Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 15 August 2012

သတင်းအစုံ


ရှုခင်းသာ အပန်းဖြေ ဥယျာဉ်အား စက်တင်ဘာလကုန်တွင် ခေတ္တပိတ်မည်

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်ရှိ ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ကို လာမယ့် စက်တင်ဘာ လကုန်ပိုင်း လောက်မှာ ခေတ္တ ပိတ်သွားဖို့ အတွက်
စီစဉ်ထား တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ရှုခင်းသာ အပန်းဖြေ ဥယျာဉ်ကို ခေတ္တပိတ်ဖို့ အတွက် စီစဉ်ရတာဟာ အဆိုပါ အပန်းဖြေ ဥယျာဉ်ကို အဆင့်မြှင့်တင် ပြုပြင်မှုများ ဆောင်ရွက်ဖို့ အတွက် ဖြစ်ပါတယ်။

ဒီလိုပြုလုပ်ရာ မှာတော့ ဥယျာဉ် အတွင်း ပန်းအလှဆင်မှုများ၊ ပြန်လည် ပြုပြင်မှုများနဲ့ ရေပန်း အလှဆင်မှုများ ထည့်သွင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေယာရှုခင်းများ ကိုလည်း ထည့်သွင်းပြီး မိသားစုတွေ လာရောက် အပန်းဖြေမှု ပိုမိုများပြား လာအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ဧက ၂၀ ကျယ်ဝန်းတဲ့ အဆိုပါ ရှုခင်းသာ အပန်းဖြေ ဥယျာဉ် အတွင်းရှိ ဈေးဆိုင်ခန်း တွေကို သြဂုတ်လ ၁ ရက်နေ့က စတင်ကာ ဈေးရောင်းချမှု ရပ်နားထား ခဲ့တာ ဖြစ်ပါတယ်။

ပန်းခြံကို ပြုပြင်ရာ မှာတော့ ပန်းခြံ အတွင်းရှိ ကစားနည်း တွေကို ပုံမှန် အတိုင်းသာ ပြုပြင် သွားမှာဖြစ်ပြီး ဥယျာဉ် အလှအပကို အဓိက ဦးစားပေး ပြုပြင်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ယခု ဘဏ္ဍာနှစ် အတွင်း စတင်ပြုပြင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက် သွားမည်


ယခု လက်ရှိ ရန်ကုန်မြို့တွင်းမှာ လုပ်ကိုင်နေတဲ့ လူသုံးကုန် ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းနဲ့ အထည်ချုပ် လုပ်ငန်းတွေကို ထပ်မံ တိုးချဲ့ဆောင်ရွက် သွားဖို့
အတွက် အဆောက်အအုံ မြေနေရာတွေ တင်ဒါခေါ်ယူ ထားတယ်လို့ သိရပါတယ်။ ဒီလိုတင်ဒါ ခေါ်ယူရာ မှာတော့ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်း မြို့နယ် အတွင်းရှိ မြေတိုင်း ရပ်ကွက် အမှတ် ၂၃ ၊ မြေကွက် အမှတ် ၃ ရှိ တပ်မတော် မိုးရေကာဖျင် စက်ရုံမြေ ၁၃ ဧကကျော်နဲ့ အဆောက်အအုံ ၃၃ လုံး၊ လှည်းကူး မြို့နယ်ရှိ တပ်မတော် ဖိနပ်စက်ရုံမြေ ၉၄ ဧကကျော်နဲ့ အဆောက်အအုံ ၆၇ လုံးတို့ကို လူသုံးကုန် ပစ္စည်းနဲ့ အထည်ချုပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် နှစ်ရှည် ငှားရမ်းမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် အဆိုပါ နေရာများမှာ လုပ်ငန်း လုပ်ကိုင်လိုတဲ့ ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင် များဟာ မိမိတို့ ဆောင်ရွက်လိုတဲ့ လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာ များကို စစ်ထောက်ချုပ်ရုံး၊ ရုံးအမှတ် ၉ နေပြည်တော်ကို စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီလို အဆိုပြုလွှာ များတင်သွင်းရာ မှာတော့ ကုမ္ပဏီ အမည်၊ ငှားရမ်းလိုတဲ့ စနစ်၊ မြေငှားရမ်းခ နှုန်းထား၊ မြေအသုံးချခ နှုန်းထား၊ ရင်းနှီးမြှုပ်နှံမယ့် ပမာဏ၊ ဆောင်ရွက်မယ့် လုပ်ငန်း၊ ကုမ္ပဏီ မှတ်ပုံတင်နဲ့ ငွေကြေး ပိုင်ဆိုင်မှု စတာတွေကို ထည့်သွင်း ဖော်ပြရမယ်လို့ သိရပါတယ်။ ဒီလို လုပ်ငန်း တိုးချဲ့မှုတွေ လုပ်ကိုင်ဖို့ တင်ဒါခေါ်ယူမှုတွေ သာမက လက်ရှိမှာ ရန်ကုန်မြို့ အတွင်း အထည်ချုပ် လုပ်ငန်း လုပ်ကိုင်ကာ အိတ်စပို့ ဆောင်ရွက်တဲ့ လုပ်ငန်း ၁၈၀ ခန့် ရှိတယ်လို့ သတင်း ရရှိ ပါတယ်။

