Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

ဗုဒ္ဓဖြစ်တော်စဉ် (ဘုရားဖြစ်မည့်အကြောင်း ဗျာဒိတ်ရတော်မူခန်း)


  ဤကမ္ဘာမှ ပြန်၍ ရေတွက်လျှင် လွန်ခဲ့သည့်ကမ္ဘာပေါင်း လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလက တဏှင်္ကရာဘုရား သရဏင်္ကရာဘုရား၊ မေဓင်္ကရာဘုရား၊ ဒီပင်္ကရာဘုရားဟု ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ ထိုသာရမဏ္ဍကမ္ဘာတွင် နောက်ဆုံးပွင့်တော်မူသည့်ဘုရားဖြစ်သည့် ဒီပင်္ကရာဘုရားရှင်ခေတ်တွင် ရမ္မာဝတီပြည်၌ အမျိုးမြတ်သော ပုဏ္ဏားမျိုးတွင် သုမေဓာခေါ် ပုဏ္ဏားပညာရှိတစ်ယောက် ရှိခဲ့ပါသည်။

          သုမေဓာငယ်စဉ်ကပင် မိဘများ ကွယ်လွန်သွားခဲ့ပါသည်။ ပညာပြည့်စုံသည့် အသက် ၁၆ နှစ်အရွယ်တွင် ဘဏ္ဍာစိုးက သုမေဓာ၏ ဘိုးဘေးမိဘအဆက်ဆက် ချန်ထားခဲ့သော ကုဋေပေါင်း မြောက်မြားစွာသော စည်းစိမ်ဥစ္စာများကို သုမေဓာအား အပ်နှင်းပါသည်။ သုမေဓာသည် ထိုစည်းစိမ်ဥစ္စာများကို လက်ခံကာ နှစ်အနည်းငယ်ကြာ စောင့်ရှောက်ရင်း

          ““ငါ၏ ဘိုးဘွားမိဘတို့သည် ပစ္စည်းဥစ္စာကို ရှာရုံသာ ရှာတတ်၍ ယူမသွားတတ်ကြချေ။ ငါသည်ကား ဤပစ္စည်းဥစ္စာများကို အကုန်အစင် ယူသွားတော့အံ့””

ဟု အကြံဖြစ်ပါသည်။ ဤအကြံအတိုင်း သူပိုင်စည်းစိမ်များကို နွမ်းပါးသူ အားကိုးရာမဲ့သူများကို လှူဒါန်းပါသည်။ ထိုသို့လှူဒါန်းသော်လည်း မကုန်နိုင်သဖြင့် တစ်မြို့လုံးကို စည်လည်စေပြီး ရှိရှိသမျှလိုရာပစ္စည်းများကို ယူကြရန် လှူဒါန်းခဲ့ပါသည်။ သူသည်ကား လျှော်တေသင်္ကန်းကို ဆင်မြန်းလျက် ရသေ့ဝတ်ကာ တောထွက်ခဲ့ပါသည်။ တောထွက်ပြီး မကြာမီ ဈာန်၊ အဘိညာဉ်ကို ရရှိခဲ့ပါသည်။

          ဈာန်အဘိညာဉ်ရပြီး တောထဲတွင် သီတင်းသုံးရင်း တစ်ခါတွင် ချဉ်ဆားမှီဝဲလိုသဖြင့် ရမ္မာဝတီမြို့သို့ ကြွလာပါသည်။ ထိုအခါ မြို့လူထုသည် လမ်းဖောက်နေသည်ကို ရသေ့မြင်ရာ အဘယ်အကြောင်းကြောင့်ဟု စုံစမ်းရာမှ ဒီပင်္ကရာဘုရားရှင် ကြွလာမည်ဖြစ်သဖြင့် လမ်းဖောက်နေကြောင်းကို သိရသည်။ ဘုရားဟူသော စကားကို ကြားရုံဖြင့် ကြည်ညိုစိတ်ဖြစ် ကာ ကောင်းကင်မှ သက်ဆင်းလျက် သူလည်း ပါဝင်လိုကြောင်း သူ့အတွက် တစ်နေရာပေးရန် ပြော၏။ မြို့သူမြိုသားတို့လည်း အဘိညာဉ်ရ ရသေ့ဖြစ်သဖြင့် ခက်ခဲသည့် ရွှံ့ညွန်ထူထပ်သော နေရာ တစ်ခုကို ပေးလိုက်ကြ၏။

