ညီမလေးရေ…
နတ်မောက်ကို ဗိုလ်ချုပ်အမည်နဲ့တွဲသိသလိုမျိုး
ရွှေဘိုကို ဦးအောင်ဇေယျရအမည်နဲ့တွဲသိသလိုမျိုး
မင်းနေတဲ့မြို့ကလေးကိုလည်း မင်းအမည်နဲ့ပဲတွဲသိခဲ့ပါတယ်။
အဲဒီမင်းနေတဲ့မြို့ကလေးမှာပဲ
အိမ်ပြန်ခက်စေတဲ့အပြုံးလှလှလေးတွေကိုဖျော်သောက်ရင်း
ခေါက်ရိုးကျိုးနေတဲ့နေ့ရက်တွေကိုဆွဲဖြန့်ရင်း
ပျော်စရာဥယျာဉ်ကိုဖန်တီးခဲ့ပါတယ်။
ခရီးသွားရင်းတစ်ထောက်နားခဲ့ရတဲ့
မင်းနေတဲ့အဲဒီမြို့ကလေးဟာ
မာန် မာနမရှိတဲ့အကြောင်း
ဖော်ရွေလှိုက်လှဲပျူငှာတဲ့အကြောင်း
စစ်ပွဲတွေကိုအလိုမရှိတဲ့အကြောင်း
ကဗျာကောင်းကောင်းစပ်ပြီးပြောပြဖို့
ပြန်ရပေဦးမယ်ညီမလေးရေ။
နောက်ဆုံးရထားဥသြသံဟာ
ကြားပြီးပျောက်သွားသလိုမျိုး
အရာရာဟာ အကြောင်း အကျိုးပါလားလို့
ဖြေသာဖို့အဆင်သင့်မဖြစ်ခင်
အကောင်းအဆိုးဒွန်တွဲပြီး
မတည်မြဲတဲ့လောကကြီးအတွင်း
ရထားလေးခေါ်ဆောင်ရာကိုတစ်လှိမ့်ခြင်းတစ်လှိမ့်ခြင်း
ရင်တွင်းမှာကိုယ်စီကြေကွဲခြင်းတွေနဲ့…။
No comments:
Post a Comment