လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 1 October 2013

» စီးဆင်းနေသော ပြန်မလော့မြစ်နှင့် ဆွံ့အနေသောဘဝများ

ရန်ကုန်-ပုသိမ် လမ်းမကြီးပေါ်ကို ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်ဖို့ ဘုရင့်နောင်လမ်းကနေ ဖြတ်သန်းရတာ အတော်ကြာပါတယ်။ ပုသိမ်လမ်းပေါ် အရောက် စိမ်းစိုတဲ့ လယ်ကွင်းတွေနဲ့ ဖြောင့်ဖြူးတဲ့လမ်းကို ကြည့်ပြီးမှ ကျွန်တော့်ဘေးနားမှာ ထိုင်နေတဲ့ ပြင်သစ်နိုင်ငံသား ဖိလစ်ကို ရယ်ပြနိုင်ပါတယ်။ ဖိလစ်ကတော့ မြန်မာနိုင်ငံ အကြောင်းကို သိနေပုံနဲ့ အေးအေးဆေးဆေးပါပဲ။

ကျွန်တော်တို့ အဖွဲ့က ဝါးခယ်မမြို့နယ်မှာ ရှိတဲ့ သောင်တန်းရွာရဲ့ စီးပွားရေး၊ လူမှုရေးတွေကို ကွင်းဆင်း လေ့လာဖို့ သွားနေတာ ဖြစ်ပါတယ်။ ဆားမလောက်ရွာ ကိုရောက်တော့ နေ့လယ်စာ ထမင်းစားကြပါတယ်။ ဆားမလောက်ကနေ ပန်းတနော် ရောက်တဲ့အထိ အေးရာအေးကြောင်းပါပဲ။ အဖွဲ့မှာ ပါလာတဲ့ Junior Producer နဲ့ Reporter ကလည်း ဇာတ်ညွှန်း အကြမ်းကားပေါ်မှာ ရေးနေပါတယ်။ ကျွန်တော်တို့ကလည်း လာခေါ်တဲ့ ဒေသခံတွေနဲ့ ကားပေါ်မှာ စကားဖောင်ဖွဲ့ နေပါတယ်။

ပန်းတနော်ကနေ ဝါးခယ်မကို မိုင် ၄၀ ကျော်ခရီးသာရှိလို့ နေမစောင်းခင် ဝါးခယ်မ ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။ ဝါးခယ်မကနေတစ်ဆင့် သောင်တန်းကို ရေလမ်းခရီးနဲ့ ၂ နာရီလောက် သွားရမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပန်းတနော်ကနေ မိုင်အနည်းငယ် မောင်းပြီးတဲ့နောက် ဝါးခယ်မလမ်းကို ကြည့်ပြီး တော်တော်အံ့သြသွားရပါတယ်။

ကားလမ်းက ကတ္တရာလမ်း မဟုတ်တော့ဘဲ မြေသားလမ်း ဖြစ်သွားပါတယ်။ တချို့နေရာက ချိုင့်ခွက် တွေက ကားလေးတွေ မောင်းလို့မရတဲ့ အနေအထား ဖြစ်ပါတယ်။ တချို့လမ်းပိုင်းတွေ မှာတော့ ဂဝံကျောက်တွေ ဖြန့်ခင်းထားပါတယ်။ ဒါပေမဲ့ လမ်းကြိတ်စက်နဲ့ ကြိတ်မထားတော့ ကျောက်တောင်တစ်ခုကို တက်နေရသလိုပါပဲ။ ကျွန်တော်တို့ ကားကိုမောင်းတဲ့ ကားဆရာလည်း မျက်လုံးပြူးနေပါတယ်။ မတော်တဆ ဆီတိုင်ကီနဲ့ ကျောက်တုံးထိပြီး ပေါက်သွားရင် ကျွန်တော်တို့ လမ်းတစ်ဝက်ကနေ လှည့်ပြန်ရမယ့် ကိန်းပါပဲ။ ကျွန်တော်တို့လည်း ဆန်ကောထဲမှာ ထည့်ထားတဲ့ ဆီးဖြူသီးတွေလိုပဲ အလူးလူး အလိမ့်လိမ့်နဲ့ပါ။ ဖိလစ်က ကျွန်တော့်ကို မေးဆတ်ပြီး ရယ်ပြပါတယ်။ ကျွန်တော်ကလည်း အားကျမခံ ပြန်ပြောလိုက်ပါတယ်။ ပန်းတနော်ဆိုတာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးမှာ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ရဲ့ ဇာတိမြို့ ဖြစ်ပြီး ဝါးခယ်မကတော့ ပါလီမန်ခေတ်မှာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုရဲ့ ဇာတိမြို့ ဖြစ်ကြောင်း အသိပေးလိုက်တာပါ။
ဒီပုဂ္ဂိုလ်ကြီးနှစ်ယောက် မွေးဖွားရာဇာတိ မြို့နှစ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းကတော့ ၂၀၁၃ ခုနှစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နေပါပြီဆိုတဲ့ နိုင်ငံမှာ အခုမှ ကျောက်ကြမ်း ခင်းခါစပဲ ဖြစ်ပါတယ်။

