Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday, 23 September 2012

ဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်´

ရမည်းသင်းမြို့၊ ကံတော်ဦး၊ စိန္တိတ-မဟာရွှေမင်းဝံစေတီတော်မြတ်ဘုရားကြီးဝင်းအတွင်း၌ ကျင်းပအပ်သော (9)ကြိမ်မြောက်၊ ဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်
`ဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်´ ကို ရမည်းသင်းမြို့၊ ရွှေမင်းဝံစေတီတော်မြတ်ဘုရားကြီးဝင်းအတွင်း၌ သရက်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တပညာစက္က မှ ဦးစီး ကျင်းပလာခဲ့ရာ 1366-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (2004-ခုနှစ်)မှ ယခုနှစ် 1374-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (2012-ခုနှစ်)ဆိုလျှင် (9)ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ပါသည်။ ရမည်းသင်းမြို့ပေါ်နှင့် မြို့နယ်ရှိသံဃာတော်အပါး(500)အား နှစ်စဉ်နှစ်တိုင်းကပ်လှူပူဇော်ခြင်းဖြစ်ပါသည်။

ဆွမ်းသပိတ်ကပ်လှူပူဇော်သည်ဆိုရာ၌ ဆွမ်းကို သပိတ်၌ထည့်၍ ဆွမ်းဟင်းကို ဆွမ်းအုပ်နှင့်ဖြစ်စေ၊ 3-ဆင့်ချိုင့်နှင့်ဖြစ်စေ၊ (3)မျိုးခန့် ပြည့်စုံစွာထည့်ပြီး ခဲဖွယ်၊ ဘောဇဉ်နှင့် အခြားမိမိလှူဒါန်းလိုရာပစ္စည်းများကို သပိတ်ဖုံးပေါ်တင်ပြီး သပိတ်လိုက် ကပ်လှူရတာဖြစ်ပါသည်။ သီတင်းကျွတ်လပြည့်နေ့မတိုင်မီရက်များ၌ သပိတ်များကို စာရင်းပေးထားသောအလှူရှင်များအိမ်သို့ အိမ်တိုင်ရာရောက် ကားနှင့်ကြိုပြီး ပို့ပေး ထားတာဖြစ်ပါသည်။ ထိုမှ သီတင်းကျွတ်လပြည့်နေ့ရောက်လျှင် နံနက်(7)နာရီလောက်အရောက် မိမိလောင်းလှူမည့် သပိတ်ကိုယူလာပြီး သတ်မှတ်ထားသောနေရာအသီးသီး၌ နေ၍ ကြွလာသော သံဃာများကို သပိတ်လိုက်ကပ်လှူတာဖြစ်ပါသည်။


      ဆွမ်းသပိတ်အလှူရှင်သည် သပိတ်တန်ဘိုးနှင့် ဆွမ်း-ဆွမ်းဟင်း-ဘောဇဉ်-လှူဖွယ်ပစ္စည်းအစုံလှူလိုပါလျှင် အနည်းဆုံး 1-သောင်းခန့်ကုန်ကျပါသည်။ ယခုကဲ့သို့ ဆွမ်းသပိတ် ကပ်လှူပူဇော်ပွဲတော်မျိုးကို မန္တလေးကျောက်တော်ကြီးဘုရား စသည့်နေရာများနှင့် ပြင်ဦးလွင်တို့တွင်လည်း ကျင်းပလောင်းလှူပူဇော်တာမျိုး တွေ့ဘူးပါသည်။ သို့သော်၊ ရမည်းသင်းမြို့မှာကဲ့သို့ နိဗ္ဗာန်ဈေးပွဲတော်မျိုးပါတာ မတွေ့ဘူးပါ၊ ရမည်းသင်းဆွမ်းသပိတ်ကပ်လှူပူဇော်ပွဲတော်မှာ နိဗ္ဗာန်ဈေးပွဲတော်နှင့်တွဲဖက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပတာဖြစ်ပါသည်။ 

