Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 24 August 2012

» သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ ဆန္ဒပြခွင့်ကို ကျေက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပယ်ချ

သတင်း လွတ်လပ်ခွင့် ကော်မတီ(ယာယီ)၏ သြဂုတ်လ(၂၈) ရက်နေ့တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့် ပြုရန်လျှောက်ထား ချက်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သြဂုတ်(၂၄) ရက်နေ့တွင် ငြင်းပယ်လိုက်သည်။


အဆိုပါ ခွင့်ပြုချက်တောင်းခံခြင်းနှင့် ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၂(ဂ)ပါ“ယာဉ်များနှင့် လမ်းသွားလမ်းလာများ၊ ပြည်သူများကို အနှောက်အယှက် ဖြစ်စေသော  တန်းစီ ပိတ်ဆို့ခြင်းကိုမပြုလုပ်ရ”ဟု ပြဌာန်းပါရှိသည့် အတွက် သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)က ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့် ပြုရန်လျှောက်ထား ချက်သည် အများပြည်သူ သွားလာရာနှင့် ခရီးသွားယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များ၊ ကိုယ်ပိုင်ယာဉ်များ သွားလာ သည့် လမ်းကြောအတွင်း ဖြစ်သည့်အတွက်  ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်မပြုကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကို အကြောင်းကြားစာ ပြန်လည်ပေးပို့ခဲသည်။

ဒီမိုကရေစီနှင့် ထိုက်တန်သော သတင်းလွတ်လပ်ခွင့် ရရှိရန်၊ ကျင့်ဝတ်နှင့် အညီ သတင်းရေးသားသော သတင်းမီဒီယာများအပေါ် အစိုးရ ၀န်ကြီးဌာနများ၏ တရားစွဲဆိုမှု ရပ်ဆိုင်းရန်၊ မီဒီယာသမားများ၏ သဘောဆန္ဒမပါဘဲ ရေးဆွဲထားသော မီဒီယာဥပဒေကို ကန့်ကွက်ရန် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကိုယ်စား ကိုလှိုင်းသစ်ဇင်ဝေ(ခ)သာလွန်ဇောင်းထက် အပါအ၀င် ပြည်တွင်း သတင်းမီဒီယာသမား(၄)ဦးတို့က ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ကိုသြဂုတ်လ(၂၁)ရက်နေ့တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် အသုံးပြုမည့်ပိုစတာနှင့် ဆိုင်းဘုတ်အချို့တင်ပြကာလူအင်အား၊အချိန်၊နေရာ မြို့တော်ခန်းမရှေ့ နှင့်အတူ လျှောက်ထားခဲ့ကြောင်း သိရသည်။

         “ဒီလျှောက်ထားချက်ကိုပယ်ချလိုက်တယ်၊ကော်မတီကလူတွေနဲ့ အစည်းအဝေးပြုလုပ်ပြီးဘာဆက် လုပ်မယ်ဆိုတာ ဆက်လက် ဆွေးနွေးသွားမယ်”ဟု 

သတင်း လွတ်လပ်ခွင့်ကော်မတီ(ယာယီ)ကိုယ်စား ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခွင့်ကို ဦးဆောင်လျှောက်ထားခဲ့သူကိုလှိုင်းသစ်ဇင်ဝေ(ခ)သာလွန်ဇောင်းထက်က ပြောသည်။

          The Voice Weekly ၊ Envoy News ဂျာနယ် ၊ လျှပ်တပြက် ဂျာနယ်တို့ကို ပြန်လည်ထုတ်ဝေခွင့်ပေးခြင်းနှင့်စာပေစိစစ်ရေး
မူဝါဒအချို့ကို ဖြေလျှော့ခြင်းများ အတွက် သတင်းလွတ်လပ်ခွင့်ကော်မတီက သတိကြီးစွာ ကြိုဆိုအပ်ကြောင်း ဒီမိုကရေစီပြုပြင် ပြောင်းလဲခြင်းနှင့်အချိုးညီစွာ ပေါ်ပေါက်လာရမည့် သတင်းလွတ်လပ်ခွင့်အတွက်အတားအဆီး သဖွယ်ဖြစ်နေသော The Voice Weekly နှင့် လျှပ်တပြက် ဂျာနယ်တို့အားတရားစွဲဆိုထားခြင်းများကိုလည်း အမြန် ရုတ်သိမ်းသွားမည်ဟုမျှော်လင့်ယုံကြည်ကြောင်း၊ ဆက်လက်၍ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြသည့် သတင်းမီဒီယာများ အပေါ် တရားစွဲဆိုခြင်းများနှင့် မီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသည့် ၁၉၆၂ ပုံနှိပ် အက်ဥပဒေ ၊ အီလက်ထရောနစ်အက်ဥပဒေကိုလည်း ဖျက်သိမ်းသွားရန် သတင်းလွတ်လပ်ခွင့်ကော်မတီက ဆက်လက် ကြိုးပမ်းအကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)က သြဂုတ်လ(၂၂)ရက်နေတွင် သတင်းထုတ်ပြန်လိုက်သည်။



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့