ဝါးခယ်မကို ရောက်တော့ အမှောင်သမ်းနေပါပြီ။ မိုင် ၄၀ ကျော်ခရီးကို ၄ နာရီလောက် ခက်ခက်ခဲခဲ မောင်းနှင်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ်းနားကနေ ဒေါက်တာသန့်ဇော်ဦး လာကြိုနေတဲ့ ပဲ့ထောင်နှစ်စီးနဲ့ ကျွန်တော်တို့ ရေလမ်းခရီးကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ ဧရာဝတီတိုင်း ဆိုတဲ့အတိုင်း မြစ်ထဲကနေ ချောင်းကြိုချောင်းကြားအတိုင်း သွားခဲ့ကြရတာပါ။ ဦးပိတ္တုပ်ရွာမှာရှိတဲ့ ဒေါက်တာသန့်ဇော်ဦး ဆေးခန်း ရောက်တော့ ည ၈ နာရီ ထိုးနေပါပြီ။ ဆေးခန်းကို ခဏဝင်ပြီး အဲဒီမှာ ရှိတဲ့ စာကြည့်တိုက် အခြေအနေကို လေ့လာပြီးမှ သောင်တန်းရွာကို ညအမှောင်ထဲ ဆက်လက် ခရီးထွက်ခဲ့ပါတယ်။

ပဲ့ထောင် သေးသေးလေးဟာ လူ ၁၃ ယောက်ကို တင်ဆောင်ပြီး မိုးညထဲ ပြန်မလော့မြစ်ကို အလျားလိုက် ဖြတ်ကူးနေပါတယ်။ ၁၃ ဂဏန်းဟာ နိမိတ်မကောင်းဘူးလို့ ဘယ်လိုပဲဆိုဆို အဲဒီညက မိုးမရွာဘဲ လှိုင်းလေ ငြိမ်သက်နေပါတယ်။ လှေပေါ်မှာ နှစ်တောင့်ထိုးဓာတ်မီး တစ်လက်သာပါပြီး ဘာမဆို ဖြစ်သွားနိုင်မယ့် အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ မစ္စတာဖိလစ်ကတော့ ဂျာနယ်လစ်ပီပီ အကြောက်အလန့်မရှိ အပူအပင် ကင်းကင်းနဲ့ အိပ်နေပါတယ်။ မြစ်ပြင် တစ်ခုလုံးကတော့ ငြိမ်သက်နေပေမယ့် ရှေ့ကို ဘာမှမမြင်ရဘဲ မှောင်မဲနေပါတယ်။ မြစ်တစ်ဖက်တစ်ချက် မှာရှိတဲ့ လူနေအိမ်တွေမှာလည်း မီးရောင်တစ်စတောင် မတွေ့ရပါဘူး။ ပဲ့ထောင် မောင်းတဲ့ လူကတော့ ဒီလမ်းဒီခရီးကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းဖူးတဲ့သူမို့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပဲ့ထောင်ကို မောင်းနှင်နေပါတယ်။ လှေဘေးက ဖွာပြီးထွက်နေတဲ့ ရေပြင်ကိုကြည့်ပြီး ရုတ်တရက် မဲမဲအရာဝတ္ထု တွေ မျောပါလာတဲ့အခါ ကျွန်တော့်ရင်ထဲ သိမ့်ခနဲ ခုန်လှိုက်သွားပါတယ်။ အနီးကပ်ကြည့်မှ ဗေဒါပင်တွေ ဖြစ်နေတာ တွေ့ရပါတယ်။ ညအမှောင်ထဲ ချောင်းသေးသေးလေးတွေ၊ လူနေအိမ်ခြေ ကြားကနေ လှေစီးနေရတာ ရသတစ်ခု ဖြစ်နေပါတယ်။

