ချင်းပြည်နယ်မှ ရိုးရာပွဲတော် တခုကို တွေ့ မြင်ရစဉ် |
အရွက်တဖားဖားနှင့် စိမ်းလန်းနေသော ပြောင်းဖူးခင်းထဲတွင် သစ်သားတိုင်ကလေးကိုးခုကို အစီအရီ စိုက်ထူထားသည်။
သည်သစ်သားတိုင်များသည် အသက် ၇၀ ကျော် ချင်းအဘိုးအို ဦးရှယ်လျမ်းဂေအတွက်တော့ ဂုဏ်ယူဖွယ် အမှတ်သင်္ကေတများပင်ဖြစ်သည်။ သူ့ဘ၀တစ်လျှောက်တွင် ဇာတိမာန်၊ မျိုးရိုးမာန်ကို မြှင့်တင်ပေးခဲ့သည့် ပြယုဂ်ဟုလည်း ဆိုနိုင်သည်။
“ဒီတစ်ရွာလုံးမှာ ဒီလိုအများဆုံး လုပ်နိုင်တဲ့ယောက်ျား သုံးယောက်ပဲရှိတယ်။ ဒါက ယောက်ျားတွေ ဦးဆောင်လုပ်ရတာလေ။ ကျန်တဲ့လူတွေက သေကုန်ပြီ။ ကျုပ်တစ်ယောက်တည်းပဲ ကျန်တော့တယ်”ဟု အိမ်ပေါ်မှ လှမ်းမြင်နေရသည့် သစ်သားမှတ်တိုင်လေးများကိုကြည့်ကာ ခပ်ပြုံးပြုံးဖြင့် စကားဆိုသည်။
ထိုသစ်သားတိုင်များသည်ကား ချင်းလူမျိုးတို့၏ ရိုးရာဓလေ့ လုံရူးပွဲတော် အထိမ်းအမှတ်အဖြစ် စိုက်ထူထားသည့် တိုင်များဖြစ်သည်။ လုံရူးပွဲတော်ဆိုသည်ကား တစ်နှစ်လျှင် မတ်လမှ မေလအတွင်း အဆင်ပြေသည့်အချိန်တွင် ပြုလုပ်ကြသည့် မိသားစုတစ်ခုချင်းစီ၏ ရိုးရာနတ်ပူဇော်ပွဲဖြစ်သည်။ ကောက်ပဲသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်အတွက် သူတို့ကိုးကွယ်သည့် နတ်ကောင်းနတ်မြတ်များထံတွင် ဆုတောင်းသည့်ပွဲဖြစ်သည်။
“မနှစ်က လုံရူးပွဲလုပ်ပြီး ကောက်ပဲသီးနှံတောင်းတော့ ဆပ်နီမျိုးစေ့တွေ ကျလာတယ်။ အဲဒါကြောင့် ဒီနှစ် ဆပ်နီပိုစိုက်ထားတယ်။ ဒီနှစ်မှာ ဆပ်နီအထွက်များလိမ့်မယ်”ဟု အဘိုးအိုက သူ့ယုံကြည်ချက်ကို ဖွင့်ဟသည်။
ချင်းဘာသာစကားအရ လုံရူးပွဲတော်ဖြစ်ပြီး အဓိပ္ပာယ်မှာ နွားနောက်သတ်ပွဲပင်ဖြစ်သည်။ ရိုးရာဓလေ့အရ အိမ်တိုင်းတွင် ပြုလုပ်လေ့ရှိသည့်ပွဲဖြစ်၏။ အဘိုးအိုက သူ့ဖခင်လက်ထက်တွင် နွားနောက်သတ်ပွဲကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့်သာ ပြုလုပ်ခဲ့ပြီး သူ၏လက်ထက်တွင် ကိုးကြိမ်တိတိရှိခဲ့ပြီဖြစ်သည်။ အိမ်ရှေ့မျက်နှာစာတွင် အစီအရီချိတ်ဆွဲထားသည့် နွားနောက်ဦးခေါင်းခွံများကလည်း သူ့စကားကို သက်သေထူလျက် ရှိပေသည်။ ရှေးကဆိုလျှင် လုံရူးပွဲကို ခုနစ်ရက်ကြာသည်အထိ ပြုလုပ်လေ့ရှိပြီး ယခုနောက်ပိုင်းတွင် သုံးရက်သာ ပြုလုပ်ကြကြောင်း သိရသည်။
