးခြေရခြင်းများကို ကြုံတွေ့ နေရကြောင်း ခရီးသွား လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များက တညီတညွတ် တည်း ပြောကြား ကြသည်။

“ဟိုတယ်/ ခရီး ၀န်ကြီးဌာနက လုပ်ပေးပါတယ်။ ဒါကို လိုက်နာတဲ့ ဟိုတယ် ရှိသလို မလိုက်နာတဲ့ ဟိုတယ်လည်း ရှိတယ်။ အခုဆို ကွန်ဒိုတွေမှာ နိုင်ငံခြားသားကို ထားပေးရမယ့် အခြေအနေတွေ ရှိလာတယ်။ ဟိုတယ်ဘွတ်ကင် မရလို့ ဧည့်သည်က လုပ်ပေးပါဆိုရင်၊ ဧည့်သည်က နေမယ်ဆိုရင် အခန်းမရ ရအောင် လုပ်ပေးမယ့် အခြေ အနေရှိတယ်” ဟု Green Palace Travel and Tours Co.., Ltd. အကြီးအကဲ ဖြစ်သူ ဦးစိုးလွင်က ဆိုသည်။

အဆိုပါ ကိစ္စအတွက် ၀န်ကြီးဌာနက တရားဝင် ခွင့်ပြုထားခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းအနေနှင့်လည်း ခွင့်ပြုနိုင်ခြင်း၊ လုပ်ပေးနိုင်ခြင်း မရှိကြောင်း အဆိုပါအသင်း အမှုဆောင်လည်း ဖြစ်သူ ၎င်းက အသိပေး ပြောကြားသည်။

လက်ရှိတွင် ခရီးသွား ကုမ္ပဏီများ အနေဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကြီးများ၏ အခြေခံ အခန်း ဈေးနှုန်း မြင့်လာသဖြင့် ပြည်တွင်း တိုင်းရင်းသားပိုင် ဟိုတယ်များတွင် ခရီးသွား ဧည့်သည်များ တည်းခိုနိုင်ရန် စီစဉ် ကြသော်လည်း ထို ဟိုတယ်များသည်လည်း ပြည်ပ ရင်းနှီး မြှုပ်နှံသော ဟိုတယ်များကဲ့သို့ပင် ဖြစ်လာကြောင်း ခရီးသွား ကုမ္ပဏီ ငယ်များထံမှ သိရသည်။

နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခန်းဈေး မြင့်ခြင်း၊ အခန်းငှား မရခြင်းများ၊ သွားလာစရိတ် ကြီးမြင့်ခြင်းများကြောင့် အခက်အခဲဆုံးသော ခရီးစဉ်ဒေသ အဖြစ် ဖော်ထုတ်ပြ ဆို ထားသဖြင့် မြန်မာ့ခရီးသွား လုပ်ငန်း၏ ကောင်းမွန်သော ပုံရိပ်ကျဆင်းနေကြောင်း Myanmar Asiedu Sud Est Voyage ခရီးသွား ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သတိုးသူဇာအောင်က မြန်မာနိုင်ငံ ၏ ခရီးသွား လုပ်ငန်း အခြေအနေကို နိုင်ငံတကာ စာမျက်နှာထက်မှ ပြောကြားသည်။

“Tour ကုမ္ပဏီတွေ အနေနဲ့ သူတို့ အစီအစဉ် အတိုင်း ကွန်ဒိုမှာ ဧည့်သည် ထားတယ် ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ တကယ်သာ ဖြစ်တယ်ဆိုရင် ကောင်းပါတယ်။ ဒီအတွက် Image တော့ကျနိုင်မယ် မထင်ဘူး။ ဘာလို့လဲဆိုတော့ တကယ် ကုမ္ပဏီကြီးတွေသာ လုပ်တယ်ဆိုရင် ကုမ္ပဏီ Image တော့ အကျခံမှာ မဟုတ်ဘူး။ သူတို့က အတွေ့ အကြုံရှိပြီးသားလေ။ ကုမ္ပဏီငယ်တွေတော့ မသိဘူး” ဟု ၎င်းကဆိုသည်။

အတည် မပြုနိုင်သေးသော သတင်းများ အရမူ မြန်မာ၊ ထိုင်း၊ ကိုရီးယား၊ ဗီယက်နမ်တို့တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည့် ကုမ္ပဏီ တစ်ခု ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါ ကုမ္ပဏီကို ယင်းသတင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုရန် မေးမြန်းစဉ် ဖြေကြားမည့်သူ မရှိဟု ပြောသည်။