BA Tourism ဘွဲ့အတွက် ဘာသာရပ် အလိုက် အမှတ် ၆၀ နှင့်အထက် ရရှိသူများအား ရွေးချယ် ခေါ်ယူမည်


ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီးရဲ့ ပြောကြားချက် အရ လာမယ့် ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ်မယ့် တက္ကသိုလ်
သင်ကြားရေး အတန်း တွေက စတင်ကာ ခရီးသွား လုပ်ငန်း ဆိုင်ရာ BA Tourism ဘွဲ့တွေကို ဘာသာရပ် အလိုက် အမှတ် ၆၀ နဲ့အထက်ရရှိသူ တွေကို ရွေးချယ် ခေါ်ယူ သင်ကြားဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ ယခုလက်ရှိ မြန်မာနိုင်ငံမှာ Tourism ဘာသာရပ်ကို သင်ကြား ပေးမှုဟာ Diploma ဘွဲ့အနေ နဲ့သာ သင်ကြားပေး လျက်ရှိပြီး ယခုဖွင့်လှစ်မယ့် ပညာသင်နှစ်မှ စတင်ကာ တက္ကသိုလ် အဆင့်ထိ တိုးမြှင့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီလို Tourism ဘာသာရပ်ကို တက္ကသိုလ် အဆင့် တိုးမြှင့် သင်ကြား ပေးရာ မှာတော့ ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန်နဲ့ မန္တလေးမြို့ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် တွေမှာ ဖွင့်လှစ် သင်ကြား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို Tourism ဘာသာရပ်ကို တက္ကသိုလ် အဆင့် တိုးချဲ့ဖွင့်လှစ် နိုင်ဖို့အတွက် ကိုတော့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနဲ့ ပညာရေး ၀န်ကြီး ဌာနတို့ ဆွေးနွေးလျက်ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် တက္ကသိုလ် အဆင့်မှာ သင်ကြားမယ့် Tourism ဘာသာရပ် အတွက် သင်ရိုး ညွှန်းတမ်းနဲ့ သင်ကြားရေး စာအုပ်၊ စာတမ်း အပါအ၀င် လိုအပ်တဲ့ ကိစ္စရပ်တွေ ကိုတော့ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာန၊ ပြည်ထောင်စု ဒုတိယ ၀န်ကြီးမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