ည ၁၀ နာရီလောက်မှာတော့ မီးထိန်ထိန် လင်းနေတဲ့ အိမ်တစ်လုံးကို ကမ်းစပ်မှာ တွေ့လိုက် ရပါတယ်။ ပဲ့ထောင်က အဲဒီအိမ်ရှေ့ကို ထိုးဆိုက် လိုက်တဲ့အခါမှာ ခရစ်စတိုဖာကိုလမ်ဘတ်က ကုန်းမြေကို ရှာဖွေတွေ့ရှိခဲ့ သလိုမျိုး ကျွန်တော်တို့အားလုံး ပျော်ရွှင်သွားခဲ့ရပါတယ်။ ဒီအခြေအနေဟာ ၄ နာရီကြာ စွန့်စားပြီး လှေစီးခဲ့ရလို့ ဖြစ်နိုင်သလို မီးရောင် မြင်တွေ့ရလို့လည်း ဖြစ်နိုင်ပါတယ်။ ဆိပ်ကမ်းမှာတော့ လူ ၉ ယောက်၊ ၁၀ ယောက်လောက် လာကြိုနေတာကို တွေ့ရပါတယ်။ ဒီလူအုပ်စုထဲမှာ ကျွန်တော်တို့တည်းမယ့် အိမ်ရှင် ကိုမျိုးချစ်ဝင်းလည်း ပါပါတယ်။ သူက ငါးမွေးမြူတဲ့ လုပ်ငန်းကို လုပ်ကိုင်တဲ့ ကရင်လူမျိုး ဖြစ်ပါတယ်။ သူ့အိမ်ထဲကို ရောက်တဲ့အခါ ကျွန်တော်တို့အတွက် ထမင်းပွဲတွေ အဆင်သင့် ပြင်ထားပြီးပါပြီ။ ညအမှောင်ထဲမှာ ကျွန်တော်တို့ ဘာကိုမှ မလေ့လာနိုင်တော့ဘဲ မောမောနဲ့ ထမင်းစားပြီး အိပ်လိုက်ကြပါတယ်။

နောက်တစ်နေ့မနက် ကျွန်တော်နိုးတော့ ဖိလစ်လည်း အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့ အဖွဲ့သား အားလုံးလည်း အဆင်သင့် ဖြစ်နေပြီမို့ ကိုမျိုးချစ်ဝင်းရဲ့ ပဲ့ထောင်တွေနဲ့ ငါးမွေးကန်တွေ ရှိရာကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းမှာ အဖြူအစိမ်း ဝတ်စုံလေးတွေနဲ့ လှေကို ကိုယ်တိုင်လှော်ခတ်ပြီး ကျောင်းသွားနေတဲ့ ကလေးငယ်တွေကို မြင်ခဲ့ရပါတယ်။ ချောင်းဘေးမှာရှိတဲ့ ရွာကလေးတွေဟာ ကျေးရွာအုပ်စု တစ်ခုမှာ တစ်ကျောင်းသာရှိတဲ့ မူလွန်ကျောင်းကို စာသွားသင်ရတာ ဖြစ်ပါတယ်။ စာသင်ခန်းတစ်ခုထဲမှာ ကလေး ၂၀၀ လောက်ကို ဆရာမ ၃ ယောက်လောက်နဲ့ ကျပ်ကျပ် တည်းတည်း စာသင်ပေးနေတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကျွန်တော်တို့ ရောက်သွားတဲ့ မွေးမြူရေးကန်က တော်တော်လှပါတယ်။ ကန်ဘောင်ပေါ်မှာ အုန်းပင်တွေနဲ့ သင်္ဘောပင်တွေကို စီတန်းပြီး စိုက်ပျိုးထားတယ်။ တစ်နေရာနဲ့ တစ်နေရာကိုတော့ လှေနဲ့ပဲ သွားလို့ရတယ်။ ကျွဲတွေ၊ နွားတွေကိုတော့ ကုန်းမြေ ကွက်ကွက်လေးတွေမှာ လွှတ်ထားတာကို တွေ့ရတယ်။ ငါးမွေးကန်တွေရဲ့ အကျယ်ကတော့ အမျိုးမျိုးအစားစားပါပဲ။ အကြီး ဆုံးက ဧက ၅၀၀ ထိရှိပြီး တစ်ပိုင်တစ်နိုင် မွေးတဲ့လူတွေက ၅ ဧကအထိ ရှိပါတယ်။ သောင်တန်းရွာမှာ တလားပီးယားငါးကို မွေးလေ့ မရှိပါဘူး။ ဒီငါးက စားနှုန်းကြီးပြီး အစာဖိုးမတတ်နိုင်ကြလို့ ဖြစ်ပါတယ်။ ငါးဖော်ချိန်မှာတော့ ကုန်လှေတွေဟာ ငါးကန်ကိုတိုက်ရိုက် မောင်းလာပြီး ငါးချိန်ပါတယ်။ စက်လှေတစ်စီးကို ကုန်ချိန် ၇၀၀၀ ကနေ ၁၀,၀၀၀ ထိတင်ပြီး ရန်ကုန် စံပြငါးဈေးကို တိုက်ရိုက်ဆင်းကြတာပါ။ ငါးမွေးမြူရေး အကြောင်းကို ကိုမျိုးချစ်ဝင်းက အခုလို ရှင်းပြပါတယ်။