ယင်းအခြေအနေများ မဖြစ်မီက ၃၀၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသော ပြည်ပ ရင်းနှီး မြှုပ်နှံမှု ဟိုတယ်များ၏ ဈေးနှုန်းကြီးမြင့်ခြင်း၊ အခန်း မရောင်းချခြင်း တို့ကြောင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၏ ၉၅ ရာခိုင်နှုန်း ခန့်သည် လုပ်ငန်း ဆက်လက် ရှင်သန်ရန် ခက်ခဲလာ ကာ အချို့သည် လုပ်ငန်း မကြာမီ ရပ်တန့် သွားရတော့မည့် အခြေအနေနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီးဌာနသို့ ခရီးသွား လုပ်ငန်းများက အသိပေးစာ ပေးပို့ခဲ့ကြသည်။

ယင်းအတွက် အဆိုပါ ၀န်ကြီးဌာနက နေပြည်တော်တွင် ဇွန်လ က လည်းကောင်း၊ ရန်ကုန်တွင် ဇူလိုင်လ အတွင်းက လည်းကောင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဟိုတယ် အထွေထွေ မန်နေဂျာများ၊ တိုင်းရင်း သားပိုင် ဟိုတယ် တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်းရှင်များ၊ မြန်မာ့ ခရီးသွား လုပ်ငန်း ဖက်ဒရေးရှင်း အောက်ရှိ အသင်းအဖွဲ့ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ အပြုသဘော ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ခရီးသွား ကုမ္ပဏီနှင့် ဟိုတယ်များကြား စာချုပ် ချုပ်ဆိုခြင်း၊ အခန်း ရောင်းချပေးခြင်း၊ ပြင်းထန်လွန်းသော ပေါ်လစီများကို လုပ်သာ ကိုင်သာ ရှိစေရန် ဖြေလျှော့ ပေးခြင်း၊ ၀န်ဆောင်မှုနှင့် သင့်တင့်သော သက်ဆိုင်ရာ ဟိုတယ် အခန်းခ ဈေးနှုန်း သတ်မှတ်ခြင်း၊ Touristclass နှင့်ညီသော Infrastructure နှင့် ၀န်ဆောင်မှုများ၊ HR ဆိုင်ရာများကို မြှင့်တင်ခြင်း တို့ကိုပြုလုပ်ရန် ဟိုတယ်/ခရီးပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောကြားသည်။

“အခုဝန်ကြီးရဲ့လမ်းညွှန်မှု အတိုင်း လုပ်ပေးတယ်။ ဒါပေမဲ့ ဟိုတယ်ရဲ့ပေါ်လစီနဲ့ လုပ်တယ်။ လုပ်တော့ Booking အတွက် တစ်လခွဲ နှစ်လခွဲလောက် ကတည်းက အခန်းရဲ့ ၅၀ ရာခိုင်နှုန်း စရန် တင်ခိုင်းတယ်” ဟု ဒေါ်သတိုးသူဇာအောင်က ဆိုသည်။ လက်ရှိတွင် ပြည်တွင်း တိုင်းရင်းသားပိုင် ဟိုတယ်များသည် ပြီးခဲ့သည့် ဧပြီလတွင် ရှိသော ဈေးနှုန်းဖြစ်သည့် အခြေခံ အခန်းခ ဒေါ်လာ ၃၅ မှ ၄၀ သာ ရှိသော ဈေးနှုန်းမှ ယခုအခါ ဒေါ်လာ ၈၀ မှ ၁၄၀ အထိ တိုးယူခြင်းများ ရှိလာကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အမှုဆောင် ဦးစိုးလွင်က ပြောကြားသည်။