အဆိုပါ Tourism ဘာသာရပ် သင်ကြားမှုမှာ သင်ကြားရေးနှစ် ၄ နှစ် သတ်မှတ်ထားပြီး တစ်နှစ်ကို Seminar နှစ်ခုစီ ဖွင့်လှစ် သင်ကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သင်ရိုးညွှန်းတမ်း ရေးဆွဲမှု မှာတော့ လက်ရှိမှာ ပထမနှစ်နဲ့ ဒုတိယနှစ် သင်ရိုးညွှန်းတမ်း တွေကို ရေးဆွဲပြီးစီး နေပြီး တတိယနှစ်နဲ့ နောက်ဆုံးနှစ် အတွက် လိုအပ်တဲ့ သင်ရိုးညွှန်းတမ်း တွေကိုတော့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပူးပေါင်း ရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၃ ဆီးဂိမ်းတွင် မင်္ဂလာ မန္တလေး စီမံကိန်းအား ဖွင့်လှစ် သွားမည်


လာမယ့် ၂၀၁၃ ဆီးဂိမ်းမှာ စတင် ဖွင့်လှစ်မယ့် နိုင်ငံတကာ အားကစား ကွင်းသစ်ကို အထောက် အပံ့ ဖြစ်စေဖို့နဲ့ အနာဂတ် မန္တလေးရဲ့ ရှေ့ပြေးမြို့ပြ စီမံကိန်း
ဖြစ်လာဖို့ အတွက် မင်္ဂလာ မန္တလေး စီမံကိန်းကို ဆောင်ရွက် လျက်ရှိပြီး အဆိုပါ စီမံကိန်းကို ဆီးဂိမ်းမှာ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ မင်္ဂလာ မန္တလေး စီမံကိန်း ကိုတော့ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ၊ နယူးစတား ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ စီအေဒီ ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ဆောက်လုပ်မှာ ဖြစ်ပြီး အဆိုပါ စီမံကိန်း ပန္နတင် အခမ်းအနား ကိုတော့ သြဂုတ်လ ၁၂ ရက်နေ့က ချမ်းမြေ့ သာစည် မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက် ၇၃ လမ်း၊ သဇင်လမ်းနဲ့ငုရွှေ လမ်းကြားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်း ဆောင်ရွက်မယ့် မြေနေရာဟာ ၄၇ ဧက ကျယ်ဝန်းပြီး ကားပါကင် ပါဝင်တဲ့ ငါးထပ် အဆောက်အအုံ ဖြစ်ပြီး အပေါ် လေးထပ် မြောက်မှာ ကားအစီး တစ်ထောင်နဲ့ ဆိုင်ကယ် အစီး သုံးထောင် ရပ်နားနိုင်မှာ ဖြစ်ပြီး မြေညီထပ် မှာတော့ Food Plaza ပါဝင်ကာ မြန်မာ့ရိုးရာ အစားအစာနဲ့ ကမ္ဘာအရပ်ရပ်က အစားအစာတွေ ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးဝယ် စင်တာနဲ့ အခန်းပေါင်း ၁၄၄ ခန်း ပါဝင်တဲ့ ကွန်ဒို အဆောက် အအုံတွေ လည်းပါဝင်မှာ ဖြစ်ပါတယ်။

ဒါတင်မကဘဲ စီမံကိန်း အတွင်း အားကစား ခန်းမ၊ ရေကူးကန်၊ ပန်းခြံ၊ ကားပါကင်၊ လုံခြုံရေး စနစ်တွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်း ထားမှာ ဖြစ်သလို ဂြိုဟ်တုနဲ့ ရုပ်မြင်သံကြား လိုင်းများ၊ အင်တာနက် လိုင်းများလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီစီမံကိန်း စနစ်ကို ပြုလုပ်ရာမှာ စိမ်းလန်း စိုပြေရေး အတွက် အဓိကထား ဆောင်ရွက်ပြီး နိုင်ငံတကာ အဆင့်မီလမ်း၊ မြေအောက် ရေဆိုးထုတ် စနစ်၊ မြေအောက် လျှပ်စစ် စနစ်၊ ဟိုတယ်များ၊ လျှပ်စစ်ခွဲရုံ၊ မီးသတ် ရဲကင်းနဲ့ ဆက်သွယ်ရေး စခန်းတွေလည်း ပါဝင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံကိန်းကို ၂၀၁၃ နိုဝင်ဘာလမှာ ဈေးဝယ်စင်တာနဲ့ ကားပါကင် ပိုင်းကို အပြီးသတ် တည်ဆောက် သွားမှာ ဖြစ်ပြီး ကျန်ရှိနေတဲ့ အဆောက်အအုံပိုင်း ကိုလည်း ၆၀ ရာခိုင်နှုန်း ပြီးစီးအောင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရာသီဥတုမှာ အစွန်းနှစ်ဖက်သို့ ရောက်ရှိနေသောကြောင့် မိုးရေရရှိမှု မမှန်ကန်ခြင်းများ ဖြစ်ပေါ်