“ဒီမှာက ငါးကြင်း၊ ငါးခေါင်းပွ၊ ငါးမုန့်တို့ကိုပဲ မွေးလေ့ရှိပါတယ်။ တလားပီးယားက တခြားငါးတွေနဲ့ ရောမွေးလို့ မရဘူး။ သူက တခြားငါးတွေရဲ့ အစာကို လုလုစားတော့ အခြားငါးတွေရဲ့ ကြီးထွားနှုန်းကို ထိခိုက်တယ်။ ငါးအစာကိုတော့ ဖွဲနုနဲ့ အစာတောင့်ကျွေးတာ များပါတယ်။ ကျွန်တော့်ကန်က ဧက ၅၀၀ ရှိပြီး တစ်နေ့အစာဖိုးက နှစ်သိန်းဖိုးလောက် ကျွေးရတယ်။ ငါးမွေးတဲ့အလုပ်က အမြဲမြတ်တယ်လို့ မပြောနိုင်ဘူး။ ရှုံးတဲ့နှစ်လည်း ရှိတယ်။ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ တွေမှာ အစာဖိုးတွေ ဈေးကြီးပြီး ငါးဈေးကျလို့ ကျွန်တော်တို့ အကြီးအကျယ် ရှုံးခဲ့တယ်။ ၂၀၁၂ ကျမှ ဦးမော့လာတာပါ။ ကျွန်တော်တို့ ဆီမှာတော့ လုပ်ငန်းတိုးချဲ့ဖို့ ချေးငွေတွေ လာပေးသံ မကြားရသေးဘူး။ ကိုယ့်ဟာ ကိုယ် အဆင်ပြေသလို လုပ်နေကြရတာပဲ”

ကိုမျိုးချစ်ဝင်းရဲ့အဆိုအရ ငါးကန်တစ်ကန်မှာ ပိုင်ရှင်အမြဲရှိဖို့ လိုပါတယ်။ ဧက ၅၀ ရှိတဲ့ ငါးကန်တစ်ကန်မှာ အလုပ်သမား ၁၇ ယောက် ထားရပါတယ်။ ပိုက်ဆွဲ အလုပ်သမား တစ်ယောက်ကို လစာ ၅၀,၀၀၀ လောက် ပေးရပြီး ငါးစာကျွေးတဲ့ မိန်းကလေး တစ်ယောက်ကို ၄၅,၀၀၀ လောက် ပေးရပါတယ်။ သူတို့တွေက ကန်ထဲမှာ လှေနဲ့သွားပြီး ငါးစာပက်ရတဲ့လူတွေ ဖြစ်ပါတယ်။ ဖော်ခါနီး ငါးကန်တစ်ကန် အတွက်တော့ ညဘက်တွေမှာ ကင်းမပြတ် စောင့်ရပါတယ်။ ဘာလို့လဲဆိုတော့ ဧရာဝတီတိုင်းထဲက သဘာဝမြစ်၊ ချောင်းတွေ၊ အင်းတွေမှာ ငါးမရှိလို့ပါပဲ။

