
အဓမ္မပြုကျင့်ခဲ့သူကို ကျောင်းကုန်း ရဲစခန်းမှာ ထိန်းသိမ်းထားတာကို လူအယောက် ၁၀၀ လောက် ရှိတဲ့ လူအုပ်ကြီးက တရားခံကို အပြင်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုမှုကို ရဲတွေက ငြင်းဆိုတာကို မကျေနပ်တဲ့အတွက် အဆိုပါလူအုပ်ဟာ မွတ်စလင်တွေနေထိုင်ရာ အိမ်တွေကို ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိဘူးလို့ သိရပြီး ခုအခါ လုံခြုံရေးတွေ တိုးချဲ့ချထားပါတယ်။
ပြီးခဲ့တဲ့ တပတ်တုန်းကလည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ ကမန်လူမျိုး မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာက အိမ်အလုံးပေါင်း ၇၀ ထက်မနည်း မီးတင်ရှို့ခံရပြီး ဖျက်ဆီးခံရတဲ့ အိမ်အများစုက မွတ်စလင်တွေ ပိုင်ဆိုင်တဲ့အိမ်ဖြစ်ပါတယ်။
သံတွဲမြို့ ပဋိပက္ခ နောက်ဆက်တွဲ
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေလို့ ယူဆရတဲ့ လူပေါင်း ၄၀ ကျော်ကို ရဲတွေက ဖမ်းဆီးလိုက်ပြီလို့ ဆိုပါတယ်။
မြန်မာအစိုးရ သတင်းဌာနကဖော်ပြချက်အရ လူပေါင်း ၄၄ဦးကို ရဲ အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပြီး အဲဒီထဲမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးဘယ်နှစ်ယောက်နဲ့ မွတ်စလင် လူမျိုးဘယ်နှစ်ယောက် ပါဝင်သလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပါတယ်။
သံတွဲမြို့ ပဋိပက္ခကြောင့် လူ ၆ယောက်သေဆုံးခဲ့ပြီးတော့ အိမ်ခြေပေါင်း တစ်ရာကျော်လည်း မီးလောင် ပျက်ဆီးခဲ့သလို သမ္မတ ဦးသိန်းစိန် ရခိုင်ပြည်နယ်ကို သွားရောက်လည်ပတ် နေတဲ့ အချိန်အထိ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အစိုးရ အာဏာပိုင်တွေအနေနဲ့က အခုလို ဖမ်းဆီးမှုတွေပြုလုပ်နေပြီးဖြစ်ပေမယ့် မွတ်စလင် လူမျိုးတွေကို အနည်းအကျဉ်းသာ အကာအကွယ်ပေးတာဖြစ်တယ်လို့ စွပ်စွဲခံနေရပါတယ်။
No comments:
Post a Comment