လက်ရှိကာလမှာ ကြုံတွေ့နေရတဲ့ ပြည်တွင်းရဲ့ မိုးရွာသွန်းမှု မမှန်တာတွေဟာ ယခုနှစ်ရဲ့ ရာသီဥတုဟာ အစွန်းနှစ်ဖက်ကို ရောက်ရှိနေ တာကြောင့်
ဖြစ်တယ်လို့ မိုးလေ၀သ ပညာရှင်တွေရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီအတွက် မြန်မာနိုင်ငံရဲ့ အချို့ဒေသ တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ် နေသလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေ မှာတော့ မိုးရွာသွန်းမှု မရှိဘဲ မိုးခေါင်နေတာ ဖြစ်ပါတယ်။ အခုလို ရေကြီး၊ ရေလျှံနေမှုတွေ ဟာလည်း ပြည်တွင်းမှာ သာမက အခြားအာရှ နိုင်ငံအချို့ မှာပါ ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။

ပြည်တွင်း မှာလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှု တွေကြောင့် စိုက်ပျိုးရေး လုပ်ငန်း တွေမှာ ပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ ပါတယ်။ ဒါ့အပြင်အဆိုပါ ရေကြီးရေလျှံမှု တွေကြောင့် ၀မ်းပျက် ၀မ်းလျှော ရောဂါများလည်း ဖြစ်ပေါ်နိုင်တဲ့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေမှ အကြံပေးချက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေး လျက်ရှိ တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရေကြီး ရေလျှံမှုတွေ များပြား မလာမီ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်နိုင်ဖို့ အတွက်လည်း မိုးလေ၀သ သတင်းတွေကို ဂရုပြု နားထောင် သင့်တာ ဖြစ်ပါတယ်။

ဒါတင်မကဘဲ စက်တင်ဘာလနဲ့ အောက်တိုဘာလ တွေမှာ ဒုတိယ အများဆုံး မြစ်ရေကြီးတဲ့ ကာလ ဖြစ်တာကြောင့်လည်း မြစ်ရေကြီးမှု အန္တရာယ် ဖြစ်ပေါ်လာ တဲ့အခါ ကြိုတင် ကာကွယ်ဖို့ ရေဘေးမှ လွတ်ကင်းနိုင်တဲ့ ခိုင်မာတဲ့ အဆောက်အအုံများ၊ ကုန်းမြင့်များကို ကြိုတင် သတ်မှတ် ထားခြင်းများ ပြုလုပ်ထား သင့်တယ်လို့ သိရပါတယ်။ဒါ့အပြင် သတ်မှတ်နေရာ တွေကို အမြန်ရောက်ရှိမယ့် ပြေးလမ်းကြောင်း များကို ကြိုတင် ရွေးချယ်ထား ခြင်းနဲ့ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင် နေမှုများ မှာလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ လိုတယ်လို့ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနရဲ့ သတိပေး ထုတ်ပြန်ချက် အရ သိရပါတယ်။