အရင် ငါးတွေပေါများတုန်းက မျိုးမချန်ဘဲ ပိုက်အကျဲ၊ ပိုက်အစိပ် အမျိုးမျိုးနဲ့ဖမ်းပြီး လုပ်ခဲ့တာတွေဟာ အခုလက်ငင်း ဒုက္ခတွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ ငါးမျှားတဲ့ သူတွေကလည်း မိသမျှအကုန် ယူတယ်။ မျိုးဥနဲ့ ငါးပြေမတွေကို အလွတ်ပေးရ ကောင်းမှန်းလည်း မသိဘူး။ ဒီလိုနဲ့ ရွာနီးချုပ်စပ်က ချောင်းမြောင်းတွေမှာ ငါးမျိုးသုဉ်းခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဟင်းစားရှာတဲ့ ဆင်းရဲသား ကျောမွဲတွေဟာ အရဲစွန့်ပြီး ငါးကန်ထဲကငါးကို လာခိုးတော့ တာပါပဲ။ အင်းသားကြီးတွေ အလစ်မှာ အင်းထဲကို ဝင်တယ်။ ဒါ့ကြောင့် ညဘက်ကင်းလှည့်တဲ့ အင်းပိုင်ရှင်တွေနဲ့ တွေ့ရင် ပြဿနာ ဖြစ်တယ်။ အဖမ်းခံရတယ်။ ထောင်ကျတယ်။ ထောင်ကျသွားတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုက ဒုက္ခရောက်ကြရတယ်။ ဒီလိုနဲ့ ငြိမ်းချမ်းနေတဲ့ရွာမှာ ပဋိပက္ခတွေ တိုးပွားလာတယ်။


တကယ်တော့ ဒီရွာတွေဟာ လူဦးရေ ထူထပ်သိပ်သည်းပြီး ရေခံ၊ မြေခံကောင်းတဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ အတိတ်ကဆိုရင် ချောင်းထဲကို မျက်စိမှိတ်ပြီး လက်နဲ့ ခပ်လိုက်ရင်တောင် ငါးတစ်ကောင်တော့ မိတယ်လို့ ဆိုပါတယ်။ အခုတော့ အခြေအနေတွေက ပြောင်းလဲ သွားခဲ့ပါပြီ။ သဘာဝ ချောင်းမြောင်းတွေထဲမှာ ငါးဆိုတာ အရုပ်ရေးပြရမယ့် အခြေအနေ ရောက်နေပါပြီ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ အလုပ်လုပ်တဲ့ အနိမ့်ဆုံး လုပ်ခက တစ်နေ့ကို ၂၀၀၀ ကျပ် ဖြစ်ပါတယ်။ ညဘက် ပုစွန်ဖမ်း၊ ငါးရှဥ့်ဖမ်း၊ မြှုံးထောင်သူတွေကတော့ ဒီ့ထက် နည်းနည်း ပိုရပါတယ်။ တစ်ရက်စာ ဝင်ငွေကို စားသောက်ဖို့ ဖယ်လိုက် ပြီးရင် အရက်သောက်၊ ချဲထိုးနဲ့ သူတို့ဘဝက ပြီးဆုံးသွားတော့တာပါပဲ။ နိုင်ငံတော်က ချမှတ်ထားတဲ့ ဆင်းရဲသား ပပျောက်ရေး စီမံကိန်းကို သောင်တန်းရွာသားတွေ မသိပါဘူး။
ရန်ကုန်မြို့မှာ ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်ပေါင်း မြောက်မြားစွာမှာ ရေးသားတဲ့ စီးပွားရေး စီမံကိန်းတွေ သောသောညံနေပေမယ့် သောင်တန်း ရွာလေးကတော့ အမှောင်သမ်းနေဆဲပါပဲ။ အလင်းရောင်မရှိ၊ ရုပ်မြင်သံကြား စက်မရှိ၊ တိုက်နယ် ဆေးရုံ မရှိတဲ့ ဒီလူတွေအဖို့ မနက်မိုးလင်းကနေ ညနေအထိ သူတို့ရဲ့ဘဝလှေကို ပင်ပန်းကြီးစွာ လှော်ခတ်နေရဆဲပဲ ဖြစ်ပါတယ်။ 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့