Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 8 October 2013

မူဆယ်တွင် အမှုများ မကြာခဏဖြစ်သော်လည်း တရားခံများ တရုတ်နိုင်ငံသို့ ထွက်ပြေးသောကြောင့် အကုန်မဖမ်းမိ

 ကူးသန်းရောင်းဝယ်မှု စည်ကားသော နယ်စပ်မြို့ဖြစ်သည့် မူဆယ်တွင် လူသတ်မှုအပါအ၀င် အခြားအမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ပြစ်မှုကျူးလွန်သူများမှာ တရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အမှုဖြစ်စဉ် အချို့သာ ပြန်ဖမ်းနိုင်သည်ဟု ပြည်ထဲရေးဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၇ ရက်တွင် ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်တွင် လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ မကြာခဏဖြစ်နေပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လုံခြုံရေး တိုးမြှင့်ချထားပေးရန် ရှမ်းပြည်နယ်မှ အမျိုး သားလွှတ်တော်အမတ် ဦးစိုင်းဝင်းမောင်၏ မေးခွန်းကို အောက်တိုဘာ ၇ရက်ကပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် ဒု-၀န်ကြီးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဒု-၀န်ကြီးက “တစ်ဖက်နိုင်ငံမှာ တရားခံများကို ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်ရှိသလို တစ်ဖက်နိုင်ငံက တရားခံများကို လည်း မြန်မာနိုင်ငံက ပူးပေါင်းဖမ်းဆီးပေးတဲ့အတွက် တစ်ဖက်နိုင်ငံကို လွှဲပြောင်းပေးအပ် ခဲ့တဲ့ဖြစ်စဉ်များလည်း ရှိပါတယ်” ဟု ပြောသည်။

“တချို့ဖြစ်စဉ်များဟာ စုံစမ်းစစ်ဆေး ဖော်ထုတ်ဆဲဖြစ်သလို တချို့ဖြစ်စဉ်များအနေနဲ့ ကြည့်မယ်ဆိုရင်လည်း တရားခံများ ရရှိပြီးတော့ တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်များလည်းရှိပါတယ်”ဟုလည်း ဒုဝန်ကြီးက ဆက်လက် ပြောသည်။

လွှတ်တော်အမတ် ဦးစိုင်းဝင်းမောင်က မူဆယ်မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူသတ်မှု၊ ပစ္စည်းလုယက်မှု၊ ရွှေဆိုင်ဓားပြတိုက်မှု၊ ဆိုင်ကယ်လုယက်မှုများကို ဥပမာ ရှစ်ခုဖြင့် ထောက်ပြခဲ့ပြီး ထိုအမှုအားလုံးတွင် တရားခံများကို မဖမ်းနိုင်သည့်အတွက် ၎င်းက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။

၎င်းက“ကျွန်တော်တင်ပြလိုတဲ့ အမှုအကြောင်းအရာများဟာ များစွာကျန်နေပါသေးတယ်။ ဒီမျှနဲ့ပဲ အပွေးမြင်အပင်သိ ဆိုသလို မူဆယ်မြို့နယ် လုံခြုံရေး မည်မျှလိုနေကြောင်းကို ခန့်မှန်းသိရှိလိုပါတယ်။ တရားခံ အားဖမ်းဆီးမမိနိုင်လို့ရှိရင် ထိုအမှုများဟာ အဟောသိကံ ဖြစ်သွားလို့ရှိရင် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံဖို့အတွက် စိုးရိမ်သည်ထက် ပို၍ စိုးရိမ်လာရပါတယ်”ဟု ဆိုသည်။

လုံခြုံရေးတိုးမြင့်မှုနှင့်ပတ်သက်၍လည်း မူဆယ်မြို့နယ်တွင် ရဲအင်အား ၂၄၀ ချထားပြီး ဖြစ်သည်ဟုလည်း ဒု-၀န်ကြီးက ပြောသည်။

၎င်း၏ပြောဆိုချက်အရ မူဆယ်မြို့နယ်တွင် လူဦးရေ ၁၂၆၀၅၉ ရှိနေသည့်အတွက် ပြည်သူ ၅၂၅ယောက်ခန့်အတွက် ရဲတစ်ယောက် အချိုးကျ ရှိနေသည့်သဘောဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခများကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာနိမ့်ကျနေပြီး လေ့ကျင့်မှု အရည်အသွေးနှင့် သင်တန်းများ လိုအပ်နေပြီဖြစ်ကြောင်း အငြိမ်းစားရဲမှူးများက ထောက်ပြ ပြော ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာစံချိန်စံနှုန်းနှင့် သက်ဆိုင်သော အကူအညီများကို ကူညီပေးမည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး
(#UNODC) မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက စက်တင်ဘာလအတွင်းတွင် မဇ္ဈိမကို ပြောထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့