“နိုင်ငံခြားသားပိုင် ဟိုတယ်တွေ ဈေးကြီးတဲ့ အတွက် တိုင်းရင်းသားပိုင် ဟိုတယ်တွေကို စဉ်းစားတယ်၊ ကြယ်ငါးပွင့် ဟိုတယ်မှာ ရှိတဲ့ အခြေခံ ဈေးနှုန်း ၁၄၀ လောက်ကို ကြယ်တစ်ပွင့် လောက်ရှိတဲ့ ဟိုတယ် က အဲဒီ ဈေးအတိုင်း တောင်းတယ်၊ အဲဒါကြောင့် ၀န်ကြီးဌာနကို တိုင်လိုက်တယ်” ဟု မကြာသေးခင်က ဟိုတယ်/ခရီး ၀န်ကြီးဌာနသို့ မြရိပ်ညို ဟိုတယ်နှင့် ပတ်သက်၍ တိုင်ကြားခဲ့သူ JOYFULJUPITER TOURS LTD.., ၏ မန်နေဂျင်း ဒါရိုက်တာ ဦးတင်စိုးက တိုင်းရင်းသား ပိုင် ဟိုတယ်များ၏ ဈေးနှုန်း တိုးယူနေသော အခြေအနေကို ပြောဆိုသည်။

၎င်းကပင် “စာချုပ်ဈေးတော့ ပေးပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံ ဟိုတယ်တွေက သူတို့က ဘယ်လို ပြန်လုပ်ထားလဲ ဆိုတော့ အန်ကယ်က အခန်း ၁၀ ခန်း တင်ရင် ငါးခန်းကို ဒေါ်လာ ၁၅၀ တန် အခန်းပေးပြီး ကျန်တာကို ၂၀၀/၃၀၀ ရှိတဲ့ အခန်းတွေ ပေးတယ်” ဟု ဟိုတယ် အခန်း မှာယူ ရရှိမှု အခြေအနေ ကို ဆက်လက် ပြောဆိုသည်။

ထို အခြေအနေများကြောင့် ခရီးသွား ကုမ္ပဏီ အချို့မှာ ဧည့်သည် များကို မိမိတို့ အစီအစဉ်ဖြင့် ကွန်ဒို ငှားရမ်းထားရှိခြင်းမှာ ဖြစ်လောက် ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။

“နည်းလမ်းတော့ မဟုတ်ဘူး။ ကွန်ဒိုတွေမှာ သူတို့ အစီအစဉ်အတိုင်း ထားတယ် ဆိုတာ၊ ဟိုတယ်/ခရီး ၀န်ကြီးဌာန စည်းကမ်းနဲ့လည်း မညီဘူး၊ ဥပဒေနဲ့လည်း မညီဘူး။ မလိုလားအပ်တဲ့ပြဿနာဖြစ် လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ခရီးသွားလုပ်ငန်း ကဏ္ဍ ပုံရိပ်ကို ကျမယ်” ဟု NATURE LOVERS INTL ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဦးအောင်ဒင်က ဆိုသည်။

ယင်းသို့ ဖြစ်လာခြင်းမှာ ဟိုတယ် အခန်းခ ဈေးကြီးလွန်းခြင်း၊ အေးဂျင့်များကို လိုအပ်သော အခန်းမပေးခြင်း(အခန်း အမှန်တကယ် မရှိခြင်း ဖြစ်နိုင်သကဲ့သို့ ကြိုက်ဈေးဖြင့် ရောင်းလိုခြင်းများကြောင့်)၊ အခန်းခများ ဈေးကြီးသဖြင့် ခရီးသွား ဧည့်သည်နှင့် ကုမ္ပဏီများ အတွက် အကန့်အသတ်ရှိ လာရခြင်း များကြောင့် ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

“နိုင်ငံခြားသား ဆိုတာ လိုင်စင်ရ ဟိုတယ်မှာပဲ ထားခွင့်ရှိတယ်။ TOURIST တွေထားတာတော့ မကြားမိဘူး။ အကယ်၍ ထားခဲ့ရင်လည်း လက်ပူတိုက်ပြီး ဖြေရှင်းတဲ့ သဘောပဲ။ ဟိုတယ် အခန်းတွေ ရှားပါးလို့ ဈေးကြီးလို့ ဖြစ်တာပဲ။ မတတ်သာလို့ တစ်ခေါက် နှစ်ခေါက် လောက်ထားတာ ပြဿနာ မဟုတ်ပေမယ့် ဒီလိုမျိုးထား တာကို လုပ်ငန်းတစ်ခု အနေနဲ့ လုပ်ရင် ခွင့်ပြုလို့ မရဘူး” ဟု ခရီးသွား ဧည့်လမ်းညွှန် ဦးညီညီက မှတ်ချက် ဆိုသည်။

အဆိုပါကွန်ဒိုတွင် ဧည့်သည် ထားရှိခြင်းသည် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် ငြိစွန်း သကဲ့သို့ ဟိုတယ်/ခရီး ၀န်ကြီးဌာနက ထုတ်ပေးသော ခရီးသွား ကုမ္ပဏီ ခွင့်ပြုသော စည်းကမ်းချက် နှင့်လည်း ငြိစွန်းကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဇော်ထွဋ်က ပြောကြားသည်။