ယခင်ကဆိုလျှင် မည်မျှပင် ဆင်းရဲနေစေကာမူ အိမ်ထောင်သက် ၁၀ နှစ်ရှိလျှင် လုံရူးပွဲတော်ကို ပြုလုပ်ရသည်။ အိမ်ထောင်မကျမီ လူပျိုကာလတွင် မိဘများကဦးဆောင်၍ လုပ်ပေးလေ့ရှိသည်။ လက်ရှိကာလတွင် မိသားစုစီးပွားရေး အခြေအနေအရသာ ပြုလုပ်နိုင်တော့သူများလည်း ရှိသည်။
ပွဲတော်၏ ပထမဆုံးနေ့တွင် ခါးထန်း(ခေါ်) ၀က်သတ်ပွဲကို ဦးစွာပြုလုပ်ပြီး အနီးအဝေးရှိ ဆွေမျိုး၊ မိတ်ဆွေများကို ဖိတ်ခေါ်သည်။
“နွားနောက်သတ်ပွဲကို ခြောက်ကြိမ်ထက်မနည်း လုပ်ထားဖူးတဲ့သူကို အထူးဧည့်သည်အဖြစ် မဖြစ်မနေဖိတ်ရတယ်။ ယောက်ျားတွေသေသွားရင် ကျန်ခဲ့တဲ့ သူတို့မိန်းမတွေကို ဖိတ်ရတယ်။ ပြီးတော့ အထူးချက်ထားတဲ့ ဟင်းလျာတွေနဲ့ ဧည့်ခံရတယ်။ အဲဒီဟင်းကို သာမန်လူမစားရဘူး”ဟု အဘိုးအိုကဆိုသည်။
ဒုတိယနေ့တွင် တောတောင် ထဲသို့သွားကာ ကျောက်ဖျာတစ်ချပ်ကို သွားပြီးထမ်းရပြီး တတိယမြောက်နေ့တွင် နွားနောက်ကို သတ်ရသည်။ နွားနောက်သားနှင့် ခေါင်ရည်ကို စားကြသောက်ကြသည်။ ထိုနေ့ညတွင် နွားနောက် ဦးချိုအခွံကိုချွတ်၍ ဆေးကြောပြီး ထိုအထဲတွင် ခေါင်ရည်ထည့်ကာ အထူးဧည့်သည်ကို တိုက်သည်။ ခေါင်ရည်အိုးများက အလုံး ၄၀၊ ၅၀ အထိ အစီအရီ။ မိတ်ဆွေများ၊ ဆွေမျိုးသားချင်းများက လက်ဆောင်အဖြစ်ယူလာသည့် ခေါင်အိုးများဖြစ်သည်။
“နွားနောက်ငါးကောင်အထိ သတ်ပြီးရင် တောထဲက ယူလာတဲ့ ကျောက်ဖျာတစ်ချပ်ကို အိမ်မှာစထားလို့ရပြီ။ အဲဒီတစ်ပြားပြီးရင်တော့ နောက်ပိုင်းပွဲတစ်ပွဲလုပ်တိုင်းမှာ တစ်ပြားစီတိုးပြီး တည်နိုင်ပြီ”ဟု ဦးရှယ်လျန်းဂေက ပြောသည်။
လုံရူးပွဲ၏ လေးရက်မြောက်နေ့တွင် ကျောက်ဖျာချပ်ကို ကျောက်တုံးခြေထောက်လေးများ ပြုလုပ်ကာ တည်ကြပြီး ခေါင်ရည်သောက်ပွဲလုပ်ကြသည်။ ဖိတ်ခေါ်ထားသည့် မိတ်ဆွေများကလည်း ရပ်နီးရပ်ဝေးမှနေ ခေါင်ရည်အိုးများကိုထမ်းကာ အသီးသီးလာရောက်လျက်ရှိသည်။ ထို့နောက် နောက်တစ်နေ့တွင် တောထဲမှ ဖိတ်ခေါ်ထားသော တောစောင့်၊ တောင်စောင့်နတ်များကို အတီးအမှုတ်များဖြင့် ပြန်လည်ပို့ဆောင်ကြတော့သည်။ ခေါင်ပွဲလုပ်သည့်နေ့က ရရှိထားသည့် ခေါင်ဖတ်များကိုလည်း တောတွင်း၌ ထားရစ်ခဲ့၏။