၂၀၁၅ မတိုင်ခင် Stock Exchange Market ဆိုင်ရာဥပဒေ အပြီးရေးဆွဲ သွားမည်


မြန်မာနိုင်ငံမှာ Stock Exchange Market ထူထောင်ဖို့ အတွက် ဂျပန်နိုင်ငံဖက် Tokyo Stock Exchange Group နဲ့ Daiwa Institute of
Research က အကူအညီများ ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အကူအညီ ပေးရာမှာ ဈေးကွက် ဆိုင်ရာ ဥပဒေများ၊ စတော့ ရှယ်ယာများ ၀င်ရောက် ရောင်းချမယ့် Listing eompany ပေါ်ပေါက်လာရေး အတွက် ကူညီ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကူညီရာမှာ မြန်မာနိုင်ငံမှာ Stock Exchange Market ဆိုင်ရာ ဥပဒေ ကိုလည်း ၂၀၁၅ မတိုင်ခင်မှာ အပြီးရေးဆွဲ သွားမှာ ဖြစ်တယ်လို့ Tokyo Stock Exchange Group မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

အဲ့ဒီလို ရေးဆွဲရာ မှာလည်း ဂျပန် နိုင်ငံရဲ့ အတွေ့အကြုံမှာ မူတည်ပြီး အကောင်းဆုံး ရေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Daiwa Institute of Research ကလည်း Fujitsu ရယ် NTT နဲ့ ပူးပေါင်းပြိး မြန်မာနိုင်ငံ Finanial System ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက်ရာမှာ JICA ရဲ့ ကူညီမှုလည်း ပါဝင်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


ကွန်ပျူတာ တက္ကသိုလ်များတွင် အဆင့်မြှင့်တင် သင်ကြား သွားမည်


သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက်ရှိ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နဲ့ မန္တလေး ကွန်ပျူတာ တက္ကသိုလ် တို့ကို အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များ
အဖြစ် အခု ပညာသင်နှစ်က စတင်ကာ ဖွင့်လှစ်ပေး သွားမယ်လို့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက် သိရပါတယ်။ အဆိုပါ အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်တွေရဲ့ သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး အောင်မြင် သူတွေကို ကွန်ပျူတာ ပညာရပ် ဆိုင်ရာဘွဲ့ ၇ မျိုး ပေးအပ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

အဲ့ဒီလို အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် အဖြစ် ဖွင့်လှစ်ရာ မှာတော့ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နဲ့ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွေမှာ တက္ကသိုလ် တစ်ခုကို သင်တန်းသား ၂၀၀ ဦးစီကိုသာ လက်ခံ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ တက္ကသိုလ် တွေမှာ ၀င်ခွင့် လျှောက်ထားသူတွေ ကတော့ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ ယခင် ကွန်ပျူတာ တက္ကသိုလ် တက်ရောက်နိုင်တဲ့ ဘာသာတွဲမှာ အမှတ်ပေါင်း ၄၅၀ နဲ့အထက်ရရှိပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပါ သတ်မှတ်ချက် များနဲ့ ကိုက်ညီသူတွေ လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။

ဒီလို လျှောက်ထားရာ မှာတော့ စက်တင်ဘာလ ၁၂ ရက်နေ့ထက် နောက်မကျဘဲ သက်ဆိုင်ရာ တက္ကသိုလ်တွေကို ပေးပို့ လျှောက်ထား ရမှာ ဖြစ်ပါတယ်။ အခု ပညာသင်နှစ်မှာ ယခုလို အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်တွေ တိုးချဲ့ ဖွင့်လှစ်ပေမယ့် ယခင်က ဖွင့်လှစ် သင်ကြားပေး လျက်ရှိတဲ့ ကွန်ပျူတာ တက္ကသိုလ်တွေ ကတော့ ပြောင်းလဲမှု မရှိဘဲ အရင်အတိုင်း ဆက်လက် ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ရှမ်းလမ်းဈေး ၉၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီး


မေလ ၁၈ ရက်နေ့ ညပိုင်းက မီးလောင်ကျွမ်းခဲ့တဲ့ စမ်းချောင်း မြို့နယ်ရှိ ရှမ်းလမ်း ဈေးကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကနေ ပြန်လည်
ဆောက်လုပ် ပေးလျက်ရှိရာ အခုအခါ မှာ ၉၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးပြီ ဖြစ်တယ်လို့ အဆိုပါ ဈေးတာဝန်ခံရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ရှမ်းလမ်းဈေး မှာတော့ ဆိုင်ခန်းပေါင်း ၃၁၈ ခန့်ရှိပြီး မီးလောင်ကျွမ်း ခဲ့ရတဲ့ ဆိုင်ခန်းပေါင်း ၂၂၈ ခန့်ရှိခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ မှာတော့ အဆိုပါ မီးလောင်ကျွမ်း ခံခဲ့ရတဲ့ ဈေးဆိုင်ခန်း များကို အပူခံ သွပ်မိုး၊ သံဂဟေဆက် ပုံစံနဲ့ ဆောက်လုပ် ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးလောင် ခံရခြင်း မရှိတဲ့ ဈေးဆိုင်ခန်း ၉၀ ကိုလည်း အပူခံ သွပ်မိုးများနဲ့ ပြန်လည် ပြုပြင် ဆောက်လုပ် ထားတာ ဖြစ်ပါတယ်။

ဈေးဆိုင်ခန်း များမှာ ဆိုင်ခန်း တည်ဆောက်ဖို့ အတွက် အခက်အခဲရှိတဲ့ ဈေးသူ၊ ဈေးသားများ အတွက်လည်း တစ်ဦးကို ၂ သိန်း ထုတ်ချေး ပေးထားပြီး အတိုးနှုန်း အနေနဲ့ ၁၃ ရာခိုင်နှုန်းနဲ့ တစ်နှစ် အချိန်ယူ ဆပ်ပေး သွားရမှာ ဖြစ်ပါတယ်။ အဆိုပါ ရှမ်းလမ်းဈေး ပြုပြင်မှု ကိုတော့ သြဂုတ်လ အတွင်းမှာ အပြီးပြုပြင် သွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ လဆန်းပိုင်းက စတင်ကာ ဈေးသူ၊ ဈေးသားများကို ဈေးစတင် ရောင်းချခွင့် ပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စင်္ကာပူ-မြန်မာ ပူးပေါင်း၍ မြို့ပြ စီမံကိန်းနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး ဆိုင်ရာ ဆွေးနွေးမှု ပြုလုပ်



မြို့ပြ စီမံကိန်းနဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး အတွက် Urban Planning and Develpment workshop ကို စင်္ကာပူ-မြန်မာ အတတ်ပညာ ပူးပေါင်း
ဆောင်ရွက်မှု အဖြစ် ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှ Urban Redevelopment Authority (URA), Housing Development Board(HDB) နဲ့ Land Transport Authority(LTA) မှ အရာရှိကြီး များက သြဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ လာရောက်ပြီး စင်္ကာပူနိုင်ငံရဲ့ အတွေ့အကြုံ တွေကို မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ အရာရှိများထံ အလုပ်ရုံ ဆွေးနွေးပွဲ ပုံစံ လာရောက် ဆွေးနွေး ပေးတာ ဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲ မှာတော့ စင်္ကာပူ နိုင်ငံမှ ၀ါရင့် ကျွမ်းကျင်သူ အရာရှိကြီးများက ၁၉၆၀ ခုနှစ်မှ စတင်ပြီး စင်္ကာပူ နိုင်ငံရဲ့ မြို့ပြစီမံကိန်းနဲ့ အခြေခံ အဆောက်အုံ ဖွံ့ဖြိုးရေး လုပ်ငန်း အတွေ့အကြုံများ၊ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်း ဆောင်ရွက်ခြင်း၊ မြို့ပြ စီမံကိန်း ရေးဆွဲခြင်းနဲ့ စီမံခန့်ခွဲခြင်း၊ ပြည်သူ့ အိမ်ရာ မူဝါဒနဲ့ မြေပိုင်ဆိုင်မှု၊ ရောင်းချမှု၊ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းများ အစရှိတာ တွေကို ဆွေးနွေးပေး လျက်ရှိတာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အခုလို စင်္ကာပူ နိုင်ငံနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်သလို နောက်ပိုင်း မှာလည်း ဂျာမနီ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ဖို့ သဘောတူ လက်မှတ် ရေးထိုး ထားတယ်လို့ သိရပါတယ်။





No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့