Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 7 October 2013

ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီးခံရမှု စုံစမ်းရန် သံတွဲမြို့သို့ RNDP မှ လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်မည်




လွန်ခဲ့သော ရက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် သံတွဲမြို့တွင် ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီးခံထားရမှုကို စုံစမ်းရန် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP မှ လွှတ်တော်ကိုယ်စားလှယ်များ သွားရောက် လေ့လာမည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။

သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပက်သက်ပြီး မည်သည့် အကြောင်းကြောင့် ဖြစ်ပွားရခြင်းကို လေ့လာရန်နှင့် ပဋိပက္ခနှင့် မသက်ဆိုင်သူများ ဖမ်းဆီး ခံထားရမှုများကို သွားရောက် စုံစမ်းရန် အောက်တိုဘာလ ၇ ရက်နေ့မှ စတင်ကာ သွားရောက် လေ့လာမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းလေ့လာ တွေ့ရှိချက်များကို လိုအပ်ပါက လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင် ပြဿနာတွင် ပုဒ်မ ၃၄၆ နှင့် ပုဒ်မ ၄၂၇ တို့ဖြင့် အမှုဆင်ကာ မတရား ဖမ်းဆီးမှုများရှိ၍ ယင်းသို့ ဖမ်းဆီးခံရသူများ ချက်ချင်းလွှတ်ရန် တောင်းဆိုကြောင်း၊ အစိုးရ၏ ထုတ်ပြန်ချက်တွင် မီးလောင်မှုများမှာ ပြောင်းရွှေ့လာသည့် ပျံကျများကြောင့် ဖြစ်ပွားသည်ဟု ပြောဆိုခြင်းကို ရှုတ်ချပြီး မြန်မာနိုင်ငံသားများတွင် နိုင်ငံတွင်း လွတ်လပ်စွာ နေထိုင်နိုင်ရမည် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ဆိုသည်။

ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၁ ဦးခန့်ကို ဖမ်းဆီးထားပြီး နေအိမ် ၅၀ ကျော် ဖျက်ဆီးခံခဲ့ရကာ လူငါးဦးသေဆုံး၍ နှစ်ဦး ပျောက်ဆုံးနေသည်။

အဆိုပါ သံတွဲ ပဋိပက္ခသည် နိုင်ငံတော်သမ္မတ ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းပဋိပက္ခမှာ နိုင်ငံတော်သမ္မတ၏ ခရီးစဉ်နှင့် ချိန်ကိုက် လုပ်ဆောင်သည်ဟု အစိုးရ တာဝန်ရှိသူများက ပြောဆိုထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့