“အဲဒီက ပြန်လာပြီဆိုရင် သီးနှံတောင်းရတယ်။ သီးနှံတောင်းတယ်ဆိုတာ အိမ်ကကွပ်ပျစ်မှာ စောင်တစ်ထည်ခင်းလိုက်တယ်။ ပြီးရင် တောင်းတစ်ခုကိုယူလိုက်ပြီး တောင်းထဲမှာ ဘာမှမရှိအောင် သေချာမှောက်ချရတယ်။ ပြီးရင်တောင်းကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ခေါင်းပေါ်မှာရွက်၊ ပါးစပ်ကလည်း ကောက်ပဲသီးနှံတွေကောင်းဖို့ တောင်းရတယ်”ဟု ဦးရှယ်လျန်းဂေကပြောသည်။
“ပြီးတာနဲ့ ခင်းထားတဲ့စောင်ပေါ်ကို တောင်းမှောက်ချလိုက်ရတယ်။ အဲဒီမှာ တောင်းထဲက မျိုးစေ့တွေကျလာတယ်။ ဒီနှစ် ပြောင်းကောင်းမယ်ဆိုရင် ပြောင်းစေ့၊ ဆပ်နီကောင်းမယ်ဆိုရင် ဆပ်နီမျိုးစေ့တွေ ထွက်ကျလာတယ်။ တကယ်လို့ ပေါင်းစေ့နဲ့ ကြွက်ချေးတွေ ပါမယ်ဆိုရင်တော့ အဲဒီနှစ်စိုက်ခင်းထဲမှာ ပေါင်းပင်တွေနဲ့ ကြွက်ပေါပြီပဲ”ဟု သူက စီကာပတ်ကုံး ရှင်းပြသည်။
သူက စကားပြောနေရင်းကပင် ပြောင်းခင်းထဲရှိ လုံရူးပွဲမှတ်တိုင်များကို လှမ်း၍လှမ်း၍ ကြည့်တတ်သည်။ သူပိုင်ဆိုင်သည့် တိုင်ကိုးတိုင်ရှိသည်။ အချို့တိုင်များသည် သူ့အဖေနှင့် အဘိုးလက်ထက်က စိုက်ထူခဲ့သော ကျွန်းတိုင်များကို အချောကိုင်၊ ဆေးသုတ်ကာ သူ့လက်ထက်တွင် ပြန်သုံးထားခြင်းဖြစ်ရာ အချို့တိုင်များသည် ခန့်မှန်းခြေ နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုရပေမည်။
“ဒီတိုင်တွေရဲ့ သက်တမ်းကို ကျုပ်အဖေတောင် တိတိကျကျမသိဘူး”ဟု အသက် ၈၀ နီးပါးရှိ အဘိုးအိုက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် အနီးဝန်းကျင်တွင် ထိုမှတ်တိုင်များ စိုက်ထူထားသည့် အိမ်များကိုတွေ့ရသည်။ ထိုတိုင်များကို ပေါင်း(သို့) နတ်တိုင်ဟုလည်း ခေါ်သည်။ တိုင်များတွင် ချင်းအမျိုးသမီးကြီးများ၏ပါးတွင် ထိုးထားသည့် ပါးရဲ(ပါးမဲ)များကဲ့သို့ အနက်ရောင်ဆေးများ သုတ်လိမ်းထားသည်ကို တွေ့ရသည်။ ဒီတိုင်များကို ကြည့်ခြင်းဖြင့် ဒီအိမ်၏ကြွယ်ဝမှုကို တိုင်းတာနိုင်သည်။