          သုမေဓာရသေ့သည် အဘိညာဉ်တန်ခိုးဖြင့် စီမံက ရနိုင်သော်လည်း ခန္ဓာဖြင့်ရင်း၍သာ လမ်းကို ဖို့ပါသည်။ ထို့အတွက်ကြောင့် ဒီပင်္ကရာဘုရားရှင်နှင့် နောက်ပါရဟန္တာလေးသိန်းတို့ ကြွလာချိန်အထိ လမ်းက မပြီးနိုင်ဘဲ ဖြစ်နေရာ ဘုရားရှင်၏ အဆင်းတော်ကို ဖူးမြော်ပြန်ရာတွင်လည်း အလွန်ကြည်ညိုစိတ်ဖြစ်ရကား အသက်ကိုပင် စွန့်လှူမည် ဟူသော နှလုံးသွင်းဖြင့် သူ့ခန္ဓာကိုယ်ကို တံတားအဖြစ် လျှောက်စေရန် အလျားလိုက် မှောက်ခင်းပေးလေ၏။ စိတ်အကြံတွင်လည်း ဒီပင်္ကရာဘုရားရှင်ကဲ့သို့ ဘုရားစင်စစ် ဧကန်ဖြစ်လိုကြောင်း ကြံရွယ်ဆုတောင်း၏။

          ဒီပင်္ကရာဘုရားရှင်လည်း သုမေဓာရသေ့၏ စိတ်အကြံဆုတောင်းကို သိတော်မူသဖြင့် အနာဂတံသဉာဏ်တော်ဖြင့် ဆင်ခြင်ကြည့်ရာ ဘုရားဖြစ်မည့်အကြောင်းကို မြင်တော်မူသဖြင့် ““ပဿထ ဣမံ တာပသံ၊ ဇဋိလံ ဥဂ္ဂတာပနံ”” စသော ဂါထာဖြင့်

          ““ရဟန်းတို့ ... ဆံကျစ်ကို ထုံးထားသည်ဖြစ်၍ ထက်မြက်သောအကျင့်နှင့် ပြည့်စုံသော ဤရသေ့ကို ကြည့်ကြပါကုန်။ ဤသုမေဓာ ရှင်ရသေ့သည် ကမ္ဘာမှနောက် မရေမတွက်နိုင်လောက်အောင် များမြောက်သော ကမ္ဘာထက်၌ လူသုံးပါးဝယ် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်””

ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူပါသည်။

------------- မင်းကွန်းဆရာတော်ကြီး၏ နိုင်ငံတော်ဗုဒ္ဓသာသနမဟာဗုဒ္ဓ၀င် စာအုပ်မှ ထုတ်နုတ် တင်ဆက်သည်။ -------

--------------------- ခက်ဆစ်အဖွင့် ---------------------

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း

          အသင်္ချေဟူသည်မှာ မရေမတွက်နိုင်ခြင်းဟု အဓိပ္ပာယ်ရပါသည်။ ကမ္ဘာတစ်ခု ဖြစ်ပြီးနောက် ကာလအတန်ကြာလျှင် ပျက်သည်။ ဘယ်လောက်ကြာသလဲဆိုလျှင် အလျားအနံအမြင့် ၁၂ မိုင် ရှိသည့် ကျောက်တုံးကြီးတစ်တုံးကို နှစ်တစ်ရာလျှင် တစ်ကြိမ် ဂွမ်းစဖြင့် ပွတ်ပါ။ ထိုသို့ပွတ်သဖြင့် ကျောက်တုံးသာ ပါးသွားမည်။ ကမ္ဘာတစ်ခု သက်တမ်းက မကုန်သေးဟု သိရသည်။ ထိုမျှသက်တမ်းကြာလှသော ကမ္ဘာကြီးတစ်ခု ပျက်ပြီးတိုင်း နောက်ထပ် ကမ္ဘာတစ်ခု အသစ်ထပ်ဖြစ်၏။ ထိုသို့ ဖြစ်လိုက်ပျက်လိုက်ဖြင့် ကမ္ဘာတစ်ခု နှစ်ခု သိန်းသောင်းကုဋေ စသည်ဖြင့် ရေတွက်၍ မရနိုင်တော့သည့် သင်္ချာကို အသင်္ချေဟု ခေါ်ပါသည်။ ဤနေရာတွင် ဆိုလိုသော အသင်္ချေမှာ ရက် လ နှစ် မဟုတ်။ ကမ္ဘာပေါင်း အသင်္ချေဟု မှတ်ရပါမည်။