“အိမ်ရာတို့၊ တိုက်ခန်းတို့၊ ကွန်ဒိုတို့မှာ ထားမယ် ဆိုရင် မလိုလားအပ်တဲ့ ရှုပ်ထွေးမှု တွေ ဖြစ်လာနိုင်သလို နိုင်ငံလုံခြုံရေးနဲ့ လူမှုရေးပိုင်းမှာပါ ပြဿနာ ရှိလာနိုင်တယ်” ဟု ၎င်း၏ ပုဂ္ဂလ အမြင်ကို ပြောဆိုသည်။

မြန်မာ့ ခရီးသွား လုပ်ငန်းသည် ၂၀၀၉-၂၀၁၀ ပြည့်နှစ်မှ စတင်ပြီး ပုံမှန် ကောင်းမွန် ခဲ့ကြောင်း၊ ယင်းအချိန်က ခရီးသွား ဧည့်သည်ဝင်ရောက်မှု နည်းပါးသော်လည်း ယင်းနယ်ပယ်တွင်းတွင် ဟိုတယ်ဈေးနှုန်းများ၊ အခန်းအခက်အခဲများ၊ ခရီးသွားလာစရိတ်(လေယာဉ်လက် မှတ်ခ)များ မြင့်တက်ခြင်း မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်ကြောင်း၊ လက်ရှိတွင် ယင်းနှင့် ပြောင်းပြန် ဖြစ်နေသော်လည်း ခရီးသွားတိုးလာ နေပြီး ဟိုတယ်များနှင့် ခရီးသွား လုပ်ငန်းတို့ အကြား ပြဿနာများ တိုးပွားခဲ့ကြောင်း၊ ရှေ့လာမည့်နှစ်များတွင် ခရီးသည် တိုးမြှင့်ရောက်မည် မှန်သော်လည်း ထိုအချိန်တွင် ယခုအတိုင်း ဆက်ဖြစ်နေပါက ခရီးသည် ဆက်လက်တိုးမည့် အခြေအနေ ကောင်းမှ လျော့ပါးခြင်း၊တန့်ခြင်းများ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်း အမှုဆောင် ဦးစိုးလွင်က လက်ရှိ မြန်မာ့ခရီးသွား လုပ်ငန်း အပေါ် သုံးသပ်သည်။

“အားလုံး မျှမျှတတ ဆိုရင် ကောင်းမှာပဲ။ ဒီလိုသာ ဆက်ဖြစ်မယ် ဆိုရင် Image ကျသွားတဲ့ အပြင် ခရီးသည် တိုးလာတာ ကနေ လျော့သွားနိုင်တယ်” ဟု ၎င်းက မှန်းဆသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော် လေဆိပ်တို့မှ ၀င်ရောက်မှုနှင့် နယ်စပ် ဒေသများမှ ၀င်ရောက် လည်ပတ်မှု ဟူ၍ နှစ်ပိုင်းရှိရာ ၂၀၁၁ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ခရီးသည် ၈၁၆ç၃၆၉ ဦး ၀င်ရောက်ခဲ့ပြီး ရန်ကုန် လေဆိပ်နှင့် ဆိပ်ကမ်း များမှ ၃၈၉ç၄၂၈ ဦး၊ နယ်စပ် ဒေသများမှ ၄၂၆ç၉၄၁ ဦး ၀င်ရောက်ခဲ့ကြောင်း ဟိုတယ်/ခရီး ၀န်ကြီးဌာန၏ စာရင်းအရ သိရသည်။

ယင်းအခြေအနေတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားသားပိုင်နှင့် ဖက်စပ် ဟိုတယ် ၂၆ လုံးတွင် အခန်းပေါင်း ၄၀၅၄ ခန်း၊ ပြည်တွင်း ပုဂ္ဂလိကပိုင် ဟိုတယ် ၇၃၁ လုံးတွင် အခန်းပေါင်း ၂၂၄၄၂ ခန်း၊ နိုင်ငံပိုင် ဟိုတယ် ခြောက်လုံးတွင် အခန်းပေါင်း ၁၉၉ ခန်းရှိကြောင်း အဆိုပါ ဌာန စာရင်း ဖော်ပြချက်အရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့