သို့သော် အဘိုးအို၏ သားဖြစ်သူ ဦးရှယ်ခေါဂေကတော့ “ဒီတိုင်တွေ ရှိနေတဲ့အတွက် ကျုပ်ကတော့ ဂုဏ်မယူတဲ့အပြင် အမြင်ကပ်တယ်။ ကျုပ်တို့လူမျိုးတွေ ဆင်းရဲနေတာ ဒါတွေကြောင့်ပဲ”ဟု ခပ်ဆတ်ဆတ်ပြောသည်။
ယခင်က ရိုးရာဓလေ့အရ ပြုလုပ်ခဲ့ကြသည့် လုံရူးပွဲများ၊ ခေါင်ပွဲများ ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦးကြား ဂုဏ်တုဂုဏ်ပြိုင်အဖြစ် မည်သူက မည်မျှသတ်နိုင်သည်ဟု မိုက်မိုက်ကန်းကန်း ပြုလုပ်ကြခြင်းကြောင့် စီးပွားရေးကျဆင်းခြင်းများ ရှိလာကြောင်း ကျောင်းအုပ်ဆရာတစ်ဦးလည်းဖြစ်သည့် သူကပြောသည်။
သူတို့၏ဓလေ့အရ မည်သည့်ပွဲတွင်မဆို နွားနောက်က မပါမဖြစ်ပါဝင်သည်။ အိမ်ထောင်ပြုလျှင်လည်း သတို့သမီးကို နွားနောက်နှင့် တင်တောင်းရသည်။ အမှုအခင်းဖြစ်လျှင်လည်း နွားနောက်ပေးကာ ဖြေရှင်းကြသည်။ လုံရူးပွဲများ လုပ်ခဲ့သည့် လူကုံထံတစ်ဦး သေဆုံးလျှင်လည်း နွားနောက်ပွဲလုပ်ပေးရသည်။ မောင်နှမများ၏ သာရေးနာရေးကိစ္စများတွင်လည်း ကျန်မွေးချင်းများက နွားနောက်ပေးကာ ၀ိုင်းကူကြရသည်။ သူကတော့ လူမှုရေးအစဉ်အလာကြီး များလွန်းသဖြင့် နှိပ်စက်သလိုဖြစ်နေသော သည်ထုံးစံကို ငြီးငွေ့နေပြီ။
“နွားနောက်သတ်ခဲ့တဲ့ သူဌေးသေရင် လက်ရှိအချိန်မှာ ပိုက်ဆံရှိရှိ၊ မရှိရှိ နွားနောက်ပွဲ လုပ်ပေးရတယ်။ မရှိရင် ချေး၊ ငှား၊ ပေါင်နှံပြီးလုပ်ရလို့ အကြွေးတွေ ပတ်ချာဝိုင်းတယ်။ ခေါင်ပွဲလုပ်တဲ့လူကို ခေါင်ဝိုင်းကူရတယ်။ တအားအကုန်အကျများတော့ အခုချိန်မှာ ၀င်ငွေနဲ့ ထွက်ငွေ မညီမျှတဲ့ ကုန်ကျမှုတွေကြောင့် ဆင်းရဲတယ်”ဟု ဦးရှယ်ခေါဂေကဆိုသည်။
ချင်းတောင်၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် သည်ထုံးစံကလည်း အနှောင့်အယှက်ဖြစ်နေသည်ဟု သူမြင်သည်။
“အခုနောက်ပိုင်းမှာ ဂုဏ်တုဂုဏ်ပြိုင်တွေ ပါလာတယ်။ အဲဒီ နတ်ပွဲတွေကို ချင်းလူငယ်ကာလသားတွေက ၁၉၆၀ လောက်ကတည်းကစပြီး တိုက်ဖျက်လာကြတယ်။ ဒါပေမဲ့ မပီပြင်သေးဘူး။ တဖြည်းဖြည်းတော့ လျော့ကျလာနိုင်ပါတယ်။ ဒါတွေလုပ်တဲ့အတွက် စီးပွားရေးလျော့ကျတယ်။ ကလေးတွေကို ကျောင်းမထားနိုင်၊ ပညာရေးတွေ နောက်ကျတယ်လို့ ယူဆလာတဲ့သူတွေရှိလာပြီ”ဟု မင်းတပ်မြို့ စံပြရပ်ကွက်ရှိ ချင်းအမျိုးသားဦးထန်းနိုင်းကပြောသည်။