          လေးသင်္ချေဖြစ်ပုံမှာ ဘုရားမပွင့်သည့် ကမ္ဘာများ အသင်္ချေ(မရေမတွက်နိုင်လောက်အောင်) ဖြစ်ပြီးနောက် ဘုရားပွင့်သည့် ကမ္ဘာတစ်ကြိမ်ဖြစ်၏။ ထိုကမ္ဘာနောက်တွင် ဘုရားမပွင့်သည့် ကမ္ဘာပေါင်း အသင်္ချေဖြစ်ပြန်၏။ ထိုသို့ ဘုရားမပွင့်သည့် ကမ္ဘာအသင်္ချေဖြစ်လိုက်၊ ကြားတွင် ဘုရားပွင့်သည့်ကမ္ဘာ တစ်ကြိမ်ဖြစ်လိုက်ဖြင့် လေးကြိမ် လေးခါ ဖြစ်ခြင်းကို လေးသင်္ချေဟု ခေါ်ကြောင်း ဆရာတော်ဥုးမာနိတသိရီဘိဝံသ၏ ဗုဒ္ဓဘာသာဟူသည် ဆိုသော စာအုပ်တွင် ဖတ်ဖူးခဲ့ မှတ်ဖူးခဲ့ပါသည်။ ကမ္ဘာတစ်သိန်းဆိုသည်မှာလည်း ဘုရားမပွင့်သည့် ကမ္ဘာပေါင်း တစ်သိန်းကို ရေတွက်ပြခြင်းဖြစ်ပါသည်။

သာရမဏ္ဍကမ္ဘာ = ကမ္ဘာအမျိုးအစား တစ်မျိုးပင်။

          ကမ္ဘာတစ်ခု အသစ်စဖြစ်လျှင် ကမ္ဘာဦးကြာပင်ကြီးတစ်ပင် ပေါ်ပေါက်လာသည်ဟု ဆို၏။ ထိုကြာပင်ကြီးတွင် အပွင့်ပွင့်ခြင်း မပွင့်ခြင်းကိုလိုက်၍ သုဒ္ဓါဝါသဘုံနေ ဗြဟ္မာကြီးများက နိမိတ်ဖတ်ကြသည်။ ကြာမပွင့်လျှင် ဘုရားမပွင့်သည့် သုညကမ္ဘာဟု ဆို၏။ ကြာပွင့်ရာတွင်လည်း တစ်ပွင့်တည်းပွင့်လျှင် ဘုရားတစ်ဆူပွင့်မည့် သာရကမ္ဘာ၊ ကြာ နှစ်ပွင့်ဆိုလျှင် ဘုရားနှစ်ဆူပွင့်မည့် မဏ္ဍကမ္ဘာ၊ ကြာသုံးပွင့်ဆိုလျှင် ဘုရားသုံးဆူပွင့်မည့် ၀ရကမ္ဘာ၊ ကြာလေးပွင့်ဆိုလျှင် ဘုရားလေးဆူပွင့်မည့် သာရမဏ္ဍကမ္ဘာ၊ ကြာငါးပွင့်ပွင့်လျှင် ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာဟု သတ်မှတ်ကြပါသည်။

တစ်ဆူ သာရ၊ နှစ် မဏ္ဍ၊ ၀ရ သုံးဆူသာ

သာရမဏ္ဍ၊ လေးဆူပြ၊ ဘဒ္ဒ ငါးဆူသာ -

ဟု မင်းကွန်းဆရာတော်ကြီးက အတိုချုပ်မှတ်ရန် သံပေါက်ကဗျာ စပ်ထားပါသည်။
ဈာန်၊ အဘိညာဉ်

          ဈာန်ဟူသည်မှာ ရုပ်ရှိသော ဗြဟ္မာ့ဘုံ၊ ရုပ်မရှိသောဗြဟ္မာ့ဘုံတို့တွင် အဖြစ်များသော စိတ်တစ်မျိုးကို ဆိုလိုပါသည်။ လူဘုံ နတ်ဘုံမှ ကာမဘုံသား ပုဂ္ဂိုလ်များသည်လည်း သမထ ၀ိပဿနာအားထုတ်၍ သမာဓိရလျှင် ထိုစိတ်များ ဖြစ်ပေါ်နိုင်ပါသည်။ ထိုဈာန်စိတ်ဖြစ်လျက် သေလွန်လျှင် ဗြဟ္မာ့ဘုံသို့ ရောက်နိုင်ပါသည်။

          အဘိညာဉ်ဆိုသည်မှာ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း စသော တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သော အစွမ်းကို ဆိုလိုပါသည်။ ဈာန်ရတိုင်း အဘိညာဉ်မရနိုင်ပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့