       နိဗ္ဗာန်ဈေးပွဲတော်ဆိုသည်မှာ ဆွမ်းသပိတ်လှူဒါန်းလာကြသော အလှူရှင်များနှင့် အရပ်လေးမျက်နှာမှလာသော လူများကို မုန့်ဟင်းခါးဖြင့် ကျွေးမွေး ဧည့်ခံသည့်အပြင် လာသမျှ ပရိတ်သတ်တို့ကို မိမိကျွေးမွေးလှူဒါန်းလိုသော မုန့်အမျိုးမျိုးကို သရက်ပင်ဆရာတော်ထံ ကြိုတင်စာရင်းပေးထားရပါသည်။ ဆရာတော်မှ ကုသိုလ်ပြုမည့်ဆိုင်ခန်း နေရာများ သတ်မှတ်ပေးထားပါသည်။ သီတင်းကျွတ်လပြည့်နေ့ရောက်လျှင် နံနက်(8)နာရီခန့်မှစ၍ မိမိတို့ဆိုင်ခန်းနေရာမှနေ၍ လာသမျှပရိတ်သတ်ကို ကုသိုလ်ပြုကျွေးမွေးပါသည်။ ဈေးပွဲတော်တွေမှာ မိမိဝယ်ချင်သောဆိုင်၌ မိမိကြိုက်နှစ်သက်သောပစ္စည်းကို ၀ယ်ယူသကဲ့သို့၊ နိဗ္ဗာန်ဈေးပွဲတော်၌လည်း မိမိကြိုက်နှစ်သက်သောဆိုင်၌၀င်ထိုက်လာတာနှင့် နိဗ္ဗာန်ဈေးအလှူရှင်က အယုတ်လတ်အမြတ်မရွေး ကုသိုလ်ပြု ကျွေးမွေးတာဖြစ်ပါသည်။ ဥပမာ လဖက်သုတ်စားချင်လျှင် လဖက်သုတ်ဈေးဆိုင်၌၀င်ထိုင်လိုက်လျှင် မုန့်လက်ဆောင်၊ မုန့်တီ၊ မုန့်လုံးရေပေါ်၊ တို့ဟူးကြော်၊ မုန့်ပစ်သလက် စသည့် မိမိစားချင်သည့်မုန့်ကို ထိုဆိုင်အသီးသီး၌ ၀င်ထိုင်လိုက်တာနှင့် ဧည့်ခံ ကျွေးမွေးမှာဖြစ်ပါသည်။ ထိုကဲ့သို့ နိဗ္ဗာန်ဈေးသည် အလှူရှင်များမှာ (20)ဦးခန့်ရှိ၍ မုန့်အမျိုးပေါင်း(20)ခန့်ရှိပါသည်။  

       `နိဗ္ဗာန်ဈေးပွဲတော်´ ၏ အဓိပ္ပါယ်မှာ ပကတိဈေးရောင်းသော ဈေးဆိုင်အချို့၌ အလေးချိန်ခွင်မပြည့်တာ၊ ပစ္စည်းမမှန်ကန်တာ၊ မတရာအမြတ်ကြီးစားတာ-စသည်ဖြင့် သမ္မာအာဇီဝ မမျှတဘဲ ရောင်းချပါက ထိုဈေးသည် `အပါယ်သွားမည့်ဈေးသည်´ဖြစ်ပြီး၊ ယခုဈေးသည်များမှာမူ အရပ်လေးမျက်နှာမှလာ၍ စားသောက်သော သူများကို အယုတ်- အလတ်-အမြတ်မရွေး စေတနာထက်သန်စွာဖြင့် လက်ရည်တပြင်တည်းထား၍ ကျွေးမွေးလှူဒါန်းသည့်အတွက် `နိဗ္ဗာန်သွားမည့်ဈေးသည်´ များဖြစ်၍ `နိဗ္ဗာန်ဈေးပွဲတော်´ဟု ခေါ်ဝေါ်တာဖြစ်ပါသည်။  သူတော်ကောင်းအပေါ် လာရောက်ဆင်နွှဲသာဓုခေါ်နိုင်ပါသည်။

                                 အရှင်စန္ဒောဘာသ (စာချဓမ္မာစရိယ-ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက်)



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့