ချင်းပြည်နယ်တွင် စီးပွားရေးအဖြစ် ယခင်က နွားနောက်မွေးမြူရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သော်လည်း စားကျက်မြေများ ရှားပါးလာမှုကြောင့် ယခုနောက်ပိုင်းတွင် တွင်ကျယ်မှုမရှိတော့ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်သည် မြေအောက်သယံဇာတ မထွက်သည့် တောင်ပေါ်ဒေသဖြစ်သည့်အတွက် ဒေသတွင်းစိုက်ပျိုးရေးနှင့် ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းကို ပုံစံတစ်မျိုးဖြင့် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးသင့်ကြောင်း မင်းတပ်မြို့မှ ဒေသခံစိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို ကျေးရွာအုပ်စုအဖွဲ့လိုက် တရားဝင်လုပ်ချင်တယ်။ ဒီက ထွက်ကုန်တွေကို ဆင်းရဲနွမ်းပါးတဲ့ ဒေသထွက်ကုန်တွေဖြစ်လို့ ထောက်ခံချက်ပေးပြီး အခွန်လွတ်အနေနဲ့ လွတ်လပ်စွာ ရောင်းခွင့်ပေးစေချင်တယ်”ဟု ထိုတောင်သူကပြောသည်။
ချင်းပြည်နယ် သစ်တောထွက်ပစ္စည်းဖြစ်သည့် သစ်ခွပန်းနှင့် ၀ဥကို ဥယျာဉ်ခြံထွက်ပစ္စည်းဖြစ်အောင် စနစ်တကျစိုက်ပျိုးခြင်း၊ တရားဝင်လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပေးခြင်းများ ပြုလုပ်ပါက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်သလို ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးကိုလည်း အစားထိုးနိုင်မည်ဟု ဒေသခံများက ယုံကြည်နေကြသည်။
“အခုက တရားဝင်မဟုတ်တော့ လမ်းမှာ အဖမ်းအဆီးများတယ်။ ၀ယ်သူကလည်း ဈေးနှိမ်တယ်။ တောင်သူတွေမှာ ပေါက်ဈေးထက် လေးဆလောက်နည်းပြီး ဈေးနှိမ်ခံရတယ်။ အဖမ်းအဆီးများပေမယ့်လည်း သူ့နည်းသူ့ဟန်နဲ့ ရောင်းဝယ်တင်ပို့နေကြတာပဲ။ ဒါကို တရားဝင်ဖြစ်အောင် လုပ်ပေးသင့်တယ်။ ဒါမှ အဆင်းရဲဆုံးဒေသအဖြစ်ကလွတ်နိုင်မယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် သစ်တောပြုန်းတီးမှုကြောင့် ရေနှင့် မြေဆီလွှာရှားပါးလာခြင်း၊ စိုက်ပျိုးသီးနှံဖြစ်ထွန်းအောင်မြင်မှု လျော့နည်းနေခြင်းကလည်း ချင်းတိုင်းရင်းသားတို့၏ ဆင်းရဲနွမ်းပါးမှုကို ပိုမိုတွန်းအားပေးနေသလို ဖြစ်နေပြန်သည်။ သစ်တောပြုန်းတီးမှုက ချင်းလူမျိုးများ၏ စားဝတ်နေရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။
ချင်းတောင်တန်းများပေါ်တွင် တောင်ယာလုပ်ငန်း လုပ်ကိုင်လိုသူတစ်ဦးသည် မြေပိုင်ရှင်ထံသို့သွားကာ ကြက်တစ်ကောင်နှင့် ခေါင်ရည်ပေးပြီး စကားဖွင့်ရသည့် ဓလေ့ရှိသည်။ ထို့နောက် မြေပိုင်ရှင်က ခွင့်ပြုလျှင် သီးစားခကို သတ်မှတ်ပေးသည်။ ထွက်လာသည့် သီးနှံများထဲမှ သီးစားခကိုပေးရန် ကတိဝန်ခံရသည်။ ပိုင်ရှင်ခွင့်ပြုသည့် မြေကွက်တွင်သာ တောင်ယာခုတ်ရသည်။ ဘိုးဘွားပိုင် သစ်တောစိမ်းများကိုတော့ ခုတ်ခွင့်ပေးလေ့မရှိဘဲ ထိန်းသိမ်းထားလေ့ရှိကြောင်း ချင်းအမျိုးသား ဦးလောတီကပြောသည်။
“အခုနောက်ပိုင်းမှာ နတ်မတောင်ကြိုးဝိုင်းဧရိယာအဖြစ် သိမ်းလိုက်တော့ လူတွေက ၀န်ထမ်းတွေနဲ့ညှိပြီး တောင်ယာခိုးခုတ်ကြတယ်။ ဘိုးဘွားမြေတွေတုန်းက နှမြောလို့ မခုတ်ဘဲ ထားတတ်တဲ့ သစ်ပင်ကြီးတွေကို ခုတ်တယ်။ ဒါကြောင့် သစ်တောပြုန်းတီးမှုတွေဖြစ်တယ်။ နတ်မတောင်ဧရိယာကို ဒေသခံတွေက အစုအဖွဲ့လိုက် ၀ိုင်းဝန်းထိန်းသိမ်းတာမျိုး လုပ်ပေးမှ အဆင်ပြေမယ်”ဟု မင်းတပ်မြို့မှ ဒေသခံတောင်သူတစ်ဦးက သုံးသပ်သည်။
အဘိုးအို၏သား ဦးရှယ်ခေါဂ တစ်ယောက်ကတော့ စိုက်ပျိုးသီးနှံဖြစ်ထွန်းရေးအတွက် လုံရူးပွဲလုပ်ခြင်းထက် ဘိုးဘွားပိုင်သစ်တောတွေ ထိန်းခြင်းဖြင့်သာ ပိုအားသန်သည်။ ဒေသခံတောင်သူများ၏ ပြောစကားကို သူထောက်ခံသည်။ သူ့တောင်ယာထဲတွင် ကိုယ်ပိုင်အသိဖြင့် ထိန်းသိမ်းထားသည့် သစ်ပင်များရှိသည်။ သစ်ပင်ရှိမှ စိမ့်ရေထွက်မည်။ မြေဆီလွှာခံမည်။ မြေဆီလွှာရှိမှသာ သီးနှံစိုက်ပျိုးအောင်မြင်ပြီး ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်မည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ထားပုံရသည်။
သူ့ဘ၀တွင် နွားနောက်ဓလေ့နှင့် ခေါင်ပွဲတို့ နှိပ်စက်သဖြင့် စိတ်ဆင်းရဲမှုတွေ၊ စီးပွားရေးနိမ့်ကျမှုတွေ ကြုံဖူးခဲ့ပြီ။ လုံရူးပွဲသည် ချင်းလူမျိုးတို့၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသော ပွဲတော်၊ နတ်ကောင်းနတ်မြတ်တို့ စောင်မမည့်ပွဲတော်ဟု သူမယူဆ။ လုံရူးပွဲတော်သည် အရူးပွဲတော်ဟုသာ သူကအဓိပ္ပာယ်ဖွင့်သည်။
“ဒီရိုးရာက စွန့်လွှတ်လို့တော့ မရဘူး။ ဒါပေမဲ့ အတိုင်းအတာလေးနဲ့တော့ လုပ်ဖို့လိုတယ်။ ဂုဏ်တုဂုဏ်ပြိုင်သဘောမျိုး မိုက်မိုက်ကန်းကန်း လုပ်လို့တော့မရဘူး” ဒါကကျောင်းဆရာတစ်ယောက်အဖြစ် သူတာဝန်ကျသည့် ချင်းတောင်က ကျေးရွာများတွင် အမြဲလိုလို ပြောပြရလေ့ရှိသည့် စကားတစ်ခွန်းပင်ဖြစ်သည်။
အသက် ၈၀ နီးပါးရှိ ဖခင်ဖြစ်သူကတော့ ဤဓလေ့ကို ဆက်လက်ထိန်းသိမ်းစေလိုသည့်ဆန္ဒရှိသည်။ သူ့သား စိတ်ဝင်စားမှု မရှိသည်ကိုလည်း သူသိသည်။ သို့သော် ဘ၀တစ်လျှောက်တွင် သူ့အမျိုးထဲ၌ သည်လိုပွဲကို တစ်ကြိမ်ကြိမ်တော့ လုပ်သင့်သည်ဟု သူထင်သည်။ ရဲဝန်ထမ်းတစ်ဦးအဖြစ်က အငြိမ်းစားယူထားသူလည်းဖြစ်သည့် အဘိုးအိုက “ကျုပ်ဘာသာရေးကျမ်းတွေကိုလည်း လေ့လာဖူးပါတယ်။ ဒါတွေကတော့ ကိုယ့်ရိုးရာကို ကိုယ်ထိန်းသင့်တယ်။ အမျိုးကိုထိန်းတဲ့ သဘောပါ။ လုပ်နိုင်တဲ့အခါလုပ်၊ မလုပ်နိုင်တဲ့ အခါကျတော့လည်း မလုပ်နဲ့ပေါ့။ တစ်ခါလုပ်ရင် ဂုဏ်တုဂုဏ်ပြိုင်အနေနဲ့ လေး၊ ငါး၊ ခြောက်ကောင် သတ်တာမျိုးတော့လည်း မလုပ်သင့်ဘူး”ဟုဆိုသည်။
အစိမ်းနုရောင် အရွက်တဖားဖား ပြောင်းပင်များက အနောက်ဘက်မှ တိုက်ခတ်ဝင်ရောက်လာသော လေအဝှေ့တွင် ယိမ်းထိုးလှုပ်ရှားနေ၏။ ပြောင်းခင်းအလယ်ရှိ လုံရူးပွဲတော် ရိုးရာမှတ်တိုင်များက မားမားမတ်မတ်ဖြင့် ခိုင်ခံ့စွာတည်ရှိနေလေသည်။
အသက် ၂ နှစ်ဝန်းကျင်အရွယ် ကလေးငယ်လေးတစ်ဦးက ခြံထဲတွင် ဘိုးဘေးများ လက်ထက်ကတည်းက တည်ရှိနေသည့် လုံရူးပွဲအထိမ်းအမှတ် ကျောက်ပြားများကြားတွင် ပြေးလွှားဆော့ကစားလျက်ရှိသည်။ သူ့အဘိုးနှင့် အဖေပြောခဲ့သော အကြောင်းအရာများကိုကား သူနားလည်နိုင်မည်မဟုတ်။ ။
No comments:
Post a Comment